ဝမ်လင်းသည် သူက ရတနာတစ်ခု ကောက်ရ လိုက်သည်ကို သိလိုက်၏။ အကြောင်းပြချက် တစ်ခုကြောင့် ထိုသားရဲဝိညာဉ်သည် အလွန် ထူးဆန်းနေသည်။ သူက ဖိအားများ ပေးရန် မလိုဘဲ သူ့ဘာသာ တခြား ဝိညာဉ်များနှင့် ပေါင်းစပ်သွား၏။ ထို့အပြင် အသံလှိုင်း တိုက်ခိုက်မှုက ဝမ်လင်းကို ပို၍ပင် အံ့အားသင့်စေသည်။ ထိုသားရဲ ဝိညာဉ်သည် အသံလှိုင်း တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် ခန္ဓာကိုယ်တစ်ခု လိုအပ်မည်ဟု ထင်ထားခဲ့သော်လည်း ဝိညာဉ် သက်သက်ဖြင့်လည်း အသံလှိုင်း တိုက်ခိုက်မှု ပြုလုပ်နိုင်ကြောင်း ဝမ်လင်း မြင်လိုက် ရလေပြီ။
ဝမ်လင်းက သေသေချာချာ လေ့လာပြီး နောက်တွင် ထိုအသံလှိုင်း တိုက်ခိုက်မှုသည် ဝိညာဉ်ကို တိုက်ခိုက်ရန် အတွက် သာလျှင် အသုံးဝင်ကြောင်း သိလိုက်၏။ အသံလှိုင်းက ပျံ့နှံ့သွားသည့် အချိန်တွင် သားရဲဝိညာဉ်ဆီသို့ ပျံသန်းလာနေသော ဝိညာဉ်များ အားလုံးသည် အရှိန်လျော့ကျ သွားပြီး သေဆုံးလုနီးပါး ဖြစ်သွားကြသည်။
ထိုအချိန်တွင် သားရဲဝိညာဉ်က တစ်ဟုန်ထိုး ပြေးထွက် လာသည်။ နာရီဝက်နီးပါး ကြာပြီးနောက် သားရဲဝိညာဉ်က ဝိညာဉ်များ အားလုံးကို အောင်မြင်စွာ ပေါင်းစပ်၍ ဝါးမျိုပြီးသွား၏။ မကြာမီ သားရဲဝိညာဉ်က ၁၀ပေခန့်ကျယ်သော အနီရောင်မြူများ အဖြစ် ပေါက်ကွဲသွားသည်။
ထိုအခါ ဝမ်လင်း၏ မျက်လုံးက အရောင်လက် သွားပြီး သူက ဝိညာဉ်အလံကို ဝှေ့ယမ်းကာ ကျန်သည့် သားရဲဝိညာဉ် ၁၉ကောင်ကို ဝိညာဉ်အလံ အတွင်းသို့ ချက်ချင်း စုပ်ယူလိုက်သည်။ ထို့နောက် ဝိညာဉ်အလံကို သိုလှောင်အိတ် အတွင်းသို့ ထည့်ပြီး မြူများကို စိုက်ကြည့် လိုက်သည်။ ဝိညာဉ်များပေါ်တွင် အမှတ်အသား လုပ်ထားသော သူ၏ နတ်ဘုရားစိတ်အာရုံ အမျှင်လေးများက တဖြည်းဖြည်း သားရဲဝိညာဉ်နှင့် ပေါင်းစပ် နေသည်ကို ဝမ်လင်းက သတိပြုမိလိုက်၏။
ဘေးနားတွင် ရပ်နေသော ရှုလီကောက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မှင်တက်နေကာ စိတ်ထဲမှလဲ တွေးလိုက်သည်… “ရက်စက်တယ်… ဒီမိစ္ဆာကောင်က အရမ်းကို ရက်စက် ကြမ်းကြုတ် လွန်းတယ်… ကြည့်ရတာ ငါတော့ အလုပ် ကြိုးစားရတော့မယ် ထင်တယ်… မဟုတ်ရင် ဒီမိစ္ဆာကောင်က ငါ့ကို ဟိုကောင်ဆီ ထိုးကျွေး လိုက်နိုင်တယ်…”
ထိုသို့ တွေးလိုက်ပြီးနောက် ရှုလီကော၏ ဝိညာဉ် ခန္ဓာကိုယ်က တုန်ယင်သွားပြီး နောက်သို့ ဆုတ်သွားသည်။ သူက ချက်ချင်း သူ ဝါးမျိုထားသည့် ဝိညာဉ်များကို အစာချေဖျက်ရန် စတင်လိုက်သည်။
