“ဒီအဘိုးအို ခါးကုန်းကြီးက သေသွားခဲ့ရင် တောင်မှ လူ့ဘီလူးနတ်ဆိုး ကလန်တစ်ခုလုံးကို ဆွဲခေါ်သွားရလိမ့်မယ်…”
အက်ကွဲကွဲ အသံကြီးက အဝေးမှ ပျံ့လွင့်လာသည်။ မိုးကုပ်စက်ဝိုင်းဆီမှ ကြီးမားသော အစိမ်းရောင် ဖားပြုပ်ကြီး တစ်ကောင်သည် သူတို့ဆီသို့ လာနေသည်။
ဖားပြုပ်ကြီးက မြေပြင်ပေါ်သို့ ခြေကျသည်နှင့် မြေပြင်တစ်ခုလုံးကို တုန်လှုပ် သွားစေသည်။ ဝမ်လင်းသည် အလွန်ဝေးသည့် အရပ်တွင် ရှိနေတာတောင်မှ မြေပြင်၏ တုန်ခါမှုကို ခံစားမိသည်။ မကြာမီ ဖားပြုပ်ကြီးသည်က နောက်ခြေကို ကန်ထုတ်ပြီး မြင်ကွင်းမှ ပျောက်ကွယ် သွား၏။ ဖားပြုပ်ကြီး ပြန်ပေါ်လာသည့် အချိန်တွင် ဖားပြုပ်ကြီးက သူတို့နှင့် နီးကပ်နေပြီ ဖြစ်သည်။
ဖားပြုပ်ကြီးက တောင်အသေး တစ်ခုပေါ်တွင် ခြေချပြီး သူတို့နှင့် ပေ၁၀၀ခန့်အကွာ၌ ဆင်းသက်လိုက်၏။ ထိုအခါ ဖုန်မှုန့်များနှင့် တုန်ခါလှိုင်းတစ်ခုက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဖုန်များ ရှင်းသွားပြီးနောက် အစိမ်းရောင် ဖားပြုပ်ကြီး ပေါ်လာသည်။ ဖားပြုပ်၏ ကိုယ်ပေါ်တွင် အဖုများ မြောက်မြားစွာ ရှိနေပြီး အဖုတိုင်းမှ စိတ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည်။
ဖားပြုပ်၏ မျက်လုံးများက သွေးဆာသည့် အရိပ်အယောင်များ ပြနေ၏။ ဖားပြုပ်၏ အပေါ်တွင် လူတစ်ဦး ထိုင်လျက် ရှိနေသည်။ သူက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်က အလွန်ပုသည့် အပြင် သူ၏နောက်ကျောကလည်း ဖုဖောင်း နေသည်။
သူက မျက်နှာပေါ်မှ အဖုများကို ပွတ်ပြီး ရယ်မော၍ ပြောလိုက်သည် … “လူ့ဘီလူး နတ်ဆိုးကလန်က အဘိုးကြီးတွေက ငါ့နောက်ကို နှစ်၃၀၀ကျော်တောင် လိုက်တာ … အခုတော့ သူတို့အားလုံး ငါ့အဆိပ်ကြောင့် သေကုန်ပြီ … ဒီနေရာက ပွင့်တော့မှာ မို့လို့ပေါ့ … မဟုတ်ရင် လူ့ဘီလူး နတ်ဆိုးကလန်ကို သွားပြီး လက်တုံ့ပြန်မှာ…”
ပြောပြီးသည်နှင့် သူက ဖားပြုပ်ပေါ်မှ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဖားပြုပ်က သူလိုချင်သည့် အရာကို သိနေသည့်အလား သွေးကဲ့သို့ နီရဲနေသည့် လျှာကို မြေပြင်ပေါ်သို့ ချပေးလိုက်၏။ ခါးကုန်ကြီးက ဖားပြုပ်ကြီး၏ လျှာပေါ်မှ လမ်းလျှောက်၍ ဆင်းလာသည်။
သူက မြေပေါ်သို့ ရောက်သည်နှင့် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ဖားပြုပ်ကြီးသည် လက်ဖဝါးစာ အရွယ်ခန့်ထိ ကျုံ့ဝင်သွားပြီး ခါးကုန်းကြီး၏ ပခုံးပေါ်သို့ ခုတ်တက်လိုက်သည်။
