နဂါးက သူ့ခန္ဓာကိုယ်ထဲသို့ တစ်ခုခု မှားနေသည်ကို ကျိန်းသေ သတိပြုမိ ပေလိမ့်မည်။ ဝမ်လင်းက ထိုအကြောင်းကို တွေးပြီး ကျောက်တိုင် အတွင်းသို့ တိုးဝင်သွား၏။ ထို့နောက် နဖူးကို ထိလိုက်ပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ ဝင်သွားလိုက်သည်။
သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းသို့ ဝင်သွားပြီးနောက် မကြာမီ အနီရောင် နဂါးသည် ကျောက်တိုင်၏ အောက်မှ ဒေါသတကြီး ဟိန်းဟောက် သံကြီးဖြင့် ပျံသန်းလာပြီး ကျောက်တိုင်တစ်ခုကို သူ့ခန္ဓာကိုယ်နှင့် တိုက်ပြီး ခြေမွှဖျက်ဆီး ပစ်လိုက်သည်။ သူ့အကြည့်က အေးစက် ခက်ထန်နေပြီး အနီးအနားဝန်းကျင်ကို လှည့်ပတ်ပြီး ရှာနေလေသည်။
ထိုအနီရောင်နဂါးက အသိဉာဏ် တချို့ ရပြီးဖြစ်သဖြင့် ခြင်ဆီကို ခိုးသွားသည့်လူမှာ အဝေးကြီးသို့ မရောက်နိုင် သေးကြောင်း သိသဖြင့် လိုက်ရှာနေခြင်း ဖြစ်သည်။ အချိန် တော်တော် ကြာအောင် ရှာပြီးနောက်တွင် မည်သည့်အရာကိုမှ မတွေ့သောကြောင့် ကျောက်တိုင် တချို့ကို ခြေမွှဖျက်ဆီးပြီး ကျောက်တိုင် တစ်ခုပေါ်တွင် လဲလျောင်း နေလိုက်သည်။
သို့သော်လည်း မကြာမီတွင် အနီရောင်နဂါးက လက်တံကြီးများ အများအပြား ရှိသည့် အကောင်ကြီးဆီသို့ တစ်ဟုန်ထိုး ပျံသန်း သွား၏။
နဂါးက ထိုအကောင်ကြီးဆီသို့ ပြေးဝင်သွားသည့် အချိန်တွင် ထိုအကောင်ကြီးက သူ၏ အမြုတေနှင့်အတူ လက်တံများကို ကတော့ပုံသဏ္ဌာန် ပြုလုပ်ပြီး ကြောက်ရွံ့မှု မရှိဘဲ နဂါးနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
ထို့နောက် အသံများ ဆက်တိုက် ထွက်လာသကဲ့သို့ များပြားလှသော အလင်းတန်းများက အမှောင်ထဲတွင် လင်းလက်လာပြီး အားကောင်းလှသော စိတ်စွမ်းအင်များက ဟာရီကိန်းကဲ့သို့ ထွက်ပေါ်လာကာ အနီးရှိ ကျောက်တိုင်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးသွား၏။ ဝမ်လင်းရှိနေသည့် ကျောက်တိုင်ပါ နှစ်ပိုင်းပိုင်း ခံလိုက်ရသည်။
ထိုတိုက်ပွဲကြီးသည် တစ်ရက်ခန့် ကြာမြင့်ပြီးနောက် ပြန်လည် တိတ်ဆိတ်သွား၏။ လက်တံများနှင့် အကောင်းကြီးသည် ဒေါသထွက်နေသော အနီရောင်နဂါး၏ တိုက်ခိုက်မှုကြောင့် နောက်ဆုတ် သွားရသည်။ သို့သော် အနီရောင် နဂါးသည်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွား၏။ နဂါးက အကြိမ်ရေ အနည်းငယ်ခန့် ဟိန်းဟောက်ပြီး ကျောက်တိုင် ပေါ်တွင် လဲလျောင်း လိုက်သည်။
၁၀ရက် ကြာပြီးနောက် ဝမ်လင်းက ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ပုတီးစေ့အတွင်းမှ ထွက်လာပြီး ကျောက်တိုင်၏ ထိပ်ပေါ်တွင် ရပ်လိုက်သည်။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် စစ်ဆေး ကြည့်လိုက်သည်။
အနီးတွင် ကျောက်တိုင် အနည်းငယ်သာ ရှိပြီး ကျောက်သား အပိုင်းအစများလည်း ရှိနေ၏။ အချိန်တော်တော် ကြာပြီးနောက်တွင် ဝမ်လင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် လေကို ရှူထုတ်ပြီး အပေါ်သို့ ပျံသန်းသွား၏။
ကျောက်တိုင် အနည်းငယ်ကို ဖြတ်ကျော် လာပြီးနောက် ဝမ်လင်းက ရုတ်တရက် ရပ်တန့် လိုက်သည်။ သူ့ရှေ့မှ ကျောက်တိုင်တစ်ခုက ရုတ်တရက် ပျောက်ကွယ် သွားသည်ကို မြင်လိုက်၍ ဖြစ်သည်။
ဝမ်လင်း၏ အမူအရာက အလွန် လေးနက်လာပြီး နောက်သို့ တဖြည်းဖြည်း ဆုတ်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်သား အပိုင်းအစ တချို့က သူ့ဆီသို့ ရောက်လာသည်။ သူက တစ်နေရာကို ညွှန်ပြပြီး တိုးတိုးလေး ပြောလိုက်သည်… “သွား…”
ကျောက်သား အပိုင်းအစများသည် လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပျံသန်း သွားသည်။ ဝမ်လင်းက သေချာ စိုက်ကြည့်နေသဖြင့် ကျောက်သား အပိုင်းအစများက ရှေ့သို့ သွားနေရင်း ရုတ်တရက် ပျောက်ကွယ် သွားသည်ကို မြင်လိုက်ရသည်။
ဝမ်လင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျောက်သား အပိုင်းအစများ ပျောက်ကွယ် သွားသည့် အချိန်တွင် အနက်ရောင် တွင်းပေါက် တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ပြန်လည် ပျောက်ကွယ် သွားတာကို မြင်လိုက်ခြင်း ဖြစ်၏။ အနက်ရောင် တွင်းပေါက်၏ လှုပ်ရှားမှုက အလွန် မြန်နေသဖြင့် မြင်ရန် ခက်ခဲလှသည်။ သေချာ မကြည့်လျှင် ကျောက်သား အပိုင်းအစများက ထူးဆန်းစွာ ပျောက်ကွယ် သွားသည်ကိုသာ မြင်ရမည် ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဓားပျံတစ်ချောင်းကို ထုတ်ယူကာ ရှေ့သို့ ပစ်လိုက်သည်။
ဓားပျံက ကျောက်သား အပိုင်းအစများ ပျောက်ကွယ် သွားသည့် နေရာသို့ ရောက်သောအခါ အနက်ရောင် တွင်းပေါက်ကြီးက ရုတ်တရက် ပေါ်လာပြီး ဓားကို စုပ်ယူသွား၏။ သို့သော်လည်း ထိုအခိုက်အတန့်လေးတွင် ဝမ်လင်းက အော်လိုက်သည်… “ကွဲထွက်စမ်း… “
ဓားပျံက ချက်ချင်း ကွဲထွက်သွားပြီး အနက်ရောင် တွင်းပေါက် ပျောက်ကွယ် သွားသည့် အချိန်တွင် ဓားအပိုင်းအစများက အရပ်မျက်နှာ အသီးသီးသို့ လွင့်ထွက်သွား၏။ ဝမ်လင်းက သူ့ရှေ့မှ မြင်ကွင်းကို သေချာစိုက်ကြည့် နေသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လွင့်ထွက်သွားသော ဓားအပိုင်းအစများက သူ့လက်ထဲသို့ ပြန်ရောက် လာသည်။
ဓားအပိုင်းအစများ ပေါ်တွင် အနက်ရောင် အရည်အစက် တချို့ ရှိနေရာ ဝမ်လင်းက သေချာ စစ်ဆေးကြည့်ပြီး အနက်ရောင် အရည်စက်များ ရှိနေသည့်နေရာတွင် ပျက်စီးခြင်း လက္ခဏာကို ဖော်ပြနေသော အစက်အပြောက်များကို ရှာတွေ့သွား၏။
“ဒါက လေဟာနယ် အက်ကွဲကြောင်း မဟုတ်ဘူး…”
