Switch Mode

အပိုင်း (၁၈၀)

စမ်းသပ်မှုများ

အချိန်တစ်ခု ကြာပြီးနောက် ကျောက်တိုင်များ ရှိသည့် လမ်းကြောင်းသည် အထက်သို့ ကြောင်လိမ်သဏ္ဌာန် တက်သွား၏။ ဝမ်လင်းက ကျောက်တိုင်များ အတိုင်း လဝက်ခန့် ပျံသန်း လာပြီးနောက် ထိပ်ဆုံးသို့ ရောက်သွား၏။

ဤနေရာသည် ကျောက်တိုင်များ၏ ခရီးလမ်းဆုံး ဖြစ်သည်။ ဤနေရာတွင် ကြီးမားသော ဝဲကတော့တစ်ခု ရှိနေပြီး ကျောက်တိုင်များ အားလုံးသည် ထိုဝဲကတော့ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားကြခြင်း ဖြစ်သည်။

ဝမ်လင်းက ဝဲကတော့ကြီးကို ကြည့်ပြီး စဉ်းစား လိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ် အတွင်းမှ ဓားပျံ တစ်ချောင်းကို ထုတ်လိုက်ပြီး သေးငယ်သော နတ်ဘုရား စိတ်အာရုံ အစိတ်အပိုင်း အမျှင်တစ်ခုကို ဓားပျံတွင် ထည့်ပေး လိုက်ကာ ဓားပျံကို ဝဲကတော့ဆီသို့ ပစ်လိုက်၏။

ဝမ်လင်းက မျက်လုံးက တဖြည်းဖြည်း မှိတ်လိုက်သည်။ ဓားပျံက ဝဲကတော့ထဲသို့ အတားအဆီးမရှိ ဝင်ရောက် သွား၏။

ဓားပျံက ဝဲကတော့ အတွင်းသို့ ဝင်သွားသည့် အချိန်တွင် ရွှံ့ထဲသို့ နစ်မြုပ် သွားသည်နှင့် ဆင်တူသည်။ အချိန် ခဏလောက် ကြာပြီး‌နောက် ဓားပျံက တခြား တစ်ဖက်မှ ပြန်ထွက် လာသည်။ ဝမ်လင်း၏ရှေ့သို့ ပေါ်လာသည့် မြင်ကွင်းသည် တောက်ပစွာ ရှိနေသည့် ကမ္ဘာကြီးတစ်ခု ဖြစ်သည်။ ရေခဲများ ဖုံးလွှမ်းနေသည့် မြေပြင်တစ်ခု ရှိပြီး ကောင်းကင်ကြီးက မည်းမှောင် နေသည်။ သို့‌သော်လည်း အလင်းတစ်ခုက အောက်သို့ ကျဆင်းနေပြီး ထိုအလင်းကို ရေခဲမြေပြင်မှ အလင်းပြန် ပေးထား၏။

ထိုနေရာသည် အလွန် ကျယ်ပြောပြီး မျက်လုံးအမြင်၌ အဆုံး မရှိပေ။ သို့သော်လည်း အဝေးတစ်နေရာတွင် အနက်ရောင် မျှော်စင်များ ရှိနေ၏။ အနီးဆုံး အနက်ရောင် မျှော်စင်သည် ပေ၁၀၀ခန့် ရှည်ပြီး နောက်မျှော်စင်သည် ပထမ မျှော်စင်ထက် ပိုရှည်။ ဝမ်လင်း အဝေးဆုံး မြင်ရသည့် မျှော်စင်သည် ပေ၄၀၀ကျော် ရှည်၏။

ထိုအနက်ရောင် မျှော်စင်များသည် တစ်ဖြောင့်တည်း ရှိနေခြင်း ဖြစ်သည်။

အနက်ရောင် မျှော်စင်များသည် အနက်ရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသဖြင့် အလွန် ကြည့်ကောင်း နေသည်။ ရေခဲပြင်မှ အလင်းပြန်သည့် အလင်းများက မျှော်စင်ဆီသို့ ရောက်သောအခါ မျှော်စင်က အလင်းများကို စုပ်ယူသွားပြီး မည်သည့် အလင်းကိုမှ ပြန်ထုတ်မပေးချေ။

ဓားပျံက ထိုနေရာတွင် အချိန် ခဏလောက် ရပ်တန့်နေပြီး ဝဲကတော့ကို ဖြတ်ကာ ဝမ်လင်း၏ လက်ထဲသို့ ပြန်ရောက် လာသည်။

ဝဲကတော့ကြီး၏ အပြင်ဘက်တွင် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်ပြီး ဓားပျံပေါ်မှ နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းယူကာ ဓားပျံကို သိုလှောင်အိတ်ထဲ ပြန်ထည့်ထား လိုက်သည်။ ထို့နောက် နဂါးအရွတ်ကို ထုတ်ယူပြီး ခါလိုက်ရာ မကောင်းဆိုးဝါးက ချက်ချင်း ထွက်လာသည်။ သူက စိတ်လှုပ်ရှားမှုများ ပြည့်နေသည့် မျက်လုံးများနှင့် ဝမ်လင်းအား ကြည့်ကာ ပြောလိုက်သည်… “ဒီတစ်ကြိမ် ဘယ်သူ့ကို ငါတို့ သတ်ရမှာလဲ… ဟမ်… ဒါက ဘယ်နေရာကြီးလဲ…”

စိတ်လှုပ်ရှားနေသည့် မကောင်းဆိုးဝါးသည် ကြောက်လန့် တကြားဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက် လေသည်။

သူက အနီးအနားကို ပျံသန်းကြည့်ပြီး‌ ဝဲကတော့ကြီးကို သေချာ ကြည့်ကာ ဝမ်လင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ပြောလိုက်သည်… “မင်း… ငါ့ကိုများ ဒီထဲသို့ ဝင်စေချင် နေတာလား … မရဘူး … မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး…”

ဝမ်လင်းက ဘာမှ‌ ပြောမနေတော့ဘဲ မကောင်းဆိုးဝါးအား အေးစက်စွာ စိုက်ကြည့်၍ ဝဲကတော့ကို လက်ညှိုးထိုးပြ လိုက်သည်။

ဤနေရာသည် အန္တရာယ်များနှင့် ပြည့်နေသော နေရာတစ်ခု ဖြစ်သည်။ ဝမ်လင်းအနေဖြင့် နေရာတစ်ခုကို အလျင်စလို ဝင်မသွားချင်ပေ။

မကောင်းဆိုးဝါးက ခါးသီးနေသော အမူအရာဖြင့် ပြောလိုက်သည်… “ဒီထဲမှာ ဘာရှိလဲ ဘယ်သူ သိလို့လဲ… ဒီနေရာမှာ ဘယ်လိုကြီးမှန်း မသိဘူး ခံစားနေရတယ် … ငါ မသွားဘူး… ငါ လုံးဝ မသွားဘူး…”

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်ပြီး ဝိညာဉ် အလံများစွာကို ထုတ်ယူ လိုက်သည်။ အလံများထဲမှ တစ်ခုကို ကောက်ယူလိုက်ပြီး စန်းမူရ၏ဝိညာဉ်ကို ဆွဲထုတ် လိုက်သည်။

အဖြူရောင် အလင်းတစ်ခုက ဝမ်လင်း၏ လက်ထဲမှ ထွက်လာပြီး စန်းမူရ၏ ကြောက်လန့်နေသော မျက်နှာက ပေါ်လာသည်။ ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် အလင်းက မကောင်းဆိုးဝါးဆီသို့ ပျံသန်းသွား၏။

မကောင်းဆိုးဝါးက လောဘတက်နေသော မျက်လုံးနှစ်လုံးဖြင့် ဝိညာဉ်အား စိုက်ကြည့်ပြီး ဝါးမျိုလိုက်သည်။ သူက ဗိုက်ကို ပွတ်သပ်ပြီးနောက် ခေါင်းကို ခါ၍ ပြောလိုက်သည်… “မသွားဘူး… မသွားသေးဘူး…”

ဝမ်လင်း၏ မျက်လုံးများက ရုတ်တရက် အေးစက် ခက်ထန်လာပြီး နတ်ဘုရား စိတ်အာရုံကို ထုတ်သုံးလိုက်သည်။ ထိုအခါ မကောင်းဆိုးဝါးက နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့ကိုယ်ပေါ်တွင် အစိမ်းရောင် အငွေ့တချို့ ပေါ်လာသည်။ မကောင်းဆိုးဝါးက ခွင့်လွှတ်ရန် တောင်းပန်ပြီး ဝဲကတော့ဆီသို့ မသွားချင်သည့် အမူအရာဖြင့် ပျံသန်းသွား၏။

မကောင်းဆိုးဝါး၏ ကိုယ်ထဲတွင် ချန်ထားသော နတ်ဘုရား စိတ်အာရုံမှတစ်ဆင့် ဝဲကတော့၏ တခြားတစ်ဖက်မှ မြင်ကွင်းကို နောက်တစ်ကြမ် ပြန်မြင် လိုက်ရသည်။ သို့သော်လည်း သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။

သည်တစ်ကြိမ် ဝဲကတော့ကို ဖြတ်ပြီးနောက်တွင် ရေခဲကမ္ဘာကို မတွေ့ရဘဲ မီးပင်လယ်ကြီးကို တွေ့လိုက်ရ၏။ တကယ်ကို မီးပင်လယ်ကြီး ဖြစ်သည်။ မကောင်းဆိုးဝါး ရှိနေသည့်နေရာမှ ဝေးလေ မီးတောက်များက ပိုပြီး ပြင်းထန်လေ ဖြစ်သည်။ ပြင်းထန်သော မီးပင်လယ်ကြီးက ကောင်းကင်ကို ခရမ်းရောင် ပြောင်းနေစေပြီး အပူလှိုင်းများက အထက်သို့ တလူလူ တက်နေလေသည်။

ထို့အပြင် မီးပင်လယ်ထဲတွင် မီးမှ ဖြစ်လာသော သားရဲ အမျိုးမျိုးက သွားလာ နေကြသည်။ ရေခဲကမ္ဘာနှင့် တူသည့် တစ်ချက်က တဖြည်းဖြည်း ရှည်သွားသော အနက်ရောင် မျှော်စင်များ ရှိနေခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးက စူးရှစွာ အော်ဟစ်ပြီး အပူလှိုင်းများကို ကြောက်လန့်နေသည့် အမူအရာဖြင့် ချက်ချင်း ပြန်ဆုတ် လာသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ဝဲကတော့ အတွင်းသို့ နောက်တစ်ကြိမ် ဝင်ခိုင်းလိုက်သည်။ မကောင်းဆိုးဝါးက ချက်ချင်း ငိုပြီး ပြောလိုက်သည်… “ငါ့ကို နောက်ထပ် ဝိညာဉ် တစ်ကောင်လောက် ပေးပါ…”

ဝမ်လင်းသည် မကောင်းဆိုးဝါးအား ကြည့်လိုက်ပြီး ဝိညာဉ် တစ်ကောင် ထုတ်ပေးလိုက်သည်။ မကောင်းဆိုးဝါးက ဝိညာဉ်ကို ချက်ချင်း စုပ်ယူလိုက်ပြီး သေခြင်းတရာကို ရင်ဆိုင်ရန် ပြင်ထားသည့် သူရဲကောင်းကဲ့သို့ ဟန်ပန်ဖြင့် ဝဲကတော့ အတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်လိုက်၏။

သည်တစ်ကြိမ်တွင်လည်း ပြောင်းလဲ သွားပြန်သည်။ သဲကမ္ဘာကြီး တစ်ခု ဖြစ်ပြီး များပြားလှသော ရှားစောင်းပင်များဖြင့် ပြည့်နေကာ အဝေးတွင် လေဆင်နှာမောင်း များစွာလည်း ရှိနေသည်။

ယခင်နေရာ၂ခုနှင့် တစ်ထပ်တည်း တူညီနေသော အချက်မှာ အနက်ရောင် မျှော်စင်များ ဖြစ်သည်။

ဝမ်လင်း၏ မျက်လုံးက ရုတ်တရက် အရောင်လက် သွား၏။ နောက်ထပ် စမ်းသပ်မှုနှစ်ခုသည် ဓားတောင်တစ်ခုနှင့် တောအုပ်တစ်ခု ဖြစ်သည်။ သူတို့သည် သတ္တု၊ သစ်သား၊ မီး၊ ရေနှင့်မြေကြီး ဆိုသည့် ဒြပ်စင်၅မျိုး ဖြစ်၏။

သွမ့်မူကျိက ဝမ်ချင်းယွဲ့ကို မည်သည့် အတွက်ကြောင့် ရှာခဲ့သလဲ ဆိုသည့် အကြောင်းပြချက်ကို ဝမ်လင်း နားလည်သွား၏။ ဝမ်ချင်းယွဲ့၏ ဒြပ်စင်၅မျိုး လွတ်မြောက်ခြင်း နည်းစနစ်ဖြင့် ဆိုလျှင် ဒြပ်စင်၅မျိုးထဲမှ မည်သည့် စမ်းသပ်မှုကိုမဆို အောင်မြင်စွာ ဖြတ်သန်း နိုင်လိမ့်မည် ဖြစ်သည်။

ဝမ်လင်းလည်း ရွေးချယ်လျှင် သဲကန္တာရကိုသာ ရွေးချယ်လိမ့်မည် ဖြစ်သည်။ သူက မြေလွတ်မြောက်ခြင်း နည်းစနစ်ကို တတ်ကျွမ်းထားသဖြင့် သဲကန္တာရ အတွင်းတွင် အလွန် အသုံးဝင်လိမ့်မည် ဖြစ်သည်။

ဝမ်လင်းသည် အနီးရှိ ကျောက်တိုင် တစ်ခုပေါ်သို့ ပျံသန်း သွားလိုက်ပြီး ကျောက်တိုင်ကို စီးကာ ဝဲကတော့ အတွင်းသို့ ဦးတည် သွားလိုက်၏။ ထိုအတူ မကောင်းဆိုးဝါး ကိုလည်း အေးစက်စက် အကြည့်တစ်ချက် ကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် သက်ပြင်းချလိုက်ပြီး ဝဲကတော့ အတွင်းသို့ ဝင်လိုက်၏။

ကျောက်တိုင်က ဝဲကတော့ အတွင်းသို့ ဝင်တော့မည့် အချိန်တွင် ဝမ်လင်းက နောက်သို့ ခုန်ဆုတ်လိုက်သည်။ မကောင်းဆိုးဝါးကတော့ မသာယာသည့် မျက်နှာ အမူအရာဖြင့် ဝဲကတော့ အတွင်းမှ ပြန်ထွက်လာပြီး ပြန်ဝင်သွား၏။

ဝင်လိုက်၊ ထွက်လိုက်ဖြင့် လေးကြိမ်မြောက် မကောင်းဆိုးတွင်း ဝင်သည့် အချိန်တွင် ဝမ်လင်း၏ မျက်လုံးက အရောင်လက် သွားပြီး သူက ဝဲကတော့ အတွင်းသို့ ဝင်လိုက်၏။

ဝဲကတော့၏ တခြားတစ်ဖက်သို့ ရောက်သောအခါ အဆုံးမရှိသော သဲကန္တာရကြီးကို မြင်လိုက်ရသည်။ အဝေးတွင်လည်း လေဆင်နှာမောင်းများက အများအပြား ရှိနေ၏။ လေဆင်နှာမောင်း များသည် မြေပြင်မှ ကောင်းကင်ထိ ရှည်လာပြီး ဦးတည်ရာမဲ့ လျှောက်သွား နေကြသည်။

လေပြင်းတစ်ချက် ထိသွားလျှင် လက်သီးနှင့် ထိုးခံလိုက်ရ သကဲ့သို့ ခံစားရမည့် သဲများ ပါနေသော လေပြင်းများလည်း ရှိ၏။

သူက မကောင်းဆိုးဝါးကို နဂါးအရွတ်ထဲ ပြန်ဝင်ခိုင်း လိုက်ပြီး မြေပြင်ပေါ်မှ သဲကို ကိုင်ကြည့် လိုက်သည်။ ထို့နောက် ရှေ့သို့ တစ်လျှောက် လှမ်းပြီး မြေအောက်ထဲသို့ တိုးဝင် ပျောက်ကွယ် သွား၏။ သူက ပြန်ပေါ်လာသောအခါ စောစောက သူရှိနေသည့်နေရာနှင့် ပေ၁၀၀၀ခန့် ကွာဝေးနေပြီ ဖြစ်သည်။

ပေ၁၀၀၀ အကွာအဝေးရှိ နေရာသည် မြေစမ်းသပ်မှုမှ ပထမဆုံး မျှော်စင် ရှိသည့်နေရာ ဖြစ်သည်။ သူက မျှော်စင်အတွင်းသို့ ဝင်သွားသောအခါ လေတိုက်ခတ်သံများက ပျောက်ကွယ် သွား၏။ မျှော်စင် အတွင်းတွင် မည်သည့် အသံကိုမှ မကြားရဘဲ လုံးဝ တိတ်ဆိတ် နေသည်။

ဝမ်လင်းက မျှော်စင်ကို သေချာ စစ်ဆေးနေပြီး သူ၏ အမူအရာကလည်း အလွန် လေးနက်နေသည်။ သူ ရောက်နေသည့် မျှော်စင်သည် အထပ်၃ထပ် ရှိပြီး ပထမနှစ်ထပ်တွင် မည်သည့်အရာမှ မရှိချေ။ တတိယထပ်တွင်မူ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် စားပွဲတစ်လုံး ရှိ၏။ သူက တတိယထပ်ကို လှည့်ပတ် ကြည့်ပြီးနောက် အောက်ပြန်ဆင်းတော့မည့် အချိန်တွင် သူ့မျက်လုံးက အရောင်လက် သွားပြီး စားပွဲကို စိုက်ကြည့် လိုက်သည်။

ဝမ်လင်းက ဘေးဘက်မှ သေချာ ကြည့်လိုက်သော အခါ စားပွဲပေါ်ရှိ အစက်အပြောက် တစ်ခုသည် တခြား အစက်အပြောက် များထက် ကြီးနေသည်ကို သတိပြုမိ လိုက်၏။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြည်တစ်ခု ထွက်ပေါ်လာပြီး စားပွဲပေါ်မှ ဖုန်မှုန့်အလွှာကို ဖယ်ရှားသွားသည်။

ထိုအခါ စားပွဲပေါ်တွင် စာတန်းတစ်ခု ပေါ်လာသည်။ ဝမ်လင်းက လက်ကို အကြိမ်ရေ အနည်းငယ်ခန့် ဝှေ့ယမ်းပြီး လေပြည်တချို့ကို ဖန်တီးလိုက်ရာ စားပွဲပေါ်မှ စာတန်းက ပိုမို ထင်ရှားလာပြီး မြင်နိုင်လာ၏။

စာလုံးများသည် ဤနေရာသို့ ရောက်ခဲ့သူများက ချန်ထားခဲ့သော စာလုံးများ ဖြစ်သည်။ သို့သော်လည်း အချိန်များစွာ ကြာမြင့်သွားပြီ ဖြစ်၍ ဖုန်မှုန့်များက ဖုံးသွားခြင်း ဖြစ်သည်။

“ငါက ဒီနေရာကို ရောက်ခဲ့တာကြောင့် ငါ့ရဲ့ အမှတ်အသားကို ချန်ဖို့ ဆုံးဖြတ်ခဲ့တယ်…”

ထိုစာလုံးများက စွမ်းအားများဖြင့် ပြည့်နေပြီး သူ့အား တွန်းနေသကဲ့သို့ ဝမ်လင်း ခံစားလိုက်ရသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် မျှော်စင်မှ ထွက်လာခဲ့သည်။

သူက အနက်ရောင် မျှော်စင်မှ ထွက်လာသည်နှင့် တဝေါဝေါ တိုက်ခတ်နေသည့် လေများက ပြန်လည် ထွက်ပေါ် လာပြန်သည်။ သဲများက ကောင်းကင် ပေါ်တွင်လည်း ရှိနေပြီး ကောင်းကင်ကြီး တစ်ခုကို ဖုံးအုပ်ထားကာ ကောင်းကင် တစ်ခုလုံးကို မှောင်နေစေသည်။