၃ရက် ကုန်ဆုံးသွား၏။ သုံးရက်အတွင်းတွင် အနီရောင်မြူများသည် မည်သည့် ပြောင်းလဲမှုမှ မရှိသေးပေ။ သူက ဝမ်လင်းက အနီရောင်မြူကို သေချာ လေ့လာနေခြင်းမှ လွဲ၍ မျှော်စင်ဘေးမှ ဖြတ်သွားသော အနက်ရောင် လေဆင်နှာမောင်များကိုသာ ကြည့်နေခဲ့သည်။
အကြီးဆုံး လေဆင်နှာမောင်းကြီးက မျှော်စင်ကို ဖြတ်သွားသည့် အချိန်တွင် လေဆင် နှာမောင်းကြီးက ခဏတာ ရပ်တန့်သွားပြီး များပြားလှသော နတ်ဘုရား စိတ်အာရုံများက လေဆင်နှာမောင်း အတွင်းမှ ထိုးထွက် လာသည်။ သူတို့၏ ပစ်မှတ်သည် ဝမ်လင်း မဟုတ်ဘဲ အနီရောင်မြူများကို ဖြစ်သည်။
သို့သော်လည်း နတ်ဘုရား စိတ်အာရုံများက အနက်ရောင် မျှော်စင်နှင့် ထိသွားသည့် အချိန်တွင် နတ်ဘုရား စိတ်အာရုံများ အားလုံး နောက်သို့ ပြန်တွန်းထုတ် ခံလိုက်ရ၏။ လေဆင်နှာမောင်း ကြီးသည် ခဏလောက် အနက်ရောင် မျှော်စင်ဘေးတွင် ရစ်ဝဲနေပြီးမှ ထွက်သွား၏။
ထိုလေဆင်နှာမောင်းကြီး ပေါ်လာသည့် အချိန်တွင် အနီရောင်မြူ အတွင်းမှ မူမမှန်သော လှုပ်ရှားမှု တချို့ကို ဝမ်လင်းလည်း သတိပြုမိ၏။ ထို့ကြောင့် ဝမ်လင်းက အနီရောင်မြူများကို ပိုပြီး ဂရုတစိုက် စောင့်ကြည့် နေလိုက်သည်။
တဖြည်းဖြည်းနှင့် အနက်ရောင် လေဆင်နှာမောင်း များသည် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုလေဆင်နှာမောင်း များသည် တစ်နေရာသို့ ဦးတည်ပြီး သွားနေကြသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်းက သရော်ပြုံး ပြုံးလိုက်သည်။ လေဆင်နှာမောင်း သွားနေသည့် နေရာသည် ခါးကုန်းကြီးမုန့် ရှိနေသည့်နေရာ ဖြစ်ကြောင်း ခန့်မှန်းနေစရာပင် မလိုချေ။
ခါးကုန်ကြီးမုန့်၏ မျက်နှာက အလွန် သုန်မှုန်နေသည်။ သူက လက်သီးဆုပ် အရွယ် သားရဲများကို သတ်လိုက်တိုင်း ထိုသားရဲများထက် ၁၀ဆများသော သားရဲများက ချက်ချင်း ရောက်လာပြီး သူ့ကို ဝန်းရံနေကြရာ နောက်ဆုံးတွင် သူက ပျားအုံကို တုတ်နဲ့ထိုးမိပြီး ဖြစ်ကြောင်း နားလည် သွား၏။
သူ၏ လှုပ်ရှားမှုများသည် ရေခဲကမ္ဘာမှ အတွေ့အကြုံများကို အခြေခံပြီး လှုပ်ရှားနေခြင်း ဖြစ်သည်။ ရေစမ်းသပ်ခြင်းတွင် အုပ်စုဖွဲ့၍ နေထိုင်သော သားရဲတစ်မျိုး ရှိ၏။ ထိုသားရဲများနှင့် တွေ့လျှင် အမြန်ဆုံး တတ်နိုင်သမျှ သတ်ပစ်ရ၏။ မဟုတ်လျှင် နောက်ထပ် သားရဲများ ရောက်လာကြသည်။
သို့သော်လည်း ဤမြေစမ်းသပ်မှုကတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဤအခြေအနေသို့ ရောက်နေပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် သားရဲများကို မသတ်တော့လျှင် တောင်မှ သားရဲများက သူ့ကို ဆက်လက် တိုက်ခိုက်ကြမည် ဖြစ်သည်။
နောက်ဆုံးတွင် ခါးကုန်းကြီးမုန့်သည် မိစ္ဆာလမ်းစဉ် ကျင့်ကြသူ တစ်ယောက်၏ အစွမ်းများကို ပြသရန် ဆုံးဖြတ်လိုက်သည်။ သူက သူ့ကိုယ်သူ ထိန်းချုပ် မထားတော့ဘဲ များပြားလှသော အဆိပ်များကို သားရဲများဆီသို့ ပစ်လိုက်၏။ ထို့ကြောင့် သားရဲများသည် နောက်ထပ် အဖော်များကို အကူအညီ တောင်းကြတော့၏။ သူက အနက်ရောင် မျှော်စင်အတွင်းသို့ ဝင်ပြေးသော်လည်း အပြင်ဘက်တွင် ရောက်ရှိနေသော သားရဲများက သူ့စိတ်ကို ဗလာအတိ ဖြစ်သွားအောင် ပြုလုပ်နိုင်သည့် အရေအတွက်ထိ ရောက်နေလေပြီ။
ယခုအချိန်တွင် သူက အနက်ရောင် မျှော်စင်အတွင်းတွင် ရပ်ပြီး အပြင်ဘက်မှ မရေမတွက်နိုင်အောင် များပြားလှသော အနက်ရောင် လေဆင်နှာမောင်းများကို ကြည့်နေသည်။ အပြင်ဘက်ရှိ သားရဲများသည် သူတို့၏အဖော်များကို ဆက်လက် ခေါ်နေကြ၏။
ခါးကုန်းကြီးမုန့်က အနက်ရောင် မျှော်စင်ကို ခံတပ်သဖွယ် သဘောထားပြီး အဆိပ်များကို အထဲမှ ပစ်ရန် ကြိုးစားသော်လည်း အနက်ရောင် မျှော်စင်က တားဆီးထား၏။ အနက်ရောင်မျှော်စင်မှ စွမ်းအားများသည် သားရဲများ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးထား သကဲ့သို့ အတွင်းဘက်မှ တိုက်ခိုက်ခြင်းကိုလည်း တားဆီး ထားသည်။
ခါးကုန်းကြီးမုန့်သည် သူကသာ မျှော်စင်ကနေ ထွက်သွားပါက မည်သည့်အဖြေ ထွက်လာမည်ကို သူ မသိချေ။ သူက အပြင်သို့ ထွက်လိုက်သည်နှင့် ၁၀၀မီလီယံ သို့မဟုတ် ၁ဘီလီယံတောင်မှ ရှိနိုင်သော သားရဲများ၏ နတ်ဘုရား စိတ်အာရုံ စုပေါင်း တိုက်ခိုက်မှုကို ခံရမည်မှာ ကျိန်းသေလှသည်။
သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ဖြစ်သော်လည်း ထိုသားရဲ ၁ဘီလီယံခန့်၏ စုပေါင်း တိုက်ခိုက်မှုများ ဖြစ်သည့် နတ်ဘုရား စိတ်အာရုံနှင့် အသံလှိုင်း တိုက်ခိုက်မှုများကို ခုခံနိုင်မည်ဟု ယုံကြည်ချက် မရှိချေ။
