ဓားပျံများအားလုံးက အနီရောင် အမျှင်ရှိသည့် နေရာကို တစ်ပြိုင်နက် ထိုးစိုက်သွားရာ အနီရောင်အမျှင်က တုန်ခါသွားပြီး လွန်စွာ တောက်ပလာကာ ဓားစွမ်းအင်များကို ခုခံလိုက်သည်။ သို့သော်လည်း အမျှင်ပေါ်တွင် ချိုင့်ခွက်ရာတစ်ခု ကျန်နေခဲ့၏။
ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွားပြီး ချိုင့်ခွက် ဖြစ်ကျန်ခဲ့သည့် နေရာကို သလင်းကျောက်ဓားဖြင့် ထပ်ကာထပ်ကာ ထိုးစိုက်လိုက်သည်။ မကြာမီ အမျှင်တွင်ရှိသည့် ချိုင့်ခွက်က ပိုပိုပြီး နက်လာ၏။
ထိုအချိန်တွင် သားရဲကြီးက သူ့ကိုယ် အတွင်းတွင် တစ်ခုခု မှားနေသည်ကို သတိပြုမိပြီး ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်သည်။ ဝမ်လင်းသည် အလွန်စိုးရိမ်လာပြီး ဓားများကို ထိန်းချုပ်ကာ နောက်တစ်ကြိမ် တိုက်ခိုက် လိုက်ပြန်သည်။
နောက်ဆုံးတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အမျှင်က ပေါက်သွားပြီး အားကောင်းသော ညှီနံ့တစ်ခု ထွက်လာသည်။ ဝမ်လင်းက ချက်ချင်း ဘေးသို့ ရွေ့လျားလိုက်ပြီး အသားနံရံကြီးနှင့် ကပ်ထားလိုက်သည်။ ထိုအချိန်တွင် သူ့ပါးစပ်ထဲမှ ဆေးလုံးက အစွမ်းပြလာပြီး ညှီနံ့ကို တားဆီးထားလိုက်၏။
ညှီနံ့များက ဝမ်လင်းကို ဖြတ်သွားပြီးနောက် သူက ဖောက်ထားသည့် အပေါက် အတွင်းသို့ အလျင်အမြန် ဝင်လိုက်သည်။ ထိုအချိန်တွင် သားရဲကြီး၏ ကိုယ်ထဲရှိ မြွေအသေး၏ ခန္ဓာကိုယ်က စတင် ကျုံ့လာသည်။ ဝမ်လင်းက ထိုမြွေအသေးသည် အလွယ်တကူဖြင့် သတ်၍ မရနိုင်ဆိုသော ခံစားချက်တစ်ခု ခံစားလိုက်ရ၏။
ဤမြွေသဏ္ဌာန် သားရဲကြီးသည် ပျက်စီးခြင်းသားရဲ ဖြစ်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်း အဆင့်နှင့် အစွမ်းချင်း ညီကြောင်း ခါးကုန်းကြီးမုန့်က ပြောပြခဲ့သည်။
ရှေးဟောင်း အင်ပါယာနှင့် သူတို့ ၃ယောက်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့်မှ မဟုတ်လျှင် ဤသားရဲကြီးကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ ၄ယောက်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်း အဆင့်များ မဖြစ်နိုင်ဘဲ အလယ်အဆင့်များ ဖြစ်နိုင်သည်ဟု ဝမ်လင်းက ကောက်ချက် ချလိုက်သည်။
ထို့ကြောင့် သူတို့အားလုံးသည် သားရဲကြီးအား ထွက်ပြေးသွားအောင် မတိုက်နိုင်ဘဲ သူတို့သာလျှင် ထွက်ပြေးကြရခြင်း ဖြစ်သည်။ ဝမ်လင်း၏ မူလ အစီအစဉ်သည် သူတို့လက်မှ လွတ်မြောက်ရန် ဖြစ်သည်။ သို့သော်လည်း သားရဲကြီးကို လေ့လာပြီး နောက်တွင် သားရဲကြီးသည် မာကျောသော ခန္ဓာကိုယ်နှင့် အနက်ရောင် အငွေ့များကို မှုတ်ထုတ်နိုင်စွမ်းသာ ရှိပြီး တခြား စွမ်းရည်များ ရှိဟန် မတူချေ။ ဤအချက်က ဝမ်လင်းအား အံ့အားသင့် စေသည်။
ဤသားရဲသည် ပျက်စီးခြင်းသားရဲ၏ ခန္ဓာကိုယ် ရှိသော်လည်း နည်းစနစ် မရှိသည့် သားရဲတစ်ကောင် ဖြစ်နိုင်ကြောင်း ဝမ်လင်းက ခန့်မှန်းလိုက်သည်။
ဝမ်လင်းသည် သားရဲကြီး၏ ခြင်ဆီကြောင့်သာ သားရဲကြီး၏ ပါးစပ်အတွင်းမှ တစ်ဆင့် ဝင်လာရဲခြင်း ဖြစ်သည်။
သားရဲကြီးသည် အပြင်ပိုင်းတွင်သာ မာကျောသော ခန္ဓာကိုယ်ရှိပြီး အတွင်းပိုင်းတွင် မည်သည့် အန္တရာယ်မှ မရှိဟု စိတ်ထဲ ထင်ထားခဲ့သည်။ သို့သော်လည်း အထဲတွင် အန္တရာယ်ကို ပို၍ပင် ခံစားရသည်။ ဤသားရဲကြီး၏ ကိုယ်ထဲတွင် မြွေအသေး ရှိနေသည့် အတွက် ထိုမြွေအသေးကသာ အစစ်အမှန် ပျက်စီးခြင်း သားရဲ ဖြစ်နိုင်သည်။
အပြင်ဘက်ရှိ ခန္ဓာကိုယ်ကတော့ ဟိတ်ဟန်တစ်ခုသာ ဖြစ်ပြီး မည်သည့် နည်းစနစ်မှ မရှိသည့် ပျက်စီးခြင်းသားရဲ ခန္ဓာကိုယ်ကြီး ဖြစ်ရပေမည်။
ထိုအကြောင်းများကို စဉ်းစားလိုက်ပြီးနောက် ဝမ်လင်း၏ စိတ်ထဲတွင် တင်းကျပ်လာ သကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ ရည်ရွယ်ချက်ကို သတိရသွားပြီး သူက ဦးခေါင်းနှင့်လည်ပင်း ရှိသည့်နေရာသို့ ရောက်သွား၏။ အမျှင်ရှိသည့် နေရာက ပေါက်ပြဲ သွားသည်ဖြစ်၍ အောက်တွင် အဖြူရောင် အရိုးက ပေါ်နေလေပြီ။ ဝမ်လင်းက အရိုးကို ထိပြီး ဆွဲငင်အား ပညာရပ်ဖြင့် စုပ်ယူလိုက်ခြင်းက သားရဲကြီးကို ထိတ်ထိတ်ပြာပြာဖြင့် သူ့ခန္ဓာကိုယ်အား လူးလွန့် သွားစေသည်။
တစ်ချိန်တည်းမှာပင် မြွေအသေးက သူ၏အရေပြားမှ အနက်ရောင် အလင်းတစ်ခုကို ထုတ်လွှတ်ပြီး သူ့ခန္ဓာကိုယ်က အရည်ပျော်လာသည်။ ထိုအခါ ခါးကုန်းကြီးမုန့်၏ မျက်နှာပေါ်တွင် ကြောက်လန့်သည့် အမူအရာများ ပေါ်လာပြီး အလျင်အမြန် ထွက်ပြေး တော့သည်။
သူက ဦးခေါင်းနှင့် လည်ပင်းကို ဆက်ထားသည့် နေရာကို ဖြတ်သွားသည့် အချိန်တွင် ဝမ်လင်းကို မြင်သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ အလျင်အမြန် အော်ပြောလိုက်သည်… “မြန်မြန် ထွက်သွားတော့… ဒါက ကပ်ပါးမြွေ နဂါးကောင်ကြီးပဲ … သူ့ရဲ့ကိုယ်ထဲမှာ မြွေ၉ကောင် ရှိတဲ့အပြင် အတွင်းဆုံး အပိုင်းမှာ ရှိတဲ့ မြွေက သားရဲနည်းစနစ်ကို ပိုင်ဆိုင်ထားတဲ့ ပျက်စီးခြင်းသားရဲ အစစ်အမှန်ပဲ…”
ပြောပြီးသည်နှင့် သူက အသားနံရံကြီးကို ညာလက်ဖြင့် ထိုးလိုက်သည်။ အသားနံရံကြီးသည် ဓားပျံဖြင့်ပင် ထိခိုက်အောင် မလုပ်နိုင်ချေ။ သို့သော်လည်း ခါးကုန်းကြီး၏ လက်သီးချက်ကြောင့် သားရဲကြီးက နာကျင်သွားပြီး ပါးစပ်ကို ဟလိုက်ရသည်။ ထိုအခါ ခါးကုန်းကြီးက အပြင်သို့ ခုန်ထွက် သွား၏။
ဝမ်လင်းက သူ့စကားကို ကြားသော်လည်း သူ့နောက်သို့ မလိုက်သွားဘဲ အသားနံရံကြီးနှင့် ကပ်ကာ သူ့ကိုယ်သူ ဖုံးကွယ် ထားလိုက်သည်။
ထိုအချိန်တွင် သေးငယ်သော အနီရောင် နဂါးတစ်ကောင်က မြွေအသေး၏ ခြောက်ကပ်သွားသော ခန္ဓာကိုယ် အတွင်းမှ ထွက်လာသည်။ အနီရောင်နဂါးက အသားထဲတွင် ပုန်းနေသည့် ဝမ်လင်းကို ဖြတ်ကျော်သွားပြီး ခါးကုန်းကြီး၏ နောက်သို့ ဆက်လိုက် သွား၏။
ခါးကုန်းကြီးက သူ့ကို ထွက်ပြေးရန် ပြောသည့် အချိန်တွင် ခါးကုန်းကြီးက သူ့အပေါ် ကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပြောခြင်း မဟုတ်ကြောင်းကို ဝမ်လင်းက ခံစားမိသည်။ ထို့ကြောင့် အပြင်သို့ ထွက်မလာခြင်း ဖြစ်သည်။ ခါးကုန်းကြီးက ဝမ်လင်းကို သူ့နောက်မှ လိုက်ပြီး ထွက်လာစေခြင်းဖြင့် နောက်မှ လိုက်လာသော အနီရောင်နဂါးကို အာရုံလွှဲလိုက်ခြင်း ဖြစ်သည်။
ဝမ်လင်းသည် စိတ်ထဲမှ သရော်ပြုံး ပြုံးလိုက်သည်။ သူတို့ ကိစ္စများက သူက ဝင်မပါချင်ပေ။ သူက တတိယ စမ်းသပ်မှုကို အောင်မြင်စွာ ဖွင့်ပေးနိုင်ခဲ့လျှင် ကိစ္စမရှိသော်လည်း သူက သေဆုံးခြင်း မန္တန်ကို မတတ်ကျွမ်းပေ။ သူက တတိယစမ်းသပ်မှုကို မဖွင့်ပေးနိုင်လျှင် သူတို့အား သူ့အား သတ်ပစ်မှာ ကျိန်းသေ ဖြစ်သည်။
တတိယ စမ်းသပ်မှုကို ဖွင့်ပေးလိုက်နိုင်လျှင် တောင်မှ သူ့ကို ချက်ချင်း မသတ်သေးသော်လည်း ရှုလီချင်း၏နောက်မှ လူငယ်ကဲ့သို့ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ဝမ်လင်းက ပထမ စမ်းသပ်မှု၂ခုတွင် ထွက်ပြေးမည်ဟု အစက တွေးထားခဲ့သည်။ သူက ပထမစမ်းသပ်မှု၂ခုတွင် အခွင့်အရေး မရခဲ့ပါက တတိယ စမ်းသပ်မှုတွင် ပြဿနာ တချို့ ရှာရန် ဆုံးဖြတ်ထား၏။ တတိယ စမ်းသပ်မှုတွင် အားလုံးကသာ အသက် အန္တရာယ်နှင့် ကြုံရပါက မည်သူကမှ သူ့အား အာရုံစိုက်နိုင်လိမ့်မည် မဟုတ်တော့ပေ။
သို့သော်လည်း အနီရောင်နဂါးက အပြင်သို့ ထွက်သွားသောကြောင့် သူ၏အတွေးကို ပြောင်းလဲ ပစ်လိုက်၏။ ယခုအချိန်တွင် သားရဲကြီး၏ ခန္ဓာကိုယ်တွင်းသည် သူ့အတွက် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်သည်။
ထိုအကြောင်းများကို တွေးပြီးနောက် လက်ကို ကျောရိုးပေါ်သို့ တင်ကာ ဆွဲငင်အား ပညာရပ်ဖြင့် စုပ်ယူလိုက်ပြန်သည်။ ထိုအချိန်တွင် သားရဲကြီး၏ကိုယ်က ရုတ်တရက် လှုပ်ခါသွားရာ ဝမ်လင်းသည် သူ့ကိုယ်တွင်းမှ သွေးများက ခေါင်းဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက် ရသည်။
ဝမ်လင်းက လေးနက်သည့် အမူအရာဖြင့် သူ့ကိုယ်တွင်းရှိ စိတ်စွမ်းအင်များကို လှည့်ပတ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သို့သော်လည်း သွေးများက အထက်သို့ တက်လာနေဆဲ ဖြစ်သည်ဟု ခံစားနေရသည်။ ထို့ကြောင့် နတ်ဘုရား စိတ်အာရုံကို ဖြန့်ထုတ်လိုက်ရာ နတ်ဘုရား စိတ်အာရုံက လည်ချောင်းမှတစ်ဆင့် ပါးစပ်ဆီသို့ ရောက်ကာ သားရဲကြီး၏ သွားများကြားမှ ထွက်သွား၏။ ထိုအခါ ဝမ်လင်းသည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်သွား၏။
သားရဲကြီးသည် အလွန် လျင်မြန်သော အရှိန်ဖြင့် မည်းမှောင်နေသော ဟင်းလင်ပြင်ထဲသို့ ထိုးဆင်းပြီး ကျနေခြင်း ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ကျဆင်းနေသော အရှိန်က လျော့သွားပြီး သားရဲကြီး၏ ခန္ဓာကိုယ်က မြေပြင်နှင့် ထိသွား၏။ မြေပြင်နှင့် ထိတိုက်မှုကြီးကြောင့် မြေပြင်တွင် တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး အချိန်တော်တော် ကြာမှသာ ပျောက်ကွယ် သွား၏။
ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခြင်ဆီကို စုပ်ယူရန် ဆက်လက် ကြိုးစားလိုက်သည်။ ယခုအချိန်တွင် သားရဲကြီးသည် လှုပ်ရှားခြင်း မပြုတော့ချေ။ အချိန်တစ်ခု ကြာပြီးနောက် ရွှေရောင် အရည်တစ်စက်က သားရဲကြီး၏ ကျောရိုးထဲမှ ထွက်လာသည်။ ထိုအချိန်တွင် ဝမ်လင်း၏ အမူအရာက အလွန် လေးနက်နေပြီး ကျောက်စိမ်းပုလင်း တစ်ခုကို ထုတ်ယူလိုက်သည်။
သူက ရွှေရောင် အရည်စက်ကို ကျောက်စိမ်း ပုလင်းထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး သိုလှောင်အိတ်ထဲတွင် ထည့်လိုက်ကာ သားရဲကြီး၏ ဦးခေါင်းဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်၏။ ထို့နောက် သားရဲကြီး၏ သွားများကြားမှ ထွက်လာ ခဲ့လိုက်သည်။
ဝမ်လင်း၏ရှေ့တွင် အမှောင်အတိ ကျနေသဖြင့် လက်ဖြင့် အစီအရင်တစ်ခု ဖန်တီးပြီး အော်လိုက်သည်… “သွား…”
ရုတ်တရက် သူ၏ ဦးခေါင်းအရွယ် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ရှေ့သို့ ပျံသန်းသွား၏။
ထိုမီးတောက်မှ အလင်းရောင်ဖြင့် သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ့ရောက်ရှိနေသည့် နေရာသည် ကျောက်တိုင်များ မျောနေသော ဟင်းလင်ပြင်ထဲတွင် ဖြစ်သည်။ ကျောက်တိုင်များ ကတော့ ယခင် တွေ့ခဲ့ရသော ကျောက်တိုင်းများထက် ပိုပြီး ကြီးမား၏။
မြွေကဲ့သို့ သားရဲကြီး၏ ဦးခေါင်းကြီးသည် ကျောက်တိုင် တစ်ခုပေါ်တွင် ရှိ၍ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲတွင် တွဲလောင်း ကျနေလေသည်။ သားရဲကြီး၏ မျက်လုံးများက ပိတ်ထားပြီး တစ်ကိုယ်လုံး လုံးဝ မလှုပ်ရှားတော့ပေ။
အနီရောင်နဂါး၏ ထွက်သွားခြင်းက စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်၏ စဦးဝိညာဉ်သည် သူတို့၏ခန္ဓာကိုယ်ကို စွန့်ခွာသွားခြင်းနှင့် တူသည်ဟု ဝမ်လင်းက ယူဆလိုက်သည်။ ယခုအချိန်တွင် သားရဲကြီးသည် အသိစိတ်အာရုံကို ယာယီ ဆုံးရှုံးနေသည့်အတွက် ဤနေရာသို့ ကျလာခြင်း ဖြစ်ရပေမည်။
ထို့ကြောင့်လည်း သူက ခြင်ဆီသို့ ထုတ်ယူသည့် အချိန်တွင် သားရဲကြီးက မလှုပ်ရှားတော့ခြင်း ဖြစ်သည်။
ဝမ်လင်းသည် သားရဲကြီးကို ကြည့်ပြီး မျက်လုံးများက တောက်ပ လာသည်။ သို့သော်လည်း သူက အတွေးထဲတွင် ပေါ်လာသည့် အကြံကို လက်လျှော့ လိုက်သည်။ သားရဲကြီး၏ တစ်ကိုယ်လုံးသည် ရတနာများဟု ဆိုနိုင်သော်လည်း သူက သားရဲကြီးကို ဒဏ်ရာ သေးသေးလေးပင် ပေးနိုင်မည် မဟုတ်ချေ။ ထို့အပြင် အနီရောင်နဂါးသည် ဤသားရဲကြီးဆီသို့ မကြာမီ အချိန်အတွင်း ပြန်လာမည်မှာ ကျိန်းသေသည်။ သူက ထိုအနီရောင် နဂါးနှင့်သာ ဆုံတွေ့သွားပါက ချက်ချင်း သေဆုံး သွားမည့်လူမှာ သူသာ ဖြစ်သည်။
ဝမ်လင်းက ခါးကုန်းကြီး ပေးလိုက်သော ဆေးလုံးကို ပါးစပ်ထဲမှ ပြန်ထုတ်လိုက်သည်။ ဆေးလုံးက မူလ အရွယ်အစား၏ တစ်ဝက်ခန့်သာ ရှိတော့သော်လည်း ဝမ်လင်းက ဆေးလုံးကို ဂရုတစိုက်ဖြင့် သိမ်းဆည်း ထားလိုက်သည်။ ထို့နောက် မီးတောက်ကို ငြှိမ်းသတ်လိုက်ပြီး အဆုံးမရှိသည့် မည်းမှောင်နေသော ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျံသန်းသွား၏။ မှောင်မည်း နေသည့် ဟင်းလင်ပြင်ထဲတွင် မီးတောက်သည် သိသာလွန်း နေသဖြင့် လုံခြုံမှုအတွက် အမှောင်ထဲတွင် ပျံသန်းရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
တဖြည်းဖြည်းနှင့် အမှောင်ထဲတွင် သူ၏မျက်လုံးက ကျင့်သား ရလာသည်။ သူက ပတ်ဝန်းကျင်ရှိ အရာများကို ရှင်းလင်းစွာ မမြင်ရသေးသော်လည်း အပြင်ပန်း ပုံကြမ်း သဘောလောက်တော့ မြင်နိုင်နေပြီ ဖြစ်သည်။
ကျောက်တိုင်များက ယခင် တွေ့ခဲ့ရသည့် ကျောက်တိုင်များထက် အဆ၁၀၀ခန့် ကြီးမား လာသော်လည်း ရွေ့လျားနှုန်းကတော့ ယခင် တွေ့ခဲ့ရသည့် ကျောက်တိုင်များထက် အနည်းငယ်သာ ပိုမြန်လေသည်။ သို့သော်လည်း အန္တရာယ်များက ဘက်ပေါင်းစုံမှ လာနေသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် ဝမ်လင်းက ဂရုတစိုက်ဖြင့် သွားနေပြီး တစ်ခါ ရွေ့တိုင်း မီတာ အနည်းငယ်သာ သွား၍ ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးပြီး အန္တရာယ် မရှိကြောင်း သေချာမှသာ ရှေ့သို့ ဆက်သွားခြင်း ဖြစ်သည်။ သူက ကျောက်တိုင် တစ်ခုပေါ်သို့ ခြေချလိုက်သည့် အချိန်တွင် ရုတ်တရက် သူ့ရှေ့မှ အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွား၏။
ဝမ်လင်းက အသက်ရှူနှုန်းကို ပြန်ထိန်းလိုက်ပြီး ရှေ့သို့ စိုက်ကြည့် လိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက အပြင်ပန်း ပုံကြမ်းကို မြင်နိုင်သွား၏။ ကျောက်တိုင်ကြီး၏ အလယ်တွင် ရေဘဝဲလက်တံကဲ့သို့ လက်များနှင့် ခန္ဓာကိုယ်တစ်ခု ရှိနေပြီး လက်တံများက ရမ်းချင်ရာ ရမ်းနေခြင်း ဖြစ်သည်။
သူ့ရှေ့မှ ဖြတ်သွားသော အနက်ရောင် အရိပ်သည် ထိုအကောင်ကြီး၏ လက်တံကြီး ဖြစ်သည်။
ဝမ်လင်းက ထိုအကောင်ကြီးကို မြင်သည်နှင့် နောက်သို့ တဖြည်းဖြည်း ဆုတ်သည်။ ထိုအကောင်ကြီးက ဤနေရာတွင် အသက်ရှင် နေထိုင်နိုင်သည့် အတွက် ထိုအကောင်ကြီးသည် အလွန်စွမ်းအား ကောင်းလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ထိုအကောင်ကြီးကို သွားမရှုပ်ချင်ပေ။ အချိန်တော်တော် ကြာအောင် နောက်ဆုတ်ပြီးနောက် သူက ကျောက်တိုင်ကြီး၏ အစွန်းသို့ ရောက်လာသည်။ ထိုအခါ သူက ကျောက်တိုင်၏ အလယ်ရှိ ရေဘဝဲ လက်တံကြီးနှင့် အကောင်ကြီးကို ကြည့်လိုက်ပြီး ညင်သာစွာဖြင့် အဝေးသို့ ပျံသန်းလိုက်၏။
ဝမ်လင်းသည် ပေ၁၀၀ကျော် ပျံသန်းပြီးမှ အသက်ကို ဝဝ ရှူရဲတော့သည်။ ထို့နောက် အဆုံးမဲ့ ဟင်းလင်းပြင်ကြီးကို ကြည့်ပြီး သက်ပြင်း ချလိုက်မိသည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ခပ်ဝေးဝေးသို့ မဖြန့်ရဲပေ။ သူ၏နတ်ဘုရား စိတ်အာရုံကို စွမ်းအားကောင်းသော သားရဲကြီးများက သတိပြုမိသွားလျှင် သူ့အတွက် အန္တရာယ်များ ဖြစ်လာနိုင်သည်။ သူ၏ခန္ဓာကိုယ်က နှေးကွေးစွာဖြင့် အထက်သို့ ပျံသန်းနေရင်း အဝေးမှ အနက်ရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၍ ချက်ချင်း ရပ်တန့်လိုက်သည်။ သို့သော်လည်း ထိုအရိပ်က ကျောက်တုံးမှန်း သေချာသွားမှ တဖြည်းဖြည်းဖြင့် အနီးသို့ ကပ်သွား၏။
ထိုအချိန်တွင် အနီရောင် အလင်းတန်း တစ်ခုက သူ့အထက်တွင် ပေါ်လာပြီး အောက်သို့ အသံပေးကာ တစ်ဟုန်ထိုး ဆင်းလာလေသည်။ ဝမ်လင်းက ဘေးသို့ အလျင်အမြန် ကပ်ကာ ကျောက်တိုင်၏ အောက်ခြေတွင် ကပ်ထားလိုက်၏။
သူကတော့ အနီရောင် အလင်းတစ်ခုက ကျောက်တိုင်ဘေးမှ လှစ်ခနဲ ဖြတ်ပြေး သွားသည်ကိုသာ မြင်လိုက်ရသည်။ ထိုအနီရောင် အလင်းတန်းက အောက်သို့ ဆက်လက် ဆင်းသွားပြီး နောက်ဆုံးတွင် အစအန မကျန်အောင် ပျောက်ကွယ် သွား၏။ ထိုအနီရောင် အလင်းသည် အနီရောင်နဂါး ဖြစ်သည်ကို ခန့်မှန်းမိ လိုက်သည်။
နဂါးက ပြန်လာပြီ ဖြစ်သော်လည်း ခါးကုန်းကြီးမုန့်နှင့် တခြားသူများက မည်သို့ ဖြစ်သွားသည်ကို သူ မသိချေ။ ဝမ်လင်းက နှေးကွေးစွာဖြင့် ကျောက်တိုင်၏ ထိပ်သို့ ပျံသန်း သွားလိုက်၏။ ကျောက်တိုင်၏ ထိပ်သို့ ရောက်သောအခါ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့် လိုက်သည်။
ကျောက်တိုင်ပေါ်တွင် မည်သည့် အသက် လက္ခဏာမှ မရှိချေ။ အချိန်တော်တော် ကြာအောင် စစ်ဆေးပြီးနောက်မှ ဝမ်လင်းသည် စိတ်သက်သာရာ ရသွားပြီး ထိုင်ချကာ စိတ်ဝိညာဉ် အရည်ကို ထုတ်သောက် လိုက်သည်။ ထို့နောက် သူ့အောက်ကို ငုံ့ကြည့်လိုက်၏။
***