သို့သော်လည်း ထိုအတွေးက ပေါ်လာပြီးသည်နှင့် ပြန်လည် ပျောက်ကွယ် သွား၏။ အဘိုးအိုသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုနေရာကို သွားသည့် ကိစ္စကြောင့်သာ မဟုတ်လျှင် မိုင်လျန်းကို သူ၏ လက်ရင်းတပည့် အဖြစ် သိမ်းသွင်းမိမည် ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် မိုင်လျန်းသည် အသက်ရှင်လျက် ရှိနေပါဦးမလား ဆိုတာကပင် မသေချာပေ။
ထိုအချိန်တွင် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ခေါင်းကို မော့ကာ အဝေးသို့ ကြည့်လိုက်သည်။ ဝမ်လင်းကလည်း အဝေးမှ စိတ်စွမ်းအင် လှုပ်ရှားမှုတစ်ခုကို သတိပြုမိလိုက်၏။
အညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လည်စည်းပဝါနှင့် ကျောင်းတော်သားကဲ့သို့ လူတစ်ယောက်သည် အဝေးမှ ပျံသန်းလာသည်ကို ဝမ်လင်း မြင်လိုက်ရသည်။ ထိုလူ၏ မျက်နှာသည် နှင်းကဲ့သို့ ဖြူနေပြီး မျက်လုံးထဲတွင် အေးစက်မှု အရိပ်အယောင်များ ရှိနေသည်။
ထိုလူက ကောင်းကင်ပေါ်မှ ဆင်းသက် လာပြီးနောက် သူက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်… “သွမ့်မူကျိ… ငါ့ရဲ့ မြေကြီးလှေက အသုံးဝင်ရဲ့လား…”
ဝမ်လင်းသည် မိစ္ဆာသခင်၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်ရသကဲ့သို့ ထိုလူကြီး၏ အဆင့်ကိုလည်း မမြင်ရချေ။ ထို့ကြောင့် သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်သည် တူညီသည်ဟု သတ်မှတ် လိုက်သည်။
မိစ္ဆာသခင် သွမ့်မူကျိက နှာခေါင်းကို ရှုံ့ပြီး မြေကြီးလှေကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။
“အသုံးဝင်တာကတော့ လေလည်နေသလိုပဲ … မင်းမို့လို ဒီလို ပျက်စီးနေတဲ့ဟာကို ရတနာလို့ သတ်မှတ်တယ်… မင်းက ဒီအစုတ်ပလုတ်ကို အလကား ပေးရင်တောင် ငါက မယူဘူး…”
မီးခိုးရောင်ဝတ် လူကြီးသည် မြေကြီးလှေကို ညာလက်ဖြင့် ဖမ်းယူပြီး သိမ်းဆည်း လိုက်သည်။ သူ၏အကြည့်က ဝမ်လင်း၏အပေါ်သို့ ရောက်သွားပြီး သွမ့်မူကျိအား မေးလိုက်သည်… “ဘာလို့ အမြုတေ ဖွဲ့တည်ခြင်း အဆင့် ဂျူနီယာ တစ်ယောက် ပါနေတာလဲ…”
“သူက အသုံးဝင်လို့ပေါ့ဟ… သွားရအောင်… အဲဒီနေရာက ပွင့်တော့မယ်…”
ပြောပြီးသည်နှင့် သူက ဘူးသီးခြောက်ဘူးကို ရှေ့သို့ ပစ်လိုက်ရာ ဘူးသီးခြောက်ဘူးက ချက်ချင်း ကြီးသွားပြီး သူက ဘူးသီးခြောက်ဘူး ပေါ်သို့ ခုန်တက် လိုက်၏။
ဝမ်လင်းသည် မီးခိုးရောင်ဝတ် လူကြီးကို တစ်ချက်ကြည့်ပြီး ဘူးသီးခြောက်ဘူး ပေါ်သို့ တက်လိုက်သည်။ မီးခိုးရောင်ဝတ် လူကြီးသည် ရောက်လာသည်နှင့် သူ့အား နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေး သွားသောကြောင့် သူက အလွန် သတိထားနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် သွမ့်မူကျိထံမှ တိတ်တဆိတ် ပို့လွှတ်လိုက်သော အသံတစ်ခုက သူ့နားထဲသို့ ရောက်လာသည်… “ဒီလူက ဝမ်ချင်းယွဲ့လို့ ခေါ်တယ်… အဆင့်၄ နိုင်ငံတစ်ခုက ယင်ယန်ဂိုဏ်းကနေ ပို့လိုက်တဲ့ တမန်တော် တစ်ယောက်ပဲ… သူ့ရဲ့ကျင့်ကြံခြင်း အဆင့်က ကြောက်ဖို့ကောင်းတယ်… ဒါကြောင့် သူ့ကို ဒေါသထွက်အောင် မလုပ်နဲ့…”
ဝမ်လင်း၏ အမူအရာက မပြောင်းလဲသော်လည်း သူ၏ စိတ်ထဲတွင်တော့ ပိုပြီး နိုးနိုးကြားကြား ရှိသွား၏။ သူတို့ ၃ယောက်သည် နတ်ဆိုးပင်လယ် အတွင်းသို့ လျင်မြန်စွာဖြင့် ဝင်လာကြသည်။ လမ်းတစ်လျှောက်လုံး ဝမ်လင်းက ဝမ်ချင်းယွဲ့ကို သေချာ အကဲခတ်နေ၏။ ဝမ်ချင်းယွဲ့၏ ခြေထောက်အောက်တွင် မည်သည့်ရတနာမှ ရှိမနေချေ။ သို့သော်လည်း သူ၏အမြန်နှုန်းက ဘူးသီးခြောက်ဘူးကဲ့သို့ မြန်နေသည်။ သူ၏ရှေ့ရှိ ၃မီတာခန့်မှ မြူများသည်လည်း အလိုအလျှောက် ဘေးသို့ ဖယ်သွားကြ၏။
မကြာမီ သူတို့ ၃ယောက်သည် နတ်ဆိုးပင်လယ်၏အပြင်ဝန်းသို့ ရောက်လာကြပြီး နန်ဒူမြို့သည် သူတို့၏ရှေ့တွင် ပေါ်လာသည်။ သို့သော်လည်း သူတို့က ရပ်နားခြင်း မရှိဘဲ ဆက်လက် ပျံသန်း သွားကြသည်။
လမ်းတစ်လျှောက်တွင် သူတို့နှင့် မျက်နှာချင်းမိကြသည့် ကျင့်ကြံသူတိုင်းသည် သူတို့အား ချက်ချင်း ရှောင်၍ ထွက်သွားကြ၏။ တချို့ဆိုလျှင် ဘူးသီးခြောက်ဘူးကို မြင်ပြီး ဘေးတွင် လေးလေး စားစားဖြင့် ရပ်နေကြသည်။ ဘူးသီးခြောက်ဘူးက သူတို့၏မြင်ကွင်းမှ ပျောက်ကွယ် သွားမှသာ သူတို့ သွားလိုရာကို ဆက်သွားကြ၏။
ဝမ်ချင်းယွဲ့၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူက ပျံသန်းရင်းဖြင့် မေးလိုက်သည်… “မိစ္ဆာသခင်ရဲ့ ဂုဏ်သတင်းက ဘယ်ဆိုးလို့လဲ … အပြင်ဝန်းက လူတွေတောင် မင်းကို မှတ်မိနေကြတယ်…”
သူတို့၏ အမြန်နှုန်းက အလွန် လျင်မြန်သော်လည်း စကားသံများကတော့ ကြည့်လင်စွာ ကြားနေရ၏။ သွမ့်မူကျိသည် သူ့အား တစ်ချက် ပြန်ကြည့်ပြီး ပြောလိုက်သည်… “အတွင်းဝန်းကို ရောက်ရင် ငါ့ကို သိတဲ့လူတွေ ပိုတောင် များလာဦးမယ်… အဲဒါကို မင်း မြင်ပြီးရင် ပိုပြီးတော့တောင် ငါ့ကို ပြောမှာ သေချာတယ်…”
ဝမ်ချင်းယွဲ့က ရယ်လိုက်ပြီး ဝမ်လင်းအား ကြည့်ကာ သွမ့်မူကျိအား ပြောလိုက်သည်… “မင်းက အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ခေါ်လာတာ ဆိုတော့ သူ့ကို သေဖို့ မေးပြီးပြီလား…”
သွမ့်မူကျိက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည် … “ဒီကောင်လေးကို အထင်မသေးနဲ့ … သူက သေဆုံးခြင်း မန္တန်ကို တတ်ထားတယ်… သေဆုံးခြင်းမန္တန်က တတိယ နယ်ပယ်မှာ အရမ်း အသုံးဝင်တယ်…”
ဝမ်ချင်းယွဲ့သည် မှင်တက်သွားသော်လည်း သူ၏ မျက်လုံးများက ယခင်ကထက် ပိုမို တောက်ပလာသည်။ သူက ထူးဆန်းသည့် အပြုံးတစ်ခုကို ပြုံးပြီး ခေါင်းကို ခါလိုက်သည်။
“စိတ်မကောင်းစရာပဲ… မင်းသာ စဦးစိတ်ဝိညာဉ် အဆင့်ဆိုရင် ငါ မင်းနဲ့ တိုက်ခိုက်မိမှာ…”
ဝမ်လင်းကတော့ ဘာမှမပြောဘဲ တိတ်ဆိတ် နေလေသည်။
ဝမ်ချင်းယွဲ့သည် သွမ့်မူကျိအား စိုက်ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်… “သွမ့်မူကျိ… မင်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကလည်း သွားပြီးပြီ… ရတနာတချို့လည်း မင်း ရခဲ့တယ်မလား… ဘာလို့ ပြန်သွားချင်နေတာလဲ… အဲဒီနေရာ အတိအကျကရော ဘယ်နေရာမှာလဲ … မင်းပြောတဲ့ဟာက အဲဒီနေရာမှာ တကယ်ရော ရှိလို့လား…”
သွမ့်မူကျိသည် မပြောခင် ခဏလောက် စဉ်းစားလိုက်သည်။
“ဒီဘူးသီးခြောက်ဘူးကို အဲဒီနေရာကနေ ရခဲ့တာ … ဝမ်ချင်းယွဲ့ ငါ မင်းကို ဒီလောက်ပဲ ပြောနိုင်မယ်… အဲဒီရောက်ရင် မင်းဘာသာ သိသွားလိမ့်မယ် … တောင်းပန်ပါတယ်…”
ဝမ်ချင်းယွဲသည် ဘူးသီးခြောက်ဘူးကို ကြည့်ပြီး ဘာမှ ဆက်မပြောတော့ဘဲ သွမ့်မူကျိ၏ နောက်မှ တိတ်ဆိတ်စွာပင် လိုက်သွား တော့သည်။
သူတို့ ၃ယောက်သည် အလွန်မြန်သည့်နှုန်းဖြင့် ပျံသန်းနေကြပြီး အချိန်က တဖြည်းဖြည်းနှင့် တစ်လ ကုန်သွား၏။
တစ်လအတွင်းတွင် သူတို့၃ယောက်သည် တစ်ခါမှ မနားခဲ့ကြပေ။ လမ်းတစ်လျှောက်တွင် မြို့၄မြို့ကို ဖြတ်ကျော်လာခဲ့ပြီး မြို့တိုင်းသည် ယခင်တွေ့ခဲ့သည့် မြို့ထက် ကျင့်ကြံသူများက ပိုမို များပြား လာသည်။
သည်နေ့တွင် သူတို့သည် ကြီးမား ကျယ်ပြန့်သော တောင်တန်း တစ်ခုဆီသို့ ရောက်လာကြသည်။ ထိုတောင်တန်းကြီးသည် မျက်လုံးဖြင့်ပင် အဆုံးထိ မမြင်နိုင်ပေ။ သွမ်းမူကျိသည် ဘူးသီးခြောက်ဘူးကို ထိလိုက်ပြီး တောင်တန်းဆီသို့ ပျံသန်း သွားလိုက်၏။
မကြာမီ သူက တောင်ထိပ် တစ်ခု၏ဘေးမှ ပတ်သွားပြီး တောင်ကြား တစ်ခုအတွင်းသို့ ဝင်လိုက်သည်။ ထိုတောင်ကြားသည် အသံတစ်သံပင် ထွက်နေခြင်း မရှိဘဲ အလွန် တိတ်ဆိတ်နေ၏။
သွမ့်မူကျိသည် ထိုနေရာနှင့် အလွန်ရင်းနှီး၏။ သူတို့သည် မကြာခင် အချိန်လေးအတွင်း တောင်ကြား၏ အလယ်သို့ ရောက်လာသည်။ သွမ့်မူကျိသည် ဘူးသီးခြောက်ပေါ်မှ ခုန်ဆင်းပြီး လက်တွင် အစီအရင်တစ်ခုကို ထုတ်ဖော် လိုက်သည်။ ထိုအခါ ထူးဆန်းသော လေတစ်ခု ထွက်ပေါ်လာပြီး ဘေးနား ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်း ပစ်လိုက်၏။
ဝမ်လင်းက ဘူးသီးခြောက်ဘူးပေါ်မှ ခုန်ဆင်း လိုက်သည်နှင့် စက်ဝိုင်းပုံသဏ္ဌာန် ဝင်္ကပါ အစီအရင် တစ်ခုကို တွေ့လိုက်ရသည်။ ဝင်္ကပါပေါ်တွင် သင်္ကေတများ မြောက်မြားစွာ ရှိနေပြီး ရှေးဟောင်း အော်ရာ တစ်ခုကို ထုတ်လွှတ်လျက် ရှိ၏။
ဝမ်ချင်းယွဲ့သည် ဝင်္ကပါကို မြင်ပြီးသောအခါ ထူးဆန်းသည့် အမူအရာတစ်ခု ပေါ်လာပြီး သွမ့်မူကျိကို ကြည့်ကာ လေးလေးနက်နက် တွေးလိုက်သည်။
သွမ့်မူကျိသည် သိုလှောင်အိတ်ကို ပုတ်ပြီး အဖြူရောင် တောက်ပနေသည့် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကို ဂရုတစိုက်ဖြင့် ထုတ်ယူလိုက်သည်။ သူက ဝမ်းနည်းသည့် အမူအရာဖြင့် ဝင်္ကပါ၏မြောင်းတစ်ခု အတွင်းသို့ ထည့်လိုက်၏။
သွမ်မူကျိက ရေရွတ်လိုက်သည်… “ဒီရွှေ့ပြောင်းရေး အစီအရင် အစုတ်ပလုတ်က စိတ်ဝိညာဉ် ကျောက်တုံးတွေကို စားဖို့ လုပ်ထားတာပဲ … ရွှေ့ပြောင်းပြီး သွားတာနဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးကလည်း ပျက်စီးသွားတယ်…”
ဝမ်ချင်းယွဲ့က စိတ်ဝိညာဉ် ကျောက်တုံးကို စိုက်ကြည့်ပြီး သူ၏မျက်လုံးက တောက်ပလာကာ မေးလိုက်သည်… “သွမ့်မူကျိ… ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးက အဲဒီနေရာက ရတာလား…”
သွမ့်မူကျိက ညည်းညူ လိုက်သည်… “ဟုတ်တယ် … အရင်က ငါက ၃ခုရခဲ့တယ် … မဟုတ်ရင် ဘယ်လိုလုပ် အဲဒီနေရာကို ဝင်နိုင်မှာလဲ … ဒါပေမဲ့လည်း ဒီရှေးဟောင်း ဝင်္ကပါကပဲ ငါတို့ကို အဲဒီနေရာ ပို့ပေးနိုင်တယ်… ငါနဲ့ သူငယ်ချင်း တချို့က ရှေးဟောင်းစာတွေကို ဖတ်ပြီး ဒီနေရာကို ရှာတွေ့ဖို့ နှစ်၁၀၀၀လောက် အချိန်ကုန်ခဲ့ရတယ်… ပြီးတော့ ငါတို့က ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ် ရဖို့ ဆုဇခုကနေ ငါတို့ရဲ့ စိတ်ဝိညာဉ် ကျောက်တုံး အများကြီးနဲ့ ရတနာပစ္စည်း တော်တော်များများကိုလည်း သုံးခဲ့ရတယ်…”
ဝမ်ချင်းယွဲ့သည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးကို ကြည့်ပြီး ပြောလိုက်သည်… “ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးက ဒီဂြိုဟ်ပေါ်မှာ အလွန်ရှားတယ် … ကြားရတာကတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးက ဂြိုဟ်တွေ အချင်းချင်း ပစ္စည်းတွေ ရောင်းဝယ်တဲ့အခါ သုံးတဲ့ အဓိက ငွေကြေးတစ်ခုပဲ … အဲဒီနေရာမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေသာ ရှိနေရင် ဝိညာဉ်အသွင်ပြောင်း ဆေးလုံး မရှိရင်တောင်မှ လာရတာ တန်သွားပြီ…”
သွမ့်မူကျိသည် ဝမ်လင်းအား ကြည့်ပြီး ရေရွတ်လိုက်သည်… “ဒီရွှေ့ပြောင်းရေး အစီအရင်က မင်း သုံးဖူးတဲ့ ရွှေ့ပြောင်းရေး အစီအရင်တွေနဲ့ မတူဘူး… ဒီအစီအရင်က အဲဒီနေရာကို တိုက်ရိုက် မပို့ပေးဘဲနဲ့ နတ်ဆိုး ပင်လယ်ထဲက အပျက်အစီး ကြယ်တွေပေါ်ကို ပို့ပေးလိမ့်မယ် … ငါတို့ အဲဒီကို ရောက်တာနဲ့ ငါ့ရဲ့သူငယ်ချင်း တချို့နဲ့ တွေ့ပြီး အဲဒီနေရာကို အတူသွားရလိမ့်မယ် … ငါတို့က ဒါမသုံးပဲနဲ့ အဲဒီကို ပျံသန်းသွားရင် နှစ်၁၀၀နဲ့တောင် ရောက်မှာ မဟုတ်ဘူး … အန္တရာယ်ကတော့ အပျက်အစီး ကြယ်တွေရဲ့ အပြင်ဘက်မှာတင် မကဘူး … အပြင်ဝင်းနဲ့ အတွင်းဝင်း ကြားထဲက အနီရောင် မြူတွေထဲမှာလည်း ရှိတယ်… ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင် ငါတို့က ဂရုစိုက်ရုံနဲ့ လုံလောက်ပြီ… ဒါပေမဲ့ မင်းကတော့ သေသွားနိုင်တယ်…”
သွမ့်မူကျိသည် အစီအရင် တချို့ကို ဖန်တီးပြီး ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ပို့လွှတ်လိုက်သည်။ ဝင်္ကပါ၏ အလယ်ရှိ စိတ်ဝိညာဉ် ကျောက်တုံးသည် တောက်ပလာပြီး ဝင်္ကပါမှ သင်္ကေတများကလည်း တောက်ပလာသည်။ သင်္ကေတအားလုံး တောက်ပ လာပြီးနောက် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးသည်လည်း တစ်စစီ ဖြစ်သွား၏။
ရွှေ့ပြောင်းရေး အစီအရင် တစ်ခုလုံးသည် ရုတ်တရက် လှုပ်ရှားလာပြီး ထုထည် ကြီးမားလှသော စိတ်စွမ်းအင်များကို ထုတ်လွှတ်လာသည်။ စိတ်စွမ်းအင်များက သိပ်သည်းလာပြီး မကြာမီတွင် စိတ်စွမ်းအင် ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ စိတ်စွမ်းအင် ဝဲကတော့သည် တဖြည်းဖြည်း ပိုပို၍ ကြီးမားလာ၏။
ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး သက်ပြင်း ချလိုက်ကာ စိတ်ဝိညာဉ် ကျောက်တုံးရှိသည့် မြောင်းလေးထဲသို့ ကြည့်လိုက်သည်။ ယခုအချိန်တွင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးသည် အမှုန့်ဖြစ်သွားပြီး လေနှင့်အတူ လွင့်ပါသွားလေပြီ။
သို့သော်လည်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးထဲရှိ စိတ်စွမ်းအင်များက ဝမ်လင်းအား ဆွဲဆောင်သွား၏။ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းက တောင်မှ ဤထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးထဲရှိ စိတ်စွမ်းအင်များကို မယှဉ်နိုင်ပေ။
သွမ့်မူကျိသည် ဝမ်လင်း၏ဘေးသို့ သွားလိုက်ပြီး ပြောသည်… “အထဲကို ဝင်…”
ဝမ်လင်းသည် သွမ့်မူကျိ၏ အတွေးများကို သိနေသည့်အတွက် စိတ်ထဲတွင် သရော်ပြုံး ပြုံးလိုက်သည်။ ဝမ်လင်းကို နောက်ဆုံးမှ ဝင်ခိုင်းပါက ပြဿနာများ ဖြစ်လာနိုင်သည်ကို ကြောက်လန့် နေခြင်းသာ ဖြစ်သည်။ ဝမ်လင်းက စိတ်စွမ်းအင် ဝဲကတော့ကို ဖြတ်လျှောက် သွားပြီး အစီအရင်၏ အလယ်တွင် ရပ်နေလိုက်သည်။
သွမ့်မူကျိသည် အလျင်အမြန် အစီအရင် အတွင်းသို့ လိုက်ဝင်လိုက်သည်။ သူ့နောက်တွင် ဝမ်ချင်းယွဲ့က ကပ်လျက် ပါလာသည်။ သူက အစီအရင်ထဲသို့ မဝင်ခင် အစီအရင်ကို စစ်ဆေး ကြည့်လိုက်သေး၏။
မကြာမီ စိတ်စွမ်းအင် ဝဲကတော့ကြီးက ရုတ်တရက် ရပ်တန့်သွားပြီး စတင် ပြိုကွဲလာသည်။ ထိုအခါ တောင်တန်း တစ်ခုလုံး လှုပ်ခါသွားပြီး ဝင်္ကပါအတွင်းရှိ သူတို့ ၃ယောက်လုံးက ထိုနေရာမှ ပျောက်ကွယ် သွား၏။
ထိုနေရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်ရန် အချိန်တော်တော် ယူလိုက်ရ၏။ မြူများက တဖြည်းဖြည်း အတွင်းထဲသို့ ပြန်ဝင်လာပြီး နေရာတစ်ခုလုံးကို မြူများဖြင့် ပြန်လည် ဖုံးအုပ်သွားသည်။
နတ်ဆိုးပင်လယ်သည် အလွန်ကြီးမားပြီး အတွင်းပင်လယ်နှင့် အပြင်ပင်လယ် (အတွင်းဝင်းနှင့် အပြင်ဝင်း)၏ ကြားထဲတွင် အနီရောင်မြူနယ်မြေ ရှိ၏။ တစ်ယောက်ယောက် ကသာ မြင့်မားသည့် ကျင့်ကြံမှု မရှိပါက သူတို့၏ ခန္ဓာကိုယ်သည် အနီရောင်မြူများနှင့် စတင် ထိတွေ့လိုက်သည်နှင့် ဆွေးမြည့်ပျက်စီး သွားမည် ဖြစ်သည်။ သူတို့၏ ဝိညာဉ်သည်လည်း လွတ်မြောက်နိုင်ခြင်း မရှိဘဲ အနီရောင်မြူများ အတွင်း၌ ထာဝရ ပိတ်မိနေတော့မည် ဖြစ်သည်။
ထိုအနီရောင် မြူများသည် အတွင်းပင်လယ်နှင့် အပြင်ပင်လယ် ကြားထဲရှိ သဘာဝ အတားအဆီးတစ်ခု ဖြစ်သည်။ ထိုအတားအဆီးကို တစ်နှစ်လုံးတွင် မြူများက ပင်လယ် အဖြစ်သို့ ပြောင်းသည့်နေ့ တစ်ရက်တည်းသာ ဖြတ်သန်းနိုင်၏။
ကျင့်ကြံသူ အများအပြားကတော့ ထိုရက်တွင်သာ သဘာဝ အတားအဆီးကို ဖြတ်၍ အသွားအလာ လုပ်ကြသည်။
အတွင်း ပင်လယ်ထဲတွင် အစွမ်းထက်သော ကျင့်ကြံသူများနှင့်လည်း ပြည့်နေပြီး သူတို့ထဲမှ အများစုသည် မကောင်းသတင်းဖြင့် ကျော်ကြားသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသာ ဖြစ်သည်။
အတွင်းပင်လယ်သည် အလွန် ကြီးမားလွန်းလှ သဖြင့် တစ်ယောက်ယောက် ကသာ ပျံသန်း၍ အတွင်းပင်လယ်ကို ဖြတ်မည်ဆိုလျှင် အနည်းဆုံး နှစ်၁၀၀ခန့် ကြာနိုင်သည်။ အတွင်းပင်လယ်၏ မြောက်ပိုင်း အစွန်အဖျားဒေသကို အပျက်အစီး ကြယ်များဟု ခေါ်ကြသည်။
ထိုနေရာသည် မြူများက ပင်လယ်ဖြစ်သည့် အချိန်တွင် မည်သည့် ပြောင်းလဲမှုမှ မဖြစ်သော နတ်ဆိုးပင်လယ်၏ နေရာတစ်ခု ဖြစ်၏။ ထိုနေရာတွင် ထူးဆန်းပြီး ပျက်စီးနေသည့် ကျောက်တုံးများက သဘာဝ အတားအဆီး သဖွယ် ထိုနေရာတစ်ခုကို ကာကွယ် ပေးထားသည်။
***
🌌