သူက ခဏလောက် စဉ်းစားပြီး ကြောက်မက်ဖွယ် ကောင်းသော အမူအရာဖြင့် ပခုံးပေါ်မှ ဖားပြုပ်ကို ပွတ်သပ် လိုက်သည်။ သူက ဖားပြုပ်ကို ညွှန်လိုက်ရာ ဖားပြုပ်က ချက်ချင်း ပခုံးပေါ်မှ ဆင်းလိုက်ပြီး စတင်အော်မြည် လိုက်သည်။
ခါးကုန်းကြီးမုန့်သည် ဖားပြုပ်ကို ကြည့်ပြီး ရင်ထဲမှ နာကျင်သွား၏။ သူက သက်ပြင်းချလိုက်ပြီး ဖားပြုပ်ကို ပြန်သိမ်း လိုက်သည်။ ထို့နောက် ခဏလောက် စဉ်းစားပြီး ပေ၁၀၀ခန့် ရှည်သော စပါးအုံးမြွေကို ထုတ်လိုက်သည်။ စပါးအုံးမြွေ၏ ဦးခေါင်းတွင် ချိုတစ်ချောင်း ရှိ၏။ စပါးအုံးမြွေ ပေါ်လာသည်နှင့် ဘေးနားရှိ လေထုက ချက်ချင်း ပူလာသည်။
“ငါက ဖားပြုပ်ကို သုံးရင် ငါက ဒဏ်ရာရမှာ မဟုတ်ဘူး… ဒါပေမဲ့ ဖားပြုပ်က သေသွားလိမ့်မည်… ဦးချိုတစ်ချောင်း မြွေက အလယ်အဆင့် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်လို့ သုံးလို့ ရပေမဲ့ ငါက ဒဏ်ရာတချို့တော့ ရလိမ့်မယ်…”
ခါးကုန်းကြီးက ရေရွတ်ပြီး လက်ခလယ်မှ သွေးစက် တစ်စက်ကို ထုတ်ယူ လိုက်သည်။ ထို့နောက် ထူးဆန်းသော စကားလုံးတချို့ကို ရွတ်လိုက်ရာ သွေးစက်က တောက်ပလာပြီး ဆွတ်ဆွတ် ဖြူနေသော အရည်စက်အဖြစ် ပြောင်းလဲသွား၏။
အဖြူရောင် သွေးစက်ကို စပါးအုံးမြွေ၏ ဦးခေါင်းပေါ်သို့ ချလိုက်ပြီး ခါးကုန်းကြီးက အစီအရင်များကို အလျင်အမြန် ဖန်တီးလိုက်သည်။ ထို့နောက် လက်ချောင်းကို နဖူးသို့ ညွှန်လိုက်ပြီး နဖူးမှ ကြည်လင် နေသော အဖြူရောင် ကြိုးမျှင်ကို ဆွဲထုတ်လိုက်သည်။ ထိုကြိုးမျှင်သည် စပါးအုံးမြွေ၏ ဦးခေါင်းပေါ်မှ အဖြူရောင် အစက်ထဲသို့ ဖြည်းညင်းစွာဖြင့် တိုးဝင်သွား၏။
အချိန်တော်တော် ကြာပြီးနောက် ခါးကုန်းကြီးက လေကို တဝကြီး ရှူသွင်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ စပါးအုံးမြွေကို ပစ်ချလိုက်သည်။ စပါးအုံးမြွေက ကြမ်းပြင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်း ခွေ၍ ငြိမ်နေသည်။
အလွန်အေးစက် ခက်ထန်နေသော အမူအရာဖြင့် ခါးကုန်းကြီးက မျှော်စင်၏ အပြင်ဘက်သို့ ထွက်သွား၏။ သူက မျှော်စင် အပြင်ဘက်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် လေဆင် နှာမောင်းများမှ အသံများသည် ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန်လာသည်။ သားရဲများ အားလုံးသည် သူတို့၏နတ်ဘုရား စိတ်အာရုံများကို ပေါင်းစပ်၍ ခါးကုန်းကြီးမုန့်၏အပေါ်သို့ တိုက်ခိုက် လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ကြီး တောင်မှ အရောင်ပြောင်း သွားပြီး မြေစမ်းသပ်မှုတွင် ချထားသော အစီအရင်များပင် တုန်ခါသွား၏။
