ဝမ်လင်း၏ ရည်ရွယ်ချက်မှာ အားလုံးကို တစ်ခါတည်း သတ်ဖြတ်ရန် မဟုတ်ဘဲ အုပ်စု ခွဲသွားစေရန် ဖြစ်သည်။ ဓားတစ်ရာ ကျော်ကြောင့် သားရဲများက ထပ်မံ၍ ခွဲထွက်သွားကြလျှင် ဝမ်လင်းက သားရဲများကြားမှ ဖြတ်ပြေးပြီး မျှော်စင်၏ရှေ့သို့ ရောက်သွား၏။ သူက တံခါး၏ အပြင်ဘက်တွင် ရပ်လိုက်ပြီး နောက်လှည့်ကာ ဓားပျံများ အားလုံးကို ပြန်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါး ကိုလည်း ပြန်ခေါ်လိုက်သည်။ မကောင်းဆိုးဝါးက သားရဲများ၏ နတ်ဘုရား စိတ်အာရုံများကို စားသောက်ခြင်းဖြင့် အလုပ်များ နေသောကြောင့် ဝမ်လင်းကို လုံးဝ လျစ်လျူရှုထား၏။ ထိုအခါ ဝမ်လင်းက နှာခေါင်းတစ်ချက် ရှုံ့ပြီး ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံအား ပစ်လွှတ်လိုက်သည်။
နှာခေါင်းရှုံ့သံက မကောင်းဆိုးဝါး၏ နားကို ရောက်သွားသောအခါ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး နတ်ဘုရား စိတ်အာရုံများကို ဆက်လက် မစားရဲတော့ဘဲ မီးခိုးရောင် အငွေ့များမှ ပြန်လည် ပြောင်းလဲ လိုက်ကာ ဝမ်လင်းနှင့်အတူ မျှော်စင်အတွင်းသို့ အလျင်အမြန် ဝင်သွားလိုက်၏။
မျှော်စင် အတွင်းသို့ ရောက်သောအခါ သူက ဝမ်လင်း အနားတွင် အမှား လုပ်ထားသကဲ့သို့ ပတ်ပျံနေပြီး နဂါးအရွတ် အတွင်းသို့ ချက်ချင်း ဝင်ပြေးသွား၏။
သူက နဂါးအရွတ်ထဲမှ နေ၍ တွေးလိုက်သည်… “အပြင်က ရန်သူတွေကို မသတ်ဘဲ ချန်ထားခဲ့တဲ့ ဒီမိစ္ဆာကောင်လေးရဲ့ ဦးနှောက်ကို တကယ်ပဲ နားမလည်နိုင်တော့ဘူး… အပြင် ပြန်ထွက်ဖို့ သူ့ကို ပြောရမလား…”
အပြင်မှ သားရဲများကို ကြည့်ပြီး ဝမ်လင်း၏ အမူအရာက လေးလေးနက်နက် ဖြစ်နေသည်။ မကောင်းဆိုးဝါးအား သားရဲများ အားလုံးကို မစားခိုင်း လိုက်ခြင်းမှာ သူ့တွင် အကြောင်းပြချက် ရှိ၏။ ထိုသားရဲ သေးသေးလေးများက စုစည်းနေကြပြီး များပြား လာသည့်အခါ လေဆင်နှာမောင်း များကို ဖြစ်ပေါ် လာစေသည်။ ဤကန္တာရထဲတွင်လည်း လေဆင် နှာမောင်းများသာ အများဆုံး ဖြစ်၏။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုသားရဲများက အလွန့် အလွန့်ကို များပြားကြောင်း သိနိုင်သည်။ သူတို့၏ အဓိက တိုက်ခိုက်မှုသည် နတ်ဘုရား စိတ်အာရုံနှင့် အသံလှိုင်းများသာ ဖြစ်၏။ သူတို့၏ တိုက်ခိုက်မှုက စွမ်းအား ကောင်းသော်လည်း သူတို့၏ ခန္ဓာကိုယ်က အလွန် အားနည်းလွန်း လှသည်။
ထို့ကြောင့် သူတို့ကို သတ်ရသည်မှာ အလွန် လွယ်ကူပေသည်။ အထူးသဖြင့် ခါးကုန်းကြီးမုန့်ကဲ့သို့ ကျင့်ကြံသူ တစ်ယောက်က ပို၍ပင် လွယ်ပေဦးမည်။ ခါးကုန်းကြီးမုန့် အနေဖြင့် ထိုသားရဲများကို သတ်ချင်လျှင် အဆိပ်တချို့ကို ပစ်လိုက်လျှင်တောင်မှ ထိုသားရဲများက သေဆုံး သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းက နောက်ဆုံး တွေ့ခဲ့သည့် မျှော်စင်ပေါ်မှ မြင်လိုက်ရသည့် မြင်ကွင်းကို မမေ့ထားပေ။ ထိုမြင်ကွင်းသည် များပြားလှသော အနက်ရောင် လေဆင်နှာမောင်းများက နေရာ တစ်ခုတည်းဆီသို့ ဦးတည် သွားနေကြခြင်း ဖြစ်သည်။
ထိုလှုပ်ရှားမှုကို ကြည့်ပြီး ဤနေရာရှိ ထူးဆန်းသော သားရဲများသည် တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်နိုင်သည့် နည်းလမ်း ရှိကြောင်းကို သိနိုင်သည်။ သူတို့သာ အများကြီး သေသွားလျှင် သူတို့၏နောက်ထပ် အဖော်များကို ခေါ်ကြပေလိမ့်မည်။ ထိုသို့သာ ဖြစ်ခဲ့ပါက ဝမ်လင်း အနေဖြင့် သေဆုံးသွားရန်သာ ရှိတော့သည်။
ထို့အပြင် သူက သားရဲများကို အများကြီး သတ်လိုက်ပါက ထိုသားရဲများသည် ခါးကုန်းကြီး နောက်သို့ လိုက်နေသည့် သူတို့၏ မိတ်ဆွေများကို ခေါ်ကြလိမ့်မည် ဖြစ်သည်။ ထိုအခါ ခါးကုန်းကြီးကို သူက လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်သွားပြီး သူ့ဆီကိုလည်း ထိုသားရဲများက အာရုံပြောင်း လာကြပေလိမ့်မည်။ ထိုသို့ ဖြစ်သွားလျှင် သူ့အတွက် အကျိုးတစ်ခုမှ မရှိချေ။
စောစောက တိုက်ခိုက်မှုတွင် ဝမ်လင်းနှင့် မကောင်းဆိုးဝါး၏ တိုက်ခိုက်မှု နှစ်ခုပေါင်းသည် သားရဲ၂၀၀ ဝန်းကျင်ခန့်ကိုသာ သေဆုံးစေခဲ့သည်။ အပြင်ဘက်မှ သားရဲများကို ကြည့်ပြီး ဝမ်လင်း၏မျက်လုံးက အရောင်လက် သွား၏။ မကြာမီ အပြင်ဘက်ရှိ သားရဲများသည် လေဆင်နှာမောင်း အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး ဝမ်လင်းအား ဂရုမစိုက်တော့ဘဲ ထွက်သွားကြ၏။
လေဆင်နှာမောင်း ထွက်သွားပြီး နောက်တွင် ဝမ်လင်းက စိတ်သက်သာရာ ရသွားပြီး သက်ပြင်း ချလိုက်သည်။ ဤမြေစမ်းသပ်မှုသည် ထူးဆန်းလှသည်။ ဤနေရာရှိ သဘောတရားများသည် အပြင်တွင် ရှိသည့် သဘောတရာများနှင့် ဆန့်ကျင်နေသည်။ တစ်ယောက်တစ်ယောက်က ထိုသားရဲများသည် နတ်ဘုရား စိတ်အာရုံနှင့် အသံ တိုက်ခိုက်မှုကိုသာ လုပ်နိုင်ပြီး အားနည်းသည့် ခန္ဓာကိုယ်ရှိကြာင်း ကိုသာ သိလျှင် ထိုလူသည် သားရဲများက သူ့အား ဆက်လက် မတိုက်ခိုက်နိုင်စေရန် သားရဲများကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သားရဲအများကြီးကို သတ်လိုက်မိပြီ ဆိုသည်နှင့် သားရဲများက သူ့တို့၏အဖော်များကို လှမ်းခေါ် ကြပေလိမ့်မည်။ ထိုအခါ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ကြီးလောက် မြင့်နေလျှင်တောင်မှ သားရဲများက အလွန်များသည့် အတွက် သေဆုံး သွားရလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက အနက်ရောင် မျှော်စင်၏ အပေါ်ဆုံးထပ်တွင် ကျင့်ကြံနေပြီး လေဆင်နှာမောင်းများ စုစည်းရာ နေရာသို့ လှမ်းကြည့် လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် သူက ဆက်မသွားသေးဘဲ မျှော်စင်ထဲတွင်သာ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက မကောင်းဆိုးဝါးကို လှမ်းကြည့် လိုက်သည်။ မကောင်းဆိုးဝါးသည် လိုချင်တပ်မက် စိတ်များဖြင့် ပြည့်နေသော မျက်လုံးများဖြင့် အပြင်ဘက်မှ လေဆင်နှာမောင်းများကို ကြည့်နေလေသည်။
ဝမ်လင်းက အေးစက်စွာဖြင့် ပြောလိုက်သည်… “မင်း ဘယ်လောက် စားထားတယ် ငါ မသိဘူး… ဒါပေမဲ့ တစ်ဝက်ကို ပြန်ထုတ်လိုက်ပါ…”
မကောင်းဆိုးဝါးက တုံ့ဆိုင်းဆိုင်းဖြင့် ဝမ်လင်းအား ကြည့်လိုက်ရာ ဝမ်လင်း၏ ရန်လိုသည့် အကြည့်ကို မြင်ပြီး သားရဲ ဝိညာဉ်များကို အလျင်အမြန် စတင် အန်ထုတ် လိုက်သည်။
သားရဲဝိညာဉ်၂၀အား အန်ထုတ်ပြီး နောက်အခါ သူက အားနည်းချင်ယောင် ဆောင်လိုက်သည်။
“မင်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါ အန်ထုတ်တာ စားနေရတာပါ… မင်းမှာသာ အစွမ်းရှိရင် ဒါကို မစားပါနဲ့လား…” သူက စိတ်ထဲမှ ပြောလိုက်သည်။
ဝမ်လင်းက မကောင်းဆိုးဝါး၏ အတွေးကို မသိသော်လည်း မကောင်းဆိုးဝါး၏ မျက်နှာပေါ်မှ မာန်တက်နေသည့် အမူအရာကို မြင်နေရသည်။ သို့သော်လည်း သူက ထိုကိစ္စလောက်နဲ့ စိတ်ရှုပ် မခံပေ။
သူက သားရဲဝိညာဉ်၂၀ကို သေသေချာချာ စိုက်ကြည့် လိုက်ပြီးနောက် သူက ဝိညာဉ်များကို ဆွဲယူပြီး မျှော်စင်ပေါ်မှ ဆင်းလာခဲ့သည်။ သူက သင့်တော်သည့် အထပ်တစ်ခုသို့ ရောက်သောအခါ သူ၏ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံကို အနီးအနား ဝန်းကျင် တစ်ခုလုံးအား ဖြန့်ကြက်လိုက်သည်။
မကောင်းဆိုးဝါးက ဝမ်လင်းနောက်သို့ လိုက်လာသည်။ ဝမ်လင်းက သားရဲများအား စားနေသည်ကို ကြည့်ချင်၍ လိုက်လာခြင်း ဖြစ်သည်။ သူက သူ့ကိုယ်သူ အမွှမ်းတင် နေချိန်တွင် ပတ်ဝန်းကျင်က ရုတ်တရက် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံဖြင့် ဖုံးအုပ်သွားသည်ကို သတိပြုမိ လိုက်သည်။ ထိုနတ်ဘုရား စိတ်အာရုံသည် သူ့ကို သေတာထက် ဆိုးသော နာကျင်မှုများကို ပေးစွမ်းနိုင်သည်။ အထူးသဖြင့် အနီရောင် လျှပ်စီးက သူ့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ သူက အခန်းထဲတွင် ပျံသန်းနေရင်း သူ့တစ်ကိုယ်လုံးက အားမရှိတော့ သကဲ့သို့ ပျော့သွားကာ စိတ်ထဲမှ တွေးလိုက်သည်… “ပြီးသွားပြီ… တကယ်ကို ပြီးသွားပြီ… ဒီကောင်က ငါ့ကို အဆုံးသတ်တော့ မလို့နဲ့ တူတယ်…”
သူက ဝမ်လင်းအား တောင်းပန်ရန် ပြင်လိုက်သည့် အချိန်တွင် ဝမ်လင်းက သူ့အား ဂရုပင် မစိုက်သည်ကို သတိပြုမိ လိုက်သည်။ ယခုအချိန်တွင် ဝမ်လင်းသည် ဝိညာဉ်၂၀အား စိုက်ကြည့်နေသည်။ မကောင်းဆိုးဝါးက ပြောမည့် စကားများကို ပြန်မျိုချပြီး သူ့ကိုယ်သူ ကံကောင်း သွားသည်ဟု သတ်မှတ် လိုက်သည်။
ဝမ်လင်းက သားရဲဝိညာဉ်များကို ဂရုတစိုက်ဖြင့် သေချာ ကြည့်နေသည်။ သူတို့၏ စွမ်းအားသည် အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်နှင့် ညီမျှသည်။ သူတို့က မသန်မာသော်လည်း အားနည်းတဲ့ အထဲလည်း မပါပေ။
ဝမ်လင်းက မကောင်းဆိုးဝါးကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် နောက်ထပ် မကောင်းဆိုးဝါးကို ဖန်တီးရန် အကြံအစည်က ယခင် ကတည်းက တွေးထား၏။ သူ၏ အားနည်းချက်သည် မှော်ရတနာများ မရှိခြင်း ဖြစ်သည်။
သူ့ထံတွင် သလင်းကျောက်ဓားမှ လွဲ၍ မကောင်းဆိုးဝါး တစ်ကောင်သာ ရှိ၏။ စောစောက တိုက်ခိုက်မှုတွင်လည်း မကောင်းဆိုးဝါးကြောင့်သာ မဟုတ်လျှင် သူ့အတွက် ခက်ခဲသည့် အခြေအနေ တစ်ခုကို ကြုံရလိမ့်မည် ဖြစ်သည်။ ထိုအချက်က သူ့အတွက် မကောင်းဆိုးဝါးက အသုံးဝင်ကြောင်းကို သက်သေပြ သွား၏။
သူ့ထံတွင် ရှိသော တန်ဖိုးကြီးသည့် နောက်ထပ် ရတနာများသည် နဂါးအရွတ်နှင့် စာလိပ်သာ ဖြစ်သည်။ သို့သော်လည်း စာလိပ်က အလွန် ထူးဆန်း၏။ ထို့ကြောင့် စာလိပ်ကို အပြည့်အဝ နားမလည်သေးဘဲ အသုံးမပြုရန် ဆုံးဖြတ် ထား၏။
မကောင်းဆိုးဝါးသည် ဝိညာဉ်၏ ထူးခြားသော မျိုးစိတ်တစ်ခု ဖြစ်သည်။ ဝမ်လင်း ယခုလက်ရှိ ပိုင်ဆိုင်ထားသော မကောင်းဆိုးဝါးသည် စဦးဝိညာဉ်မှ ဖြစ်လာခြင်း ဖြစ်သည်။ သူ့ကြောင့် စဦးဝိညာဉ်က လေလွင်ဝိညာဉ်၏ အစွမ်းတချို့ကို ရရှိသွားသော်လည်း ပျက်စီးခြင်း လောကမှ လေလွင့် ဝိညာဉ်များနှင့် ယှဉ်လျှင် အများကြီး ကွာခြားနေသေး၏။
လေလွင့်ဝိညာဉ် အစစ်သာ ဆိုလျှင် ရန်သူက မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ဖြစ်နေပါစေ ချက်ချင်း ခုန်အုပ်ပြီး သူတို့၏ ဝိညာဉ်ကို ဝါးမျိုကာ အသွေးအသားများကို စုပ်ယူလိမ့်မည် ဖြစ်သည်။ သူတို့၏သဘာဝ ရန်သူဖြစ်သည့် ဝိညာဉ်စားသုံးသူ မဟုတ်သရွေ့ မည်သည့်အရာကိုမှ ကြောက်လန့် မည်လည်း မဟုတ်ချေ။
သို့သော်လည်း မကောင်းဆိုးဝါး ရှုလီကောသည် အဆင့်တူ ဝိညာဉ်များကိုသာ ဝါးမျိုနိုင်၏။ စဦးစိတ်ဝိညာဉ်အဆင့်တစ်ယောက်၏ ဝိညာဉ်ကိုသာ ဝါးမျိုရန် ကြိုးစားပါက စဦးစိတ်ဝိညာဉ် အဆင့်က ရှုလီကောကို ပြန်လည် တွန်းလှန် နိုင်လိမ့်မည် ဖြစ်၏။
ဝမ်လင်းကို ဆွဲဆောင် သွားသည့် အရာမှာ ထိုသားရဲများ၏ စုပေါင်း တိုက်ခိုက်မှုစွမ်းရည် ဖြစ်သည်။ နတ်ဘုရား စိတ်အာရုံများက အတူတကွ ပေါင်းစည်းသွားပြီး နတ်ဘုရား စိတ်အာရုံ တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်း သွားသည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ထိုစွမ်းရည်က ဝမ်လင်းကို မကောင်းဆိုးဝါး နောက်တစ်ကောင်အား ဖန်တီးရန် အကြံပေါ် လာစေသည်။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဝိညာဉ်အလံများ ပျံသန်း ထွက်လာသည်။ ထိုဝိညာဉ်အလံ အတွင်းရှိ ဝိညာဉ် အများစုသည် နတ်ဆိုးပင်လယ်မှ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ၏ ဝိညာဉ်များ ဖြစ်ပြီး တချို့မှ နတ်ဆိုးပင်လယ်မှ သားရဲတချို့၏ ဝိညာဉ်များ ဖြစ်သည်။
သူက ညာဘက်လက်ကို ဝှေ့ယမ်း၍ သားရဲဝိညာဉ် အကောင်၂၀မှ တစ်ကောင် ခွဲထုတ်၍ ကျန်သည့် သားရဲဝိညာဉ် ၁၉ကောင်ကို စိတ်စွမ်းအင် လှောင်အိတ် တစ်ခုဖြင့် ပိတ်လှောင် ထားလိုက်သည်။
ထို့နောက် ဝိညာဉ်အလံ အတွင်းမှ ဝိညာဉ်တစ်ကောင်ကို ထုတ်ယူလိုက်ပြီး ထိုဝိညာဉ်ပေါ်တွင် အမှတ်အသားတစ်ခု လုပ်ကာ သားရဲ ဝိညာဉ်ဆီသို့ ပစ်လိုက်၏။
သို့သော်လည်း သားရဲဝိညာဉ်သည် ရှုလီကောတုန်းက ကဲ့သို့ ဝိညာဉ်ကို မည်သို့ ဝါးမျိုရမည်ကို မသိချေ။ သားရဲဝိညာဉ်က မှင်သက်နေသည့် အမူအရာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေ လေသည်။ ထိုမြင်ကွင်းကို မြင်ပြီး ဝမ်လင်း အလျင်စလို မဖြစ်ပေ။ မကောင်းဆိုးဝါး ဖန်တီးသည့် အတွေ့အကြုံက ရှိနေသဖြင့် လေလွင့်ဝိညာဉ် ကဲ့သို့ စွမ်းရည်များ ရရှိရန် အချိန်တချို့ ယူရမည် ဖြစ်ကြောင်း နားလည်၏။
သို့သော်လည်း ပထမအဆင့်သည် အနည်းငယ် တွန်းအားပေးရန် လိုအပ်သဖြင့် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြစ်သည့် အနီရောင် လျှပ်စီးကို ထုတ်ယူပြီး ပိုက်ကွန်တစ်ခု အဖြစ် ဖန်တီးကာ သားရဲဝိညာဉ်၏ အနားသို့ တဖြည်းဖြည်း တိုးကပ်လိုက်၏။
ပိုက်ကွန်၏ ဖိအားအောက်တွင် သားရဲဝိညာဉ်က စတင် ရွေ့လျားလာသည်။ သူက သွားစရာ နေရာသည် တစ်နေရာတည်း ရှိနေသဖြင့် ဝိညာဉ်အလံမှ ထုတ်ယူထားသော သားရဲဆီသို့ သွားနေ၏။
ဝမ်လင်းက သားရဲဝိညာဉ်ကို အာရုံစိုက်ပြီး ကြည့်နေရင်း သားရဲဝိညာဉ်က ရုတ်တရက် လျင်မြန်သော အရှိန်ဖြင့် တခြား ဝိညာဉ်ဆီသို့ ပြေးသွား၏။ သားရဲဝိညာဉ်သည် တခြား သားရဲကို ဝါးမျိုခြင်း မရှိဘဲ တခြားဝိညာဉ်နှင့် ပေါင်းစပ် လိုက်သည်။ ထိုအခါ ဝမ်လင်းသည် သားရဲဝိညာဉ်က အနည်းငယ် သန်မာ လာသည်ကို ခံစားမိလိုက်၏။
ဝမ်လင်းသည် မူလက တခြားဝိညာဉ်ကို ဝါးမျိုရန် အချိန်ပေး၍ တွန်းအား ပေးရမည်ဟု ထင်ထား သော်လည်း ယခုမူ အနည်းငယ်သာ တွန်းအား ပေးလိုက်သည်။ သားရဲဝိညာဉ်က တခြားဝိညာဉ်ကို ဝါးမျိုခြင်း မရှိသော်လည်း တခြားဝိညာဉ်နှင့် ပေါင်းစပ်လိုက်ခြင်းက ရလဒ် အတူတူပင် ဖြစ်သည်။
ဝမ်လင်းက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ချက်ချင်း သိမ်းဆည်း လိုက်ပြီး ဝိညာဉ်အလံ နောက်ထပ် ဝိညာဉ်တစ်ကောင်ကို ထုတ်ယူကာ အမှတ်အသား လုပ်၍ သားရဲဝိညာဉ်ဆီသို့ ပစ်ပေးလိုက်၏။ သည်တစ်ကြိမ်တွင် သားရဲဝိညာဉ်သည် ချက်ချင်း ပြေးလာပြီး ထိုဝိညာဉ်နှင့် ပေါင်းစပ်လိုက်၏။
ဝမ်လင်းက သားရဲဝိညာဉ်ကို အလွန် စိတ်ဝင်စားသွားပြီး ဝိညာဉ်အလံ တစ်ခုကို လက်ချောင်းဖြင့် အကြိမ်များစွာ ညွှန်လိုက်ရာ ဝိညာဉ် ၁၀ကောင်ကျော်က ပျံသန်း ထွက်လာသည်။ ဝမ်လင်းက ဝိညာဉ်များကို သူ၏နတ်ဘုရား စိတ်အာရုံဖြင့် အမှတ်အသား လုပ်ပြီးနောက် သားရဲဝိညာဉ်ဆီသို့ ပစ်ပေးလိုက်၏။
သားရဲဝိညာဉ် ကလည်း ချက်ချင်း ပြေးထွက်လာပြီး အရှိန်ဖြင့် ဝင်ဆောင့် လိုက်သည်။ သူက ဝိညာဉ်များနှင့် ဆောင့်မိတိုင်း ဝိညာဉ်များက သူနှင့် ပေါင်းစပ် သွားသည်။
တစ်နာရီနီးပါး ကြာပြီးနောက် သားရဲဝိညာဉ်က ဝိညာဉ် ၁၀ကောင်ကျော်ကို အောင်မြင်စွာ ပေါင်းစပ်ပြီး သွား၏။ သားရဲဝိညာဉ် ကလည်း ယခင်ကထက် ပိုမို သန်မာလာသည်။
ဝမ်လင်းက ဝိညာဉ်အလံ တစ်ခုကို ထုတ်ယူပြီး ခါလိုက်ရာ ဝိညာဉ် အကောင်၁၀၀ ထွက်လာသည်။ သူက ဝိညာဉ်အားလုံးကို အမှတ်အသား လုပ်ပြီးနောက် ဝိညာဉ်များသည် သားရဲ ဝိညာဉ်ဆီသို့ ပျံသန်းသွားကြ၏။
ထိုအခါ သားရဲဝိညာဉ်သည် ရုတ်တရက် စူးရှစွာ ငိုကြွေးလိုက်သည်။ မျှော်စင်ထဲတွင် ဤအသံက ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သားရဲဝိညာဉ်က ငိုကြွေးလိုက်သည့် အချိန်တွင် အသံလှိုင်း တစ်ခုကလည်း ဖြစ်ပေါ်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွား၏။ ထိုမြင်ကွင်းကို မြင်ပြီး ဝမ်လင်းက အလွန် ပျော်ရွှင်သွား၏။
***
😭