အနက်ရောင် တွင်းပေါက်နှင့် ပတ်သက်၍ ဝမ်လင်း သေချာ သိသွားလေပြီ။ ထိုအရာသည် လေဟာနယ် အက်ကွဲကြောင်း ဖြစ်မှာကို အလွန် စိုးရိမ်နေသဖြင့် စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။ လေဟာနယ် အက်ကွဲကြောင်းသာ ဖြစ်နေပါက ဤနေရာရှိ အန္တရာယ်များသည် နောက်တစ်ဆင့် ထပ်မြင့် သွားလိမ့်မည် ဖြစ်သည်။
ဝမ်လင်းသည် ဝိညာဉ်စားသုံးသူ တစ်ယောက် မဟုတ်တော့ဘဲ အသွေးနှင့်အသား ရှိသော လူတစ်ယောက် ဖြစ်နေလေပြီ။ ထို့ကြောင့် လေဟာနယ် အက်ကွဲကြောင်းသည် သူ့အား တစ်စစီ ဖျက်ဆီး ပစ်နိုင်၏။
ဝမ်လင်းက စိတ်သက်သာရာ ရသွားပြီး လက်ကို ဆန့်ထုတ်ကာ ဝှေ့ယမ်း လိုက်သည်။ ထိုအခါ ဘေးနားရှိ ကျောက်တုံး အပိုင်းအစများက သူ့နားသို့ ရောက်လာပြီး ပတ်လမ်း တစ်ခုဖြင့် သူ့ကို လှည့်ပတ်သွား၏။
သူက ဘေးဘက်သို့ အချိန် တော်တော် ကြာအောင် ပျံသန်းပြီးမှသာ ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။ သူက ကျောက်တုံးများ ရုတ်တရက် ပျောက်ကွယ် သွားသည်ကို မြင်သည့် အခါတိုင်း ဦးတည်ရာ ပြောင်းပြီး ရှေ့သို့ ဆက်သွား၏။ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီး နောက်တွင် ထိုတွင်းပေါက်များသည် လေဟာနယ် အက်ကွဲကြောင်း မဟုတ်ဘဲ မမြင်နိုင်သော ထူးဆန်းသည့် သက်ရှိ တစ်ကောင် ဖြစ်ကြောင်း နားလည် သွားလေသည်။
ထိုသက်ရှိ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် အလွန် ထူးဆန်းပြီး သူ၏နတ်ဘုရား စိတ်အာရုံဖြင့်ပင် မမြင်နိုင်ချေ။ ဝမ်လင်းက နှစ်ပေါင်းများစွာ ဝိညာဉ်စားသုံးသူ ဖြစ်ခဲ့ပြီး လေဟာနယ် အက်ကွဲကြောင်းများဖြင့် အကြိမ်ပေါင်းများစွာ တွေ့ကြုံဖူးခြင်း ကြောင့်သာ ထိုသို့ ကောက်ချက်ချနိုင်ခြင်း ဖြစ်သည်။
ဝမ်လင်းက လမ်းတစ်လျှောက် ဂရုတစိုက်ဖြင့် သွားလာနေသည်။ ဤနေရာတွင် ခြေလှမ်းတိုင်းသည် အန္တရာယ် ဖြစ်နိုင်သည်။ သူက တစ်ချက်လောက် ဂရုမစိုက်မိရုံဖြင့် သေသွားနိုင်သည်။
အချိန်များစွာ ကြာပြီးနောက် ဝမ်လင်းက တွက်ချက်ကြည့်ရာ ပေ၁၀၀၀၀ခန့် သွားလာ နိုင်ခဲ့ပြီးပြီကို သိလိုက်၏။ ပေ၁၀၀၀၀ ဆိုသည့် အကွာအဝေးသည် သာမန်ဆိုလျှင် ခဏသာ ကြာမည် ဖြစ်သော်လည်း ဤနေရာတွင် ပေ၁၀၀၀၀ ပြည့်အောင် သွားလာရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးနေပြီး ဤနေရာတွင် ရှိနေသည်မှာ မည်မျှ ကြာမြင့်ပြီကို သူ မသိတော့ချေ။
ဤနေ့တွင် ဝမ်လင်းသည် ကျောက်တိုင် တစ်ခုပေါ်တွင် ထိုင်ရင်း အနားယူနေသည်။ သူက စိတ်စွမ်းအင်များ အများအပြား မကုန်သော်လည်း စိတ်ကတော့ အလွန် ပင်ပန်းရသည်။ ဤနေရာတွင် ဝမ်လင်းက အမြဲတမ်း သတိမပြတ် ထားနေရသောကြောင့် ဖြစ်သည်။
အချိန် အနည်းငယ်ခန့် အနားယူပြီးနောက် ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မတ်တတ် ရပ်လိုက်သည်။ သူက သလင်းကျောက်ဓားကို ထုတ်ကာ လက်ကို လေထဲသို့ အကြိမ်များစွာ ဝှေ့ယမ်းလိုက်ရာ ဓားက ကျောက်တိုင်ကို ပတ်ပျံပြီး ငေါထွက်နေသည့် ကျောက်သားများကို ဖြတ်ထုတ် ပစ်လိုက်သည်။
ဝမ်လင်းကို လက်ကို ဝှေ့ယမ်းလိုက်ရာ ပဲ့ထွက်သွားသော ကျောက်တုံး အပိုင်းအစများသည် သူ့ဘေးတွင် လာရောက် စုစည်းသွား၏။ ရက်ပေါင်းများစွာ ကြာသည်အထိ ထိုကျောက်တုံး အပိုင်းအစများသည် သူ့အား ကူညီပေးခဲ့ကြသည်။ ယခု ကျောက်တုံး အပိုင်းအစများ အားလုံး အသုံးပြုပြီး ဖြစ်သဖြင့် နောက်ထပ် ကျောက်တုံး အပိုင်းအစများကို အနီးရှိ ကျောက်တိုင် တစ်ခုတစ်ခုဆီမှ ဖဲ့ယူလိုက်သည်။
ကျောက်တုံး အပိုင်းအစများကို သူ့ဘေးတွင် ပတ်လမ်းတစ်ခုဖြင့် လှည့်ပတ် စေပြီးနောက် ကျောက်တိုင်ပေါ်သို့ ခုန်တက်ကာ ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။
သူက ပျံသန်းနေရင်းမှ ရုတ်တရက် ရပ်တန့်ပြီး ဂရုတစိုက်ဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်သည်။ သူ ရှိနေသည့် နေရာသည် အရမ်းကြီး မမှောင်ပေ။ သူက အပေါ်သို့ ရောက်လေ ပိုပြီး အလင်းရောင်က ပိုများလာလေ ဖြစ်သည်။
အလင်းရောင် ထွက်ပေါ်လာသည့် နေရာအကြောင်းကို သူ့အနေဖြင့် စဉ်းစားနေရန် အချိန်မရှိပေ။ ယခုအချိန်တွင် မကောင်းသည့် ခံစားချက်ကို ခံစားမိနေသဖြင့် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် စစ်ဆေး ကြည့်နေခြင်း ဖြစ်သည်။
ဝမ်လင်းက အမှောင်ထဲတွင် မျက်လုံးကို ဖွင့်ပြီး သေချာ ကြည့်နေလေသည်။ ယခုရှိနေသည့် အလင်းရောင်ဖြင့် ဘေးနားရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူနှင့် ပေတစ်သိန်း အချင်းဝက် အတွင်း၌ မျောနေသည့် ကျောက်တိုင် တစ်ခုမှလွဲ၍ မည်သည့်အရာမှ ရှိမနေချေ။
သူ ယခုရောက်နေသည့် နေရာသည် တခြားနေရာများနှင့် ကွဲပြားနေ၏။ ဤနေရာရှိ ကျောက်တိုင်များသည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားလျှင် တောင်မှ ကျောက်တုံး အပိုင်းအစများကတော့ ကျန်ရှိနေရမည် ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် မည်သည့်အရာမှ ရှိမနေချေ။
ထို့ကြောင့် ဖြစ်နိုင်ချေ နှစ်ခု ရှိသည်။ ပထမတစ်ခုသည် ဤနေရာတွင် တိုက်ပွဲကြီး တစ်ခုဖြစ်ခဲ့ပြီး ပြင်းထန်သော အားလှိုင်းများကြောင့် ဤနေရာရှိ ကျောက်တိုင်များက အဝေးသို့ လွင့်စဉ်သွားခြင်း ဖြစ်ရမည်။
ဒုတိယတစ်ခုသည် ဤနေရာတွင် မမြင်ရသည့် ထူးဆန်းသော သက်ရှိများ အများအပြား ရှိနေခြင်း ဖြစ်ရမည်။ ဒါမှသာ ဤနေရာရှိ ကျောက်တိုင်များ အားလုံးကို ဝါးမျိုနိုင်ပေလိမ့်မည်။
ဝမ်လင်းက ဒုတိယအတွေးက ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ကြီးမားသော ကျောက်တိုင်ကြီးကို ကြီးမားသော ပါးစပ်ကြီးက ဝါးမျိုလိုက်သည်ကို ယခုပင် မြင်လိုက် ရသောကြောင့် ဖြစ်သည်။ ဝမ်လင်းသည် ပေ၇၀၀၊၈၀၀ခန့် ရှည်သော ကြီးမားသော ကျောက်တိုင်ကြီးက တစ်နာရီအတွင်း အစအန မကျန်အောင် ပျောက်ကွယ် သွားသည်ကို ကြည့်နေ လေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်သည်။ ဤနေရာက တကယ်ပဲ သူ တွေးသည့်အတိုင်း ဖြစ်နေလျှင် သူ့အနေဖြင့် ရွေးချယ်စရာ မရှိဘဲ ဤနေရာကြီးကို ပတ်သွားရမည် ဖြစ်သည်။ မဟုတ်ပါက သူ့အနေဖြင့် အသက် အန္တရာယ်နှင့် ကြုံရနိုင်သည်။
အချိန် အနည်းငယ် ကြာအောင် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဘေးတွင် လှည့်ပတ်နေသည့် ကျောက်တုံး အပိုင်းအစ တစ်ခုကို ရှေ့သို့ တဖြည်းဖြည်း ပျံသန်း သွားစေလိုက်သည်။ ကျောက်တုံးက အချိန်တော်တော် ကြာအောင် ပျံသန်း သွားပြီးသော်လည်း ဝါးမျို မခံရသေးပေ။ ဝမ်လင်းက ခဏလောက် စဉ်းစားပြီး သူ့ဘေးမှ ကျောက်တုံး အပိုင်းအစ အားလုံးကို ရှေ့သို့ ပျံသန်း သွားစေလိုက်သည်။
ဝမ်လင်းသည် အလျင်မလိုဘဲ စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့် နေလေသည်။ တဖြည်းဖြည်းနှင့် ကျောက်တုံး အပိုင်းအစ အားလုံးသည် တစ်တိုင်တည်း ကျန်နေသော ကျောက်တိုင်ကြီး၏ အနားဝန်းကျင်သို့ ရောက်လာသည်။
ကျောက်တိုင်၏ အနားဝန်းကျင်သို့ ရောက်သောအခါ ကျောက်တုံး အပိုင်းအစ တစ်ခုက ရုတ်တရက် ပျောက်ကွယ် သွား၏။ ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး ဂရုတစိုက် စောင့်ကြည့် နေလေသည်။ ကျောက်တုံး အပိုင်းအစများက တစ်ခုပြီး တစ်ခု ပျောက်နေပြီး ကျန်သည့် ကျောက်တုံး အပိုင်းအစများက ကျောက်တိုင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။
ဝမ်လင်း၏ မျက်လုံးက အရောင် တောက်သွားပြီး တချို့ အချက်များကို မှတ်မိသွား၏။ လွန်ခဲ့သော ရက်ပေါင်းများစွာမှ အတွေ့အကြုံများအရ ထိုသက်ရှိများသည် နေရာ မရွေ့နိုင်ကြပေ။
ဝမ်လင်းကလည်း ထိုသက်ရှိများသည် ရွေ့လျား နိုင်လိမ့်မည်ဟု ထည့်မတွက်ထားပေ။ အချိန် တော်တော် ကြာအောင် စဉ်းစားပြီးနောက် ဤနေရာကို ဖြတ်သန်း သွားမည့် အကြံအား စွန့်လွှတ်လိုက်သည်။ ဤနေရာသည် အလွန် ထူးဆန်းနေသည်။ ဝမ်လင်း အနေဖြင့် မစွန့်စားချင်ပေ။ ပတ်သွားလျှင် အချိန် ပိုကုန်ရုံလေးသာ ဖြစ်၏။ သို့သော်လည်း ဤနေရာကို ဖြတ်သန်း၍ တစ်ခုခု အမှား ဖြစ်သွားလျှင် ပေးဆပ်ရမည့်တန်ဖိုးက သေလမ်း တစ်ခုတည်းသာ ဖြစ်၍ မတန်ချေ။
ဝမ်လင်းက ဆုံးဖြတ်ချက် ချပြီးနောက် နောက်သို့ ပြန်ဆုတ်ပြီး သလင်းကျောက်ဓားကို ထုတ်ကာ ကျောက်တုံး အပိုင်းအစများကို ဖဲ့ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်စေပြီး ဘေးဘက်သို့ ပျံသန်း သွားလိုက်၏။
ဝမ်လင်းက သွားရင်းဖြင့် မျက်နှာ အမူအရာက သုန်မှုန်လာသည်။ သူက အလွန်ဝေးသည့် အကွာအဝေး တစ်ခုကို ပျံသန်း လာသော်လည်း ဗလာနေရာကြီး၏ အဆုံးကို မမြင်ရသေးချေ။
ရက်ပေါင်းများစွာ ပျံသန်းပြီး နောက်တွင် ဝမ်လင်းသည် ဗလာနေရာကို ပတ်သွားမည့် အကြံအား စွန့်လွှတ်လိုက်၏။
***