ဝမ်လင်းကလည်း ချက်ချင်း မြေအောက်ထဲသို့ တိုးဝင်ကာ နောက်ထပ် မျှော်စင်ဆီသို့ ဦးတည် သွားလိုက်၏။ သူ့အနေဖြင့် ဤနေရာတွင် မပျံသန်းရဲပေ။ ကောင်းကင်ပေါ်တွင် အတားအဆီးများ ရှိနေလျှင် သူက ချက်ချင်း သေဆုံး သွားနိုင်သောကြောင့် ဖြစ်သည်။ ဝမ်လင်းက ခဏလောက် စဉ်းစား ကြည့်လိုက်ပြီး ဓားပျံတစ်ချောင်းကို ကောင်းကင်ပေါ်သို့ ပစ်လိုက်သည်။ ဓားပျံက ကောင်းကင်ပေါ်သို့ ပေ၁၀၀၀ခန့် တက်ပြီးသောအခါ အနက်ရောင် လေတစ်ခု ပေါ်လာပြီး ဓားပျံကို အမှုန့် ဖြစ်သွားစေသည်။

ဝမ်လင်းသည် ထိုအဖြစ်ကို ခန့်မှန်းထားပြီး ဖြစ်သဖြင့် မည်သိုမျှ မခံစားရပေ။ ဝမ်လင်းက သူရောက်နေသည့် နေရာကို ပြန်ကြည့်လိုက်ရာ နောက်ထပ် မျှော်စင်နှင့် ကီလိုမီတာ ၁၀၀ခန့် ဝေးနေသေးကြောင်း သိလိုက်ပြီး မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် ရှေ့သို့ ဆက်သွားလိုက်၏။

သည်တစ်ကြိမ်တွင်တော့ ဝမ်လင်းသည် သူ၏ မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးမပြုနိုင်အောင် တားဆီးထားသည့် အားတစ်ခုကို ခံစားလိုက်ရ၏။ သို့သော်လည်း ထိုအားသည် အားမကောင်းသောကြောင့် သူက စိတ်စွမ်းအင် အနည်းခန့် ထုတ်သုံးရုံမျှဖြင့် ထိုအားကို တားဆီး နိုင်လေသည်။ ဤသို့ဖြင့် ကီလိုမီတာ ၁၀၀ကို အန္တရာယ် ကင်းကင်းနှင့် ဖြတ်သန်း ရောက်ရှိသွား၏။

သူက ဒုတိယ မျှော်စင်ထဲသို့ ဝင်ပြီးနောက် မျှော်စင် အတွင်းတွင် ရှာဖွေကြည့် သော်လည်း မည်သည့် အရာကိုမှ မတွေ့ရချေ။ ရှေးဟောင်း အင်ပါယာတို့ အဖွဲ့သည် ဤနေရာကို ဖြတ်သန်း သွားသလား ဆိုတာကို သူ မသိချေ။ သို့သော်လည်း သူတို့ပြောသည့် စကားအရ ရေခဲ အကာအကွယ် တစ်ခု ပါနေသည့်ကို ကြားထားသဖြင့် သူတို့သည် ရေစမ်းသပ်မှုကို ဖြတ်သန်းရန် ရာခိုင်နှုန်း များ၏။

ထိုအချိန်တွင် ဝမ်လင်း၏အရှေ့ရှိ ကီလိုမီတာ သောင်းပေါင်းများစွာ အကွာတွင် ခါးကုန်းကြီးသည် အနက်ရောင် မျှော်စင်တစ်ခု အတွင်း၌ သုန်မှုန်သည့် မျက်နှာထားဖြင့် ရှိနေသည်။ သူက အပြင်သို့ ကြည့်လိုက်ရာ အပြင်ဘက်တွင် အနက်ရောင် လေများက ဝိုင်းရံထာသည်ကို မြင်နေရ၏။ တဝေါဝေါ တိုက်ခတ်နေသည့် လေသံများက တစ္ဆေငိုသံကဲ့သို့ မျှော်စင် အတွင်းသို့ ထိုးဖောက် ဝင်ရောက် နေလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset