အခန်း (၁၆)

မှော်ဝင်စာလုံးတန်ခိုးစွမ်းအား

အခန်း (၁၆) မှော်ဝင်စာလုံးတန်ခိုးစွမ်းအား

ကျန်းလန် ဝိညာဉ်စကားမန္တန်ကျမ်းကို စတင်ဖတ်ရှုလိုက်သည်။

အစပိုင်း အနည်းငယ် ဖတ်ရှုပြီးသည်နှင့် သိပ်ပြီး အစွမ်းမထက်လှသည့် မန္တန်တစ်ခုဖြစ်ကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။

ဝိညာဉ်စကားမန္တန်ဆိုသည်က စကားလုံးများထဲတွင် တန်ခိုးစွမ်းအားများ ထည့်သွင်းထားခြင်း ဖြစ်သည်။ “မှော်ဝင်စာလုံး တန်ခိုးစွမ်းအား” နှင့် ခပ်ဆင်ဆင် တူလေသည်။

ကျင့်ကြံသူတစ်ယောက် ဝိညာဉ်စကားမန္တန်ကို တတ်မြောက်သွားပါက နှုတ်မှ စကားဆိုလိုက်ရုံဖြင့် အရာဝတ္ထုများကို အမိန့်ပေးနိုင်မည် ဖြစ်လေသည်။

ဥပမာဆိုရသော်…

ကျန်းလန်က ကြီးမားသည့်ကျောက်တုံးကြီးတစ်တုံးကိုကြည့်ပြီး…

“ထစမ်း…”

ဟု အမိန့်ပေးလိုက်လျှင် ကျောက်တုံးကြီးက လေထဲသို့ ချက်ချင်း ပျံတက်လာပေလိမ့်မည်။

အနည်းငယ် ရိုးရှင်းသော်လည်း ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ထူးခြားသည့် လှည့်ကွက်လေးများ ပြုလုပ်နိုင်မည် ဖြစ်သည်။

နှုတ်ဖြင့်အမိန့်ပေးလိုက်သည်နှင့် အရာဝတ္ထုများကို ထိန်းချုပ်နိုင်မည် ဖြစ်လေသည်။

သို့သော်… အကန့်အသတ်အနည်းငယ်တော့ ရှိ၏။

အမိန့်ပေးခံရမည့် အရာဝတ္ထု သို့မဟုတ် အခြေအနေတစ်ခုခုက အလွန်ရှုတ်ထွေးနေလျှင် မန္တန်က အလုပ်လုပ်တော့မည် မဟုတ်ပေ။  ထို့ပြင် … စကားအရှည်ကြီးပြောမိလျှင်လည်း မန္တန်က အလုပ်လုပ်မည် မဟုတ်ပေ။

ရိုးရှင်းလေ မန္တန်က အစွမ်းထက်လေ ဖြစ်သည်။

“စိတ်ဝင်စားစရာတော့ ကောင်းသားပဲ…”

ဟု ကျန်းလန်တွေးလိုက်၏။

ထို့နောက် ကျန်းလန် စာအုပ်တစ်အုပ်လုံးကို သေသေချာချာ ဖတ်ရှုလိုက်သည်။ ဖတ်ရှုပြီးသွားသည်နှင့် မန္တန်ကို စတင်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်စကားမန္တန်က သိပ်ပြီး အသုံးမဝင်လှသော်လည်း သစ်ရွက်အမြင်တန်ခိုးစွမ်းအားနှင့် ပေါင်းစပ်အသုံးပြုပါက လှည့်ကွက်များကို ပညာသားပါပါ ပြုလုပ်နိုင်မည် ဖြစ်သည်။

မသိလျှင်… “မှော်ဝင်စာလုံးတန်ခိုးစွမ်းအား” အသုံးပြုနေသကဲ့သို့ ထင်မှတ်မှားစရာ ရှိသည်။

မှော်ဝင်စာလုံးတန်ခိုးစွမ်းအားဆိုသည်က အလွန်မြင့်မားသည့် တန်ခိုးစွမ်းအားဖြစ်ပြီး အင်မော်တယ်များပင် အသုံးပြုနိုင်ရန် ခက်ခဲလှသည်။

“ငါ… ဒီမန္တန်ကို သင်တော့သင်ထားသင့်တယ်… တစ်နေ့နေ့မှာတော့ အသုံးဝင်လာနိုင်တယ်…”

ကျန်းလန် ရေရွတ်လိုက်၏။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာကို ကျင့်ကြံပြီးနောက်ပိုင်း ကျန်းလန် အရာအားလုံးကို လျှင်မြန်စွာ သယ်ယူနိုင်စွမ်း ရှိလာခဲ့သည်။

သို့သော်… ကျန်းလန်က သင်ယူသင့်သည့်အရာနှင့် မသင်ယူသင့်သည့်အရာကို အမြဲတမ်း ခွဲခြားထားလေ့ရှိသည်။

ကျင့်စဉ် (သို့မဟုတ်) မန္တန်တစ်ခုကိုသင်ယူတော့မည်ဆိုလျှင် တကယ်တမ်း အသုံးဝင်မှသာ သူက သင်ယူလေ့ရှိသည်။

အသုံးမဝင်သည့်အရာများကို သင်ယူနေခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့်… ကျန်းလန်က မလိုအပ်သည့်အရာများကို အချိန်ဖြုန်းတီး လေ့လာသင်ယူလေ့မရှိပေ။

ကျင့်ကြံရန်အတွက်လည်း အချိန်များစွာ ပေးရဦးမည် မဟုတ်ပါလား။

ကျင့်ကြံခြင်းက သူ့အတွက် အဓိကအကျဆုံး ကိစ္စကြီး ဖြစ်လေသည်။

…………

ထိုသို့ဖြင့်…

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ နေပင်အတော်မြင့်နေပြီ ဖြစ်သည်။

သို့သော်… အရှေ့ဆီတွင်တော့ မြူခိုးများက အုံ့မှိုင်းနေဆဲပင်…။ မြူခိုးများက ပျောက်ကွယ်သွားမည့်လက္ခဏာ လုံး၀ မရှိပေ။

ဝိညာဉ်စကားမန္တန်ကို ကျန်းလန် ကျင့်ကြံအောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်… သူက မန္တန်ကို ချက်ချင်းပင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က မြူခိုးများရှိရာသို့ စိုက်ကြည့်လိုက်ပြီး လက်ကို အသာအယာဝှေ့ရမ်းလိုက်သည်။

ထို့နောက်… အေးဆေးသည့်လေသံဖြင့်…

“ပျောက်ကွယ်သွားစေ…”

ဟု ပြောလိုက်သည်။

“ဝှစ်…”

ကျန်းလန်၏ စကားသံဆုံးသွားသည်နှင့် လေတိုးသံအလား ဆူညံသံတစ်သံထွက်ပေါ်လာပြီး မြူခိုးများ ချက်ချင်းပင် လွင့်ပြယ်သွားလေသည်။

အခြားသူများသာ ရှိနေလျှင် ကျန်းလန် မည်သည့်တန်ခိုးစွမ်းအားအသုံးပြုလိုက်သည်ကို ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။ ကျန်းလန်က သဘာဝတရားကြီးကို အမိန့်ပေးစေခိုင်းနေသည်ဟု ထင်မှတ်သွားပြီး ကြောက်ရွံ့သွားကြပေလိမ့်မည်။

သို့သော်… လွင့်ပြယ်သွားသည့် မြူခိုးများက ချက်ချင်းပင် ပြန်လည်စုစည်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အုံ့မှိုင်းသွားပြန်သည်။ မြူခိုးများက ထူထပ်လွန်းသောကြောင့် မြူခိုးများအားလုံးကို ပျောက်ကွယ်သွားစေရန် ကျန်းလန် မတတ်နိုင်ခဲ့ပေ။

သို့သော်… ကျန်းလန်က အရေးမစိုက်ပေ။

သူက နောက်တစ်နည်း ထပ်မံစမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဆွဲငင်အားမန္တန်ဖြင့် အစီအရင်ပြုလုပ်ထားသည့် ပုလင်းလေးကို ကျန်းလန် ထုတ်ယူလိုက်သည်။

“ဒီ အစီအရင်နဲ့ ဝိညာဉ်စကားမန္တန်ပေါင်းစပ်လိုက်ရင် ပိုပြီး အလုပ်ဖြစ်မယ်ထင်တယ်…”

ထိုသို့တွေးလိုက်မိသည်နှင့် ကျန်းလန်က အစီအရင်ကို ထုတ်ဖော်လိုက်ပြီး ဝိညာဉ်စကားမန္တန်နှင့် ပေါင်းစပ်လိုက်သည်။

ထို့နောက် တည်ငြိမ်သည့်လေသံဖြင့်…

“ပျောက်ကွယ်သွားစေ…”

“ဝှစ်…”

ယခုတစ်ကြိမ်တွင်တော့… မြူခိုးများက ပိုမိုလျှင်မြန်စွာ ပျောက်ကွယ်သွားသည့်အပြင် မြူခိုးများပျောက်ကွယ်သွားသည့် ဧရိယာကလည်း စောစောကထက် ပိုမိုကျယ်ပြန့်ကြောင်း တွေ့လိုက်ရသည်။

ကျန်းလန် အခြေအနေကို ခဏမျှ စောင့်ကြည့်နေလိုက်လေသည်။

သိပ်မကြာမီ… မြူခိုးများက တဖြည်းဖြည်း ပြန်လည် စုစည်းလာကြသည်။ သို့သော်… ယခင်ကအတိုင်း ထူထပ်စွာ ပြန်လည်စုစည်းမိရန်မှာတော့ အတော်လေး အချိန်ကြာမည် ဖြစ်သည်။

“ဒီပညာနှစ်ခု ပေါင်းလိုက်တော့ အတော်လေး အသုံးဝင်တာပဲ… ၊ ကြည့်ရတာ ဂိုဏ်းတူအစ်မ’လုန်’ လည်း ဒီလို ပေါင်းစပ်အသုံးပြုလို့ရမယ်ဆိုတာ နားလည်လောက်တယ်…”

ကျန်းလန်တွေးလိုက်သည်။

သူ စဉ်းစားနိုင်သည့်အရာကို လုန်ယွိလည်းစဉ်းစားနိုင်လိမ့်မည်ဟု ကျန်းလန် ယူဆလိုက်သည်။ သူမ၏ ပုံစံက ခပ်တုံးတုံးထဲတွင် မပါဝင်ပေ။

ထို့ကြောင့်လည်း… ဝိညာဉ်စကားမန္တန်ကို လုန်ယွိက သူ့ကို ပေးလိုက်ခြင်း ဖြစ်ဟန်တူသည်။

သို့သော်… ကျန်းလန် အတွေးများကို ချက်ချင်း ရပ်တန့်ပစ်လိုက်သည်။

ဝိညာဉ်စကားမန္တန်ကို ကောင်းကောင်း နားလည်သွားခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် စတင်ကျင့်ကြံရန် အချိန်ကျရောက်ပေပြီ…။

သို့သော်… ဤစည်းဝိုင်းအတွင်းတွင် ကျင့်ကြံမည်ဆိုပါက အခြားသူများ အချိန်မရွေး ရောက်ရှိလာနိုင်သည်။

ကျင့်ကြံနေစဉ်တွင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားအငွေ့အသက်များက ချီစွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မကိုက်ညီကြောင်း အခြားသူများ တွေ့ရှိသွားလျှင် ကျန်းလန်အတွက် ပြဿနာအကြီးအကျယ် ဖြစ်လာနိုင်သည်။

စည်းဝိုင်းအတွင်းမှ ထွက်ခွာသွားလျှင် ကောင်းလေမည်လားဟု ကျန်းလန်တွေးတောလိုက်မိလေသည်။

ထိုစဉ်မှာပင်…

“ဘုန်း…”

တောင်မြင့်ကြီးအနီးပတ်ဝန်းကျင်မှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ပေါက်ကွဲသံနှင့်အတူ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးတစ်ခုလည်း ဖြစ်ပေါ်လာပြီး မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။

ချက်ချင်းပင်… ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ ထူပိန်းမှောင်မိုက်လာလေသည်။

“ကလင်…”

ကျန်းလန်ကို ဝိုင်းပတ်ထားသည့် စည်းဝိုင်းက ချက်ချင်းပင် ကြည်ပြာရောင်အလင်းတန်းများ တောက်ပလာသည်။

ပတ်ဝန်းကျင်တွင် အန္တရယ်အငွေ့အသက် ဖြစ်ပေါ်လာသောကြောင့် စည်းဝိုုင်းမှ တန်ခိုးစွမ်းအားထွက်ပေါ်လာပြီး ကျန်းလန်ကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။

ကြီးမားလှသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးကို ခံစားလိုက်ရသည်နှင့် ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။ ကျင့်ကြံမည့်အစီအစဉ်ကို အကောင်အထည် ဖော်ရန် မဖြစ်နိုင်တော့ပေ။

မကြာမီ… ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် ငြိမ်သက်သွားလေသည်။

“အတော်လေးပြင်းထန်တာပဲ… ရွှေပြဒါးအမြုတေအဆင့်ပဲ ဖြစ်ရမယ်…”

ကျန်းလန် စိတ်ထဲမှ တွေးလိုက်သည်။

“ဒီကိစ္စတွေက… ရှင်းကျောက်နဲ့များ တစ်ခုခု ပတ်သက်နေမလားမသိဘူး…”

ထိုအချိန်မှာပင်…

“ဂါး…”

“ဂါး… ဂရား…”

“ဘူး…”

ငြိမ်သက်နေသည့် ပတ်ဝန်းကျင်တွင် မိစ္ဆာသားရဲအော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ မိုးနှင့်မြေတစ်ခုလုံးမှာလည်း သိမ့်သိမ့်တုန်လျှက် ရှိလေ၏။

“သားရဲဒီရေလှိုင်းများလား…”

ကျန်းလန် ရေရွတ်လိုက်သည်။

သားရဲဒီရေလှိုင်းဆိုသည်မှာ သာမန်အန္တရယ်တစ်ခု မဟုတ်ပေ။

ကြောက်မက်ဖွယ်ရာ မိစ္ဆာသားရဲများ အုံနှင့်ကျင်းနှင့် ရောက်ရှိလာခြင်း ဖြစ်ပြီး အလွန်ကြီးမားသည့် ဘေးအန္တရယ် ကပ်ဆိုးကြီးကျရောက်ခြင်း ဖြစ်လေသည်။

နဝမတောင်ထွတ်ရှိ စာကြည့်တိုက်ထဲမှ စာအုပ်အချို့တွင် သားရဲဒီရေလှိုင်းအကြောင်း ကျန်းလန် ဖတ်ရှုဖူးသည်။

သားရဲဒီရေလှိုင်း ဖြတ်သန်းသွားသည်နှင့် မြေပြင်တစ်ခုလုံး ညက်ညက်ကျေကာ ပျက်စီးသွားမည် ဖြစ်သည်။ မြက်ပင်တစ်ပင်လျှင် ပြန်လည်ပေါက်ရောက်ရန် မဖြစ်နိုင်တော့ပေ။

