မူရင်း ခန္ဓာကိုယ်နှင့် ကိုယ်ပွား၃ခုသည် သူတို့၏နတ်ဘုရား စိတ်အာရုံများကို ချိတ်ဆက်ပြီး ရွှမ်းဝူနိုင်ငံ တစ်ခုလုံးကို ပိတ်လိုက်၏။
ရွှမ်းဝူနိုင်ငံသို့ ဝင်လာမည့် ကျင့်ကြံသူပဲဖြစ်ဖြစ်၊ ထွက်သွားမည့် ကျင့်ကြံသူပဲဖြစ်ဖြစ် ထိုနတ်ဘုရား စိတ်အာရုံကို ဖြတ်သွားရမည် ဖြစ်သည်။ ဤနည်းလမ်းဖြင့် မိစ္ဆာသခင် အဘိုးအိုက ရွှမ်းဝူနိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်မှု အပြည့် ရရှိသွားမည် ဖြစ်၏။
အဘိုးအိုသည် ဝမ်လင်းက မြေအောက်ထဲသို့ တိုးဝင်သွားပြီး မကြာမီတွင် ဝမ်လင်း၏ အငွေ့အသက်၊ အော်ရာအားလုံးက ပျောက်ကွယ် သွားသည်ကို တွေ့ရှိလိုက်ရသည်။
သူက အစွမ်းကုန်သုံးပြီး လိုက်ရှာသော်လည်း လုံးဝမတွေ့ပေ။ ဝမ်လင်းက အလွန်နက်သည့် မြေအောက်ထဲတွင် ပုန်းနေသည့်ဟု ထင်ပြီး မြေအောက်ထဲထိ လိုက်ရှာသော်လည်း ဝမ်လင်းအား မတွေ့ရချေ။
သူကတော့ လုံးဝ မရှုံးမပေးချေ။ ဝမ်လင်းက သေဆုံးခြင်း မန္တန်ကို အသုံးပြုနိုင်သည်ဟု ကြားကတည်းက သူ့ကို ဆွဲဆောင်သွားခြင်း ဖြစ်သည်။ သူ၏ အကြံအစည်တွင် သေဆုံးခြင်း မန္တန် အသုံးပြုနိုင်သည့် လူတစ်ဦး ပါလာပါက အလွန်လွယ်ကူ သွားပေလိမ့်မည်။
ထို့ကြောင့်လည်း ဝမ်လင်းအား ကြိုးစားပန်းစားဖြင့် လိုက်ရှာနေခြင်း ဖြစ်သည်။ သာမန်အားဖြင့် ဝမ်လင်းအား ဖမ်းဆီးရာတွင် မခက်ခဲသင့်ပေ။ သို့သော်လည်း ဝမ်လင်းက အစအန ရှာမရအောင် ပျောက်သွား တတ်သည်။ သူက ၉၇ကြာအောင် စောင့်ဆိုင်းပြီးမှ ဝမ်လင်း ပြန်ပေါ်လာသည်။ ဝမ်လင်းအား လိုက်နေစဉ်တွင် ဝမ်လင်းက မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုနိုင်သည် ကိုလည်း တွေ့ရ၏။
သူက မြေကြီးလှေကို ငှားရမ်း လာခဲ့သဖြင့် ဝမ်လင်း၏နောက်သို့ ဆက်လိုက်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းသည် ဟိုဖန်အဖွဲ့အစည်း၏ တောင်တန်းဆီသို့ သွားလိမ့်မည်ဟု ထင်မထားမိချေ။
သူက အကာအကွယ် ဝင်္ကပါကို လက်ဝါး တစ်ချက်တည်းဖြင့် ဖျက်ဆီး နိုင်ခဲ့သော်လည်း ဝမ်လင်းကို လက်လွှတ် ခဲ့ရသည်။ ထို့ကြောင့်လည်း သူက ရွှမ်းဝူနှင့်ဟိုဖန် နိုင်ငံ၏နောက်ရှိ အဆင့်၄ နိုင်ငံ၏ဒေါသကို လျစ်လျူရှုပြီး နိုင်ငံတစ်ခုလုံးအား သူ၏နတ်ဘုရား စိတ်အာရုံဖြင့် လွှမ်းခြုံ ထားလိုက်ခြင်း ဖြစ်သည်။
ဟိုဖန်နှင့် ရွှမ်းဝူ၏နောက်တွင် အဆင့်၄ နိုင်ငံတစ်ခု ရှိနေသဖြင့် သူက နိုင်ငံနှစ်ခုလုံးမှ ကျင့်ကြံသူများကို တစ်ယောက်မှ မသတ်ခဲ့ပေ။ ရွှမ်းဝူနှင့်ဟိုဖန်၏ နောက်ရှိ အဆင့်၄နိုင်ငံက တစ်ခုတည်း ဖြစ်သောကြောင့် သူတို့ နှစ်နိုင်ငံ အနေဖြင့် မည့်သို့ တိုက်ခိုက်ကြသည် ဖြစ်စေ ပြဿနာ မရှိပေ။ သို့သော်လည်း အပြင်ဘက်မှ တစ်ယောက်က ဝင်လာခဲ့လျှင် သူတို့နောက်ရှိ အဆင့်၄နိုင်ငံမှ ကျင့်ကြံသူများက လှုပ်ရှားလာမည် ဖြစ်သည်။
ထို့အပြင် သူသွားမည့်နေရာ တစ်ခုကလည်း မကြာမီ ပွင့်တော့မည်ဖြစ်၍ မလိုအပ်ဘဲ ပြဿနာ အများကြီး မရှာချင်ပေ။
နတ်ဘုရား စိတ်အာရုံဖြင့် လွှမ်းခြုံထားမှုက ၂နှစ်ကျော် လာခဲ့လေပြီ။
ထို၂နှစ် အတွင်းတွင် ရွှမ်းဝူနှင့်ဟိုဖန် အဖွဲ့အစည်းသည် အဘိုးအို၏ နတ်ဘုရား စိတ်အာရုံဖြင့် နေ့စဉ် အကြိမ်ပေါင်း များစွာ ရှာဖွေခြင်း ခံနေရသည်။
အားလုံးနီးပါးက ထိုဖြစ်ရပ်၏ တရားခံကို သိသော်လည်း အကြီးအကဲများက ရွှမ်းဝူနိုင်ငံ၏ ထောင့်၄ထောင့်သို့ မသွားရန် အားလုံးကို အသိပေး ထားကြ၏။
အဘိုးအိုသည် တဖြည်းဖြည်းနှင့် ပိုပြီး စိတ်က လှုပ်ရှား လာသည်။ သူသွားမည့် နေရာသည် ပွင့်ရန် တစ်နှစ်သာ လိုတော့သည်။ သူကသာ နောက်ကျလျှင် အကျိုးဆက်များက မတွေးဝံ့စရာပင်။ ထို့ကြောင့် သူက နောက်ထပ် နှစ်ဝက်စောင့်ရန် ဆုံးဖြတ် လိုက်သည်။ နှစ်ဝက်ကျော်လို့မှ ထိုကောင်လေးအား မတွေ့ပါက အဆင့်၄ နိုင်ငံ၏ဒေါသကို လျစ်လျူရှပြီး နိုင်ငံတစ်ခုလုံးကို သန့်စင်ကာ ထိုကောင်လေးအား ရှာဖွေတော့မည် ဖြစ်သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံး လာသည်။ တစ်လ၊ နှစ်လ၊ သုံးလ၊ လေးလ၊ ငါးလ ကုန်ဆုံးသွား၏။ အဘိုးအို၏ မျက်နှာသည်လည်း မည်းမှောင်ပြီး ပုပ်သိုးနေလေပြီ။ သူ့ရင်ထဲမှ ဒေါသများကလည်း တဖြည်းဖြည်း တိုးလာလေသည်။
ဝမ်လင်းသည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းရှိ အိပ်မက် နယ်မြေထဲတွင် ကြာပန်း သဏ္ဌာန် ထိုင်နေလေသည်။ သူ၏မျက်နှာက မိစ္ဆာသခင်၏ မျက်နှာထက် ပိုပြီးတော့ပင် သုန်မှုန် နေလေသည်။ သူက သူ့ခန္ဓာကိုယ်တွင် စစ်ဆေးကြည့်ရာ ရှန့်ကွမ်းမို၏ ဝိညာဉ် အဆီအနှစ် သွေးစက်နှင့် ပတ်သက်၍ ထူးခြားနေသည်ကို တွေ့လိုက်ရ၏။ သူ့စိတ်ထဲတွင် သူ့အား အဘိုးအို လိုက်ရှာနေသည်မှာ ရှန့်ကွမ်းမို၏ ဝိညာဉ် အဆီအနှစ် သွေးစက်ကြောင့်ဟု ထင်သွား၏။
ဤနေ့ရက်သည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းတွင် ဆက်တိုက် နေခွင့်ရှိသည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ သူက သည်နေ့မှ မထွက်သွားလျှင် ဘယ်တော့မှ ထွက်သွားလို့ ရတော့မည် မဟုတ်ဟု ဆိုသော ခံစားချက် တစ်ခုကို ခံစားမိနေသည်။
သူက အပြင်သို့ ထွက်သွားပြီး ၃ရက်ကြာလျှင် ပြန်ဝင်လို့ရမည် ဖြစ်သည်။ သို့သော်လည်း သူ့နောက်မှ လိုက်နေသော လူသည် အပြင်ဘက်တွင် ရှိနေသေး၏။ ထို့ကြောင့် အပြင်ဘက်တွင် ၃ရက် ပြည့်အောင် နေရန် အလွန် ခက်ခဲသည်။
ဝမ်လင်းက ခဏလောက် စဉ်းစား လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းရှိ အလင်းရောင်က တဖြည်းဖြည်း မှိန်လာသည်။ အားလုံး အမှောင်ကျ သွားတော့မည့် အချိန်တွင် သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှ ထွက်လိုက်၏။
ဝမ်လင်း ထွက်လာသည်နှင့် မိစ္ဆာသခင်၏ မျက်လုံး၏ ရုတ်တရက် ပွင့်သွားပြီး သူ၏ခန္ဓာကိုယ်က ထိုနေရာမှ ပျောက်ကွယ် သွား၏။
ဝမ်လင်းသည် အပြင်သို့ ရောက်လာသည်နှင့် မူးဝေနေသည်ကို ခံစားလိုက် ရသည်။ သို့သော်လည်း သူက ရှန့်ကွမ်းမို၏ ဝိညာဉ် အဆီအနှစ် သွေးစက်ကို ထုတ်ယူပြီး အဝေးသို့ လွှင့်ပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက အန္တရာယ်ကို ခံစားမိလိုက်ပြီး လှောင်ပြုံး ပြုံးကာ သွေးစက်ကို ပစ်လိုက်သည့် ဘက်နှင့် ဆန့်ကျင်ဘက်ကို ချက်ချင်း ပြေးထွက် သွား၏။
အဘိုးအိုသည် ဝိညာဉ် အဆီအနှစ် သွေးစက်၏ ဆက်သွယ်မှုဖြင့် ဝိညာဉ် အဆီအနှစ် သွေးစက်ရှိသည့် နေရာကို ရောက်လာသည်။ သူက မြေပြင်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် မြေပြင်အား ခြေထောက်ဖြင့် ဆောင့်ချလိုက်ရာ မြေပြင် တစ်ခုလုံး လှုပ်ခါသွား၏။ သူက မြေကြီးလှေကို အသုံးပြုပြီး မြေအောက်ထဲသို့ တိုးဝင်သွား၏။ သို့သော်လည်း မကြာခင်မှာတင် သူက ရှန့်ကွမ်းမို၏ ဝိညာဉ် အဆီအနှစ် သွေးစက်ကို ကိုင်ထားပြီး မြေအောက်ထဲမှ ပြန်ထွက် လာသည်။ သူ့ရင်ထဲတွင် ဒေါသများက အဆမတန် တိုးပွားလာပြီး ဝိညာဉ် အဆီအနှစ် သွေးစက်ကို ခြေမွှလိုက်သည်။
“မင်း ဝေးဝေး မပြေးနိုင်ပါဘူး…” အဘိုးအိုက ပြောလိုက်ပြီး သူ၏နတ်ဘုရား စိတ်အာရုံဖြင့် ရွှမ်းဝူ တစ်နိုင်ငံလုံးကို ဖုံးအုပ်လိုက်သည်။ ထို့နောက် နှာခေါင်း တစ်ချက် ရှုံ့ပြီး ဝမ်လင်း၏ နောက်သို့ လိုက်၏။
ဝမ်လင်းကတော့ မြေအောက်ထဲတွင် ခရီးဆက် နေသည်။ ထိုအချိန်တွင် ရုတ်တရက် သူ့ဘေးနားရှိ မြေကြီးများတွင် စိတ်စွမ်းအင် လှုပ်ရှားမှုများကို အာရုံခံမိ လိုက်သည်။ အဘိုးအိုက သူ့နောက်သို့ လိုက်နေသဖြင့် သူ့က အပြင်ဘက်တွင် ၃ရက် ပြည့်အောင် နေနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် အလျင်အမြန် မြေပေါ်သို့ ပြန်တက် သွား၏။
သူက မြေပြင်ပေါ်သို့ ခြေချ လိုက်သည်နှင့် အဘိုးအို ၄ယောက်က သူ့အား ဝိုင်းရံလာသည်။
အဘိုးအိုက ဝမ်လင်းအား စိုက်ကြည့်နေချိန်တွင် သူ၏ ကိုယ်ပွား၃ခုက သူ၏ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ပြန်ပေါင်းစပ် သွား၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြော လိုက်သည်… “အရင် ၉၇ရက် ပေါင်းလိုက်ရင်… ငါ မင်းကို စောင့်နေတာ ၃နှစ်နီးပါးပဲ…”
ဝမ်လင်းကတော့ ဘာမှပြန်မပြောဘဲ သူ၏ သုန်မှုန်နေသော မျက်နှာထားဖြင့် အဘိုးအိုအား စိုက်ကြည့် လိုက်သည်။
အဘိုးအိုက အထင်သေးသည့် အမူအရာဖြင့် မေးလိုက်သည်… “မင်းရဲ့နာမည်က ဘယ်သူလဲ… ”
ဝမ်လင်းက ဖြေလိုက်သည်… “မိုင်လျန်း…”
အဘိုးအိုက ဝမ်လင်းအား စိုက်ကြည့်ပြီး စကားကို တစ်လုံးချင်း မေးလိုက်သည်… “မိုင်လျန်း… ငါ မင်းကို တစ်ခု မေးချင်တယ်… မင်း သေဆုံးခြင်းမန္တန်ကို သိလား…”
သူက သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ချင် စိတ်များကို ဖုံးကွယ်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ ဝမ်လင်းကသာ ‘မသိဘူး’ ဟု ဖြေလျှင် သူက ဝမ်လင်းအား ချက်ချင်း သတ်ပစ်ရန် ဆုံးဖြတ်ထား၏။ သူ့ကို လိမ်ညာခဲ့သည့် နန်ဒူမြို့မှ လူများကိုလည်း သတ်ပစ်ပြီး သူတို့၏ဝိညာဉ်များကို မှော်ရတများ လုပ်ပစ်ရန် တွေးထား၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ် ပြလိုက်သည်။ သူက အဘိုးအိုထံမှ သတ်ဖြတ်ချင် စိတ်များကို ခံစားမိ၏။ သူက ခြေတစ်လှမ်း မှားသည်နှင့် အဘိုးအိုက သူ့အား သတ်ပစ်မှာ ကျိန်းသေ နေသည်။
အဘိုးအို၏ မျက်လုံးများက ကျဉ်းမြောင်း သွားပြီး စကားတစ်ခွန်းမှ ထပ်မဆိုဘဲ သိုလှောင်အိတ် အတွင်းမှ ၃ပေရှည်သည့် အစိမ်းရောင် စပါးအုံးမြွေကို ထုတ်ယူ လိုက်သည်။
စပါးအုံးမြွေက လျှာထုတ်ပြီး သူ၏ နက်မှောင်သော မျက်လုံးများက ဝမ်လင်းအား စိုက်ကြည့် နေသည်။
အဘိုးအိုက စပါးအုံးမြွေကို မြေပြင်သို့ ပစ်လိုက်ပြီး ဝမ်လင်းအား အေးစက်စွာ ပြောလိုက်သည်… “မင်းရဲ့သေဆုံးခြင်းမန္တန်ကို သုံးပြီး ဒီစပါးအုံးမြွေကို တိုက်ခိုက်ပါ…”
စပါးအုံးက မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တွန့်လိမ်ပြီး ပါးစပ်ကို ဖြဲကာ ဝမ်လင်းဆီသို့ ခုန်ဝင်သွား၏။ ဝမ်လင်းက စပါးအုံးမြွေကို အနီရောင် လျှပ်စီးများဖြင့် ပြည့်နေသော မျက်လုံးဖြင့် သေချာကြည့်ပြီး ရေရွတ် လိုက်သည်… “သေစမ်း…”
ဝမ်လင်း၏ ပစ်မှတ်သည် စပါးအုံး မြွေတော့ မဟုတ်ဘဲ အဘိုးအို ဖြစ်နေ၏။ သည်တစ်ကြိမ်တွင် ဝမ်လင်းက သူ၏ဂျိနယ်ပယ်ကို အစွမ်းကုန် အသုံးပြုထားခြင်း ဖြစ်သည်။ ဝမ်လင်းက သေစမ်းဆိုသည့် စကားကို ပြောပြီးသည်နှင့် နောက်သို့ ချက်ချင်း ထွက်သွား၏။
သူ၏အသိစိတ် ပင်လယ် အတွင်းသို့ အနီရောင် လျှပ်စီးတန်း တစ်ခုက ဖောက်ဝင် လာသည်ကို မြင်ပြီး အဘိုးအို၏ စိတ်က တုန်လှုပ်သွား၏။ သူ၏အသိစိတ် ပင်လယ်ထဲတွင် လဲလျောင်း နေသည့် ရေဘဝဲ တစ်ကောင်မှလွဲ၍ မည်သည့်အရာမှ ရှိမနေချေ။ အနီရောင် လျှပ်စီးက ဝင်လာသည်နှင့် ရေဘဝဲက ပါးစပ်ကို ဟပြီး အနီရောင်လျှပ်စီးအား စုပ်ယူလိုက်သည်။
သို့သော်လည်း ဂျိနယ်ပယ်သည် အလွန် စွမ်းအားကြီးသည့် အရာတစ်ခု ဖြစ်သည်။ အဘိုးအို၏ မြင့်မားသော ကျင့်စဉ် အဆင့်တောင်မှ ရေဘဝဲသည် အနီရောင် လျှပ်စီးကို စုပ်ယူပြီးနောက် ရေဘဝဲ၏ ခန္ဓာကိုယ်က တုန်ယင်နေဆဲ ဖြစ်သည်။
ရေဘဝဲ၏ တုန်ခါမှုက သူ၏အသိစိတ်ကို တောင်မှ တုန်ယင် သွားစေပြီး သူ၏ခန္ဓာကိုယ်အား ခဏတာ ရပ်တန့် သွားစေသည်။
ဝမ်လင်းက အနောက်သို့ ဆုတ်ပြီးသည်နှင့် သလင်းကျောက်ဓားကို ထွေးထုတ်ပြီး မြွေအား နှစ်ပိုင်းပိုင်းကာ အဘိုးအို၏ မျက်ခုံးနှစ်ခုကြားသို့ ဓားဖြင့် ထိုးလိုက်သည်။
သို့သော်လည်း အလင်းစက်ကွင်းများ ထွက်ပေါ်လာပြီး ဓားပျံအား တားဆီးလိုက်၏။ ဝမ်လင်းက လက်ကို ဝှေ့ယမ်းပြီး ဓားကို ပြန်ခေါ် လိုက်ကာ မြေအောက်သို့ အလျင်အမြန် တိုးဝင်သွား၏။
မကြာမီ အဘိုးအိုက တုန်လှုပ်နေသည့် အမူအရာဖြင့် သတိပြန်ဝင် လာပြီး မြေပြင်ပေါ်ရှိ စပါးအုံးမြွေအား ကြည့်ကာ သူ၏နဖူးကို ထိလိုက်သည်။ သူက ဒေါသတကြီးဖြင့် အစီအရင် တစ်ခုကို ဖန်တီးပြီး အော်လိုက်သည်… “သွား…”
သူ့ရှေ့တွင် သက်တံရောင် တောက်ပနေသည့် ဓားမြှောင် တစ်ချောင်း ပေါ်လာ၏။ ထိုဓားမြှောင်သည် တစ်ချောင်းလုံး ကြည်လင်နေပြီး အလင်းဖောက် နိုင်သည့် ဓားမြှောင်တစ်ချောင်း ဖြစ်သည်။ အဘိုးအို၏အမိန့်အတိုင်း ဓားမြှောင်က သက်တံရောင် အလင်းစက်ကွင်းများ ထုတ်လွှတ်ပြီး မြေအောက်ထဲသို့ တိုးဝင်ကာ ဝမ်လင်း၏နောက်သို့ လိုက်သွားလေသည်။
ဓားမြှောင်၏ အမြန်နှုန်းက အလွန်မြန်သဖြင့် ခဏလေး အတွင်းမှာပင် ဝမ်လင်းနှင့် ပေ၁၀၀ အတွင်းသို့ ရောက်လာသည်။ ထိုအခါ ဝမ်လင်းက ခေါင်းနပန်း ကြီးသွားပြီး ယန်စန်း ပေးထားသည့် အကာအကွယ် မှော်ရတနာကို တုံ့ဆိုင်းနေခြင်း မရှိဘဲ ထုတ်ယူ လိုက်သည်။
ထိုမှော်ရတနာသည် စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်၏ အင်အားပြည့် တိုက်ခိုက်မှု တစ်ခုကို ကာကွယ်နိုင်၏။ သူက မှော်ရတနာကို ပစ်လိုက်သည်နှင့် ဓားမြှောင်ကလည်း ရောက်လာသည်။
မှော်ရတနာက ဝမ်လင်း၏ နောက်ကို အပြည့်အဝ ကာကွယ်ထားရာ ဓားနဲ့ မှော်ရတနာက တိုက်မိသွားပြီး အက်ကွဲသံများ ပေါ်လာကာ မှော်ရတနာက ပျက်စီးသွား၏။ ဓားမြှောင်သည်လည်း နောက်သို့ ပေအနည်းငယ်ခန့် လွှင့်သွား၏။ သူတို့နှစ်ခု၏ တိုက်မှုကြောင့် တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ မြေစာများ ဖွာထွက် သွားသည်။
ဝမ်လင်းသည် တုန်ခါလှိုင်း ထိမှုန်ပြီး သွေးတစ်လုတ် အန်ထုတ် လိုက်ရ၏။ ထို့ကြောင့် သူက မြေအောက်ထဲမှ ချက်ချင်း ထွက်လိုက်ရာ အဓိက တုန်ခါလှိုင်းကြီးကို ရှောင်ရုံလေး ရှောင်လိုက် နိုင်သွား၏။
သူက မြေပြင်ပေါ်သို့ ရောက်သည်နှင့် ရပ်မနေဘဲ ချက်ချင်း ပျံသန်း၍ ထွက်ပြေး လေသည်။
မြေအောက်မှ တုန်ခါ လှိုင်းကြီးကြောင့် အဘိုးအို၏ ဒေါသများက လျော့နည်းသွားပြီး ရေရွတ် လိုက်သည်… “ဒီကောင်လေးရဲ့ တိုက်ခိုက်မှုက ငါ့ကို ခဏတာ ရပ်တန့် သွားစေနိုင်တယ်… ကောလာဟလတွေ အရတော့ သေဆုံးခြင်း မန္တန်ကို အသုံးပြုတဲ့ သူတွေက သူတို့ရဲ့ နတ်ဘုရား စိတ်အာရုံကို အသုံးပြုပြီး တိုက်ခိုက် ရတာတဲ့ … ဒီအတိုင်းဆိုရင် ဒီကောင်လေးက သေဆုံးခြင်း မန္တန်ကို တကယ် အသုံးပြုတတ်တာပဲ…”
ထိုအကြောင်းကို တွေးပြီး သူ၏ ခန္ဓာကိုယ်က ထိုနေရာမှ ပျောက်ကွယ် သွား၏။ ဝမ်လင်းသည် ပြေးနေရင်း သူ၏ရင်ဘတ်မှ အလွန် နာကျင်လာသဖြင့် လီမူဝမ် ပေးထားသော ဆေးများထဲမှ တစ်လုံးကို ထုတ်ယူ လိုက်သည်။ ထိုအချိန်တွင် သူ့ရှေ့မှ စိတ်စွမ်းအင် လှုပ်ရှားမှုများကို ရုတ်တရက် အာရုံခံမိ လိုက်သည်။ သူက စဦးစိတ်ဝိညာဉ် အဆင့်များကို တွေ့ဖူးသဖြင့် စဦးစိတ်ဝိညာဉ် အဆင့်များသည် တည်နေရာ ရွှေ့ပြောင်း နိုင်ကြောင်း သိထား၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ချက်ချင်း တခြား တစ်ဖက်ကို လှည့်ကာ ပျံသန်း၍ ထွက်ပြေး လေသည်။
ထိုအချိန်တွင် အဘိုးအိုက စိတ်စွမ်းအင် လှုပ်ရှားမှုများ ထွက်ပေါ်နေသည့် နေရာမှ လမ်းလျှောက်၍ ထွက်လာသည်။
“ကောင်လေး… ဒီအဘိုးကြီးက မင်းကို နာအောင် လုပ်မလို့ မဟုတ်ပါဘူး … ငါ့စကားကို အရင် နားထောင် ကြည့်ပါဦး…”
***