Switch Mode

အပိုင်း (၁၇၀)

ဝမ်လင်းက နောက်တစ်ဆင့် လုပ်ရန်အတွက် အလောင်းတောင်ကြားမှ ရရှိခဲ့သော ဓာတ်ပြုမီးပြင်းဖိုကို ထုတ်ယူလိုက်ပြီး အစောတုန်းက ရရှိထားသော အလင်းလုံးကို ဓာတ်ပြုမီးပြင်းဖိုထဲသို့ ထည့်ကာ မီးပြင်းဖို၏ အပေါ်တွင် အစီအရင်တစ်ခု ချလိုက်သည်။ လေထဲတွင် ဓာတ်ပြုမီးပြင်းဖိုက စတင်၍ လည်လာပြီး တဖြည်းဖြည်းနှင့် လည်နှုန်းက မြန်ဆန် လာသည်။

ရေမှန်တံခါးကို ကျောက်တံခါး၏ ပစ္စည်းအမြုတေနှင့် စိတ်ဝိညာဉ် အမြုတေ (စောစောကရတဲ့ အလင်းလုံးက စိတ်ဝိညာဉ် အမြုတေပါ) ဟူ၍ အဓိက အစိတ်အပိုင်း၂ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယခု သူက စိတ်ဝိညာဉ် အမြုတေကို ဖယ်ထုတ်ပြီး ဖြစ်၍ ကျောက်တံခါး၏ ပစ္စည်းအမြုတေကို တားဆီး ပိတ်ဆို့နေခြင်း ဖြစ်သည်။

ဝမ်လင်းက လက်ကို မြှောက်ပြီး ရေမှန်တံခါး၏ အပေါ်သို့ ဖိလိုက်သည်။ သူ၏နတ်ဘုရား စိတ်အာရုံက အခန်းထဲသို့ လျင်မြန်စွာ ဝင်သွားပြီးနောက် ဝမ်လင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။

ကျောက်တုံး အခန်းထဲတွင် မည်သည့်အရာမှ မရှိဘဲ အလောင်းကောင် တစ်ခုသာ ရှိနေပြီး အလောင်းကောင်ကို မပုတ်သိုး မဆွေးမြည့်စေရန် မမြင်ရသော အားတစ်ခုက ထိန်းသိမ်းထား၏။ အလောင်းကောင်က ထိုင်လျက် ပုံစံဖြင့် ရှိနေပြီး သူ၏ လက်ချောင်းက မြေပြင်ပေါ်သို့ ညွှန်ထားသည်။ အနက်ရောင် တစ်စွန်းတစ်စ အငွေ့အသက်များက သူ၏လက်ချောင်းမှ မြေပြင်ပေါ်သို့ စီးဝင်နေ၏။

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးပြီး‌နောက် သူ၏နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းကာ မေးစေ့ကို ပွတ်ပြီး စဉ်းစား လိုက်သည်။ ထို့နောက် သူက ဓာတ်ပြု မီးပြင်းဖိုကို ရပ်တန့်စေလိုက်ရာ စိတ်ဝိညာဉ် အမြုတေက ထွက်လာသည်။ ယခုအခါ စိတ်ဝိညာဉ် အမြုတေသည် ယခင်ကထက် အရောင်မှိန် သွား၏။

ဝမ်လင်းက စိတ်ဝိညာဉ်အမြုကို ကြည့်ပြီး ဓာတ်ပြုမီးပြင်းဖို အတွင်းသို့ ပြန်ထည့်လိုက်ရာ ဓာတ်ပြုမီးပြင်းဖိုက စတင်၍ လည်လာသည်။ ထိုအခါ သူ့အကြည့်က ဘေးမှ ရေမှန် တံခါးဆီသို့ ရောက်သွား၏။ သူက ရေမှန်တံခါး ၁၀ချပ်ကို ဖွင့်ပြီးနောက် သူ၏ အမူအရာက ထူးဆန်းလာသည်။

ဝမ်လင်းက သူ့ဘာသာ ရေရွတ် လိုက်သည်… “စစ်နတ်ဘုရား ဗိမာန်က ဘာတွေ လုပ်နေတာလဲ… ဒီနေရာက သင်္ချိုင်းများလား…”

အခန်းတိုင်းတွင် အလောင်းကောင် တစ်ကောင်မှလွဲ၍ မည်သည့်အရာမှ မရှိချေ။

ဝမ်လင်းက အခန်းများကို တစ်ချက် ဝေ့ကြည့်ပြီး သူ့ရှေ့မှ ရေမှန်တံခါးကို ဖွင့်ပြီး စစ်ဆေးကြည့်လိုက် ပြီးနောက် စိတ်ဝိညာဉ် အမြုတေကို ရေမှန်တံခါး အတွင်းသို့ ပြန်ထည့် ပေးလိုက်ရာ ရေမှန်တံခါးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ဝမ်လင်းက အခန်းများကို လိုက်လံ စစ်ဆေးကြည့်နေရင်း တစ်ခုခု ထူးခြား နေသည်ကို တွေ့လိုက်ရသည်။

သူ စစ်ဆေးနေသည့် အခန်းအတွင်းမှ အလောင်းကောင်သည် တခြားအခန့်မှ အလောင်းကောင်များနှင့် မတူညီချေ။ အလောင်းကောင်းက ထိုင်နေခြင်း မဟုတ်ဘဲ လေထဲတွင် ရှိနေပြီး အနက်ရောင် အငွေ့ အမျှင်တန်းများက နံရံဆီမှ ထွက်လာပြီး အလောင်းကောင်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်နေသည်။

ဝမ်လင်း၏ စိတ်ထဲတွင် ချက်ချင်း တင်းကျပ် သွား၏။

ထိုလူက မသေသေးပေ။ အသက်ရှိနေသည့် လက္ခဏာများက သူ့ကိုယ်ပေါ်တွင် ရှိနေ၏။

ဝမ်လင်းက အခန်းအတွင်းမှ နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းရန် ပြင်လိုက်သည့် အချိန်တွင် အထဲရှိ ခန္ဓာကိုယ်၏အောက်မှ ပိုးချည်ဖြင့် ပြုလုပ်ထားသည့် အိတ်တစ်လုံးကို သတိပြုမိ သွားသည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူက အလျင်စလိုဘဲ နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်း လိုက်သည်။

အခန်း၏ အပြင်ဘက်တွင် ဝမ်လင်းက ဓာတ်ပြုမီးပြင်းဖိုကို ကြည့်လိုက်သည်။ ထိုအခါ ဓာတ်ပြုမီးပြင်းဖို၏ လည်နှုန်းက လျော့ကျလာပြီး စိတ်ဝိညာဉ် အမြုတေကလည်း ကြည်လင်သော အရည်အဖြစ်သို့ အရည်ပျော်သွား၏။

ဝမ်လင်းက အရည် အနည်းငယ်ကို ထုတ်ယူပြီး အလုံးတစ်ခုအဖြစ် ပုံသွင်းကာ ပထမဆုံး ဖွင့်ခဲ့သည့် တံခါးဆီသို့ ပစ်လိုက်သည်။ ထိုအခါ ပထမဆုံးဖွင့်ခဲ့သည့် တံခါးက ယခင်အတိုင်း ပြန်ဖြစ်သွား၏။

ထို့နောက် သူ့စိတ်ထဲတွင် သူ့ရှေ့မှ အခန်းအတွင်းရှိ ခန္ဓာကိုယ်၏ အောက်မှ သိုလှောင်အိတ်က ပေါ်လာသည်။ ထိုသိုလှောင်အိတ်သည် ယခင်က မြင်ဖူးထားသည့် သိုလှောင်အိတ်များနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။ သို့သော်လည်း ဤနေရာသည် စစ်နတ်ဘုရား ဗိမာန်ဖြစ်သည်။ သူတို့က သူ့အား ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ခွင့် ပေးထားသည့်အတွက် ဤနေရာမှ ပစ္စည်းတစ်ခုကို ယူသွားရမှာ သူ့အတွက် ခက်ခဲနေသည်။

ထိုကျောက်တုံး အခန်းထဲတွင် သန့်စင်ထားသည့် ပစ္စည်းများ ရှိနေလျှင်တောင်မှ သူက ယူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအခန်းသည် ကျန်သည့် အခန်းများနှင့် လုံးဝကွဲပြားနေသည်။

ဝမ်လင်းက အကြိမ်ကြိမ် စဉ်းစားပြီး နောက်တွင် အသိဉာဏ်တချို့ ရသွား၏။ တခြားအခန်းမှ အလောင်းကောင်များသည် ထိုအခန်းမှ လူအတွက် ပြုလုပ်ပေးထားခြင်း ဖြစ်နိုင်သည်ဟု စိတ်ထဲမှ တွေးလိုက်သည်။

ထိုအကြောင်းကို တွေးနေသည့် အချိန်မှာတင် တခြား အတွေးတစ်ခုကိုလည်း အစဆွဲထုတ်မိ သွားသည်။ ထိုခန္ဓာကိုယ် အတွင်းသို့ ဝင်နေသည့် အနက်ရောင် အငွေ့များကလည်း အလောင်းကောင်များ၏ လက်ချောင်းမှ ထွက်နေသည့် အငွေ့နှင့် တူညီနေသည်။

ထိုအခါ သူ့အတွေးက ၉၀ရာခိုင်နှုန်းခန့် မှန်နိုင်သည်ဟု တွေးမိသွားပြီး စိတ်ထဲတွင် ထိတ်လန့်သွား၏။ ထိုလူသည် ကျင့်စဉ် အမျိုးအစားတစ်ခုကို လေ့ကျင့်နေခြင်း ဖြစ်ရမည်။ ဝမ်လင်းက ကျောက်တုံးအခန်း ၁၀၀ကျော်ကို ကြည့်ပြီး ထိုအခန်းများမှ အလောင်းကောင် များသည် ထိုလူ အသုံးပြုရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ရမည်ဟု တွေးလိုက်၏။

ဝမ်လင်း၏ စိတ်ထဲတွင် ထိုလူသည် စစ်နတ်ဘုရား ဗိမာန်မှ လူတစ်ယောက် မဖြစ်နိုင်ဟု စိတ်ထဲတွင် သံသယ ရှိနေသည်။

သူက ထိုအကြောင်းများကို သေချာ စဉ်းစားပြီး နောက်တွင် ဤနေရာသည် စစ်နတ်ဘုရား ဗိမာန်မှ ဘိုးဘေးများ အနားယူသည့် နေရာဖြစ်နိုင်ပြီး၊ တချို့ အကြောင်းများကြောင့် ထိုလူကို ဤနေရာတွင် ကျင့်ကြံခိုင်း ထားရခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်၏။

ထိုအကြောင်းကို စဉ်းစားနေသည့် အချိန်တွင် ရုတ်တရက် အအေးလှိုင်းများက သူ့ကို ဖြတ်သွားသဖြင့် သူက နောက်သို့ ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်ရသည်။ သူ့စိတ်ထဲတွင်လည်း မျက်လုံးတစ်စုံက သူ့အား စောင့်ကြည့် နေသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော်လည်း ဝမ်လင်းက အခန်းထဲရှိ သိုလှောင်အိတ်ပေါ်သို့ အကြည့်က ရောက်သွားပြီး သလင်းကျောက်ဓားကို ထုတ်ယူလိုက်သည်။

သလင်းကျောက်ဓားက တံခါး၏ ညာဘက် အောက်ခြေကို ဖြတ်ပြီး အပေါက်တစ်ခု ဖန်တီးလိုက်သည်။ ဝမ်လင်းက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး ဆွဲငင်အား ပညာရပ်ဖြင့် အပေါက်မှ သိုလှောင်အိတ်ကို ဆွဲယူလိုက်သည်။

သိုလှောင်အိတ်ကို ရပြီးနောက် ဝမ်လင်းက ချက်ချင်း နောက်ပြန်ဆုတ်ပြီး စိတ်ဝိညာဉ် အမြုတေကို တံခါးဆီသို့ ပစ်လိုက်သည်။ မျက်တောင် တစ်ခတ်အတွင်းမှာတင် တံခါးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထိုအခါ အောက်ခြေမှ အပေါက်တောင်မှ တော်ရုံ သတိပြုရန် မဖြစ်နိုင်တော့ချေ။

ဝမ်လင်းက နောက်သို့ ဆုတ်ပြီးသည်နှင့် ဗိမာန်အတွင်းမှ ချက်ချင်း ထွက်လာခဲ့သည်။ အပြင်သို့ ရောက်သောအခါ အပြင်ဘက်တွင် ကျင့်ကြံလျက်ဖြင့် စောင့်နေသော မျက်နှာနီနီနှင့် အဘိုးအိုအား မြင်လိုက်ရသည်။

အဘိုးအိုက ဝမ်လင်းအား ကြည့်ပြီး ပြောလိုက်သည်… “မင်း အထဲမှာ ၇ရက်နေခဲ့တယ်… ကောင်းကင်လမ်း ကျင့်စဉ်ကို နားလည် သဘောပေါက်ခဲ့လား…”

ဝမ်လင်းက ခေါင်းကို ခါပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်… “ကောင်းကင်လမ်း ကျင့်စဉ်က တကယ်ကို ထူးဆန်းတယ်…ငါ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား နားကို မလည်ဘူး… စီနီယာကို တစ်ခုလောက် မေးချင်တယ်… ကျောက်တုံး အခန်းထဲမှာ ဘာတွေ ရှိတာလဲ… ငါ့ကို ပြောပြလို့ ရနိုင်မလား…”

မျက်နှာနီနီနှင့် အဘိုးအိုက ဝမ်လင်းအား ကြည့်ပြီး ပြောလိုက်သည်… “စစ်နတ်ဘုရား ဗိမာန်ရဲ့ ဘိုးဘေတွေ သေဆုံးသွားတဲ့အခါ အဲဒီအခန်းတွေထဲမှ ထည့်ထားရတယ်…”

ဝမ်လင်း၏ အမူအရာက ပုံမှန်အတိုင်း ရှိနေသော်လည်း သူ၏စိတ်ထဲတွင်မူ သူ့အတွေး မှန်သည်ဟု ကောက်ချက် ချမိလိုက်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ပြီး ပြောလိုက်သည်… “ဂျူနီယာက စီနီယာတို့ကို ဒီထက်ပိုပြီး‌တော့ စိတ်ဒုက္ခပေးမှာ မဟုတ်ပါဘူး… နှုတ်ဆတ်ခဲ့ပါတယ်…”

မျက်နှာနီနီနှင့် အဘိုးအိုက ခေါင်းညိတ်ပြီး ဗိမာန်အတွင်းသို့ လမ်းလျှောက် ဝင်သွား၏။ မျက်နှာနီနီနှင့် အဘိုးအိုက ရေမှန်တံခါး အတွင်းသို့ ဝင်သွားသည်နှင့် ဝမ်လင်းက ထိုနေရာမှ အလျင်အမြန် ပျံသန်း၍ ထွက်လာခဲ့သည်။

ချက်ချင်း ဆိုသလိုပင် ဟိုဖန် အဖွဲ့အစည်းရှိသည့် တောင်ဆီသို့ ပြန်ရောက်လာပြီးနောက် တိမ်တိုက်တစ်ခုပေါ်တွင် ကျင့်ကြံလျက် ရှိနေသော အဘိုးအိုကို တွေ့လိုက်ရသည်။ အဘိုးအိုက မျက်လုံးကို ဖွင့်ပြီး ဝမ်လင်းအား ကြည့်ကာ ပြောလိုက်သည်… “မင်းသာ အဲဒီထဲမှာ ဆက်နေဦးမယ်ဆိုရင် ငါက အထဲထိ လိုက်လာတော့မှာ…”

ဝမ်လင်းက အဘိုးအိုကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ အဝေးသို့ ပျံသန်းသွား၏။ အဘိုးအိုက သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ သူ့အောက်မှ တိမ်တိုက်က ပျောက်ကွယ် သွားပြီး ဘူးသီးခြောက်ဘူးကြီး တစ်ခု ထွက်ပေါ် လာသည်။ ထို့နောက် အဘိုးအိုက ဘူးသီး ခြောက်ဘူးကို စီး၍ ဝမ်လင်း၏နောက်သို့ လိုက်သွား၏။

ထိုအခါ ဝမ်လင်းက ဘူးသီးခြောက်ဘူး ပေါ်သို့ တက်လိုက်ပြီး အဘိုးအိုနှင့်အတူ ကောင်းကင်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားသည်။

ဘူးသီးခြောက်ဘူး၏ အမြန်နှုန်းသည် ဝမ်လင်း၏ မြေ လွတ်မြောက်ခြင်း နည်းစနစ်ထက်ပင် မြန်ဆန်နေသည့် အတွက် ရွှမ်းဝူနှင့်ဟိုဖန်၏ နယ်နိမိတ်စည်းကို အချိန်ခဏလေး အတွင်းမှာတင် မြင်လိုက်ရ၏။

လမ်းတစ်လျှောက်လုံးတွင် သူတို့ နှစ်ယောက်စလုံးသည် တစ်ယောက်နှင့် တစ်ယောက် စကားတစ်ခွန်းပင် မပြောကြချေ။ ဝမ်လင်းသည် သူ၏အင်္ကျီအတွင်းမှ သိုလှောင်အိတ်ကို ခံစားမိသော်လည်း နတ်ဘုရား စိတ်အာရုံဖြင့် သိုလှောင်အိတ်အား စစ်ဆေး မကြည့်ချေ။

သူ့ဘေးနားတွင် အဘိုးအို ရှိနေသဖြင့် သူ၏လှုပ်ရှားမှုများကို သတိပြုမိသွားလျှင် သူ့အတွက် ပြဿနာများ ဖြစ်ပေါ် စေနိုင်သည်။

ရွှမ်းဝူနှင့်ဟိုဖန်ကို ဖြတ်ကျော်လာပြီး တစ်ရက် ကြာပြီးနောက်တွင် သူတို့က နတ်ဆိုးပင်လယ်သို့ ရောက်ရှိ လာကြသည်။ ယခုအချိန်တွင် နတ်ဆိုး ပင်လယ်သည် မြူများဖြင့် ပြည့်နေပြီး စိတ်ဝိညာဉ် သားရဲများသည် မြူများအတွင်း ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေလေသည်။

နတ်ဆိုးပင်လယ်၏ အပြင်ဘက်တွင် အဘိုးအိုက ဘူးသီးခြောက်ဘူးကို ပုတ်လိုက်ရာ ဘူးသီးခြောက်ဘူးက ကျုံ့လာပြီး သူ၏လက်တွင်းသို့ ရောက်သွား၏။ ဝမ်လင်းက ဘူးသီးခြောက်ဘူး မသေးငယ်သွားခင် အချိန်ကတည်းက မြေပြင်ပေါ်သို့ ခြေချပြီး ဖြစ်သည်။ အဘိုးအိုက ဘူးသီးခြောက်ဘူးကို သိမ်းပြီး ဝမ်လင်းအား ပြောလိုက်သည်… “ငါတို့က ဒီနေရာမှာ ရက်နည်းနည်းလောက် နေပြီး လူတစ်ယောက်ကို စောင့်ရမယ်… အဲဒီလူရောက်လာတာနဲ့ ငါတို့ ၃ယောက် အတူတူ သွားကြမယ်…”

ပြောပြီးသည်နှင့် သူက ကြာပန်းသဏ္ဌာန် ထိုင်ချပြီး မျက်လုံးကို မှိတ်လိုက်သည်။

ဝမ်လင်းက နတ်ဆိုးပင်လယ်ကို စိုက်ကြည့်ပြီးနောက် ခဏလောက် စဉ်းစားကာ ထိုင်ချပြီး ကျင့်ကြံလိုက်သည်။

သို့သော်လည်း အချိန် တော်တော်ကြာပြီး နောက်တွင် ဝမ်လင်းက မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ နတ်ဆိုးပင်လယ်၏ အပေါ်တွင် ခရမ်းရောင် အလင်းတန်း၈ခုက မြူပါးသော လေထုထဲမှ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။ အလင်းတန်း ၈ခုက သိပ်သည်းသွားကာ သစ်သားတိုင်လုံး တစ်ခုအတွင်းသို့ ဝင်သွားပြီး တိုင်၈တိုင် ဖြစ်ပေါ်လာသည်။ တိုင်၈တိုင်က စက်ဝိုင်းပုံစံအဖြစ် တစ်ခုနှင့်တစ်ခုက ထိစပ်သွား၏။ ထိုစက်ဝိုင်းပုံစံမှ အားကောင်းသော စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီး မြူများကို ရှင်းထုတ် လိုက်သည်။

သစ်သားတိုင် ၈လုံးပေါ်တွင် ထူးဆန်းသော သင်္ကေတများ ရှိနေပြီး အလင်းတန်းများ ဖြစ်ပေါ်လာစေကာ သစ်သားတိုင်လုံး ၈ခုအတွင်းတွင် အလင်းစက်ကွင်းများ ဖြစ်ပေါ် လာစေသည်။ ထိုအလင်း စက်ကွင်းများသည် စုစုပေါင်း ၄၉ကွင်းအထိ ဖြစ်ပေါ်လာ၏။

အဘိုးအိုက မျက်လုံးကို ဖွင့်လိုက်ပြီးနောက် နှာခေါင်းရှုံ့ လိုက်သည်… “ဒါက အလောင်းကောင် ဂိုဏ်းရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါပဲ… ဘယ်ငကြောင်ကများ ငါရှိနေတဲ့ ဒီနေရာကို လာရဲတာလဲ…”

ဝမ်လင်းသည် အလောင်းကောင် ဂိုဏ်းနှင့် ထိတွေ့ဖူးသဖြင့် ထိုဝင်္ကပါကို သိနေသည်။

ထိုအချိန်တွင် အလင်းစက်ကွင်း ၄၉ခုက တစ်ခုပြီးတစ်ခု တောက်ပလာပြီး ပုံရိပ်၃၀ကျော် ပေါ်လာသည်။ သူတို့၏ စိတ်စွမ်းအင်များက တည်ငြိမ်ခြင်း မရှိသေးသော်လည်း သူတို့၏ မျက်လုံးထဲတွင် တစ္ဆေလိုလို အလင်းရောင်တစ်ခု ရှိနေသည်။ သူတို့အားလုံးတွင် အနိမ့်ဆုံး အဆင့်သည် အမြုတေ ဖွဲ့တည်ခြင်း နှောင်းပိုင်း အဆင့်များ ဖြစ်ကြပြီး သူတို့ထဲမှ ၅ယောက်သည် စဦးစိတ်ဝိညာဉ် အဆင့်များ ဖြစ်ကြသည်။

စဦးစိတ်ဝိညာဉ် အဆင့်၅ယောက်မှလွဲ၍ ကျန်သည့် လူတိုင်း၏ နောက်တွင် ခေါင်းတလားများ ပါလာ၏။

ကျောင်းချွမ်လျန့်သည် ကျင့်ကြံသူ ၅ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ဝင်္ကပါ၏အလယ်တွင် ရပ်နေလေသည်။ သူ၏အကြည့်က အဘိုးအို၏ အပေါ်တွင် ခဏတာ ရောက်သွားပြီးနောက် ဝမ်လင်းဆီသို့ ရောက်သွား၏။

သူက အနည်းငယ် တုံ့ဆိုင်းနေပြီး လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင် မီးခိုးများဖြင့် ပြုလုပ်ထားသော ကြီးမားသော လက်ကြီး တစ်ဖက် ဖြစ်ပေါ်လာပြီး ဝမ်လင်းအား ကုတ်ဆွဲလိုက်သည်။

ဝမ်လင်းက သရော်ပြုံး ပြုံးလိုက်ပြီး ရှောင်ရမည့်အစား ဘာမှ မဖြစ်သကဲ့သို့ပင် ဆက်၍ ထိုင်နေလိုက်သည်။ အနက်ရောင် မီးခိုးများက ဝမ်လင်းကို ထိတော့မည့် အချိန်တွင် အဘိုးအို၏မျက်နှာက မည်းမှောင်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင် မီးခိုးများသည် အစအနပင် မကျန်အောင် ပျောက်ကွယ် သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset