ဤဗလာနေရာကို ပတ်သွားရန်မှာ မဖြစ်နိုင်သည့် အရာဖြစ်ကြောင်း ရှင်းလင်း နေလေပြီ။ သူက ဤနေရာမှ ထွက်ခွာလိုလျှင် ဤနေရာကို ဖြတ်သွား ရပေမည်။
ဝမ်လင်းက သက်ပြင်းချလိုက်ပြီး သလင်းဓားကို ကျောက်တိုင် တစ်ခုတစ်ခုဆီသို့ ညွှန်လိုက်သည်။ ဓားက ကျောက်တိုင်မှ ကျောက်သားများကို ဆက်တိုက် ဖဲ့ထုတ်လိုက်သည်။ ပဲ့ထွက်လာသော ကျောက်သား အပိုင်းအစများ အားလုံးက သူ့ဘေးသို့ ရောက်လာပြီး လှည့်ပတ် နေလေသည်။
တဖြည်းဖြည်းနှင့် သူ့ကိုယ်တွင် လှည့်ပတ်နေသော ပတ်လမ်းသည် ၆လမ်းထိ ရှိလာသောအခါ ဓားကို ပြန်သိမ်းလိုက်၏။
ဝမ်လင်းက ကျောက်သား အပိုင်းအစများဖြင့် ဗလာနေရာဆီသို့ တစ်ဟုန်ထိုး ပျံသန်း သွား၏။ သို့သော်လည်း သူက ဗလာနေရာထဲသို့ ရောက်သောအခါ အရှိန်ကို လျှော့ချ လိုက်သည်။ ဗလာနေရာထဲသို့ တဖြည်းဖြည်း ဝင်ရောက် လာသော်လည်း အန္တရာယ် ကတော့ မတွေ့ရသေးပေ။
သို့သော်လည်း ဝမ်လင်းက သတိမလျော့ဘဲ ပို၍ပင် သတိထားလာ၏။ ဤအပျက်အစီး ကြယ်နယ်မြေကြီးသည် အချိန်များစွာ ကြာလာသည့် တိုင်အောင် အလွန် ထူးဆန်းသည့်နေရာ တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရသဖြင့် ဤနယ်မြေ အတွင်းတွင် တိတ်ဆိတ်ပြီး အေးချမ်းသည့် နေရာတစ်ခု ရှိလိမ့်မည်ဟု ဝမ်လင်း မယုံပေ။
ဝမ်လင်းက သတိ မပြတ်သည့်အပြင် ဤဗလာနေရာ အတွင်း၌ စွမ်းအားကောင်းသော သက်ရှိတစ်ကောင် ရှိနေသကဲ့သို့ ခံစားနေရသည်။
သူက သလင်းကျောက်ဓားကို ကျောက်သား အပိုင်းအစများထဲတွင် ကွယ်ဝှက်ပြီး အဆင်သင့် ပြင်ထားသကဲ့သို့ လက်ထဲတွင်လည်း စဦး စိတ်ဝိညာဉ်အဆင့် အကာအကွယ် ရတနာကို ကိုင်ထား၏။ နတ်ဘုရား စိတ်အာရုံကလည်း သူ၏ပတ်ဝန်းကျင်ကို အမြဲမပြတ် စစ်ဆေးနေပြီး ပစ္စည်းများကို ချက်ချင်း ထုတ်နိုင်ရန် အတွက် သိုလှောင်အိတ် ကိုလည်း နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ် ထား၏။
ဝမ်လင်းသည် အထဲသို့ ရောက်လေလေ ပိုပြီး သတိထားလေလေ ဖြစ်သည်။ နောက်ထပ် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် နတ်ဘုရား စိတ်အာရုံမှ အန္တရာယ် တစ်ခုကို ရုတ်တရက် ခံစားလိုက်မိပြီး နောက်သို့ ချက်ချင်း ဆုတ်လိုက်သကဲ့သို့ စဦးစိတ်ဝိညာဉ် အဆင့် ရတနာကိုလည်း တစ်ပြိုင်နက် အသုံးပြုလိုက်ရာ အဖြူရောင် အလင်း အကာအကွယ် တစ်ခုက သူ့ရှေ့တွင် ပေါ်လာ၏။
သူ့ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားသည့် အချိန်တွင် စက်ဝန်းပြတ်နှစ်ခုက သူရှိနေသည့် နေရာတွင် ပေါ်လာပြီး စက်ဝန်းပြတ် နှစ်ခုက တစ်ခုနှင့်တစ်ခု ထိစပ်သွားပြီး ကြီးမားသော ပါးစပ်ကြီးတစ်ခု ဖြစ်သွား၏။
လက်ထဲမှ စဦးစိတ်ဝိညာဉ် အဆင့် အကာအကွယ် ရတနာသည် ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး အမှုန့်ဖြစ်သွား၏။ ထိုအခွင့်အရေးကို အသုံးချပြီး ဝမ်လင်းကလည်း နောက်သို့ အလျင်အမြန် ဆုတ်သွား၏။ နဖူးတွင် ချွေးများ စိုရွှဲသွားသော ဝမ်လင်းက ပါးစပ်ကြီးကို ကြည့်ပြီး သူ့စိတ်ထဲမှ အလွန် တုန်လှုပ်သွား၏။
လေဟာနယ် အက်ကွဲကြောင်းနဲ့ ဆင်တူသော ထိုသက်ရှိသည် ကျောက်တုံးများက ဖြတ်သွားသည့် အချိန်တွင် တစ်ခုခုကို စောင့်ဆိုင်း နေသည့်အလား ပါးစပ်ကို မဖွင့်ပေ။ ထိုမြင်ကွင်းကို ကြည့်ပြီး ထိုသက်ရှိ၏ ပစ်မှတ်သည် သူသာ ဖြစ်ကြောင်း ဝမ်လင်း သိလိုက်၏။
ဝမ်လင်းက ကျန်နေသေးသည့် အကွာအဝေးကို ကြည့်လိုက်ရာ သူက ဗလာနယ်မြေ၏ အလယ်၌ ရောက်နေပြီး နောက်ထပ် ခရီးတစ်ဝက် ဆက်ရဦးမည် ဖြစ်သည်။ သို့သော်လည်း သူ့တွင် ရှိသည့် စဦးစိတ်ဝိညာဉ် အဆင့် အကာအကွယ် ရတနာက အမှုန့်ဖြစ်သွားပြီ ဖြစ်၍ ခါးသီးစွာဖြင့် ပြုံးလိုက်လေသည်။ ထိုအချက်က ထိုသက်ရှိ၏ ပါးစပ်မှ စွမ်းအားသည် စဦးစိတ်ဝိညာဉ် အဆင့်ထက် အားကောင်း နေကြောင်း ပြသနေသည်။
ဝမ်လင်းသည် ထိုသက်ရှိ၏ ပါးစပ်နှင့်သာ ထိသွားပါက မသေလျှင်တောင် အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား လိမ့်မည် ဖြစ်သည်။
သူက လေကို ပြင်းပြင်းရှူပြီး သိုလှောင်အိတ် အတွင်းမှ အကာအကွယ် ရတနာ အများအပြားကို ထုတ်ယူလိုက်သည်။ ထိုရတနာများသည် သူ သတ်ခဲ့သော ကျင့်ကြံသူများထံမှ ရတနာများ ဖြစ်၏။ သို့သော်လည်း ထိုရတနာများ အားလုံးသည် အဆင့်နိမ့် မှော်ရတနာများသာ ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ရှေ့သို့ ကျောက်တုံးများနှင့်အတူ ဆက်သွား၏။ သည်တစ်ကြိမ်တွင် ယခင်ကထက် ပိုပြီး သတိထားသကဲ့သို့ နတ်ဘုရား စိတ်အာရုံဖြင့်လည်း ရှေ့သို့ အကောင်းဆုံး စစ်ဆေးနေ၏။ တစ်ခုခု မူမမှန်တာ တွေ့လျှင် ချက်ချင်း နောက်ဆုတ်ရန်လည်း ဆုံးဖြတ်ထား၏။
မကြာမီ ပေ၁၀၀ခန့် ကြီးမားသော စက်ဝန်းပြတ်တစ်ခု ပေါ်လာပြီး သူ့ရှေ့ရှိ ကျောက်တုံး တစ်ဝက်ကျောက်က ရုတ်တရက် ပျောက်ကွယ် သွား၏။ ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည့် အချိန်တွင် နောက်ကျောဘက်ရှိ ကျောက်တုံး တစ်ဝက်ကျော်က ထပ်မံ ပျောက်ကွယ် သွားသည်။ တခြားဘက်များလည်း ထို့အတူပင်။ သူက ဘယ်ဘက်ကို သွားသွား ထိုသက်ရှိများ ရှိနေလေသည်။
ဝမ်လင်းက ဘေးတစ်ဖက်သို့ ချက်ချင်း ရွေ့လျားလိုက်ရာ သူ့ကိုယ်တွင် ကာကွယ် ပေးထားသည့် အကာအကွယ်များက တစ်ခုခုပြီး ပျက်စီးသွား၏။
ဝမ်လင်းက သူ့ကိုယ်သူ တွန့်လိမ်ပြီး ဘေးဘက်သို့ ထောင့်ဖြတ် သဏ္ဌာန် လျှောသွားလိုက်ရာ သက်ရှိကို လွတ်ရုံမျှလေး ရှောင်နိုင် လိုက်သည်။ သူက ထိုနေရာနှင့် ပေ၁၀၀ခန့် အကွာထိ သွားပြီးမှ ထိုနေရာကို ကြည့်လိုက်သည်။ ထိုနေရာတွင် အနည်းဆုံး ထူးဆန်းသက်ရှိ ၇ကောင်တော့ ရှိပေသည်။ သူ ရထားသည့် ရတနာများ ကြောင့်သာ မဟုတ်လျှင် ထိုနေရာ၌ သူက သေဆုံး သွားပေလိမ့်မည်။
ဝမ်လင်းက မချိပြုံး ပြုံးလိုက်သည်။ ယခုအချိန်တွင် သူ့ကိုယ်၌ ဝန်းရံထားသော ကျောက်တုံးများ အားလုံး ကုန်သွားလေပြီ။ မှော်ရတနာများက တော်တော်များများ ကျန်နေသေး သော်လည်း နောက်ထပ် အကြိမ်ရေ အနည်းငယ်ခန့်သာ အသုံးပြု နိုင်တော့မည် ဖြစ်သည်။
သူက သက်ပြင်းချပြီး နောက်ထပ် အကာအကွယ် ရတနာများကို ထပ်ထုတ် လိုက်သည်။ သူ့ကိုယ်တွင် အကာအကွယ်များ ပြုလုပ်ပြီးနောက် နတ်ဘုရား စိတ်အာရုံဖြင့် ထောက်လှမ်းကာ ရှေ့သို့ ဂရုတစိုက်ဖြင့် ဆက်သွား လိုက်၏။ သူက ရှေ့မှ ဗလာနယ်မြေ၏ နယ်နိမိတ်ကို ကြည့်လိုက်သည်။ သူက အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလိုက်ပါက ထိုနေရာကို ခဏလေးနှင့် ရောက်သွား နိုင်သည်။ သို့သော်လည်း ထိုသို့ လုပ်ခြင်းက ထူးဆန်းသော သက်ရှိများ၏ ပါးစပ်ထဲသို့ ပြေးဝင်သွားခြင်းနှင့် အတူတူပင်။
သူက အံကြိတ်ပြီး ရှေ့သို့ တဖြည်းဖြည်း ဆက်သွား လိုက်သည်။ ၃ရက်ကြာပြီး နောက်တွင် ဝမ်လင်းက ခြေကုန်လက်ပန်း ကျနေလေပြီ။ သူ၏ သိုလှောင်အိတ်ထဲမှ အကာအကွယ် ရတနာများ အားလုံးကို အသုံးပြုပြီး သွားပြီဖြစ်သည်။
ဤ၃ရက်အတွင် သေခြင်းနှင့်ရှင်ခြင်း လမ်းကြောင်းပေါ်သို့ အကြိမ်ကြိမ် လျှောက်လှမ်း ခဲ့ရသည်။ တစ်ကြိမ်တွင် သူက ပါးစပ်အတွင်းသို့ ခန္ဓာကိုယ် တစ်ဝက် ဝင်သွားခဲ့သည်။ ထိုအချိန်တွင် သူကသာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ မဝင်ရောက်ခဲ့လျှင် ယခုအချိန်တွင် သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။
ကံကောင်းသွားသည့် အချက်ကာ ကောင်းကင်ဘုံ ပုတီးစေ့သည် ထူးဆန်းသော သက်ရှိ၏ ပါးစပ်အတွင်းသို့ မရောက်သွားခြင်း ဖြစ်သည်။ သို့သော်လည်း သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်ခြင်းကို ယခုအချိန်တွင် အလွန် ကြောက်ရွံ့ သွားလေပြီ။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကိုသာ ထိုသက်ရှိက ဝါးမျိုသွားလျှင် သူက သေခြင်းတရားကို ခဏတာ ရှောင်လွှဲနိုင်သော်လည်း ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှ မထွက်မနေရ ထွက်လာရမည့် အချိန်တွင် သေဆုံး သွားရမှာ ကျိန်းသေ နေသည်။
ဝမ်လင်းက ကျန်နေသေးသည့် ၁၀ကီလိုမီတာခန့်ကို ကြည့်ပြီး လေကိုပြင်းပြင်း ရှူရှိုက်ကာ ရှေ့သို့ ဆက်သွား လိုက်သည်။ ရုတ်တရက် ပါးစပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာသဖြင့် ရှောင်ရန် ပြင်လိုက်သည့် အချိန်တွင် နတ်ဘုရား စိတ်အာရုံမှ အန္တရာယ်ကို ခံစားမိလိုက်သည်။ သူ အကြောက်ဆုံး အရာတစ်ခုက တကယ် ဖြစ်လာလေပြီ။
စက်ဝန်းပြတ်နှင့်တူသော ပါးစပ်များက သူ့ဘေး ပတ်ပတ်လည်တွင် ပေါ်လာ၏။ ထိုသက်ရှိများ လုံးသည် ပါးစပ်များကို တစ်ချိန်တည်း ဟလိုက်ကြသည်။ ဝမ်လင်း၏ စိတ်ထဲတွင် ဗျာများသွားပြီး သိုလှောင်အိတ်ထဲသို့ တစ်ခုခု ကျန်သေးမလား ဆိုသည့် အတွေးဖြင့် ရှာကြည့်လိုက်ရာ အဖြူရောင် ကျောက်စိမ်းပြား တစ်ခုကို တွေ့သွား၏။
ထိုကျောက်စိမ်းပြားသည် လီမူဝမ်က ခွဲခွာခြင်း လက်ဆောင်အဖြစ် ပေးခဲ့သော အကာအကွယ် ဝင်္ကပါတစ်ခု ဖြစ်သည်။ ဝမ်လင်းက တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းပြားကို ထုတ်ယူပြီး ပစ်လိုက်သည်။ အခြေအနေ ဆိုးလာပါက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်လိုက်မည်ဟု စိတ်ထဲတွင်လည်း တွေးထားလိုက်၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ဝါးမျိုသွားမည် ဆိုလျှင်တောင်မှ သူ့အနေဖြင့် ထိုနည်းလမ်းတစ်ခုသာ တတ်နိုင်တော့ခြင်း ဖြစ်သည်။
သူက ကျောက်စိမ်းပြားကို ပစ်လိုက်သည့် အချိန်တွင် ဟထားသော ပါးစပ်များ အားလုံးသည် သူ့အနီးသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော်လည်း အစိမ်းရောင် အလင်းစက်ကွင်း တစ်ခုက ဝမ်လင်း၏ဘေးတွင် ပေါ်လာသည်။ ထို့နောက် အစိမ်းရောင် နဂါးတစ်ကောင်က ကျောက်စိမ်းပြား အတွင်းမှ ထွက်လာသည်။ အလင်းစက်ကွင်းက အဘက်ဘက်သို့ ပျံနှံ့သွားရာ ပါးစပ်များက ပျံ့နှံ့လာသည့် အလင်းစက်ကွင်းကို စတင် ဝါးမျိုကြသည်။
အလင်းကွင်းက ဆက်တိုက် တုန်ခါလာပြီး နဂါးကလည်း ဝမ်လင်း၏ ကိုယ်ကို စက်ဝိုင်း သဏ္ဌာန် ပတ်နေလေသည်။ ဝမ်လင်းက ချက်ချင်း မတုံ့ဆိုင်းဘဲ ပါးစပ်နှစ်ခုကြားရှိ အဟဆီသို့ တစ်ဟုန်ထိုး တိုးဝင်လိုက်သည်။
တိုးဝင်သည့် အချိန်တွင် နဂါးက ဆက်တိုက် ဟိန်းဟောက်နေပြီး အရောင်က ပိုပို၍ မှိန်လာသည်။ တစ်ဆက်တည်း ဆိုသလိုပင် ဝမ်လင်းသည် မနားဘဲ ၁၀ကီလိုမီတာကို တစ်ဟုန်ထိုး ပျံသန်းသွား၏။ လမ်းတစ်လျှောက်တွင် ပါးစပ်များက ပေါ်လာသော်လည်း ပါးစပ် အားလုံးသည် အစိမ်းရောင် နဂါး၏ တားဆီးခြင်းကို ခံကြရသည်။
ဗလာနယ်မြေ အတွင်းမှ လွတ်မြောက်သွားသည့် အချိန်တွင် အစိမ်းရောင် နဂါးသည် ပျက်စီးတော့မည့် အလား ဖြစ်နေလေပြီ။ ဝမ်လင်းက အလျင်အမြန် အစီအရင် တချို့ကို ပို့လိုက်ရာ နဂါးက အစိမ်းရောင် အငွေ့အဖြစ် ပြောင်းလဲသွားပြီး အဖြူရောင် ကျောက်စိမ်းပြား အတွင်းသို့ ဝင်သွား၏။
ဝမ်လင်းက အသံတစ်ခုကို ကြားလိုက်ရ၍ ငုံ့ကြည့်လိုက်ရာ လက်ထဲရှိ ကျောက်စိမ်းပြား ပေါ်တွင် သေးငယ်သော အက်ရာတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သူက နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သုံး၍ ရသေးကြောင်း သိသွားပြီး စိတ်သက်သာရာ ရသွား၏။ ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲ ပြန်ထည့် ထားလိုက်ပြီး နောက်မှ ဗလာနေရာကို လှည့်ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုကို ခံစားလိုက် ရ၏။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး အနီးရှိ ကျောက်တိုင် တစ်ခုပေါ်သို့ ခုန်တက်ပြီးနောက် ခြေဆောင့်လိုက်ရာ ကျောက်တိုင်က အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား၏။ ကွဲကြေသွားသော ကျောက်သား အပိုင်းအစများက ဝမ်လင်း၏ ဘေးသို့ ရောက်လာသည်။ ထို့နောက် ဝမ်လင်းက အပေါ်သို့ ဆက်လက် ပျံသန်းသွား၏။
နောက်ထပ် ရက်ပေါင်းများစွာ ကုန်သွားပြီးနောက် ဝမ်လင်း၏ အမြန်နှုန်းက ယခင်ကထက် မြန်လာသည်။ ထိုဗလာနေရာကို ဖြတ်လာပြီးနောက် သူက တခြားကမ္ဘာ တစ်ခုကို ရောက်နေသကဲ့သို့ ခံစားရသည်။ သူက လေဟာနယ် အက်ကွဲကြောင်းနှင့် တူသည့် ထူးဆန်းသော သက်ရှိများကို မတွေ့ရသကဲ့သို့ မည်သည့် သားရဲကိုမှလည်း မတွေ့ရချေ။
ထို့ကြောင့် သူက အမြန်နှုန်းကို တိုးလိုက်သော်လည်း သူ့ဘေးရှိ ကျောက်တုံးများကို မလွှင့်ပစ်သေးပေ။ သူ သွားရမည့်လမ်းက ၁၀၀ ရာခိုင်နှုန်း လုံခြုံမှု မရှိဘဲနှင့် ကျောက်တုံးများကို လွှင့်ပစ်လိမ့်မည် မဟုတ်ပေ။
အချိန်တစ်ခု ကြာမြင့်ပြီးနောက် ဝမ်လင်းက ဤနယ်မြေသို့ ပထမဆုံး ဝင်လာခဲ့စဉ်က ကျောက်တိုင်များနှင့် အရွယ်အစား တူညီသော ကျောက်တိုင်များ ရှိသည့်နေရာသို့ ရောက်လာသည်။
ဤဟင်းလင်းပြင် နယ်မြေကြီးသည် အလွန် ကြီးမားသည့် အတွက် သူ ရောက်နေသည့် နေရာသည် ဘဲဥပုံ အလင်းကွင်း ရှိသည့်နေရာ ဖြစ်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် ကျောက်တုံး အရွယ်အစားကို ကြည့်ပြီး သူ့နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ရုံသာ ရှိ၏။
ဤနေ့တွင် ဝမ်လင်းသည် လုံးချွန်သဏ္ဌာန် ကျောက်တိုင် တစ်ခုပေါ်တွင် ရပ်နေရာ ရုတ်တရက် သူ့မျက်လုံးက အရောင်လက် သွား၏။ သူက ပုံစံတူ ကျောက်တိုင်များ ရှိသည့် လမ်းကြောင်း အတိုင်း အချိန် ကြာမြင့်စွာ ပျံသန်းလာပြီး နောက်တွင် သူက ဘဲဥပုံ အလင်းကွင်းကို တွေ့လိုက်ရပြီ ဖြစ်သည်။
ဝမ်လင်းက ဘဲဥပုံ အလင်းကွင်းကို ကြည့်ပြီး စမ်းသပ်မှုများ ရှိသည့်နေရာသို့ မသွားခဲ့သည့် အတွက် နောင်တရ သလိုလို ခံစားလိုက် ရသည်။ သူသာ စမ်းသပ်မှုများကို အောင်မြင်ခဲ့လျှင် သူ့အတွက် လိုနေသည့် အရာများ ရနိုင်မည် ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှု အဆင့်အရ ဤနေရာတွင် အသက်ရှင်နိုင်ရန် အခွင့်အရေး မရှိချေ။
ထို့ကြောင့် သက်ပြင်းသာ ချလိုက်ပြီး လေထဲသို့ ခုန်တက်ကာ အလင်းကွင်းဆီသို့ ပျံသန်း သွားလိုက်၏။ သို့သော်လည်း အလင်းကွင်းနှင့် ထိတော့မည့် အချိန်တွင် ခရမ်းရောင် လျှပ်စီးများက ပေါ်လာပြီး တစ်ခုခုနှင့် ချိတ်ဆက်သွားကာ ခွက်နေသော မျက်နှာပြင်တစ်ခု ပေါ်လာသည်။
ဝမ်လင်းက ထိတ်လန့် သွားပြီး တစ်ခုခုက သူ့ကို ဆွဲထားသကဲ့သို့ ရှေ့သို့ ဆက်မတိုး နိုင်တော့ချေ။ သူက ခွက်နေသော မျက်နှာပြင်ကို စိုက်ကြည့် လိုက်သည်။ ချိုင့်နေသည့် နေရာသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး အရွယ်အစားခန့် ရှိလေသည်။
ဝမ်လင်းက ချက်ချင်း နောက်ဆုတ် လိုက်ရာ တစ်ချိန်တည်းမှာပင် ချိုင့်ခွက်နေသည့် မျက်နှာပြင်ကလည်း ပျောက်ကွယ်သွားပြီး ခရမ်းရောင် လျှပ်စီးများက အလင်းကွင်း အတွင်းသို့ ပြန်ဝင်သွား၏။
ဝမ်လင်းက အကြိမ်ပေါင်းများစွာ ကြိုးစား ကြည့်သော်လည်း အကြိမ်တိုင်း ချိုင့်ခွက်နေသော မျက်နှာပြင် တစ်ခုက အမြဲတမ်း ပေါ်လာသည်။ ထို့ကြောင့် ဝမ်လင်း စဉ်းစား ရလေပြီ။ သူ၏မျက်လုံးက ရုတ်တရက် အရောင်တောက် သွားပြီး နောက်သို့ လှည့်ကာ ပျံသန်းသွား၏။
ဤနေရာသည် ပထမ စမ်းသပ်မှု စင်္ကြံဖြစ်ကြောင်း ဝမ်လင်း မှတ်မိ၏။ သူက ကျောက်တိုင် တစ်ခုပေါ်တွင် ထိုင်နေသရွေ့ ပထမ စမ်းသပ်မှုနေရာကို ရောက်လိမ့်မည် ဖြစ်သည်။
***