အဘိုးအိုက ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ အရပ်မျက်နှာ ပေါင်းစုံတွင် လျှပ်စီးများ ဖြစ်ပေါ်လာပြီး ဝမ်လင်းအား ပိတ်ဆို့ ထားလိုက်၏။
ဝမ်လင်းက သုန်မှုန်နေသည့်မျက်နှာထားဖြင့် ရပ်တန့်ကာ အဘိုးအိုကို လှည့်ကြည့် လိုက်သည်။
“စီနီယာက ဘာကို ဆိုလိုတာလဲ…”
အဘိုးအိုက ဝမ်လင်းအား စိုက်ကြည့်ပြီး ပြောလိုက်သည်… “ငါ မင်းရဲ့ သေဆုံးခြင်း မန္တန်ကို ငှားချင်တယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး သူ့ကို ဝိုင်းရံထားသည့် လျှပ်စီးများအား ကြည့်လိုက်သည်။
“ဘာကြောင့်လဲ ဆိုတာ သိချင်တယ်…”
အဘိုးအိုက အနည်းငယ် စဉ်းစားပြီး ခေါင်းကို ခါလိုက်သည်။
“အဲဒီကိစ္စကို ပြောဖို့ အချိန် မရောက်သေးဘူး … ဒါပေမဲ့ စိတ်မပူပါနဲ့ … ဒီအဘိုးကြီးက မင်းကို အလကား မခိုင်းပါဘူး … မင်းသာ ငါနဲ့ လိုက်ခဲ့ရင် မြေအသွင်ပြောင်း ဆေးလုံးတစ်လုံး မင်းကို ပေးမယ်…”
ဝမ်လင်း၏ အမူအရာက အပြင်ပိုင်းတွင် တည်ငြိမ် နေသော်လည်း သူ၏ စိတ်ထဲတွင်မူ အလွန် စိတ်လှုပ်ရှား နေသည်။ မြေအသွင်ပြောင်း ဆေးလုံးသည် အလွန် ရှားပါးကြောင်း လီမူဝမ်ထံမှ သိရှိထား၏။ မြေအသွင်ပြောင်း ဆေးလုံးသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်တွင် အသုံးပြုရပြီး အဆင့်တစ်ဆင့် တိုးမြင့်ပေးသည့် ဆေးဖြစ်သည်။ အထူးသဖြင့် အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်မှ အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်သို့ တိုးမြှင့်ရာတွင် ပိုပြီး အောင်မြင်နှုန်း မြင့်မား၏။ အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်မှ နှောင်းပိုင်း အဆင့်သို့ တက်ရာတွင် အောင်မြင်နှုန်းက အရမ်းကြီး မမြင့်မားသော်လည်း စိတ်စွမ်းအင်များကို သိပ်သည်း တိုးပွား စေနိုင်သေး၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး အဘိုးအိုကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ဒွိဟဖြစ်နေ၏။ အဘိုးအို၏ ကျင့်စဉ် အဆင့်ကို သူ မမြင်နိုင်သည့်အပြင် အဘိုးအိုက ဟိုဖန် အဖွဲ့အစည်း၏ အကာအကွယ် ဝင်္ကပါကို လက်ဝါး တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ပြီး အော်သံ တစ်ခုနှင့်တင် တခြား စဦးစိတ်ဝိညာဉ် အဆင့်များကို ကြောက်လန့် သွားစေခဲ့သည်။ ထို့ကြောင့် အဘိုးအိုသည် စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့် သို့မဟုတ် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နေသူ ဖြစ်ရမည်ဟု စိတ်ထဲတွင် တွေးလိုက်သည်။
အဘိုးအို၏ကျင့်စဉ် အဆင့်နှင့်ဆိုလျှင် သူ့အား အလွယ်တကူ ဖမ်းချုပ်ပြီး ခန္ဓာကိုယ်တွင် စည်းများ ချကာ လိုရာခိုင်း နိုင်သည့် ရုပ်သေးအဖြစ် လုပ်နိုင်ပေသည်။ သူ့အား ယခုကဲ့သို့ အပေးအယူ သဘောမျိုးဖြင့် ပြောနေစရာ မလိုပေ။
ဝမ်လင်းက စိတ်ထဲတွင် တွေးလိုက်သည်… “ဒီကိစ္စမှာ ပြဿနာ တစ်ခုခုတော့ ရှိနေရမယ်…”
ဝမ်လင်းက စဉ်းစားနေသည့် အချိန်တွင် သူ့မျက်နှာပေါ်၌ မည်သည့် အမူအရာမှ ပေါ်မလာချေ။ သူက အဘိုးအို၏ နောက်ကျောအား စိုက်ကြည့်ပြီး အနည်းငယ် စဉ်းစားကာ ခေါင်းကို ခါလိုက်သည်။
အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်… “မင်းက သေလမ်း ရှာနေတာပဲ…”
အဘိုးအိုက ညာလက်ကို လက်သီး ဆုပ်လိုက်ရာ ဝမ်လင်း၏ ပတ်လည်ရှိ လျှပ်စီးများက ဝမ်လင်းဆီသို့ တိုးကပ် လာသည်။ သို့သော်လည်း ဝမ်လင်းက အဘိုးအိုကို သရော်သည့် အမူအရာဖြင့် စိုက်ကြည့် နေလေသည်။
လျှပ်စီးများက တဖြည်းဖြည်း ကပ်လာပြီး ဝမ်လင်းနှင့် ထိလုနီးပါးပင် ဖြစ်နေလေပြီ။ သူ၏ဆံပင် တချို့နှင့် အဝတ်အစား ထောင့်စွန်းများသည် လျှပ်စီးများနှင့် ထိပြီး ပြာဖြစ်သွား၏။
လျှပ်စီးများသည် ဝမ်လင်းနှင့် ထိတော့မည့် အချိန်တွင် အဘိုးအိုက လျှပ်စီးများကို ရပ်တန့်လိုက်ပြီး ဝမ်လင်းအား ကြည့်လိုက်သည်… “မင်းရဲ့စိတ်က တော်တော် ခိုင်မာတာပဲ … ဒါပေမဲ့ မင်းက ကိုယ့်အဆင့် ကိုယ်မသိဘူး … ငါ မင်းကို သတ်လိုက်မယ်လို့ မတွေးမိဘူးလား…”
ဝမ်လင်း၏ မျက်နှာပေါ်မှ သရော်သည့် အမူအရာက ပိုမို ပီပြင်လာပြီး သူက တည်တည် ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်… “မြေအသွင်ပြောင်း ဆေးလုံး တစ်လုံးတည်းနဲ့ မလုံလောက်ဘူး…”
အဘိုးအိုက ဝမ်လင်းအား ကြည့်ပြီး စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။ သူသွားမည့် နေရာက တစ်ဦးဦးပေါ်တွင် စည်းများ ချထား၍ မရသောကြောင့်သာ မဟုတ်လျှင် သူ့ရှေ့မှ ကောင်စုတ်လေး၏ ကိုယ်ပေါ်တွင် စည်းများချကာ ရုပ်သေး လုပ်လိုက်မည်မှာ ကျိန်းသေ ဖြစ်သည်။
သူက ဝမ်လင်း၏ အပေါ်တွင် စည်းများ ချလိုက်လျှင် တောင်မှ ထိုနေရာသို့ ဝင်ရောက်သည့်အခါ စည်းများအားလုံးက ဖျက်ဆီးခံရမည် ဖြစ်သည်။ ထို့အပြင် သူတို့ သွားရမည့် နေရာတွင် သေဆုံးခြင်း မန္တန်ကို လိုအပ်လိမ့်မည် ဖြစ်သည်။ အကယ်၍ ဝမ်လင်းကသာ မကျေနပ်ချက်များ ရှိပါက ထိုနေရာတွင် အားလုံးကို သေတွင်းထဲသို့ ခေါ်သွားနိုင်သည်။
လွန်ခဲ့သည့် နှစ်၁၀၀၀က သူသည် ထိုနေရာကို ဝင်ရောက်ခဲ့ရာမှ သေလုနီးပါး ဒဏ်ရာ ရရှိခဲ့သည်။ သူ၏ကျင့်ကြံခြင်း အဆင့်ကို ပြန်ရရန်အတွက် နှစ်ပေါင်း ၁၀၀၀လုံးလုံး အချိန်ပေးခဲ့ရသည်။ ယခုလက်ရှိ သူ၏ကျင့်ကြံခြင်း အဆင့်သည် လွန့်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ကထက် အနည်းငယ်သာ သာလွန်၏။ ထိုနေရာ အကြောင်းကို စဉ်းစားမိတိုင်း သူ၏ ခန္ဓာကိုယ်က တုန်ယင် သွားတတ်၏။
ထို့ကြောင့် ဝမ်လင်း၏ အပေါ်တွင် စည်းများ မချခြင်းဖြစ်သည်။ ယခု ဝမ်လင်း၏စကားကို ကြားပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဝမ်လင်း၏ဘေးမှ လျှပ်စီးများက နောက်သို့ ပြန်ဆုတ်သွား၏။
ဝမ်လင်းက လျှပ်စီးများကို လုံးဝမကြည့်ဘဲ အဘိုးအိုကိုသာ ကြည့်နေလေသည်။
အဘိုးအိုက မေးလိုက်သည် … “မင်းက ဘာကို လိုချင်တာလဲ … မင်း စိတ်ထဲရှိတာ ပြောကြည့်…”
“ငါ သွားရမည့် နေရာက ဘယ်လောက် အန္တရာယ်များလဲ သိချင်လဲ…” ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြန်ပြော လိုက်သည်။
အဘိုးအိုက ရယ်မောလိုက်သည် … “သွားရမဲ့နေရာက စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်တွေ တောင်မှ သေဖို့ ၉၀ရာခိုင်နှုန်း သေချာတယ် … အလယ်အဆင့်တွေ ကတော့ ကံကောင်းရင် အသက်ရှင်နိုင်မယ်… နှောင်းပိုင်း အဆင့်တွေပဲ အဲဒီနေရာတွေမှာ အန္တရာယ် ကင်းကင်းနဲ့ သွားနိုင်လိမ့်မယ် … ဒါပေမဲ့ သူတို့လည်း ဂရုမစိုက်ရင် သေသွားနိုင်တယ်…”
“အန္တရာယ် ရှိတယ် ဆိုပေမဲ့ … ရလာမဲ့ အကျိုးအမြတ် ကလည်း အရမ်းများတယ်… မှော်ရတနာ၊ ဆေးလုံး၊ ကျင့်စဉ်တွေ အများကြီး ရှိတယ် … အဲဒီနေရာမှာ ဝိညာဉ်အသွင်ပြောင်း ဆေးလုံးတောင် ရှိတယ်လို့ ပြောကြတယ် … အဲဒီဆေးလုံးက မင်းကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်နိုင်တဲ့ အခွင့်အရေးကို ပေးနိုင်တယ်…”
“အန္တရာယ်တွေ ကိုတော့ မင်းက စိုးရိမ်စရာ မလိုပါဘူး … မင်းရဲ့သေဆုံးခြင်း မန္တန်က စမ်းသပ်ခြင်း အဆင့်တွေမှာ အရမ်း အသုံးဝင်တယ် … ပြီးတော့ မင်းက လောဘမကြီးဘဲ အချိန်ကို စောင့်နေရင် အချိန်တစ်ခု ကုန်သွားတာနဲ့ မင်းကို အဲဒီနေရာကနေ အလိုအလျောက် အပြင်ဘက်ကို ပြန်ပို့ ပေးလိမ့်မယ်…”
ဝမ်လင်းက ထိုအကြောင်းကို အနည်းငယ် စဉ်းစား ကြည့်လိုက်သည်။ အဘိုးအို၏ စကားကို သူ့အနေဖြင့် ၃၀ရာခိုင်နှုန်းသာ ယုံကြည်၏။
“မင်းက အခုမှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ပဲ ရှိသေးတယ် … ငါ့မှာ စဦးဝိညာဉ် ဖွဲ့စည်းရေး ဆေးလုံးရှိတယ် … မင်းသာ ငါ့နဲ့လိုက်ဖို့ သဘောတူရင် မင်းကို ပေးမယ် … ပြီးတော့ အဲဒီနေရာက ရတဲ့ မှော်ရတနာ တစ်ခုကိုလည်း ပေးမယ်လို့ ကတိပေးတယ်… ဘယ်လိုလဲ”
စဦးဝိညာဉ် ဖွဲ့စည်းရေး ဆေးလုံးသည် စဦးဝိညာဉ်ကို ဖွဲ့စည်းရာတွင် အနည်းငယ် ကူညီပေးနိုင်၏။ ထိုဆေးလုံးသည် အဆင့်၄ နိုင်ငံမှာတောင်မှ ရှားပါးသည့် ဆေးတစ်မျိုး ဖြစ်သည်။
အဘိုးအိုပြောသည့် လျှို့ဝှက်နယ်မြေက ဝမ်လင်းအား ဆွဲဆောင် နေသည်။ သူက ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို ရရန် မမျှော်လင့်သော်လည်း စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရန် အတွက် ဆေးတချို့နှင့် ကျင့်စဉ် တစ်ခုလောက်ကို ရရန် မျှော်လင့်မိသည်။
အကယ်၍ ဤကိစ္စကိုသာ သူက ငြင်းပယ် လိုက်ပါက အဘိုးအိုက သူ့အား သတ်ပစ်မှာ သေချာ သလောက် ရှိနေသည်။ ထို့ကြောင့် သူ့တွင် သွားစရာ တစ်လမ်းသာ ရှိ၏။
ဝမ်လင်းက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်… “ကောင်းပြီ… ကျွန်တော် သဘောတူတယ်…”
အဘိုးအိုက ဝမ်လင်းအား အတန်ကြာအောင် စိုက်ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်… “အရင်နှစ်ခါတုန်းက မင်းက ဘယ်လိုလုပ် အစအန ရှာမရအောင် ပျောက်ကွယ် သွားတယ်… အဲဒါကို ဘယ်လိုလုပ်လဲ…”
ဝမ်လင်းက အဘိုးအို၏ စကားကို မဖြေဘဲ အဘိုးအိုအား စိုက်ကြည့် လိုက်သည်။ သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အချိန် အနည်းငယ် ကြာအောင် စိုက်ကြည့်ပြီးနောက် အဘိုးအိုက သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ထိုမေးခွန်းက ဂရုမထားတော့သည့် ဟန်ဖြင့် ဝမ်လင်းအား ပြောလိုက်သည်… “သွားကြရအောင်… အဲဒီနေရာပွင့်ဖို့ လဝက်လောက်ပဲ ကျန်တော့တယ် … လမ်းမှာ ထွက်ပြေးဖို့ ကြိုးစားရင်တော့ မင်းကို သတ်ပစ်တော့မယ်…”
အဘိုးအိုက လေထဲတွင် သင်္ကေတ တစ်ခုကိ ရေးဆွဲပြီး ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်၏။
“ဒါက နတ်ဘုရား စိတ်အာရုံ အမှတ်အသားပဲ… ဒါက မင်းက မထိခိုက်စေဘူး … မင်းကို နောက်ယောင်ခံ လိုက်ဖို့ အတွက်ပဲ သုံးလို့ရတယ်… ငါတို့ သွားရမဲ့နေရာကို ရောက်ရင် ပြန်ဖယ်ပေးမယ်…”
ဝမ်လင်းသည် ထိုကိစ္စကို အစောကြီး ကတည်းက ခန့်မှန်း ထားပြီးသား ဖြစ်သည်။ အဘိုးအို၏ နေရာတွင် သူသာ ဆိုလျှင်လည်း အဘိုးအိုကဲ့သို့ လုပ်မိမှာ ဖြစ်သည်။ အကယ်၍ အဘိုးအိုကသာ သူ့အပေါ်တွင် စည်းများ ချလိုပါက ယခု အချိန်ထိတောင် စောင့်နေစရာ မလိုပေ။
ဝမ်လင်း ဟိုဖန် အဖွဲ့အစည်း ရှိသည့်နေရာကို လှမ်းကြည့်ပြီး ပြောလိုက်သည်… “ဂျူနီယာ လုပ်စရာလေးတွေ ရှိနေသေးတာမို့ စီနီယာက ရက်အနည်းငယ်လောက် စောင့်နိုင်မလား…”
အဘိုးအိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်… “ဘာကိစ္စလဲ…”
ဝမ်လင်းက အဘိုးအိုအား ပြန်မေးလိုက်သည်… “စစ်နတ်ဘုရား ဗိမာန်က ကောင်းကင်လမ်း ကျင့်စဉ်ကို စီနီယာ ကြားဖူးလား…”
အဘိုးအိုက လှောင်လိုက်သည်… “စဦးဝိညာဉ်ကို ဖွဲ့စည်းတဲ့အခါ အောင်မြင်နှုန်း အခွင့်အရေး ပိုများစေတယ်ဆိုတဲ့ ကျင့်စဉ်လား … ခေါက်ထား လိုက်စမ်းပါ … မင်းက အဲဒီကို သွားရင်တောင် မင်းက ကောင်းကင်လမ်း ကျင့်စဉ် အစစ်ကို တွေ့ရမှာ မဟုတ်ဘူး … မင်းက အဆင့်၄ ထျန်းကန်း နိုင်ငံကို သွားမှ ကျင့်စဉ်အစစ်ကို မြင်ရလိမ့်မယ်…”
ဝမ်လင်းက ထိုကျင့်စဉ်သည် အစစ်မဟုတ်လျှင်တောင်မှ အဘိုးအိုနှင့်အတူ မသွားခင် ကျင့်စဉ်ကို သွားပြီး ကြည့်ချင် သေးသည်။ ထို့ကြောင့် ဝမ်လင်းက ဟိုဖန် အဖွဲ့အစည်းဆီသို့ ပျံသန်း သွား၏။ အဘိုးအို၏ မျက်လုံးက အရောင်လက် သွားပြီး ဝမ်လင်း၏နောက်မှ လိုက်သွားလေသည်။
မကြာမီ ဟိုဖန် အဖွဲ့အစည်း ရှိနေသည့် တောင်က ဝမ်လင်း၏ရှေ့တွင် ပေါ်လာသည်။ သူက အဘိုးအိုကို စောင့်လိုက်ပြီး အော်ပြော လိုက်သည်… “စစ်နတ်ဘုရား ဗိမာန်က စီနီယာ ဖန်းလွမ်ဆီကို မိုင်လျန်းက လာရောက် နှုတ်ဆက်ပါတယ်…”
သူ၏အသံက မိုးခြိမ်းသံအလား တောင်တန်း တစ်ခုလုံးကို ပျံ့နှံ့သွား၏။ မကြာမီ လူအနည်းငယ်က တောင်ပေါ်မှ ပျံသန်း ထွက်လာသည်။ သူတို့အုပ်စုကို ဖန်းလွမ်က ဦးဆောင်လာခြင်း ဖြစ်သည်။
ဖန်းလွမ်သည် ဝမ်လင်း၏နောက်မှ အဘိုးအိုကို သတိပြုမိသွားပြီး သူမ၏ သူငယ်အိမ်က ကျုံ့သွား၏။ သူမက ဝမ်လင်းကို ကြည့်လိုက်သောအခါ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်နေသည့် အတွက် စိတ်ထဲတွင် အံ့ဩသွား၏။ နှစ်အနည်းငယ် အတွင်းမှာတင် ဝမ်လင်းက အမြုတေကို ဖွဲ့စည်း နိုင်ခဲ့သဖြင့် ဝမ်လင်းသည် ယခင်က အမြုတေ ဖွဲ့တည်ခြင်း အဆင့် ဖြစ်ရမည်ဟု စိတ်ထဲတွင် တွေးလိုက်သည်။
သူမက ဝမ်လင်းအား ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်… “ဒီလူ ၃နှစ်ကြာအောင် လိုက်ရှာနေတဲ့လူက နင်လား…”
ဝမ်လင်းက သူမ၏ မေးခွန်းကို ရှောင်ပြီး ပြန်ပြောလိုက်သည်… “စီနီယာ ဖန်းလွမ် … ဂျူနီယာက တောင်းဆိုချင်တာ တစ်ခု ရှိပါတယ် … ခွင့်ပြုဖို့လည်း မျှော်လင့်ပါတယ်…”
ဖန်းလွမ်က အဘိုးအိုအား ကြည့်ပြီး ဝမ်လင်းအား ပြောလိုက်သည်… “ပြောပါ…”
“ဂျူနီယာက ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ချင်ပါတယ်…” ဝမ်လင်းက ဖြေလိုက်သည်။
ဖန်းလွမ်က ဝမ်လင်းကို အဖြေပေးရန် စဉ်းစားနေချိန်တွင် သူမ၏နောက်မှ မျက်နှာနီနီနှင့် အဘိုးအိုက ဖန်လွမ်၏ရှေ့သို့ ထွက်လာပြီး ဝမ်လင်းအား လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်… “မင်းက စစ်နတ်ဘုရား ဗိမာန်က တပည့်တစ်ယောက် ဖြစ်နေမှတော့ ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်နိုင်တယ်… ငါ့နောက်လိုက်ခဲ့…”
ဝမ်လင်းက သူ့နောက်မှ ချက်ချင်း ပျံသန်း၍ လိုက်သွား၏။
အဘိုးအို၏ အမူအရာကတော့ သာမန် အတိုင်းပင်။ ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ရန် ဝမ်လင်းက သူ့အား အသုံးချ သွားသည်ကို သိ၏။ သို့သော်လည်း ဤကဲ့သို့ ကိစ္စသေးသေးလေး လောက်ဖြင့် စိတ်ထဲမထားပေ။ ထို့ကြောင့် ဝမ်လင်းကို ကူညီပေးပြီ ဆိုမှတော့ အဆုံးထိ ကူညီပေးမည်ဟု တွေးလိုက်သည်။ ဒါကလည်း သူနှင့် ဝမ်လင်း၏ကြားတွင် ဆက်ဆံရေးကောင်း တစ်ခု ရှိသွားစေမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးပြီးနောက် အဘိုးက ပြောလိုက်သည်… “ကောင်လေး… ငါ မင်းကို ဒီမှာ စောင့်နေမယ်… တစ်ခုခုကသာ မင်းကို ထိခိုက် နာကျင်စေခဲ့ရင် ဒီတောင်ပေါ်မှ ရှိတဲ့သူအားလုံးကို မင်းနဲ့ အဖော်ပြုခိုင်း လိုက်မယ်…”
မျက်နှာနီနီနှင့် အဘိုးအို၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင် သွား၏။ သူနှင့် ဝမ်လင်းသည် တောင်၏ အနောက်ဘက်သို့ ရောက်လာပြီးနောက် ကျောက်ပြား တစ်ချပ်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
မျက်နှာနီနီနှင့် အဘိုးအိုက ဝမ်လင်းအား ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်… “ငါ မင်းကို ဝမ်လင်းလို့ ခေါ်သင့်လား…”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
မျက်နှာနီနီနှင့် အဘိုးအိုက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး စိတ်ပင်ပန်းနေသည့် အသံဖြင့် ပြောလိုက်သည်… “ဝမ်လင်း… ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မေ့ပစ်နိုင်မလား… မင်းရဲ့ ကိစ္စတွေကိုလည်း ငါလည်း စိတ်မဝင်စားဘူး … ဒါပေမဲ့ စစ်နတ်ဘုရား ဗိမာန်ကိုတော့ ဒီထဲ ဆွဲမထည့်ပါနဲ့ … မင်း ကတိပေးမယ်ဆိုရင် ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ဖို့ ဖွင့်ပေးမယ်…”
***
👌