အတိတ်တစ်ချိန်က နတ်မိစ္ဆာမျိုးနွယ်များ ရင်ဆိုင်ခဲ့ရသည့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ကြီးက သားရဲဒီရေလှိုင်း မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း သက်သေပြနေလေသည်။

ထို့ကြောင့်… ဤနေရာတွင် သားရဲများ အုံလိုက်ကျင်းလိုက် ရောက်ရှိလာနိုင်သည့် သားရဲဒီရေလှိုင်းအန္တရယ် ဖြစ်ပေါ်လာရန် အလားအလာရှိပါက ကျန်းလန် အနေဖြင့် ဆက်လက်နေထိုင်ရန် မသင့်တော်တော့ပေ။

ကျန်းလန်အနေဖြင့် သားရဲဒီရေလှိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်မည်လား… ၊ လွတ်မြောက်အောင် ထွက်ပြေးမည်လားဆိုသည့် နည်းလမ်း (၂)ခု ရွေးခြယ်နိုင်လေသည်။

ကျန်းလန်ကတော့ ထွက်ခွာသွားရန်သာ ရွေးခြယ်မည် ဖြစ်သည်။

သို့သော်… ဤနေရာမှ သူ ထွက်ခွာသွားလျှင် အခြားတပည့်များ ရောက်ရှိလာပါက စည်းဝိုင်းအတွင်းသို့ ဆွဲခေါ်ပေးမည့်သူ ရှိမည် မဟုတ်တော့ပေ။

“ထားလိုက်တော့… ဘယ်တတ်နိုင်မလဲ… ၊ ငါ အခြေအနေ သွားပြီး နည်းနည်းလောက်လေ့လာမှ ဖြစ်မယ် ၊ ဒီနေရာမှာ ဒီအတိုင်းထိုင်ပြီး စောင့်နေလို့မှ မရတာ…”

ထိုသို့တွေးမိသည်နှင့် ကျန်းလန် စည်းဝိုင်းအတွင်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော်…

ကျန်းလန် စည်းဝိုင်းအတွင်းမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ကို ချောင်းမြောင်းကြည့်ရှုနေသည်ကို ခံစားလိုက်ရလေသည်။

“လာပြန်ပြီလားဟ…”

ပထမဆုံး ရှင်းကျောက်က သူ့ကို ထိုသို့ ချေင်းမြောင်းခဲ့ဖူးသည်။

ယခု… နောက်တစ်ယောက် လာရောက် ချောင်းမြောင်းနေပြန်လေပြီ…။

သူ့ကို တစ်စုံတစ်ယောက်က ချောင်းမြောင်းနေကြောင်း ခံစားလိုက်မိသည်နှင့် ကျန်းလန် စည်းဝိုင်းအတွင်းမှ ထွက်ခွာသွားမည့် အစီအစဉ်ကို လက်လျှော့လိုက်သည်။

ရန်သူ လှုပ်ရှားလာမည့်အချိန်ကို ကျန်းလန် စောင့်ကြည့်ရမည် ဖြစ်သည်။

ကျန်းလန် စည်းဝိုင်းအပြင်မထွက်တော့ဘဲ နေရာတွင်ပင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက်… ပုံမှန်ကျင့်စဉ်တစ်ခုကို အေးအေးဆေးဆေး ကျင့်ကြံနေလိုက်သည်။

ထိုသို့ဖြင့်…  ညနေခင်း အချိန်သို့ပင် ရောက်ရှိလာခဲ့လေသည်။

ထိုအချိန်အတောအတွင်း… တောင်မြင့်ကြီးပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ အကြိမ်ရေများစွာ ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများလည်း မကြာခဏ မြင့်တက်လာလေ့ရှိသည်။

သို့သော်… ကျန်းလန်ကို ဝိုင်းပတ်ထားသည့် စည်းဝိုင်းကိုတော့ လုံး၀ ထိခိုက်ခြင်း မရှိပေ။

ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများ ပေါက်ကွဲမှုကြောင့် မြေပြင်တစ်ခုလုံး ငလျင်လှုပ်သည့်အလား သိမ့်သိမ့်တုန်လျှက်ရှိလေသည်။ သို့သော်… ကျန်းလန်နေထိုင်ရာ စည်းဝိုင်းထဲတွင်တော့ သက်ရောက်မှု မရှိပေ။

မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံများကလည်း မကြာခဏ ထွက်ပေါ်လာလေ့ ရှိသည်။ မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံများကြားတွင် တစ်ခါတစ်ရံ နဂါးဟိန်းသံတစ်သံကိုလည်း ကြားရလေသည်။

သို့သော်… ကျန်းလန်က လုံး၀ မလှုပ်ရှားခဲ့ပေ။

သူ့ကို စောင့်ကြည့်နေသူကလည်း တစ်ချက်မှ လှုပ်ရှားခြင်း မရှိပေ။

ထိုသူက ကျန်းလန် စတင်လှုပ်ရှားမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ဟန်တူသည်။

သို့သော်… ကျန်းလန်ကလည်း လုံး၀ လှုပ်ရှားမည် မဟုတ်ပေ။ ရန်သူဘက်မှ စတင်လှုပ်ရှားလာမည်ကိုသာ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေမည့်သူ ဖြစ်သည်။

“ကဲ… ဘယ်သူ ပိုပြီး စိတ်ရှည်သလဲ ကြည့်ရအောင်…”

ထိုအချိန်မှာပင်… သူ့ကို စောင့်ကြည့်နေသည့် အကြည့်ပိုင်ရှင် တစ်ချက်လှုပ်ရှားသွားကြောင်း ကျန်းလန် ခံစားလိုက်မိသည်။

“ဟုတ်ပြီ…”

ထိုသူက သူ့ထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေလေသည်။

“ဟက်…  နောက်ဆုံးတော့… သည်းမခံနိုင်တော့ဘူး ထင်တယ် ၊ ထွက်လာပြီ…”

အမှန်တော့… သူ့ကို စောင့်ကြည့်နေသူ မည်သူဖြစ်ကြောင်း ကျန်းလန် သိချင်လွန်းလှပြီ ဖြစ်သည်။

သို့သော်… ရန်သူဘက်မှ လက်ဦးမသွားစေရန် စိတ်ကို အတော်လေး ဆွဲဆန့်ထားရခြင်း ဖြစ်၏။ သူ့ကို စောင့်ကြည့်နေသူက ဂိုဏ်းတူအစ်မ’လုန်’ မဟုတ်သည်ကတော့ သေချာလေသည်။

စောစောက… တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများကြောင့် မြေပြင်တစ်ခုလုံး တုန်လှုပ်နေသည်ကို အခွင့်ကောင်းယူပြီး ချောင်းမြောင်းနေသည့်လူက ကျန်းလန်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသည်။

သို့သော်… လုန်ယွိ ပြုလုပ်ထားသည့် စည်းဝိုင်းကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိပေ။

သိပ်မကြာမီ… ကျန်းလန်အနားသို့ တိုးကပ်လာသည့် ခြေသံတစ်သံကို ကြားလိုက်ရသည်။

ခြေသံက လေးလံလွန်းလှသည်။ ဒဏ်ရာရထားသူတစ်ယောက်၏ ခြေသံနှင့် ဆင်တူကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။

ကျန်းလန် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်လေသည်။

ထိုအခါ… မြူခိုးများအလယ်တွင် ဖြည်းဖြည်းချင်းလမ်းလျှောက်လာသည့် လူရိပ်တစ်ရိပ်ကို တွေ့မြင်လိုက်ရသည်။ ထိုသူကို ကြည့်ရသည်မှာ အလွန် အားနည်းနေဟန် ရှိသည်။

ထိုသူ မည်သူဖြစ်ကြောင်း ကျန်းလန် အလွန်ပင် သိချင်သွားမိလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset