ဝမ်လင်းက မျက်နှာနီနီနှင့် အဘိုးအိုအား ကြည့်ပြီး ပြောလိုက်သည်… “စီနီယာ… အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါနဲ့ … ငါက ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ပြီးတာနဲ့ ဒီနေရာက ထွက်သွားမှာပါ … နောက်ထပ်လည်း ဒီနေရာကို ပြန်မလာပါဘူး…”
အဘိုးအိုက ဝမ်လင်းအား စိုက်ကြည့် လိုက်သည်။ အချိန် တော်တော် ကြာပြီးနောက် သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ကျောက်စိမ်းပြားကို ကျောက်ပြားပေါ်သို့ ဖိသွင်းလိုက်ရာ အဖြူရောင် အလင်းတစ်ခုက ကျောက်ပြားပေါ်တွင် ပေါ်လာသည်။ အလင်းက ကျောက်ပြား တစ်ချပ်လုံးကို ပျံ့နှံ့သွားပြီး ကျောက်ပြား၏ မျက်နှာပြင် တစ်ခုလုံးက မှန်ကဲ့သို့ ဖြစ်သွား၏။
အဘိုးအိုက မှန်ကဲ့သို့ ဖြစ်နေသည့် ကျောက်ပြား အတွင်းသို့ လမ်းလျှောက်၍ ဝင်သွားရာ ကျောက်ပြားပေါ်တွင် လှိုင်းတွန့်လေးများ ထသွားသည်။ ထို့နောက် ဝမ်လင်းက သူ့နောက်မှ လိုက်ဝင်သွား၏။
ဝမ်လင်းက မှန်ကဲ့သို့ ကျောက်ပြားကို ဖြတ်၍ ဝင်လာသည့် အချိန်တွင် အေးမြပြီး လတ်ဆတ်သော ခံစားမှုတစ်ခုက သူ၏ခန္ဓာကိုယ် အတွင်းသို့ ဝင်လာသည်။ ဝမ်လင်းက ကျောက်ပြားကို ဖြတ်လာပြီးနောက် နောက်သို့ လှည့်ကြည့် လိုက်ရာ ကျောက်ပြား၏ မျက်နှာပြင်သည် အပြင်ကနှင့် အတူတူပင် ဖြစ်သည်ကို မြင်လိုက်ရသည်။
ဝမ်လင်းက ကျောက်ပြား အတွင်းသို့ လက်ကို ထည့်ကြည့်လိုက်ရာ အေးမြမှုကို ခံစားလိုက် ရပြန်သည်။
မျက်နှာနီနီနှင့် အဘိုးအိုက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်… “ဒီရေမှန်တံခါးကို စစ်နတ်ဘုရား ဗိမာန်ရဲ့ သန့်စင်ခြင်း နည်းစနစ်နဲ့ လုပ်ထားတာ … ကျောက်စိမ်းပြား မရှိဘဲနဲ့ တံခါးကို ဖွင့်ဖို့ မဖြစ်နိုင်ဘူး … အကယ်၍ မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်နေရင်တော့ တစ်မျိုးပေါ့…”
ဝမ်လင်းက ‘သန့်စင်ခြင်း နည်းစနစ်’ ဆို့သည့် စကားကို စိတ်ထဲမှ ရေရွတ်ပြီး အဘိုးအို၏ နောက်မှ လိုက်သွား၏။
သူရောက်နေသည့် နေရာသည် အလွန် ကြီးမားသော ကျောက်တုံးများဖြင့် တည်ဆောက် ထားသည့် ဗိမာန်တစ်ခု ဖြစ်သည်။ အလယ်တွင် အဓိက ခန်းမကြီးရှိပြီး ဘေးဘက်တွင် ကျောက်တုံး အခန်းများ အများအပြား ရှိနေသည်။ ကျောက်တုံးအခန်း တစ်ခုချင်းစီ၏ အပြင်ဘက်တွင် ကျောက်နံရံတစ်ခုစီ ရှိ၏။ ကျောက်နံရံများအား ဝမ်လင်းက သေချာ ကြည့်လိုက်သော အခါ ကျောက်နံရံများ အားလုံးက ရေမှန်တံခါးကဲ့သို့ ကျောက်ပြားများ ဖြစ်နေသည်။
အဘိုးအိုသည် ဝမ်လင်းက တံခါးချပ်များအား စိုက်ကြည့် နေသည်ကို မြင်ပြီး ပြောပြလိုက်သည်… “ဒီမှာ အခန်းပေါင်း ၃၆၅ခန်း ရှိတယ် … အားလုံးကို ရေမှန်တံခါးတွေနဲ့ ပိတ်ထားတယ်…”
ဝမ်လင်းက အတန်ကြာအောင် ကြည့်ပြီးမှ သူ၏ အကြည့်အား ရုပ်သိမ်း လိုက်သည်။ သူတို့နှစ်ယောက်က အလယ်ရှိ ခန်းမဆီသို့ ရောက်လာသောအခါ သူတို့ရှေ့တွင် အထပ်၄ထပ်ရှိသော တင်စရာ စင်တစ်ခု ရှိနေသည်။
ထိုစင်ရှိ ထိပ်ဆုံး အထပ်တွင်တော့ တံဆိပ်ပြား တစ်ခုတည်းသာ ရှိပြီး ကျန်အထပ်၃ခုတွင် တံဆိပ်ပြား အနည်းငယ်စီ ရှိနေလေသည်။
ဝမ်လင်းက ထိပ်ဆုံး အထပ်ရှိ တံဆိပ်ပြားဆီသို့ သူ့အကြည့်က ရောက်သွားပြီး ဖတ်လိုက်သည်… “စစ်နတ်ဘုရား ဗိမာန်တည်ထောင်သူ… ကုန်းမို…”
“ဘိုးဘေးကုန်းမိုက စစ်နတ်ဘုရား ဗိမာန်ရဲ့ တည်ထောင်သူ ဖြစ်ပြီးတော့ ကောင်းကင်လမ်း ကျင့်စဉ်ကို တွေ့ခဲ့တဲ့သူလည်း ဖြစ်တယ်…” မျက်နှာနီနီနှင့် အဘိုးအိုက တံဆိပ်ပြားကို ဦးညွတ်ပြီး ဝမ်လင်းဘက်သို့ လှည့်လိုက်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ဦးညွှတ် လိုက်သည်။
မျက်နှာနီနီနှင့် အဘိုးအိုက ရှေ့သို့ လျှောက်သွားပြီး စာလုံး အသေးများ အများအပြား ရှိနေသော အစိမ်းရောင် နံရံတစ်ခု၏ရှေ့တွင် ရပ်လိုက်သည်။ ထိုစာလုံးများသည် နံရံပေါ်တွင် ထွင်းထားခြင်း ဖြစ်သည်။ နံရံ၏ထိပ်တွင်တော့ စာကြောင်း တစ်ကြောင်း ရှိနေ၏… “ကောင်းကင်လမ်း…”
သို့သော်လည်း အောက်ကို ဆက်ကြည့်လိုက်ရာ … “တပည့် ချန်းချောင်မှ မှတ်မိသမျှကို ရေးထွင်းခဲ့သည် … နောက်မျိုးဆက်များ သတိဖြင့် ကျင့်ကြံရန် လိုအပ်သည်…”
“စိတ်ပျက်သွားလား…” မျက်နှာနီနီနှင့် အဘိုးအိုက ဝမ်လင်းအား ကြည့်ကာ မေးလိုက်သည်။
“ဘိုးဘေးက ကောင်းကင်လမ်း ကျင့်စဉ်ကို တွေ့ပြီး ဒုတိယနှစ်မှာ သစ္စာဖောက် တစ်ယောက်ကြောင့် ကောင်းကင်လမ်း ကျင့်စဉ် အကြောင်းက ပျံ့နှံ့သွားခဲ့ရတယ် … နောက်ဆုံးမှာ အဆင့်၄ နိုင်ငံဖြစ်တဲ့ ထျန်းကန်းနိုင်ငံက ရောက်လာပြီး ဘိုးဘေးကုန်းနဲ့ လျှို့ဝှက် ဆွေးနွေးခဲ့တယ်… ပြီးနောက် သူတို့က ကောင်းကင်လမ်း ကျင့်စဉ်ကို ယူသွားတယ် … ဘိုးဘေးကုန် ကလည်း စစ်နတ်ဘုရား ကျောင်းက ထွက်သွားပြီး အခုထိ ပြန်မလာခဲ့ဘူး…”
“ဒီကောင်းကင်လမ်း ကျင့်စဉ်က ငါ မြင်ဖူးသမျှ ကျင့်စဉ်တွေထဲမှာ အဆန်းကြယ်ဆုံး ကျင့်စဉ်ပဲ … လူတိုင်းက ဒါကို နားလည် သဘောပေါက် နိုင်တယ် … ဒါပေမဲ့ ဒီကျင့်စဉ်ကို မမှတ်မိနိုင်ဘူး…”
“ဘိုးဘေးချန်းချောင်ရဲ့ ပင်ကိုစွမ်းရည်က သာမန်ပဲ … ပြီးတော့ သူက ဘိုးဘေးကုန်းရဲ့ တပည့်တွေထဲမှာ အားအနည်းဆုံး တပည့် တစ်ယောက်ပဲ … ဒါပေမဲ့ သူက ဘယ်သူမှ မဖြစ်နိုင်ဘူးတဲ့ ထင်ထားတဲ့ အလုပ်ကို လုပ်ဖို့ သူ့ရဲ့မှတ်ဉာဏ်တွေကို အသုံးပြုပြီး ဒီကောင်းကင်လမ်း ကျင့်စဉ်ကို ရေးထွင်းခဲ့တယ် … ကျင့်စဉ်ကို ရေးထွင်းပြီးတာနဲ့ သူလည်း သေဆုံးသွားခဲ့တယ် … သူက မသေခင်မှာ ဒီကျင့်စဉ်က အရမ်း စွမ်းအားကောင်းလို့ သူ့ရဲ့သက်တမ်းကို အဆုံးရှုံးခံပြီး ရေးထွင်းတာ တောင်မှ ၁၀ရာခိုင်နှုန်းပဲ ပြီးခဲ့တယ်လို့ ပြောခဲ့တယ် … ဒါ့ကြောင့် နောက်မျိုးဆက်တွေကို သတိထားပြီး ကျင့်ကြံ ခိုင်းခဲ့တာပဲ…”
“အမှန်ဆိုရင် ဘိုးဘေးချန်းချောင်က အများကြီး စိုးရိမ်ခဲ့တာပဲ … ဒီကျင့်စဉ်က အလွယ်တကူ နားလည် သဘောမပေါက်နိုင်တဲ့ ကျင့်စဉ်တစ်ခု မဟုတ်တာကြောင့် လူ၃၀လောက်ကပဲ နားလည် သဘောပေါက်ခဲ့ကြပြီး သူတို့ထဲက တစ်ဝက်လောက်ကပဲ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ခဲ့တယ်…”
“ဟိုဖန်နိုင်ငံမှာရှိတဲ့ တခြား ဂိုဏ်းတွေက ဒါကို အတုလို့ ထင်ကြတော့ သူတို့က ပိုပြီး နားလည် သဘောပေါက်ဖို့ ခက်ခဲတယ်…”
မျက်နှာနီနီနှင့် အဘိုးအို၏ စကားကို နားထောင်ပြီး အစိမ်းရောင် ကျောက်နံရံကို ကြည့်လိုက်သည်။
“မင်းဘာသာ ကြိုးစား ကြည့်လိုက်ပါ … ငါ မင်းကို အပြင်ဘက်က စောင့်နေမယ်… ဘယ်အခန်းထဲကိုမှ မဝင်နဲ့နော်…”
မျက်နှာနီနီနှင့် အဘိုးအိုက ပြောပြီးသည်နှင့် နောက်လှည့်ကာ ထွက်သွား၏။
ဝမ်လင်းက ကျောက်နံရံကို ကြည့်ပြီး စာလုံးတိုင်းကို ဖတ်လိုက်သည်။ စာလုံးများက နားလည် သဘောပေါက်ရန် ခက်ခဲပြီး တချို့ အပိုင်းများဆိုလျှင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ပြောထား၏။ သူက ဖတ်ရင်းနဲ့ တဖြည်းဖြည်း မျက်ခုံးနှစ်ခုက တစ်ခုနှင့်တစ်ခု ထိကပ်လာသည်။
အချိန် တော်တော် ကြာပြီးနောက် ဝမ်လင်းက ကြာပန်းသဏ္ဌာန် ထိုင်လိုက်သည်။ ထို့နောက် သူက မျက်တောင် တစ်ချက်ပင် မခတ်ဘဲ ကျောက်နံရံကို စိုက်ကြည့် လိုက်သည်။ တဖြည်းဖြည်း ကျောက်နံရံပေါ်မှ စာလုံးများသည် သူ၏ စိတ်ထဲတွင် ပေါ်လာ၏။
စာများကို ဖတ်ရင်း တဖြည်းဖြည်း သူ့စိတ်ထဲတွင် ရှုပ်ထွေး လာသည်။ ဝမ်လင်းက စာကို ပြီးအောင်တော့ ဖတ်လိုက်ပြီး မျက်လုံး မှိတ်ကာ ကျောက်တုံးပေါ်မှ စာများအား ပြန်စဉ်းစား လိုက်သည်။
အချိန်များကသာ တဖြည်းဖြည်း ကုန်ဆုံးလာသည်။ သူကတော့ ဘာကိုမှ နားမလည်သေးချေ။ ဝမ်လင်းက မျက်လုံးကို ပြန်ဖွင့်ပြီး သက်ပြင်း ချလိုက်ကာ နံရံကို ကြည့်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏ သူငယ်အိမ်က ကျုံ့သွားပြီး သူက ရေရွတ် လိုက်သည်… “တစ်ခုခုတော့ မှားနေပြီ…”
သူက နံရံကို ပြန်ကြည့် လိုက်သည့် အချိန်တွင် သူ မှတ်မိထားသည့် စာလုံးများ အားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဘာကိုမှ မမှတ်မိတော့ချေ။ သူက နံရံပေါ်မှ စာလုံးများကို ပြန်ကြည့်သော်လည်း စာလုံးများက အသစ်ကဲ့သို့ ခံစားနေရသည်။
ကောင်းကင်လမ်း ကျင့်စဉ်က ထူးခြားလွန်း သောကြောင့် ဝမ်လင်းအနေဖြင့် သက်ပြင်းသာ ချလိုက် ရတော့သည်။ သူက ကျိုးဇီဟောင်ကို ကောင်းကင်လမ်း ကျင့်စဉ်အား ကူးယူခိုင်းခဲ့စဉ်က သူမသည် ဘယ်လောက် ကြိုးစား ကြိုးစား မမှတ်မိ၍ မကူးယူနိုင်ခဲ့ကြောင်း သူ့ကို ပြောခဲ့သည်။
ဝမ်လင်းက “တပည့်ချန်းချောင်မှ မှတ်မိသမျှကို ရေးထွင်းခဲ့သည်… နောက်မျိုးဆက်များ သတိဖြင့် ကျင့်ကြံရန် လိုအပ်သည်…” ဆိုသည့် စကားလုံးကို ပြန်ကြည့် လိုက်သည်။ စာလုံးများကို ပြန်ကြည့်လေ ပိုပြီး အံ့ဩရလေ ဖြစ်နေသည်။ သူက စာလုံးများကို ပြန်ဖတ်သော်လည်း ထိုစာလုံးများကို ပထမဆုံးအကြိမ် ဖတ်ဖူးသကဲ့သို့ ခံစားရသည်။
ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူပြီး ကောင်းကင်လမ်း ကျင့်စဉ်ကို ဖတ်လိုက်သည်။ ၁နာရီ ကြာပြီးနောက်တွင် အားလုံးကို မှတ်မိသွား၏။ သို့သော်လည်း ခဏကြာပြီး နောက်တွင် ပြန်မေ့သွားသည်။
ဝမ်လင်းသည် ကောင်းကင်လမ်း ကျင့်စဉ်ကို အကြိမ်ကြိမ် ဖတ်ရင်း သူ၏မျက်နှာက ပို၍ သုန်မှုန်လာသည်။ ဤတစ်ကြိမ်တွင်တော့ သူက မမှတ်သားတော့ဘဲ မျက်လုံးနှင့် ရိုးရိုးတန်းတန်းသာ တစ်ကြိမ်ပြီး တစ်ကြိမ် ဖတ်လိုက်၏။
ပထမဆုံး တစ်ကြိမ်တွင် ကောင်းကင်လမ်း ကျင့်စဉ်ကို အပြီးထိ ဖတ်ရန် ၃နာရီကြာခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် တစ်နာရီသာ ကြာတော့၏။ တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများက ပိုမိုမြန်ဆန်စွာ လှုပ်ရှားလာပြီး အားလုံးဖတ်ရန် နာရီဝက်သာ ကြာမြင့်တော့သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံး လာပြီးနောက် ဝမ်လင်း၏ စာဖတ်နှုန်းကလည်း တဖြည်းဖြည်း မြန်ဆန်လာပြီး အားလုံးပြီးရန် မိနစ်၂၀ခန့်သာ ကြာတော့၏။ ဖတ်နေရင်းဖြင့် သူ၏မျက်လုံးမှ နာကျင်မှုကို ခံစားရလာသည်။
အချိန်များစွာ ကြာပြီးနောက် သူ၏မျက်လုံးကို မသိစိတ်က ပိတ်လိုက်သော်လည်း ကျောက်နံရံပေါ်မှ စာများသည် သူ၏ မြင်ကွင်းထဲတွင် စာလုံးများကို မြင်ယောင်ပြီး ဆက်ဖတ်နေဆဲ ဖြစ်သည်။
စာများကို သူ၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ဆက်နေသည့် အတွက် သူ၏မျက်လုံးကို ပိတ်ထားတာ တောင်မှ မျက်လုံးများက ဆက်လက် နာကျင်နေဆဲ ဖြစ်သည်။ မကြာမီ မျက်လုံးမှ သွေးစီးကြောင်း နှစ်ခု စီးကျလာ၏။ သို့သော်လည်း ထိုအချိန်တွင် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးများသည် နီရဲတောက်နေပြီး အံ့ဩမှုများဖြင့် ပြည့်နေလေသည်။
ဝမ်လင်း မြင်နေရသည့် ကျောက်နံရံပေါ်မှ စာများသည် တဖြည်းဖြည်း ပျောက်ကွယ်လာပြီး အဖြူရောင် ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။ သူ၏မျက်နှာက ဝါးနေသောကြောင့် ဝမ်လင်းက အစီအရင် များစွာအား ပြုလုပ်နေသော လက်ချောင်းများ ကိုသာ မြင်ရသည်။ ထို့နောက် ပုံရိပ်တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု ခွဲထွက်သွား၏။
ကိုယ်ပွားများသည် မူလ ပုံရိပ်နှင့်ယှဉ်လျှင် အနည်းငယ် ပိုဝါးနေပြီး မူလပုံရိပ်၏ လှုပ်ရှားမှုများ အတိုင်း လိုက်လုပ် နေသည်။
ကိုယ်ပွားများ အားလုံးက သွက်လက်စွာ လှုပ်ရှားလာသဖြင့် မည်သည့် ပုံရိပ်က အစစ်လဲ ဆိုတာကို ဝမ်လင်း မခွဲခြားနိုင်တော့ပေ။
အမှန်တွင် ဝမ်လင်း မသိသည့် အချက်ကား ထိုကိုယ်ပွားများသည် စွမ်းအား ကောင်းသော မှော်ရတနာမှ လုပ်ထားခြင်း ဖြစ်ပြီး အားကောင်းသော ကိုယ်ပွား နည်းစနစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်သည်ကို ဖြစ်၏။
အချိန် အနည်းငယ် ကြာပြီးနောက် အဖြူရောင် ဝတ်ဆင်ထားသည့် ပုံရိပ်များက တဖြည်းဖြည်း မှုန်ဝါးလာပြီး နောက်ဆုံးတွင် ပျောက်ကွယ် သွား၏။
ဝမ်လင်းက မျက်လုံးကို ပြန်မှိတ် လိုက်သည်။ သူ၏မျက်နှာက ဖြူရော်နေပြီး တစ်ခုခုကို စဉ်းစားနေသည့် အမူအရာနှင့် ဖြစ်သည်။ ရုတ်တရက် ဝမ်လင်း၏ စိတ်ထဲတွင် လင်္ကာတချို့က ထူးဆန်းစွာ ပေါ်လာသည်။ ထိုလင်္ကာများကို လေ့လာပြီးနောက် ဝမ်လင်းက မျက်လုံးကို ဖွင့်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူက ကောင်းကင်လမ်း ကျင့်စဉ်ကို နားလည် သွားလေပြီ။
ကောင်းကင်လမ်း ကျင့်စဉ်သည် ကိုယ်ပွား ကျင့်စဉ်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်က မူလခန္ဓာကိုယ်နှင့် ကိုယ်ပွား နှစ်ခုစလုံးကို လေ့ကျင့်ပြီး နောက်ဆုံးတွင် ပေါင်းစည်း လိုက်ခြင်းဖြင့် စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရန် အောင်မြန်နှုန်းကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။
သို့သော်လည်း ဤကျင့်စဉ်သည် အပြည့်အစုံ မဟုတ်ဘဲ အပြစ် အနာအဆာများ ပါနေသည်။ ဖန်တီးလိုက်သည့် ကိုယ်ပွားသည် ကျင့်ကြံခြင်း မရှိဘဲ နှစ်၃၀အောက်သာ အသက်ရှင် နိုင်သည်။ ထို့ကြောင့် ဤကျင့်စဉ်သည် ဝန်ထုပ်ဝန်ပိုး တစ်ခုနှင့် ပိုတူနေသည်။
လင်္ကာများထဲတွင် ချန်းချောင်က တချို့ အကြောင်းအရာများ ထားပေးခဲ့သည်။ သူ၏ အသက်စွမ်းအားဖြင့် ကျင့်စဉ်ကို အဆုံးထိ မထွင်းနိုင်ခဲ့သော်လည်း အဖြေကို ချန်ထားပေးခဲ့၏။
အဖြေက ကောင်းကင်လမ်း ကျင့်စဉ်ကို သုံး၍ ကိုယ်ပွားတစ်ခု တည်ဆောက်ပြီး ကိုယ်ပွားရဲ့ နှစ်၃၀ကို ဆေးများ သုံးစွဲပေးရမည် ဖြစ်သည်။ ဆေးများဖြင့် ကိုယ်ပွား၏ ကျင့်ကြံခြင်းကို မြှင့်နိုင်သလောက် မြှင့်ထားလျှင် အတူတကွ ပြန်ပေါင်းစပ်သည့်အခါ စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်နိုင်ချေ ပိုများလာမည် ဖြစ်သည်။
ဆေးများ အလုံအလောက်ရှိပြီး ကိုယ်ပွား၏ ကျင့်ကြံခြင်းကို အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ရောက်အောင် လုပ်နိုင်ခဲ့လျှင် စဦးဝိညာဉ် ဖွဲ့စည်းရာတွင် အောင်မြင်နှုန်းကို အနည်းငယ် တိုးသွား စေလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် အနည်းငယ် စဉ်းစားပြီးနောက် သူက ခါးသက်စွာ ပြုံး၍ ကောင်းကင်လမ်း ကျင့်စဉ်ကို တွေးနေသည့် သူ့အတွေးများအား သိမ်းဆည်း လိုက်သည်။ သူက ကိုယ်ပွားကို ဆေးလုံးများ အများအပြား မထောက်ပံ့နိုင်ပေ။ သူ့တွင် ရှိသည့် ဆေးလုံးများကလည်း သူ့အတွက်ပင် မလောက်ငပေ။ ထို့ကြောင့် ကိုယ်ပွားကို ဘယ်လိုလုပ် ဆေးများ ထောက်ပံ့နိုင်ပါ မည်နည်း။
ကောင်းကင်လမ်း ကျင့်စဉ်ကို သုံးမည့်အစား သူ၏ စဦးဝိညာဉ်ဖွဲ့ခြင်းကို ကူညီပေးနိုင်သည့် ဆေးလုံး တချို့အား ရှာပြီး ကျင့်ကြံသည်ကပင် သူ့အတွက် ပို၍ စိတ်ချရ၏။
***
htet myat ayuuu
🤔