ခါးကုန်းကြီး မြေပေါ်သို့ ရောက်သည်နှင့် သူနှင့် ၃ပေအကွာရှိ အရာအားလုံးက တရှဲရှဲ မြည်လာပြီး မြေပြင်မှ အနက်ရောင် အငွေ့များ ထွက်လာသည်။
ဝမ်လင်းက ထိုမြင်ကွင်းကို မြင်ပြီး တည်ငြိမ်စွာဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ခါးကုန်းကြီးအား သေချာ ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ထိုလူက အဆိပ်ကို သုံးတတ်သည့် အတွက် သူ၏သတိက ပို၍ နိုးနိုးကြားကြား ဖြစ်သွား၏။
လိုအင်၆မျိုး နတ်ဆိုးသခင် ရှုလီချင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်… “မင်းကို မတွေ့တာ နှစ်၁၀၀၀ပဲ ရှိသေးတယ်… ဘာလို့ မင်းရဲ့ကိုယ်ပေါ်က အဆိပ်အနံ့တွေက ပိုပြီး ဆိုးလာတာလဲ…”
အဘိုးအို ခါးကုန်းကြီးက ပြန်ပြောလိုက်သည် … “တခြားသူတွေက မင်းရဲ့ လိုအင်၆မျိုး တိုက်ကွက်ကို ကြောက်ရင် ကြောက်မယ် … ငါကတော့ မကြောက်ဘူးနော် … လွန်ခဲ့တဲ့ နှစ်၁၀၀၀ မင်းနဲ့ငါ တိုက်ခဲ့တုန်းက သရေဖြစ်ခဲ့တယ် … အခု ထပ်တိုက်ချင် နေတာလား…”
ပြောပြီးသည်နှင့် သူက ပခုံးပေါ်မှ ဖားပြုပ်ကို ပွတ်သပ်ပေးပြီး ကျောချမ်းဖွယ် ရယ်သံကြီးဖြင့် ရယ်လိုက်သည်။
ရှုလီချင်းက ခါးကုန်းကြီးအား စိုက်ကြည့် လိုက်သည်။ မကြာမီ သူတို့ကြားတွင် စိတ်စွမ်းအင်များက လှိုင်းတံပိုးများကဲ့သို့ ရုန်းကြွလာသည်။ သို့သော်လည်း စိတ်စွမ်းအင်များက ပြန်လည် တည်ငြိမ်လာပြီး သူတို့ကလည်း တစ်ယောက်နှင့် တစ်ယောက် အကြည့်လွှဲလိုက် ကြသည်။
ထိုအချိန်တွင် ဘေးဘက်မှ ကြည့်နေသည့် ရှေးဟောင်း အင်ပါယာက ရုတ်တရက် ပြောလိုက်သည် … “အားလုံး ဒါကို ကြည့်ကြစမ်း … အဆင့်၄နိုင်ငံက ရေခဲလေ အကာအကွယ် ဂိုဏ်းကနေ ခိုးလာတာ … ဒါက ပထမစမ်းသပ်မှုကို တစ်ဝက်ကျော်လောက် အောင်မြင်စေလိမ့်မယ်…”
ရှုလီချင်းကလည်း အေးစက်စွာ ပြောလိုက်သည်… “ပထမစမ်းသပ်မှုရဲ့ ဒုတိယ တစ်ဝက်ကို ငါ ဖြေရှင်းပေးပါ့မယ်…”
ခါးကုန်းကြီးက မျက်နှာပေါ်မှ အဖုများကို ပွတ်သပ်ပြီး အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်… “ဒုတိယ စမ်းသပ်မှုကို ဒီအဘိုးကြီးက ဖြေရှင်း ပေးရမှာပေါ့… အဲဒီကျရင် သေချာ ကြည့်ထားကြ…”
သွမ့်မူကျိက ဝမ်ချင်းယွဲ့ကို ကြည့်ပြီး ပြောလိုက်သည် … “အဲဒီလူက ဝမ်ချင်းယွဲ့ … သူက ငါတို့အတွက် အသုံးဝင်တဲ့ ဒြပ်စင်၅မျိုး လွတ်မြောက်ခြင်း နည်းစနစ်ကို တတ်ကျွမ်း ထားတယ်… ဒီကောင်လေးကတော့ သေဆုံးခြင်း မန္တန်ကို တတ်မြောက် ထားတယ် … တတိယ စမ်းသပ်မှုရဲ့ နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုက သူ့အပေါ်မှာပဲ မူတည်နေတယ်…”
ခါးကုန်းကြီးကို ဝမ်လင်းကို ဝေ့ကြည့်လိုက် သော်လည်း ဘာမှတော့ မပြောချေ။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ထူးဆန်းသော အစီအရင်များကို လက်ဖြင့် ဖန်တီးပြီး ရွှေ့ပြောင်းရေး အစီအရင်အတွင်းသို့ လျှောက်ဝင် သွား၏။ အစီအရင်များစွာကို ထုတ်သုံးပြီး နောက်တွင် အစီအရင် တစ်ခုလုံးက အတွင်းမှစ၍ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်လာသည်။ ရွှေ့ပြောင်းရေး အစီအရင်အတွင်းမှ အစိမ်းရောင် အငွေ့များလည်း ထွက်လာပြီး နောက်ဆုံးတွင် အစီအရင် တစ်ခုလုံး တစ်စစီ ဖြစ်သွား၏။ ထို့နောက် ရှုလီချင်းသည် အစီအရင်အတွင်းသို့ ဖြတ်လျှောက် သွား၏။
သူက ခြေတစ်လှမ်း လှမ်းတိုင်း မြေပြင်ပေါ်တွင် စိတ်စွမ်းအင် အငွေ့အသက်များကို ချန်ထားခဲ့သည်။ တဖြည်းဖြည်းနှင့် သူ၏ လှုပ်ရှားမှုက မြန်လာပြီး သူ့နောက်တွင် ပုံရိပ်များ ဖြစ်ပေါ်လာသည်။ နောက်ဆုံး၌ သူ၏နောက်ချန် ပုံရိပ်များအားလုံး ပျောက်ကွယ် သွားပြီး သူ၏မူလခန္ဓာကိုယ် တစ်ခုတည်းသာ ရွှေ့ပြောင်းရေး အစီအရင်၏ အလယ်တွင် ကျန်ရစ်ခဲ့၏။
ထို့နောက် သူ့လက်က လှုပ်ရှားသွားပြီး ပစ္စည်းတချို့ကို ထုတ်ယူလိုက် သကဲ့သို့ ပါးစပ်မှလည်း ခရမ်းရောင် မီးတောက် တစ်မျိုးကို အန်ထုတ် လိုက်သည်။ ပစ္စည်းများ အားလုံးသည် မီးတောက်နှင့် ထိသွားသည်နှင့် ချက်ချင်း အရည်ပျော် သွားကြ၏။
ရှုလီချင်းသည် လက်ချောင်းများဖြင့် ညွှန်လိုက်ရာ အရောင် အမျိုးမျိုး ရောနှောနေသည့် အရည်များက ရွေ့လျားသွားပြီး အစီအရင်၏ နေရာ တစ်ခုအတွင်းသို့ ဝင်သွား၏။ အရည်များ အားလုံး အစီအရင်ထဲသို့ ဝင်သွားပြီးနောက် ပျက်စီးနေသည့် အစီအရင်က တုန်ခါလာသည်။
ထိုအခါ ရှုလီချင်း ရှိနေသည့်နေရာတွင် နောက်ထပ် ရွှေ့ပြောင်းရေး အစီအရင်တစ်ခု ထွက်ပေါ်လာ၏။ ယခင် တစ်ခုထက်စာရင် ယခုအစီအရင်၏ သင်္ကေတ အရေအတွက်သည် နှစ်ဆ ပိုမို များပြားလာသည့်အပြင် ကောင်းကင်ပေါ်ထိ ထိုးတက်နေသော အလင်းတိုင် ၁၀ခုလည်း ရှိနေသည်။
ရှုလီချင်းက လေကို ပြင်းပြင်း ရှူသွင်းပြီး အော်ပြောလိုက်သည်… “ရွှေ့ပြောင်းရေး အစီအရင်က ပွင့်ပြီ … ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေ ပစ်ပေးလိုက်တော့… ဒီတစ်ကြိမ်တော့ ငါက ၄ခု သုံးရမယ်…”
ပြောပြီးသည်နှင့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး၄ခုက သူ၏သိုလှောင်အိတ် အတွင်းမှ ထွက်လာသည်။ စိတ်ဝိညာဉ် ကျောက်တုံး ၄ခုသည် အလင်းတိုင်း တစ်ခုစီသို့ ပျံသန်းသွားပြီး အလင်းတိုင်း အတွင်းသို့ ရောက်သောအခါ ရပ်တန့်သွား၏။
ထိုပြောင်းလဲမှုက ကိုယ်ပွားနှင့် တိုက်ခိုက်နေသည့် ဝမ်ချင်းယွဲ့၏ စိတ်အာရုံကို ဆွဲဆောင်သွားပြီး တိုက်ခိုက်ရာတွင် စတင် ရှုံးနိမ့်လာသည်။ ကိုယ်ပွားက သူ့ထက် အဆင့်တစ်ဆင့် မြင့်နေသောကြောင့် ကိုယ်ပွား၏ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်တွင် အမှားတစ်ခု လုပ်မိရုံဖြင့် သေသွားနိုင်သည်။ သို့သော်လည်း သူက ပိုပြီးတိုက်လေ သူ၏မျက်လုံးက ပိုပြီး လင်းလက်လာပြီး သူ၏မျက်လုံးမှ သွေးဆာမှုကလည်း ပိုပြီး တိုးပွားလာသည်။
သူက ရွှေ့ပြောင်းရေး အစီအရင်၏ ပြောင်းလဲမှုများကို မြင်ပြီး တိုက်ခိုက်ရာတွင် တုံ့ဆိုင်းလာကာ အပျက်အစီး ကြယ်နယ်မြေမှ ထွက်လာခဲ့၏။ သူက သွမ့်မူကျိ၏နားသို့ ရောက်သောအခါ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၄ခုကို ကြည့်ပြီး မျက်လုံးထဲတွင် လိုချင် တပ်မက်စိတ်များ ပေါ်လာသည်။
သူက အပျက်အစီး နယ်မြေမှ ထွက်လာသည်နှင့် သူ၏ ကိုယ်ပွားသည်လည်း ကျောက်တုံးများ အဖြစ် ပြန်လည် ပြောင်းသွားပြီး နေရာတစ်ခုလုံးကို နှေးကွေးစွာ လှည့်ပတ်သွား၏။
ဝမ်လင်းသည် သူ့ကို ဆွဲဆောင်နိုင်စွမ်း ရှိသည့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများကို ကြည့်လိုက်သည်။ နတ်ဆိုးပင်လယ်သည် အလွန် ကျယ်ဝန်းလှသည့် အတွက် ရှေးဟောင်း ရွှေ့ပြောင်းရေး အစီအရင်များသာ မရှိလျှင် နတ်ဆိုးပင်လယ်ကို ဖြတ်ရန်အတွက် နှစ်ပေါင်းများစွာ ကြာသွားလိမ့်မည် ဖြစ်သည့်အပြင် အန္တရာယ်ကလည်း များပြားလှ၏။
သို့သော်လည်း ရွှေ့ပြောင်းရေး အစီအရင်တွင် သုံးရသည့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများသည် အလွန် ရှားပါးသည့်အတွက် နတ်ဆိုးပင်လယ် အတွင်းရှိ ရွှေ့ပြောင်းရေး အစီအရင် အားလုံးသည် နှစ်ပေါင်းများစွာ ပစ်ထားခံရပြီး ပျက်စီး ယိုယွင်းနေသည့် အခြေအနေသို့ ရောက်နေရသည်။ သူတို့ထဲမှ အများစုသည် လုံးဝ သုံး၍ မရတော့ချေ။
ထိုအချိန်တွင် ရှေးဟောင်း အင်ပါယာသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး၂ခုကို ထုတ်ယူလိုက်ပြီး အလွန် အရေးပါသော အကြည့်ဖြင့် ကြည့်ကာ အလင်းတိုင်းများဆီသို့ ပစ်လိုက်သည်။ အလင်းတိုင်များ အတွင်းသို့ ရောက်သောအခါ စိတ်ဝိညာဉ်ကျောက်တုံးများသည် ရပ်တန့် သွားကြ၏။
သွမ့်မူကျိသည် အံကြိတ်ပြီး သိုလှောင်အိတ် အတွင်းမှ နောက်ဆုံးကျန်သည့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး၂တုံးကို ထုတ်ယူကာ အလင်းတိုင်း အတွင်းသို့ ပစ်ထည့် လိုက်သည်။ ထိုအခါ အလင်းတိုင် ၁၀တိုင်တွင် ၈ခုသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများ ဖြည့်ပြီး ဖြစ်သည်။
နောက်ဆုံးကျန်သည့် ခါးကုန်းကြီးသည် ပခုံးပေါ်မှ ဖားပြုပ်ကို ပုတ်လိုက်ရာ ဖားပြုပ်၏ဗိုက်က ပြန့်ကားလာပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး၂တုံးကို အလင်းတိုင်၂ခု အတွင်းသို့ ထွေးထုတ်လိုက်သည်။
အလင်းတိုင် ၁၀ခုလုံးတွင် စိတ်ဝိညာဉ် ကျောက်တုံးများ ရောက်သွားသောအခါ အလင်းတိုင်းများက ရုတ်တရက် ပျောက်ကွယ်သွားပြီး အလင်းရောင် အားလုံးသည် စိတ်ဝိညာဉ် ကျောက်တုံးများ၏အပေါ်သို့ စုစည်းသွား၏။
ထိုအခါ စိတ်ဝိညာဉ် ကျောက်တုံး ၁၀ခုသည် နေ၁၀စင်းကဲ့သို့ တောက်ပနေပြီး သူတို့က ရွှေ့ပြောင်းရေး အစီအရင်ပေါ်သို့ တဖြည်းဖြည်း ကျလာပြီး နှေးကွေးစွာဖြင့် လည်လာသည်။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် စိတ်လှုပ်ရှား နေသည့်အသံဖြင့် အော်ပြော လိုက်သည်… “လွန်ခဲ့တဲ့ နှစ်၁၀၀၀က လူ၁၀၀ကျော် ဝင်ခဲ့တယ် … ဒါပေမဲ့ ငါတို့ကတော့ အတွင်းထဲထိတောင် မဝင်နိုင်ခဲ့ဘူး … ငါတို့က တတိယ စမ်းသပ်မှုမှာတင် နောက်ဆုတ်ခဲ့ရပြီး ငါတို့၄ယောက်ပဲ ကံကောင်းပြီး အသက်ရှင်ခဲ့တယ်… နှစ်၁၀၀၀ ကြာပြီးတဲ့ နောက်မှာတော့ ငါတို့ ၄ယောက်လုံးလည်း ကျင့်ကြံခြင်းမှာ နည်းနည်းလေးတော့ တိုးတက်ခဲ့ကြပြီ … တားဆီးထားတဲ့ အတားအဆီးတွေကို ဖြတ်ကျောက်ပြီး အထဲမှာ ဘာရှိလဲ သွားကြည့်ကြစို့…”
ရှေးဟောင်း အင်ပါယာ၏ မျက်လုံးသည် တောက်ပလာပြီး ရွှေ့ပြောင်းရေး အစီအရင်အတွင်းသို့ ခြေလှမ်း လှမ်းလိုက်သည်။
သူ့နောက်တွင် ခါးကုန်းကြီး၊ သွမ့်မူကျိနှင့် ရှုလီချင်းနှင့်အတူ ပါလာသော လူငယ်တို့က အသီးသီး ဝင်သွားကြ၏။ ဝမ်ချင်းယွဲ့သည် အနည်းငယ် စဉ်းစားပြီး အစီအရင် အတွင်းသို့ လျှောက်ဝင် သွားလိုက်သည်။ ဝမ်လင်းကတော့ ခေါင်းကို ငုံ့ပြီး အစီအရင် အတွင်းသို့ ဝင်လိုက်၏။ သူက ခေါင်းကို ငုံ့ထားသော်လည်း သူ၏မျက်လုံးများကမူ အရောင် တဖျက်ဖျက် လက်နေလေသည်။
သူတို့ ၇ယောက်လုံးက အစီအရင် အတွင်းသို့ ဝင်ပြီးနောက် ရှုလီချင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ရွှေ့ပြောင်းရေး အစီအရင်က စတင် လှုပ်ရှားလာသည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀ခုလုံး ကွဲကြေ သွားသောအခါ ထုထည်ကြီးမားပြီး အားကောင်းလှသော စိတ်စွမ်းအင်များက ပေါက်ကွဲ ထွက်လာသည်။ ထိုအခါ ဘေးနားရှိ တောင်များ အားလုံး အမှုန့်ဖြစ်သွားပြီး အပျက်အစီး ကြယ်နယ်မြေတောင်မှ လှုပ်ခါသွား၏။
စိတ်စွမ်းအင်များသည် အချိန် တော်တော်ကြာမှ ပျောက်ကွယ် သွားပြီး ရှေ့ပြောင်းရေး အလင်းတန်း သည်လည်း နောက်တစ်ကြိမ် သုံး၍ မရနိုင်သည်အထိ ပျက်စီး သွားလေသည်။
***
အပျက်အစီး ကြယ်နယ်မြေ အတွင်းရှိ လွင်ပြင်တစ်ခု၏ အပေါ်တွင် ဘဲဥပုံ အလင်းကွင်း တစ်ခု ရှိနေသည်။ အလင်းကွင်း၏ အထဲတွင် မည်းမှောင် နေသည်။
အလင်းကွင်း၏ အောက်တွင် ရွှေ့ပြောင်းရေး အစီအရင်တစ်ခု ရှိနေ၏။ ထိုအချိန်တွင် ရွှေ့ပြောင်းရေး အစီအရင်သည် စတင် တောက်ပလာပြီး ပုံရိပ်၇ခု ပေါ်လာသည်။
ရှေးဟောင်း အင်ပါယာသည် အစီအရင်ထဲမှ အရင်ဆုံး ထွက်လိုက်ပြီး ဘဲဥပုံ အလင်းကွင်းကို စွဲလမ်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက အလင်းကွင်း၏ ဘေးနားသို့ ခုန်လိုက်ပြီး အလင်းကွင်းကို ပတ်ကာ ပြောလိုက်သည်… “ကြည့်ရတာ ဒီနှစ်၁၀၀၀ အတွင်းမှာ ဘယ်သူမှ မလာကြဘူးနဲ့ တူတယ် … ငါတို့ချန်ထားခဲ့တဲ့ အစီအရင်က လက်ရာမပျက် ရှိနေတုန်းပဲ…”
ပြောပြီးသည်နှင့် သူက လက်ကို ထုတ်ပြီး အလင်းကွင်းကို ထပ်ပတ်လိုက်ရာ အနက်ရောင် အမျှင်များက ထွက်လာပြီး သူ့လက်အတွင်းသို့ ဝင်သွား၏။
သွမ့်မူကျိ၊ ရှုလီချင်းနှင့် ခါးကုန်းကြီးတို့သည် ထိုစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားဟန်ဖြင့် လေကို ရှူထုတ်လိုက်သည်ကို ဝမ်လင်း သတိပြုမိ လိုက်သည်။
သူက အပျက်အစီး ကြယ်နယ်မြေ အတွင်းမှ လွင်ပြင်ကို ကြည့်လိုက်သော အခါ မည်သည့်အရာမှ ရှိမနေချေ။ လွင်ပြင်က အဆုံးမရှိသကဲ့သို့ မည်းမှောင်သော ကောင်းကင်ကြီး ကလည်း အဆုံး မရှိချေ။ ဤနေရာသည် အားကောင်းသော ကန့်သတ်ချက်များ ရှိသည့် နေရာတစ်ခု ဖြစ်ကြောင်း ဝမ်လင်း နားလည်သွား၏။
နယ်မြေ တစ်ခုလုံးသည် တိတ်ဆိတ်နေပြီး အသက်ရှိ လက္ခဏာများလည်း ရှိမနေချေ။
***