အခန်း (၁၇)

ဂိုဏ်းတူအစ်မလုန်ယွိရဲ့ဓားချက်နဲ့သေချင်သလား

အခန်း (၁၇) ဂိုဏ်းတူအစ်မလုန်ယွိရဲ့ဓားချက်နဲ့သေချင်သလား

ကျန်းလန် အခြေအနေ ကြည့်နေစဉ်မှာပင်…

“ဝုန်း…”

လူရိပ်က စည်းဝိုင်းအပြင်ဘက်တွင် လဲကျသွားလေသည်။

မြူများဆိုင်းနေသောကြောင့် ထိုလူရိပ် မည်သူဖြစ်ကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်… ခန္ဓာကိုယ်အနေအထားအရ မိန်းကလေးတစ်ယောက် ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်မိသည်။

ထို့နောက်… ကျန်းလန် ထိုင်ရာမှထလိုက်ပြီး လူရိပ် လဲကျသွားရာ နေရာသို့ လျှောက်သွားလိုက်သည်။ လူရိပ်က စည်းဝိုင်းအစွန်းနားတွင် လဲကျသွားခြင်း ဖြစ်၏။

အနားသို့ရောက်သည်နှင့်… လဲကျနေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုမိန်းမပျိုက ခွန်လွန်တောင်မှ ကျင့်ကြံသူများ ဝတ်ဆင်သည့် တူညီဝတ်စုံကိုဝတ်ဆင်ထားပြီး အလွန်မှ ချောမောလှပလေသည်။

သို့သော်… သူမ၏ အလှက ဂိုဏ်းတူအစ်မ’လုန်’ ကို မမီပေ။

သူမကိုကြည့်ရသည်မှာ အလွန်အားနည်းလျှက် ရှိပြီး အဝတ်အစားများတွင်လည်း သွေးများ ပေကျံလျှက် ရှိသည်။ သို့သော်… သွေးများသာ ပေကျံနေသည် မည်သည့်နေရာတွင် ဒဏ်ရာရထားသည်လဲ ကျန်းလန် မခန့်မှန်းနိုင်ပေ။

ကျန်းလန်က…

“မင်း… အဆင်ပြေရဲ့လား…”

မိန်းမပျိုလေးက ကျန်းလန်ကို ခေါင်းမော့ကြည့်လာလေသည်။

မျက်ဝန်းများကအလွန်မှ လှပလေသည်။ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နက်နေပြီး သနားစဖွယ်လည်း ကောင်းလှသည်။

သူမက…

“ဒါ… ဒါက… ဂိုဏ်းတူအစ်မလုန်ယွိရဲ့ အကာအကွယ်စည်းဝိုင်းလား…”

ဒဏ်ရာရထားသောကြောင့်ထင်၏။ မိန်းမပျိုမှာ စကားပြောရန်ပင် အတော်လေး အားယူနေရရှာသည်။

ကျန်းလန်က…

“မင်းက ဘယ်သူများလဲ…”

မိန်းမပျိုလေးက…

“ကျွန်မ… ကျွန်မက တတိယတောင်ထွတ်က တပည့် ဝူကျိပါ ၊ ကျွန်မတို့ သားရဲဒီလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ၊ ဂိုဏ်းတူအစ်မ လုန်ယွိက ကျွန်မတို့အုပ်စုကို ကယ်ပြီးတော့ အခြားသူတွေကို ကယ်ဖို့ ထွက်သွားပြီ… ၊ ဂိုဏ်းတူအစ်မလုန်ယွိက ကျွန်မတို့ကို ဒီနေရာကို သွားဖို့ မှာလိုက်လို့ပါ…”

ခဏနားပြီးမှ သူမက စကားဆက်ပြောလိုက်သည်။

“ဒါပေမဲ့… ကျွန်မတို့အဖွဲ့ကလူတွေက ဒဏ်ရာအပြင်းအထန်ရထားလို့ ဒီနေရာကိုရောက်အောင် မလာနိုင်ကြဘူး… ၊ ဂိုဏ်းတူမောင်လေး… အဲဒီတပည့်တွေကို ဒီစည်းဝိုင်းနေရာ ရောက်အောင်ခေါ်ဖို့ မင်း … ကူညီပါလားဟင်… ၊ မင်းကူညီမှာပဲ ဖြစ်မှာပါ… ဂိုဏ်းတူမောင်လေးရယ်…”

စကားဆုံးသွားသည်နှင့် ဝူကျိက ကျန်းလန်ကို အသနားခံသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

သူမ၏ အကြည့်က မြင်ရသူတိုင်းရင်ထဲ နင့်သွားစေမည့် အကြည့်မျိုး ဖြစ်လေသည်။

သို့သော်… ကျန်းလန်ကတော့ စိတ်လှုပ်ရှားခြင်းမဖြစ်မိပေ။ မိန်းမပျိုလေးက မည်မျှပင် ချောမောလှပပါစေ … ကျန်းလန်ကတော့ သတိထားရမည် ဖြစ်သည်။

ကျန်းလန်က…

“ဒဏ်ရာရထားတဲ့သူက ဘယ်နှစ်ယောက် ရှိတာလဲ…”

“(၃)ယောက်… အားလုံး (၃)ယောက်ရှိတယ်… ၊ (၂)ယောက်က ဒဏ်ရာအပြင်းအထန်ရထားတယ် ၊ တစ်ယောက်က ဒဏ်ရာရထားတဲ့သူတွေကို စောင့်ဖို့ ကျန်ရစ်ခဲ့တယ် ၊ ကျွန်မက ဒဏ်ရာ သိပ်မပြင်းထန်လို့ ဒီနေရာထို ရောက်အောင်လာပြီး အကူအညီတောင်းရတာပါ…”

စကားပြောပြီးသည်နှင့် ဝူကျိက သွေးတစ်ပွက် အန်ချလိုက်သည်။

သူမကို ကြည့်ရသည်မှာ အလွန် စိတ်ပူပန်နေဟန်ရှိသလို ဒဏ်ရာလည်း ပြင်းထန်ဟန် ရှိသည်။

ကျန်းလန်က ဝူကျိကို တိတ်တဆိတ် အကဲခတ်နေရင်း တွေးလိုက်သည်။

“အဲဒီမှာ (၃)ယောက် ရှိတယ်… တဲ့ ၊ ဒါ… ရန်သူ (၃)ယောက် ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ၊ ပြီးတော့ ဒီမိန်းကလေးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ… ၊ ကျန်တဲ့ (၃)ယောက်ကလည်း ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိမလဲ မသိနိုင်ဘူး… ၊ ဒါပေမဲ့ ရွှေပြဒါးအမြုတေအဆင့် မဖြစ်နိုင်တာတော့ သေချာတယ်… ဒါဆိုရင် ငါ့အတွက် ပြဿနာ မရှိနိုင်ဘူး…”

ကျန်းလန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“ကောင်းပြီလေ…”

ဟု သဘောတူလိုက်၏။

ရန်သူထဲတွင် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူရှိနေလျှင် သူ့ကို ဝူကျိက လာခေါ်မည် မဟုတ်ပေ။ ဝူကျိအစား ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူက ရောက်လာပေလိမ့်မည်။

ပြီးတော့… ဝူကျိက ဂိုဏ်းတူအစ်မ’လုန်’ ကို ဂိုဏ်းတူအစ်မလုန်ယွိဟု ခေါ်လေသည်။ ဤသို့ဆိုလျှင် ဂိုဏ်းတူအစ်မ’လုန်’ ၏ အမည်ရင်းမှာ ‘လုန်ယွိ’ ဖြစ်နိုင်လေသည်။

မည်သို့ပင်ဖြစ်စေ… ရန်သူက ရောက်လာပြီး သူ့ကို လှည့်စားနေပြီ ဖြစ်လေရာ ပြဿနာကို ရင်ဆိုင်ရုံသာ ရှိသည်။ ပြဿနာကို မဖြေရှင်းဘဲ ရန်သူကို မွေးမြူထားခြင်းက အကြံဉာဏ်ကောင်း မဟုတ်ပေ။

ကျန်းလန်၏ စကားကိုကြားသည်နှင့် ဝူကျိက ဝမ်းသာအားရဖြစ်သွားဟန်ဖြင့်…

“တကယ်လား…”

ဟု မေးလိုက်၏။

ပြီးမှ…

“ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူမောင်လေး… ၊ ဒါနဲ့… မင်းက ဘယ်တောင်ထွတ်ကလဲ…”

“နဝမတောင်ထွတ်က…”

ကျန်းလန်က ခပ်ပြတ်ပြတ်အဖြေပေးလိုက်ပြီး အကာအကွယ်စည်းဝိုင်းထဲမှ အပြင်သို့ ထွက်လိုက်သည်။

ကျန်းလန် စည်းဝိုင်းအပြင်ဘက်ရောက်သည်နှင့် ဝူကျိက သူမ၏ တန်ခိုးစွမ်းအားများကို ချက်ချင်းစုစည်းလိုက်သည်။ ထိုအချက်ကို ကျန်းလန်ကလည်း အာရုံခံလိုက်မိ၏။

ဝူကျိက သူ့ကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားဟန် ရှိသည်။

ကျန်းလန်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ရန်သူ၏ လှုပ်ရှားမှုများကို အာရုံခံနိုင်နေခြင်း ဖြစ်သည်။

သူသာ… တကယ်တမ်း ချီစွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ထိုသို့ အာရုံခံနိုင်မည် မဟုတ်ပေ။ အခြေံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပင်လျှင် ရန်သူကို အာရုံခံနိုင်စွမ်း မရှိကြပေ။

ဝူကျိကလည်း အကင်းပါးလေသည်။ သူမက တန်ခိုးစွမ်းအားများ စုစည်းလိုက်သည်ကို ကျန်းလန် မရိပ်မိစေရန် မှော်ဝင်ပစ္စည်းတစ်ခုကို အသုံးပြုကာ ဖုံးကွယ်ထားလိုက်သည်။

ကျန်းလန်က…

“ဂိုဏ်းတူအစ်မ… ထနိုင်ရဲ့လား…”

ဝူကျိက မြေပြင်ထက်လဲကျနေသောကြောင့် ကျန်းလန်က မေးလိုက်ခြင်း ဖြစ်သည်။

ဝူကျိက ချက်ချင်းပင် ကြိုးစားပြီး မတ်တတ်ရပ်ရန် ဟန်ပြင်လိုက်ရင်း…

“အင်း… ရတယ်… ရတယ်…”

ဝူကျိ ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်လိုက်သည်။

သူမပုံစံက အားနည်းဖျော့တော့နေဟန် ဖြစ်သော်လည်း ကျန်းလန်က သူမကို သွားရောက်တွဲထူ ကူညီပေးရန် စိတ်ကူးမရှိပေ။

ဟန်ဆောင်မာယာများနေသည့် ရန်သူကို ကူညီရအောင် သူက အရူးမှ မဟုတ်ပေပဲ…။

အမှန်တော့… အခြားရန်သူ (၃)ယောက်အကြောင်းသိချင်သောကြောင့်သာ ကျန်းလန် သည်းခံနေခြင်း ဖြစ်သည်။ မဟုတ်ပါက … ဝူကျိကို ချက်ချင်းပင် ဤနေရာတွင် သတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။

ကျန်းလန်က သူမကို မကူညီသောကြေင့် ဝူကျိကလည်း မကျေမနပ်ဖြစ်ဟန် မရှိပေ။

“ကျွန်မနောက်ကို လိုက်ခဲ့ပါ ဂိုဏ်းတူမောင်လေး… ”

ပြီးမှ… သူမက ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်း…

“ဒါနဲ့… မင်းကိုကြည့်ရတာ… ချီစွမ်းအားသန့်စင်ခြင်းအဆင့်ပဲ ရှိဦးမယ်ထင်တယ်… ဟုတ်တယ်မလား…”

“ဟုတ်ပါတယ်… ကျွန်တော်က အဆင့်သိပ်မရှိသေးဘူး…”

“မိုက်မဲတဲ့ငှက်တွေသာ မြန်မြန်ပျံသန်းတတ်ကြတာပါ… ၊ တဖြည်းဖြည်းနဲ့ အင်မော်တယ်ဖြစ်တဲ့အထိ မင်း ကျင့်ကြံနိုင်မှာပါ…”

ကျန်းလန် ဝူကျိကို စကားပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

သူမပြောသည့်စကားများကိုကျန်းလန်သိပြီးသား ဖြစ်သည်။ သူမအနေဖြင့် ကျန်းလန်ကို လျှာရှည်ပြီး သတိပေးနေစရာ မလိုပေ။

ဝူကျိက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

“သားရဲဒီရေလှိုင်းက ရုတ်တရက် ပေါ်လာတော့ တပည့်အတော်များများ ဒဏ်ရာရသွားကြတယ်… ၊ ဂိုဏ်းတူအစ်မလုန်ယွိတောင် အခြေအနေဟန်ပါ့မလား မသိဘူး ၊ ဒါပေမဲ့… သူက နဂါးမျိုးနွယ်ဆိုတော့ အဆင်ပြေမှာပါ… ၊ မင်းရဲ့ ဂိုဏ်းတူအစ်မလုန်ယွိအတွက် စိတ်ပူမနေနဲ့နော်…”

ကျန်းလန်က…

“စိတ်မပူပါဘူး…”

ကျန်းလန် လုန်ယွိကို စိတ်မပူပေ။

သူ… စိတ်ပူသည်က ဝူကျိကို ဖြစ်၏။

သူက ဝူကျိနောက်မှ လိုက်လာရင်း ပတ်ဝန်းကျင်အခြေအနေများနှင့် ဝူကျိ၏ လှုပ်ရှားမှုများကို သတိတစ်ချက်မလွတ်ဘဲ အကဲခတ်လျှက် ရှိသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက မြူခိုးများဆိုင်းနေသောကြောင့် မြင်ကွင်းကို သေသေချာချာ တွေ့မြင်ရခြင်း မရှိပေ။

တစ်နေရာအရောက်တွင်တော့…

ပတ်ဝန်းကျင်တွင် လူ (၃)ယောက်ရှိနေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။

ဝူကျိ သူ့ကို လိမ်မပြောခဲ့ပေ။ စုစုပေါင်း လူ (၃)ယောက် ရှိလေသည်။ အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော်… မည်သူမှ ဒဏ်ရာအပြင်းအထန် ရရှိထားခြင်း မရှိကြပေ။

ထိုနေရာသို့ ရောက်သည်နှင့် ဝူကျိက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ကျန်းလန်လည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကို လှမ်းကြည့်လိုက်သည်။

ဝူကျိက…

“ဂိုဏ်းတူမောင်လေး… မင်းက… ဂိုဏ်းတူအစ်မလုန်ယွိကို သိပ်ပြီး ယုံကြည်တာပဲနော်…”

သူမ၏ပုံစံက ဒဏ်ရာရပြီး အားနည်းဖျော့တော့နေသည့်ဟန် စိုးစဉ်းမျှ မရှိတော့ပေ။

သူမက မထီမဲ့မြင်မျက်နှာထားဖြင့် ကျန်းလန်ကို ကြည့်လိုက်ပြီး…

“မှော်ရုံနယ်မြေထဲက သားရဲတွေ အတော်များများ ဂိုဏ်းတူအစ်မလုန်ယွိရဲ့ ဓားချက်နဲ့ သေကုန်ကြပြီ… ”

ပြောနေရင်း သူမက ကျောက်စိမ်းရတနာပမာ လှပသွယ်လျသည့် လက်ချောင်းလေးများဖြင့် ကျန်းလန်၏ မျက်နှာကို အသာထိတွေ့ပွတ်သပ်တော့မည့်အလား ဟန်ပြင်လိုက်ရင်း…

“ဂိုဏ်းတူမောင်လေး… မင်းကိုကြည့်ရတာ ဂိုဏ်းတူအစ်မလုန်ယွိကို သိပ်သဘောကျတယ် ထင်တယ်နော်… ဟုတ်တယ် မဟုတ်လား… ၊ မင်းလည်း သူ့ရဲ့ ဓားချက်အောက်မှာ သေချင်စိတ် မဖြစ်မိဘူးလား…”

ကျန်းလန်၏ မျက်နှာကတော့ မည်သည့်ခံစားချက်မှ မရှိပေ။

ကျန်းလန်က…

“ဒီတော့… မင်းက ဂိုဏ်းတူအစ်မ’လုန်’ ရဲ့ ဓားကို အသုံးပြုပြီး ကျုပ်ကို သတ်ပစ်ဖို့ ကြံစည်နေတယ်ပေါ့လေ…”

“ဟမ်…”

ကျန်းလန်စကားကြောင့် ဝူကျိ အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော်… သူမက ချက်ချင်းပင် လှပစွာ ပြုံးလိုက်ရင်း…

“ဂိုဏ်းတူမောင်လေးက တကယ် ဉာဏ်ကောင်းတာပဲ… ကဲ… ဒါဖြင့် မင်း… ငါတို့သဘောအတိုင်း အသေခံမလား… ၊ ဒါဆို ဝေဒနာမခံစားရဘဲ ခပ်မြန်မြန်အဆုံးသတ်ပေးမယ်… ၊ သြော်… ဒါနဲ့… ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော်… ဒီနေရာမှာ ငါတို့လူတွေ အများကြီးရှိတယ်… ၊ မင်းအတွက် လွတ်လမ်းမရှိဘူး…”

သူမ စကားဆုံးသွားသည်နှင့် မြူခိုးများထဲမှ လူ (၃)ယောက် ထွက်ပေါ်လာလေသည်။

သူတို့က ကျန်းလန်ကို ဝိုင်းထားလိုက်ကြသည်။

သူတို့၏ မျက်နှာအမူအရာများက ကျန်းလန် လွတ်မြောက်သွားမည်ကို အတော်လေး စိုးရိမ်နေကြဟန် ရှိသည်။

ကျန်းလန် သူ့ကို ဝိုင်းထားသည့် လူ (၃)ယောက်နှင့် ဝူကျိကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူ၏အကြည့်များက ခံစားချက်ကင်းမဲ့လွန်းလှသည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီလေ…”

“ဟမ်…”

ဝူကျိ မျက်မှောင်ကြုတ်လိုက်မိလေသည်။

သူမ ကျန်းလန်၏စကားကို နားမလည်ပေ။

ဒီလူငယ် စိတ်ရောမှန်ရဲ့လား…။ သူ့ကို သတ်မည်ဟု ပြောနေသည်ကို “ကောင်းပြီလေ” ဟု သဘောတူနေလေသည်။

ရူးနေသောကြောင့် လည်စင်းအသေခံမည်ဆိုလျှင်လည်း ကောင်းသည့်အချက်ပင် ဖြစ်သည်။

လည်စင်းမခံလည်း ကျန်းလန်ကဲ့သို့ ချီစွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ရန်မှာ မခက်ခဲလှပေ။

“ရွှမ်း…”

ဝူကျိက ဓားကို ဆွဲထုတ်လိုက်သည်။

ကြည်ပြာရောင်ဓားရိပ်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

ထိုဓားက လုန်ယွိ၏ ဓားဖြစ်ကြောင်း ကျန်းလန် ချက်ချင်း မှတ်မိလိုက်သည်။

မှော်ရုံနယ်မြေထဲသို့ မဝင်ခင် လုန်ယွိက ရှင်းကျောက်ကို ဓားဖြင့် ချိန်ရွယ်ခဲ့စဉ်က ထိုဓားကို ကျန်းလန် တွေ့မြင်ဖူးသည် မဟုတ်ပါလား။

ယခု… လုန်ယွိ၏ ဓားက ဝူကျိထံ အဘယ့်ကြောင့် ရောက်ရှိနေရပါသနည်း။

လုန်ယွိကပဲ ဂိုဏ်းတူမောင်နှမများ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန် သူမ၏ ဓားကို ပေးလိုက်သည်လား… ၊ သို့မဟုတ် လုန်ယွိ တိုက်ပွဲတွင် ရှုံးနိမ့်သွားသောကြောင့် လုန်ယွိ၏ ဓားက သူတို့လက်ထဲ ရောက်နေသည်လား မသိရှိနိုင်ပေ။

သို့သော်… လုန်ယွိ၏ ဓားဖြင့်သာ ကျန်းလန်ကို သတ်ဖြတ်လိုက်မည်ဆိုပါက ကျန်းလန်ကိုသတ်သည့်တရားခံမှာ သေချာပေါက် လုန်ယွိ ဖြစ်သွားပေလိမ့်မည်။

လုန်ယွိ မည်သို့ပင် ရှင်းပြပါစေ မည်သူကမှ သူမစကားကို လက်ခံယုံကြည်ကြမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်… ကျင့်ကြံသူများဆိုသည်က သူတို့ကိုင်ဆောင်သည့် လက်နက်ကို ကိုယ်နှင့်မကွာ ထားတတ်ကြသည် မဟုတ်ပါလား။

ဝူကျိတို့အဖွဲ့က နောက်ဆက်တွဲအစီအစဉ်များအားလုံးကို စီစဉ်ထားပြီးသား ဖြစ်သည်။

သူတို့၏ ရည်ရွယ်ချက်က မှော်ရုံနယ်မြေတွင် လုန်ယွိကို အပြတ်ရှင်းပစ်နိုင်ရန် ဖြစ်၏။

လုန်ယွိက နဝမတောင်ထွတ်မှ တပည့်ကို သတ်ဖြတ်လိုက်သောကြောင့် အခြားတပည့်များက လုန်ယွိကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးတော့… တိုက်ပွဲတွင် လုန်ယွိ သေဆုံးသွားခဲ့သည်။ သို့သော်… အခြားတပည့်များမှာလည်း နဂါးမျိုးနွယ်ဖြစ်သည့် လုန်ယွိကို ဝိုင်းဝန်းတိုက်ခိုက်ရင်း ဒဏ်ရာများအပြင်းအထန်ရခဲ့ကြသည်။

ဇာတ်ကွက်ကတော့ ကိုယ့်အစီအစဉ်နှင့်ကိုယ် လှ လျှက် ရှိလေသည်။

နဂါးမျိုးနွယ်မှ မင်းသမီးလေး’လုန်ယွိ’ ခွန်လွန်တောင်တွင် သေဆုံးသွားခဲ့လျှင် နဂါးမျိုးနွယ်များက သေချာပေါက် ပုန်ကန်ထကြွ လက်စားချေကြပေလိမ့်မည်။

ထိုသို့ဆိုလျှင်… အဖြစ်အပျက်များက အစီအစဉ်တကျ ပြီးဆုံးသွားပေလိမ့်မည်။

ပြင်ပလောကကြီးတစ်ခုလုံး ဘာမှ မသိလိုက်ခင်မှာပင် နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင် စစ်မက်ဖြစ်ပွားပြီး နဂါးမျိုးနွယ်များလည်း အထိနာကာ ခွန်လွန်တောင်သည်လည်း ပြန်လည် နလန်ထူနိုင်တော့မည် မဟုတ်ပေ။

ဤအစီအစဉ်အတိုင်း ပြုလုပ်ရန် သူတို့တွင် အချိန်အလုံအလောက်ရှိလေသည်။

အောင်မြင်မှုကလည်း လက်တစ်ကမ်းအလို ရောက်နေပြီ ဖြစ်၏။

အတွေးများအဆုံးသတ်သွားသည်နှင့်…  ဝူကျိက ကျန်းလန်ကို ဓားဖြင့် ထိုးစိုက်ချလိုက်သည်။

ဝူကျိ ကျန်းလန်ကို သတ်ဖြတ်နေသည်ကို အခြားတပည့် (၃)ယောက်ကလည်း သွေးအေးအေးဖြင့် ကြည့်နေကြသည်။

ကျန်းလန်က ချီစွမ်းအားသန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည်။ ထို့ကြောင့်… အနည်းငယ် တိုက်ခိုက်ရုံမျှဖြင့်သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။

သို့သော်… ထိုရူးကြောင်ကြောင်တပည့်က လည်စင်းပြီး အသေခံနေလေရာ ဝူကျိအနေဖြင့် ကျန်းလန်ကို အေးအေးဆေးဆေပင် သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။

ကျန်လန်သေဆုံးသွားလျှင်တော့… သူတို့၏ မဟာအကြံအစည်ကြီး သေချာပေါက် အောင်မြင်တော့မည် မဟုတ်ပါလား။


Comment

Leave a Reply

Options

not work with dark mode
Reset