သူ၏ရင်ထဲတွင် သံသယများက ပိုမိုကြီးထွားလာပြီး သူက အနည်းငယ် စဉ်းစားလိုက်ကာ ဟိုဖန်နိုင်ငံ၏ဘေးမှ နိုင်ငံတစ်ခုဖြစ်သည့် ထျန်းမောင်နိုင်ငံဆီသို့ သွားလိုက်၏။
အဘိုးအို၏ ရည်ရွယ်ချက်က ထျန်းမောင်နိုင်ငံ၏ အလယ်ရှိ ကောင်းကင်မျှော်စင် ဖြစ်သည်။ ကောင်းကင်မျှော်စင်မှ လူသည် အဆင့်မြင့်နိုင်ငံမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။
အဆင့်၃နိုင်ငံ အားလုံးတွင် ကောင်းကင်မျှော်စင် မရှိပေ။ ဟိုဖန်နှင့် ရွှမ်းဝူနိုင်ငံတွင် ကောင်းကင်မျှော်စင် တစ်ခုမှ မရှိချေ။ ထို့ကြောင့်လည်း ဟိုဖန်က ထျန်းမောင်ကို မကျူးကျော်ရဲဘဲ ရွှမ်းဝူကို ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးနေပြီး ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းတွင် ကျင့်ကြံလျက် ရှိသည်။ မကြာမီ ရက် ၁၀၀ကျော် သွား၏။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ့ခေါင်းပေါ်မှ ‘အပြစ်ပေးခြင်း’ ဆိုသည့် စကားလုံးသည် တဖြည်းဖြည်း အနီရောင်က လျော့ကျလာပြီး နောက်ဆုံးတွင် သွေးရောင်မှ မီးခိုးရောင် အဖြစ်သို့ ပြောင်းလဲ သွား၏။
ရုတ်တရက် မမြင်နိုင်သည့် လှိုင်းတစ်ခုက ထွက်ပေါ်လာပြီး အပြင်သို့ တဖြည်းဖြည်း ပျံ့နှံ့လာသည်။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးအတွင်းတွင် အလင်းရောင် တစ်ခုကို ညင်သာစွာ ထွက်ပေါ်လာပြီး တဖြည်းဖြည်း တောက်ပလာသည်။ လှိုင်းများက ပိုပြီး ထွက်လာလေ အလင်းကလည်း ပိုပြီး တောက်ပလာလေ ဖြစ်နေသည်။
ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အလွန် အံ့ဩနေသည်။
အချိန်တိုလေး အတွင်းမှာပင် သူ့ခေါင်းပေါ်မှ ‘အပြစ်ပေးခြင်း’ ဆိုသည့် စာလုံးသည် တဖြည်းဖြည်း ကျုံ့လာပြီး စိတ်စွမ်းအင် အငွေ့အသက်များ စတင် ထွက်ပေါ်လာသည်။ စိတ်စွမ်းအင် အငွေ့အသက်များက တဖြည်းဖြည်း သိပ်သည်းလာပြီး မီးခိုးရောင် အလုံးတစ်လုံးက လေထဲတွင် ပေါ်လာသည်။
ဆေးလုံး၏ အပေါ်တွင် မီးတောက် အနည်းငယ် ရှိနေ၏။ ဝမ်လင်းက လက်လှမ်းပြီး ဆေးလုံးကို ယူလိုက်သည်။
နတ်ဘုရား စိတ်အာရုံဖြင့် ဆေးလုံးအား စစ်ဆေးကြည့်ရာ ဆေးလုံးထဲတွင် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် တစ်ယောက်၏ စိတ်စွမ်းအင် ပမာဏနဲ့ညီသော စိတ်စွမ်းအင်များ ရှိနေသည်။ ဝမ်လင်းက လီမူဝမ်ပြောပြသည့် အချက်များကို ပြန်စဉ်းစား လိုက်ပြီးနောက် ဆေးလုံးကို မသုံးစွဲဘဲ ဂရုတစိုက်ဖြင့် သိမ်းထားလိုက်သည်။
ဝမ်လင်းက ထိုဆေးလုံးကို စဦးဝိညာဉ် ဖွဲ့စည်းရာတွင် သုံးရန်အတွက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ စဦးဝိညာဉ်ဖွဲ့ခြင်းသည် ရွှေအမြုတေဖွဲ့ခြင်းထက် အောင်မြင်မှု ရာခိုင်နှုန်း ပိုနည်း၏။ ဤဆေးလုံးကို စဦးဝိညာဉ်ဖွဲ့ရာတွင် အသုံးပြုပါက အောင်မြင်နိုင်သည့် ရာခိုင်နှုန်း အနည်းငယ်တော့ တိုးလာ နိုင်ပေသည်။ ရွှေအမြုတေကို ဖွဲ့တည်ရာတွင် တစ်ခါတည်းဖြင့် အောင်မြင်ခဲ့ခြင်းမှာ တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်နှင့် လီမူဝမ်၏ဆေးလုံးတို့ကြောင့် ဖြစ်သည်။
ထိုအရာများသာ မရှိခဲ့လျှင် အမြုတေကို ဤမျှ လွယ်လွယ်ကူကူနှင့် ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတူ စဦးစိတ်ဝိညာဉ် အဆင့်ကိုလည်း ရောက်ဖို့ပင် မသေချာတော့ပေ။
စဦးဝိညာဉ်ကို ဖွဲ့စည်းခြင်းသည် အလွန်ရိုးရှင်းပြီး အလွန်လည်း ခက်ခဲ၏။ ပင်ကိုစွမ်းရည်ရှိသော မိုင်လျန်း၏ ခန္ဓာကိုယ်နှင့်တောင်မှ လီမူဝမ်ပြောပြသော ဒဏ္ဍာရီဆေးလုံးများကို မရရှိခဲ့လျှင် စဦးဝိညာဉ်ကို ဖွဲ့နိုင်ရန် အလွန့်အလွန် ခက်ခဲလှသည်။ သို့သော်လည်း လီမူဝမ်ပြောပြသော ဆေးလုံးများသည် အဆင့်၅နှင့် အထက် နိုင်ငံများတွင်သာ ရှိ၏။ ထိုဆေးလုံးများသည် အဆင့်နိမ့် နိုင်ငံများသို့ ရောက်ရန်မှာ အလွန်ကို ရှားပါးလေသည်။
“စဦးစိတ်ဝိညာဉ်အဆင့် … စဦးစိတ်ဝိညာဉ်အဆင့်… ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့နဲ့တောင်မှ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ နှစ်၁၀၀လောက် လိုလိမ့်မယ်… ယခု အရေးကြီးဆုံးက ကျင့်စဉ်တစ်ခု ရှာဖို့ပဲ … စစ်ထူနန်က အိပ်ပျော်နေတာ ဆိုတော့ ဒီကိစ္စမှာ ငါ့ကိုယ်ငါပဲ အားကိုးရမယ်…”
ယခုအချိန်တွင် ဝမ်လင်းအတွက် လိုအပ်နေသည်မှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်များအတွက် ကျင့်စဉ် နည်းစနစ်တစ်ခု ဖြစ်သည်။
သို့သော်လည်း ကျင့်ကြံခြင်း နည်းစနစ်ကို ရွေးချယ်ခြင်းက အလွန် အရေးကြီး၏။ ယခုအချိန်တွင် သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်များစွာကို သတ်ခဲ့သဖြင့် သူတို့၏ ကျင့်စဉ် နည်းစနစ်များသည် သူ့ထံ၌ ရှိနေသည်။ အမြုတေဖွဲ့တည်ခြင်း အဆင့်တစ်ယောက် အတွက် တချို့ ကျင့်စဉ်များက သင့်တော်သော်လည်း ကျင့်စဉ်များ အားလုံးက တစ်ခုနှင့်တစ်ခု ကွာခြားနေသဖြင့် တစ်ခုကို ရွေးချယ်ရန်ကား အလွန် ခက်ခဲလှသည်။
ထို့အပြင့် ထိုနည်းလမ်းများအား မရွေးချယ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူလိုချင်သည့် ကျင့်စဉ်သည် စဦးဝိညာဉ်ကို ဖွဲ့စည်းရန်အတွက် အောင်မြင်မှုနှုန်း မြင့်မားစေသည့် ကျင့်စဉ်ကို လိုချင်နေသောကြောင့် ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားနေရင်း သူ၏မျက်လုံးက ရုတ်တရက် တောက်ပသွား၏။ မိုင်လျန်း၏ မှတ်ဉာဏ်ထဲမှ စစ်နတ်ဘုရား ကျောင်း၏ ကောင်းကင်လမ်း ကျင့်စဉ်သည် စဦးဝိညာဉ်ကို ဖွဲ့စည်းခြင်းကို အောင်မြင်နှုန်း မြင့်မားစေသည့် အစွမ်း ရှိ၏။
သို့သော်လည်း စစ်နတ်ဘုရားဗိမာန်မှ ကောင်းကင် လမ်းကျင့်စဉ်နှင့် ပတ်သက်၍ ဝမ်လင်း၏ စိတ်ထဲတွင် မတင်မကျ ရှိနေသည့် အချက်တစ်ချက် ရှိ၏။ ကောင်းကင် လမ်းကျင့်စဉ်က ထိုကဲ့သို့ စွမ်းရည်မျိုးရှိလျှင် နိုင်ငံတွင်း၌ ထိပ်ဆုံးအဆင့်၌ ရပ်တည်နေသည့် ဂိုဏ်းများကလည်း လိုချင်ကြလိမ့်မည်။ ထို့အတူ အဆင့်၄ သို့မဟုတ် အဆင့်၅ နိုင်ငံများတောင်မှ ထိုကျင့်စဉ်ကို မက်မော ကြပေလိမ့်မည်။
သို့သော်လည်း မိုင်လျန်၏ မှတ်ဉာဏ်များမှ တစ်ဆင့် စစ်နတ်ဘုရား ဗိမာန်၏ ကောင်းကင်လမ်း ကျင့်စဉ်သည် အဆင့်၃ထက် မြင့်သော နိုင်ငံများကို ဆွဲဆောင်နိုင်ခြင်း မရှိဟု သိထား၏။
သို့သော် သူက ကောင်းကင်လမ်း ကျင့်စဉ်ကို လိုချင်နေသည့်အတွက် ရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ ယခုရှိနေသည့် ကောင်းကင်လမ်း ကျင့်စဉ်သည် မူရင်း ကောင်းကင်လမ်း ကျင့်စဉ်ကို အောင်မြင်ခဲ့သည့် စီနီယာတစ်ဦး၏ ဉာဏ်အလင်းများမှ ဆင်းသက် လာသည်ဟု မိုင်လျန်း၏ မှတ်ဉာဏ်များထဲမှ တစ်ဆင့် သိထားသည်။ ထို့ကြောင့် ယခု စစ်နတ်ဘုရား ဗိမာန်တွင် ရှိနေသည့် ကောင်းကင်လမ်း ကျင့်စဉ်သည် မူရင်းကျင့်စဉ်တစ်ခု မဟုတ်ပေ။ ဝမ်လင်း လိုချင်နေသည်ကား မူရင်း ကောင်းကင်လမ်း ကျင့်စဉ် ဖြစ်သည်။
ဝမ်လင်းသည် စဦးဝိညာဉ်ကို ဖွဲ့စည်းရာတွင် အရာအားလုံးကို သေချာအောင် လုပ်ပြီး တစ်ခါတည်းဖြင့် အောင်မြင် ချင်သည်။ ယခု ပြင်ဆင် နေသည်များကလည်း အောင်မြင်မှုနှုန်း တိုးလာ နိုင်စေရန် ဖြစ်၏။
သာမန်ကျင့်စဉ်လေး တစ်ခုက ဝမ်လင်းကို မတင်းတိမ် နိုင်စေပေ။ သာမန်ကျင့်စဉ် တစ်ခုဖြင့် စဦးဝိညာဉ်ကို ဖွဲ့စည်းခြင်းသည် အောင်မြင်ရန် အလွန်ခက်ခဲ၏။
ထိုအကြောင်းများကို တွေးကြည့်ပြီး သက်ပြင်း ချလိုက်ကာ ဆက်လက်၍ ကျင့်ကြံ လိုက်တော့သည်။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းတွင် နောက်ထပ် ရက်အနည်းငယ်ခန့် နေပြီးမှ ထွက်သွားရန် တွေးထား၏။
ဝမ်လင်းက ထွက်မသွားခင် စစ်ထူနန်နှင့် မိဘများ၏ ဝိညာဉ်ဆီသို့ တစ်ခေါက် သွားကြည့်သေး၏။ ထိုနေရာတွင် အချိန် အနည်းငယ်ခန့် နေပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှ ထွက်လာခဲ့သည်။
မြေအောက် တစ်နေရာတွင် သက်တံရောင် အလင်းတစ်ချက် လက်သွားပြီး ဝမ်လင်း၏ ရုပ်သွင်က ပေါ်လာသည်။ သူက အပြင်သို့ ရောက်သည်နှင့် အဝေးသို့ တစ်ဟုန်ထိုး ပြေးထွက်သွား၏။
တစ်ချိန်တည်းမှာပင် သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး အပြင်ကိုလည်း သေသေချာချာ စစ်ဆေးလိုက်သည်။ အချိန်က ညအချိန်ဖြစ်ပြီး အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေသည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ဟိုဖန် အဖွဲ့အစည်းရှိသည့် တောင်ဆီသို့ ဦးတည်လိုက်၏။
သို့သော်လည်း သူက ဝေးဝေး မသွားရခင်မှာတင် သူ့ဆီသို့ အန္တရာယ်တစ်ခု လာနေသည်ကို သူ၏နတ်ဘုရား စိတ်အာရုံမှတစ်ဆင့် ခံစားမိလိုက်သည်။ ဝမ်လင်းက သူ၏ မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အဆုံးစွန်ထိ အသုံးချပြီး မြေအောင် ပေ၃၀၀မှ ပေ၁၀၀၀အထိ တိုးဝင်သွားကာ သူ၏အမြန်နှုန်းကို တိုးမြှင့်လိုက်၏။
ထိုအချိန်တွင် အသံတစ်ခုက ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို ဖြတ်ပြီး ရောက်လာသည်… “ကောင်လေး… ဒီအဘိုးကြီးက မင်းကို ၉၇ရက်ကြာအောင် စောင့်ခဲ့ပြီးပြီ…”
ဝမ်လင်း၏ ရင်ထဲတွင် လေးလံသွားပြီး မျက်နှာကလည်း သုန်မှုန်သွား၏။ ဝမ်လင်းက ပေ၁၀၀၀မှ ပေ၂၀၀၀, ပေ၃၀၀၀, ပေ၄၀၀၀, … , ပေ၁၀၀၀၀အထိ အောက်သို့ တိုးဝင်လိုက်သည်။ ဝမ်လင်းသည် မြေအောက်ထဲသို့ တည့်တည့် တိုးဝင်နေပြီး နက်သည်ထက် နက်အောင် ဆက်လက် တိုးဝင်နေသည်။ ရုတ်တရက် ဝမ်လင်းက သူ့ကို တားဆီးထားသည့် အားတစ်ခုကို ခံစားမိသော်အခါ ချက်ချင်း ထောင့်ဖြတ်အတိုင်း အောက်သို့ ဆက်လက်၍ တိုးဝင် သွားသည်။
“ဟီးဟီ… တစ်ယောက်ယောက် ဆီကနေ ဒီမြေကြီးလှေကို ငှားလာတာ ကံကောင်း သွားတယ် … မဟုတ်ရင် မင်းကို ဖမ်းဖို့ အတော် ခက်လိမ့်မယ်…”
အက်ကွဲကွဲ အသက်ကြီးက ဝမ်လင်း၏နတ်ဘုရား စိတ်အာရုံ အတွင်းသို့ တိုးဝင် လာပြန်သည်။
ဝမ်လင်းက ဘာအသံမှ မထွက်ဘဲ မြေအောက်မှ ချက်ချင်း အပေါ်သို့ ရုတ်တရက် ပြန်တက်လိုက်သည်။ သူက မြေပေါ်သို့ ပြန်ရောက်သည်နှင့် သူ၏ရှေ့မှ ဟိုဖန် အဖွဲ့အစည်း ရှိသည့် တောင်တန်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွား၏။
သူက တောင်တန်းနှင့် နီးကပ်လာသောအခါ တောင်၏ ပတ်ဝန်းကျင်တွင် အလင်းမျက်နှာပြင် တစ်ခု ပေါ်လာသည်။ သူက အလင်း မျက်နှာပြင်ကို ထိလိုက်ပြီး သက်သေခံ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက အလင်း အကာအတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်သွားပြီး နောက်သို့ ပြန်လှည့်ကြည့် လိုက်သည်။
ထိုအချိန်တွင် မြေအောက်မှ ကြီးမားပြီး နက်မှောင်သော လှေတစ်စီး ထွက်လာသည်။ လှေထိပ်ဦးပိုင်းတွင် အဘိုးအို တစ်ယောက်က မတ်တတ်ရပ်နေပြီး အလင်းမျက်နှာပြင်၏ တစ်ဖက်ခြမ်းမှ ဝမ်လင်းကို ကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည် … “မဆိုးဘူး… မင်းရဲ့နတ်ဘုရား စိတ်အာရုံက ထူးဆန်းတယ် … မင်းက မင်းရဲ့ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေ ရှိနေပေမဲ့ နည်းနည်းလေးတော့ လွဲနေသေးတယ် … ကြည့်ရတာ မင်းက ဒီခန္ဓာကိုယ်ကို လုယူထားတာမလား … ကောင်လေး ငါ့ဆီလာခဲ့ … အဲဒီနေရာက မင်းကို အကာအကွယ် မပေးနိုင်ဘူး…”
ဝမ်လင်း၏ မျက်နှာက သုန်မှုန် သွား၏။
အဘိုးအိုက ထူးဆန်းစွာ ပြုံးလိုက်ပြီး ညလက်ဖြင့် အလင်းမျက်နှာပြင် ပေါ်သို့ ညင်သာစွာ ဖိချလိုက်ရာ အလင်း မျက်နှာပြင်တွင် အက်ကွဲရာများ ပေါ်လာပြီး အလင်းမျက်နှာပြင် တစ်ခုလုံး ကွဲကြေပျက်စီး သွားသည်။
ဟိုဖန် အဖွဲ့အစည်းရှိ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ထိတ်လန့်စွာဖြင့် ပျံသန်း လာကြ၏။
ဝမ်လင်းက မျက်မှောင်ကြုတ် သွားပြီး မြေအောက်သို့ တိုးဝင်ကာ ထွက်ပြေး လိုက်သည်။
အဘိုးအိုက လှောင်ပြုံး ပြုံးလိုက်ပြီး ဝမ်လင်း၏ နောက်သို့ လိုက်ရန် ပြင်လိုက်ချိန်တွင် မိစ္ဆာနတ်ဆိုးဂိုဏ်းမှ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်က မေးလိုက်သည်… “ရောင်းရင်း… ဘယ်လို အကြောင်းရင်းကြောင့် ငါ့တို့ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါကို ဖျက်ဆီးရတာလဲ…”
ထိုအဘိုးအိုသည် ဤအနီးအနား တစ်ဝိုက်တွင် ရှိနေသည်မှာ ၃လကျော်နေပြီ ဖြစ်ပြီး သူ၏နတ်ဘုရား စိတ်အာရုံကလည်း ဟိုဖန်အဖွဲ့အစည်း ရှိသည့် နေရာဆီသို့ ခဏခဏ ဖြတ်သွား၏။ သူ၏နတ်ဘုရား စိတ်အာရုံက အလွန်သန်မာသဖြင့် ဟိုဖန် အဖွဲ့အစည်းရှိ စဦးစိတ်ဝိညာဉ် အဆင့်အားလုံးသည် အလွန် ထိတ်လန့်နေကြသည်။
ဤနေ့တွင် ဟိုဖန်အဖွဲ့အစည်း၏ တပည့်တစ်ယောက် လာနေသည်ကို သူတို့မြင်ကြသည်။ သို့သော်လည်း သူတို့က အနီးကပ် မကြည့်ရသေးခင်မှာတင် အဘိုးအိုက သူတို့ဂိုဏ်း၏ အကာအကွယ်ကို သူ၏လက်ဝါးဖြင့် အသာဖိ၍ ဖျက်ဆီး ပစ်ခဲ့သည်။
သူတို့က အဘိုးအိုအား ဘာမှ မဖြစ်သည့်အတိုင်း လွှတ်ပေးလိုက်ပါက သူတို့မျက်နှာပျက် ရပေတော့မည်။ ဤနေ့တွင် နတ်ဆိုးမိစ္ဆာဂိုဏ်းမှ တောင်တန်း ပတ်ဝန်းကျင်တွင် စောင့်ကြည့်ရမည့် တာဝန်ကို ယူထားခြင်း ဖြစ်သည်။
အဘိုးအိုက ဟိုဖန် အဖွဲ့အစည်းမှ ကျင့်ကြံသူကို စိုက်ကြည့်ပြီး ပြောလိုက်သည်… “ထွက်သွားစမ်း…”
ထိုစကားသံတွင် အားကောင်းသော လှိုင်းများ ပါဝင်နေပြီး အနီးအနားရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ တိုးဝင်သွား၏။
အဘိုးအိုက ပြောပြီးသည်နှင့် အရိပ်အယောင်ပင် မရှိတော့ဘဲ ပျောက်ကွယ် သွားသည်။ ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တချို့သည် ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျနေ၏။ သူတို့ အားလုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ သော်လည်း မည်သည့် စကားကိုမှ မဆိုနိုင်ကြချေ။
သို့သော်လည်း မကြာခင်မှာ အဘိုးအိုက ပြန်ရောက် လာသည်။ သူ၏မျက်နှာက သုန်မှုန်နေပြီး တောင်တန်းကို စိုက်ကြည့် လိုက်သည်။ ထို့နောက် မျက်လုံးကို ပိတ်လိုက်ပြီး ရုတ်တရက် ပြန်ဖွင့်လိုက်ရာ အားကောင်းသော နတ်ဘုရား စိတ်အာရုံတစ်ခုက သူ့ဆီမှ ထွက်လာသည်။ သူက တောင်တန်းအတွင်းရှိ လူတိုင်းကို သေချာ စစ်ဆေးကြည့်နေပြီး မြေအောက် ပေ၁၀၀၀အထိ စစ်ဆေးကြည့် လိုက်သည်။ စစ်ဆေးနေရင်း သူ၏မျက်ခုံးနှစ်ခုက ပိုပြီး ထိကပ်လာသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခုအထိ ခွဲသွား၏။
အဘိုးအို ၄ယောက်သည် အရပ်မျက်နှာ၄ခုဆီသို့ ဖြန့်သွားပြီး သူတို့၏ နတ်ဘုရား စိတ်အာရုံများဖြင့် နေရာတိုင်းအား လိုက်လံ စစ်ဆေး ကြည့်သော်လည်း ဝမ်လင်းအား အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ အဘိုးအိုက မြေပြင်ကို ခြေဆောင့် လိုက်ပြီးနောက် သူနှင့်သူ၏ ကိုယ်ပွား၃ခုသည် ရွှမ်းဝူနိုင်ငံ၏ ထောင့်တစ်ထောင့်ဆီသို့ သွားကြ၏။ သူတို့၏နတ်ဘုရား စိတ်အာရုံများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး နိုင်ငံတစ်ခုလုံးကို ဝန်းရံလိုက်သည်။
“၃နှစ် ကျန်သေးတယ် … ကောင်လေး … ဒီသုံးနှစ်မှာ ငါက မင်းကို ရွှမ်းဝူနိုင်ငံ တစ်ခုလုံးကို သန့်စင်ပြီး ရှာပြမယ်… မင်းရဲ့သေဆုံးခြင်း မန္တန်ကို သုံးဖို့ မလိုရင် မင်းကို အချိန်တွေ အကုန်ခံပြီး လိုက်ဖမ်းမနေဘူး…”
***
Wow