ဝမ်လင်းက ထိုနေရာနှင့် မနီးသော်လည်း ဖိအားတစ်ခုကို ခံစားရသည်။ ထို့ကြောင့် သူက မျက်လုံးကို ဖွင့်ပြီး ခါးကုန်းကြီးရှိသည့် နေရာသို့ ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် မူမမှန်သော လှုပ်ရှားမှုတစ်ခုက အနီရောင်မြူထဲတွင် ဖြစ်ပေါ်လာသည်။ ခါးကုန်းကြီး ရှိသည့်နေရာကို ကြည့်နေသည့် ဝမ်လင်း၏အာရုံက အနီရောင်မြူထဲသို့ ရောက်သွားပြီး သူက မီးတောက်ပြာကို ထုတ်ဖော် လိုက်သည်။
အနီရောင်မြူထဲမှ ထွက်လာသော မကောင်းဆိုးဝါးသည် သူ၏ ထိန်းချုပ်မှု အောက်တွင် မဟုတ်ပါက ချက်ချင်း ဖျက်ဆီးပစ်ရန် ဝမ်လင်းက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံနှင့် မီးတောက်ပြာကို အဆင်သင့် ပြင်ထား၏။
နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုက သူ့ဆီသို့ ရောက်လာသောအခါ ခါးကုန်းကြီးသည် မရှောင်ဘဲ အင်္ကျီလက်ကို ယမ်းလိုက်သည်။ ထိုအခါ များပြားလှသော အနက်ရောင် မီးခိုးများက အင်္ကျီလက်မှ ထွက်လာသည်။
အနက်ရောင် မီးခိုးများက စုစည်းသွားပြီး တိမ်တိုက်တစ်ခု ဖြစ်သွား၏။ ထို့နောက် မီးခိုးတိမ်တိုက်က စတင် ပျံ့နှံ့သွား၏။ သားရဲများသည် အနက်ရောင် မီးခိုးများနှင့် ထိသွားသည့်နှင့် တစ်ပြိုင်နက် ကောင်းကင်ပေါ်မှ ပြုတ်ကျသွားပြီး သူတို့၏ခန္ဓာကိုယ်က အနက်ရောင် မီးခိုးအဖြစ် ပြောင်းလဲကာ ခါးကုန်းကြီးမုန့် ဖန်တီးလိုက်သော မီးခိုးတိမ်တိုက်နှင့် ပေါင်းစပ်သွား၏။
သူက မီးခိုးများကို ထုတ်ပြီးသည့် အချိန်တွင် နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုကလည်း သူ့ဆီသို့ ရောက်လာသည်။ ထိုအခါ ခါးကုန်းကြီးမုန့်က စူးရှစွာ အော်ဟစ်လိုက်ရပြီး သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲကာ သူ့နေရာတွင် စပါးအုံးမြေကြီး တစ်ကောင် ပေါ်လာသည်။ စပါးအုံးမြွေသည် နတ်ဘုရားစိတ်အာရုံ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ အနည်းငယ် လူးလိမ့်ပြီး သူ့ကိုယ်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် မျှော်စင် အတွင်းရှိ စပါးအုံးမြွေ၏ နေရာတွင် ခါးကုန်းမုန့်က ပေါ်လာသည်။ သူ့မျက်နှာက ဖြူရော်နေပြီး သွေးတစ်လုတ်ကို အန်ထုတ် လိုက်ရသည်။ သူက သွေးဆာနေသော အပြုံးတစ်ခုကို ပြုံးပြီး ရေရွတ်လိုက်သည် … “ငါ့ရဲ့ ကောင်းကင် ဖျက်ဆီးခြင်း အဆိပ်က နတ်ဆိုး ပင်လယ်မှာ နံပါတ်၁ အဆိပ်ပဲ… အခု အကုန်လုံးကို မင်းတို့အတွက် သုံးပေးလိုက်ပြီ… ငါ့အဆိပ်က မင်းတို့အားလုံးကို မသတ်နိုင်ဘူးလို့ မယုံဘူး…”
မီးခိုးတိမ်တိုက်သည် မျှော်စင်အနီးအနား တစ်ဝိုက်တွင် ဖုံးလွှမ်းနေသည်။ မကြာမီ လေဆင်နှာမောင်း တစ်ခုက မီးခိုးတိမ်တိမ်ကို ထိမိသွားပြီး လေဆင်နှာမောင်းက ချက်ချင်း ပြိုကွဲသွားကာ လက်သီးဆုပ်အရွယ် သားရဲများသည်လည်း အနက်ရောင် မီးခိုးများအဖြစ် ပြောင်းလဲ သွားပြီး မီးခိုးတိမ်တိုက်၏ အစိတ်အပိုင်းများ ဖြစ်သွားကြသည်။
မီးခိုးတိမ်တိုက်သည် လျင်မြန်သော နှုန်းထား တစ်ခုဖြင့် ကြီးမားလာ၏။
ဝမ်လင်းကတော့ အလွန် လေးနက်နေသည့် မျက်နှာထားဖြင့် အနီရောင်မြူကို စိုက်ကြည့်နေသည်။ မြူထဲတွင် လှုပ်ရှားမှုများက မကြာခဏ ဖြစ်လာပြီး အနီရောင် မြူများက စတင်သိပ်သည်း လာသည်။ ဝမ်လင်းသည် မျက်တောင်ပင် မခတ်ဘဲ သေချာ စောင့်ကြည့်နေ၏။ သူက သူ့လက်ထဲမှ မီးတောက်ပြာ၏ မီးတောက်နေသည့် အသံကိုပင် ကြားနေရသည်။
တစ်ချိန်တည်းမှာပင် အနီရောင် လျှပ်စီးတစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။ ထိုအခါ မကောင်းဆိုးဝါး ရှုလီကောသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ပျော်ရွှင်လာကာ စိတ်ထဲမှ တွေးလိုက်သည်… “ကြည့်ရတာ ဒီညီငယ်လေးကို ထိန်းချုပ်ဖို့ မလွယ်ဘူးနဲ့ တူတယ်… သူတို့၂ယောက်လုံး ဒဏ်ရာရသွားရင် အကောင်းဆုံးပဲ… ဒါဆို မင်းတို့ နှစ်ယောက်လုံးကို ဝါးမျိုလိုက်လို့ ရတယ်… ဟဟ… ကောင်းလိုက်တဲ့ အကြံဉာဏ်…”
သူက ထိုအကြောင်းကို တွေးပြီး ပို၍ပင် ပျော်ရွှင် လာသည်။ ရှုလီကောသည် သူ၏ မှတ်ဉာဏ်များကို အနည်းငယ်သာ ပြန်ရသေးသော်လည်း ထိုမှတ်ဉာဏ်များသည် အလွန် နည်းသည့် မှတ်ဉာဏ်များသာ ဖြစ်သည်။ သူ့ထံတွင် ရှိနေသည့် မှတ်ဉာဏ်သည် မကောင်းဆိုးဝါး ဖြစ်သည့် မှတ်ဉာဏ်များသာ ဖြစ်၏။ ထို့ကြောင့် သူ့ကိုယ်သူ ကျင့်ကြံသူဟု မတွေးဘဲ မကောင်းဆိုးဝါး ဟုသာ တွေးနေလေသည်။
အချိန်က တဖြည်းဖြည်း ကုန်လာသည်။ အနီရောင်မြူသည် တဖြည်းဖြည်း သေးလာပြီး နောက်ဆုံးတွင် အနီရောင် တောက်ပနေသော အလုံးတစ်လုံး ဖြစ်သွား၏။ အလုံးမှ အက်ကွဲသံများ ထွက်လာပြီးနောက် အလုံးက ကွဲထွက်သွားကာ အနီရောင် အငွေ့များ ပေါ်လာသည်။ အနီရောင် အငွေ့များက သားရဲ၏ ဦးခေါင်းပုံကို ချက်ချင်း ဖော်ဆောင်ပြီး အေးစက်သော အော်ရာ တစ်မျိုးကို ထုတ်လွှတ်လေသည်။
ထို့နောက် အနီရောင် သားရဲက ပေါ်လာပြီး ချက်ချင်း ပျောက်သွား၏။
အနီရောင်သားရဲ ပျောက်သွားသည့် မြင်ကွင်းကို မြင်ပြီး ဝမ်လင်းက စိတ်ထဲတွင် အံ့ဩ သွားသော်လည်း သူ့မျက်နှာက တည်ငြိမ်နေကာ ညာဘက်သို့ လှည့်ပြီး ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လိုက်သည်။
အနီရောင်သားရဲက ဝမ်လင်း လှည့်လိုက်သည့် ဘက်တွင် ပြန်ပေါ်လာသည်။ သူက အလွန် ထိတ်လန့်သွားပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ် သွား၏။ ထိုအခါ ပထမဆုံး အကြိမ်အဖြစ် ဝမ်လင်း၏ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံက လွဲချော် သွားခဲ့ရသည်။
ထိုအချက်သည် မကောင်းဆိုးဝါး၏ လျင်မြန်မှုကို ပြသနေသည်။ ဝမ်လင်းသည် အလျင်စလို မဖြစ်ဘဲ တည်ငြိမ်စွာဖြင့် သူ့နောက်သို့ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လိုက်သည်။
ထိုအခါ အော်သံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါးက ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်လင်း၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံက သူ့ကို ထိမှန်သွားပြီး နောက်သို့ လွင့်စင်သွား၏။ မကောင်းဆိုးဝါး အသစ်က ရှောင်ရန်ပင် အချိန်မရလိုက်ဘဲ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံက သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်သွား၏။
ထို့နောက် သူ့ဆန္ဒမပါဘဲ သူ့ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်လာပြီး ဝမ်လင်း၏ ရှေ့သို့ ရောက်သွား၏။ မကောင်းဆိုးဝါးက ဝမ်လင်းအား ကြောက်လန့်နေသော အမူအရာဖြင့် ကြည့်ပြီး စူးရှသည့်အသံဖြင့် အော်ငို လိုက်သည်။
မကောင်းဆိုးဝါး ရှုလီကောက သက်ပြင်း ချလိုက်ပြီး ဝမ်လင်းအား ဆန့်ကျင်မည့် အကြံအား ချက်ချင်း စွန့်လွှတ် လိုက်သည်။ ဝမ်လင်းက မကောင်းဆိုးဝါး အသစ်ကို အလွယ်တကူ နိုင်လိမ့်မည်ဟု သူက ထင်မထားခဲ့ချေ။ သူက ခဏလောက် စဉ်းစားပြီး သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်… “နတ်ဆိုးလိုကောင်…”
***
htet myat ayuu
🐸