Switch Mode

အပိုင်း (၁၆၄)

အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအို

အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအိုသည် ဘူးသီးခြောက်ဘူးပေါ်တွင် ထိုင်ပြီး ကောင်းကင်ပေါ်သို့ ကြည့်နေ၏။ သူက ဘူးသီးခြောက်ဘူးကို ရိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့် အချိန်တွင် သူ၏မျက်နှာ အမူအရာက ပြောင်းလဲသွား၏။ ချက်ချင်း သူ၏လက်က မျက်နှာရှေ့တွင် ရုတ်တရက် ပေါ်လာသော သလင်းကျောက် အလင်းကို လက်ညှိုး၊ လက်မဖြင့် ညှပ်လိုက်ပြီး စိတ်ထဲမှ သရော်လိုက်သည်။ သို့သော်လည်း သရော်သည့် စိတ်ခံစားချက်များက ချက်ချင်း ပျောက်ကွယ် သွား၏။

သူ၏ လက်ချောင်းများ ကြားမှ သလင်းကျောက် အလင်းသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး ပုံရိပ်သာ ကျန်ခဲ့တော့သည်။

အဘိုးအိုက ချက်ချင်း ခေါင်းကို တိမ်းလိုက်ရာ သလင်းကျောက် အလင်းက သူ့မျက်နှာဘေးမှ ပွတ်ကာ သီကာဖြင့် ဖြတ်သွား၏။ သလင်းကျောက် အလင်းသည် အကြိမ်ရေ အနည်းငယ်ခန့် ဖျတ်ခနဲ၊ ဖျတ်ခနဲ လက်သွားပြီးနောက် လုံးဝ ပျောက်ကွယ် သွားသည်။

အဘိုးအိုက သုန်မှုန်နေသော မျက်နှာထားဖြင့် ဝမ်လင်း‌၏ နောက်သို့ ဆက်လိုက်လာသည်။ သူက ပါးမှ သွေးစက်များကို လက်ချောင်းဖြင့် သုတ်လိုက်ပြီး သွေးကို လျှာဖြင့် လျက်လိုက်၏။

“ဒီကောင်လေးက တကယ်ကို သတ္တိရှိတာပဲ…”

သူက ပျံသန်းနေရင်း ဘူးသီးခြောက်ဘူးကို ပုတ်လိုက်ရာ ဘူးသီးခြောက်ဘူးက မူလ အရွယ်အစားသို့ ပြန်ရောက်သွားပြီး ဘူးသီးခြောက်ဘူးကို မော့ကာ သောက်လိုက်သည်။ ချိုမြသော အရက်က လည်ချောင်း တစ်လျှောက် စီးသွား၏။

***

ဟိုဖန်…။

ဟိုဖန်နိုင်ငံမှ ပြဿနာများကို အဆင့်၄နိုင်ငံမှ လာရောက် ဖြေရှင်းပြီး သော်လည်း မီးဒြပ်စင် စိတ်စွမ်းအင် များကြောင့် ဟိုဖန်တွင် ကျင့်ကြံရန် မဖြစ်နိုင်သေးပေ။ ဟိုဖန်နိုင်ငံ၏ မြေကြီးက အလွန် ပူပြင်းနေပြီး တစ်နိုင်ငံလုံး နီးပါး ချော်ရည်များဖြင့် ဖုံးလွှမ်းနေကာ မီးတောင်များက ဆက်လက် ပေါက်ကွဲနေဆဲ ဖြစ်သည်။ ထို့ကြောင့် သေမျိုးနိုင်ငံမှ မြေရိုင်း၊ မြေကောများ အဖြစ်သို့ ပြောင်းလဲသွား၏။

အင်ပါယာမြို့သည်လည်း ချော်ရည်များဖြင့် ဖုံးလွှမ်းနေပြီး အဆောက်အဦများ အားလုံးသည်လည်း ပျက်စီးသွားပြီ ဖြစ်သည်။ ဟိုဖန်နိုင်ငံ တစ်ခုလုံးတွင် အသက်ရှင်နေသည့် သက်ရှိများ တစ်ကောင်မှ မကျန်တော့ဘဲ နိုင်ငံတစ်ခုလုံး တိတ်ဆိတ်နေသည့် သင်္ချိုင်းမြေပြင်ကဲ့သို့ ဖြစ်သွား၏။

ဝမ်လင်းနှင့် လီမူဝမ်သည် ဟိုဖန်နိုင်ငံ၏ အပေါ်မှ ပျံသန်းနေသည်။ ဟိုဖန်နိုင်ငံကို ကြည့်ပြီး နှစ်ယောက်စလုံးက တိတ်ဆိတ်စွာဖြင့် ကိုယ်စီ စဉ်းစားနေကြ၏။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ဝမ်လင်းသည် စိတ်ခံစားချက်များ ရှုပ်ထွေး နေသည်။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကြောင့်သာ မဟုတ်လျှင် သူက မီးစိတ်ဝိညာဉ်၏ စားသုံးခြင်းကို ခံရပေလိမ့်မည်။

အရာအားလုံးက တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ပျက် သွားခြင်း ဖြစ်၏။ မည်သူက မှားပြီး၊ မည်သူက မှန်သည် မရှိပေ။ ထိုအချိန်က အခြေအနေတွင် သူ့အား ရွေးချယ်မှု လုပ်ခိုင်းပါက ရလဒ်ကို သိနေလျှင် တောင်မှ ယခင်ကအတိုင်း လုပ်ခဲ့မှာ ဖြစ်သည်။

နှစ်ယောက်စလုံးသည် ကောင်းကင်ပေါ်တွင် ကြယ်ကြွေသည့်အလား လျင်မြန်စွာ ပျံသန်း နေကြသည်။ မကြာမီ သူတို့နှစ်ယောက် ပထမဆုံး ဆုံတွေ့ခဲ့သည့် နေရာကို ဖြတ်ကျော် လာသောအခါ လီမူဝမ်က ဝမ်လင်းအား ကြည့်လိုက်သည်။

ဝမ်လင်းကတော့ မည်သည့်အရာကိုမှ တွေးမနေနိုင်ဘဲ နောက်မှ လိုက်လာသည့် လူအကြောင်းကိုသာ တွေးနေလေသည်။ ဝမ်လင်းက လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ သလင်းကျောက်ဓားက သူ့နောက်တွင် ပေါ်လာပြီး လက်ထဲသို့ ကျသွား၏။

ဝမ်လင်းက လေထဲတွင် ပျံသန်းနေရင်းမှ ရုတ်တရက် ရပ်တန့်ကာ ဓားပေါ်မှ သွေးစက်ကို ကြည့်လိုက်သည်။ သွေးစက်ကို လက်ဖြင့် သုတ်ပြီး ခဏလောက် စိုက်ကြည့် ပြီးနောက် သူ၏ အမူအရာက တည်တည်ငြိမ်ငြိမ် မရှိတော့ပေ။ သွေးစက်ထဲတွင် သိပ်သည်းသည့် စိတ်စွမ်းအင်များကို အာရုံခံမိသောကြောင့် ထိုလူ၏ အဆင့်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် မဟုတ်တာတော့ သေချာနေသည်။

သူက ကျောက်စိမ်း ပုလင်း တစ်ခုကို ထုတ်ယူပြီး သွေးစက်ကို အထဲသို့ ထည့်ထား လိုက်၏။ ယခုအချိန်တွင် သူ၏ရင်ထဲတွင် တောင်တစ်လုံးကို ထမ်းပိုး ထားရသကဲ့သို့ ခံစားနေရသည်။ သူက ခေါင်းပေါ်မှ ‘အပြစ်ပေးခြင်း’ ဆိုသည့် စာလုံးကို ကြည့်ပြီး စိတ်ထဲတွင် မချိပြုံး ပြုံးလိုက်သည်။ ထို့နောက် သူက လီမူဝမ်ကို ကိုင်ထားလျက်ပင် လျင်မြန်စွာ ပျံသန်းလိုက်၏။

ဟိုဖန်၏ နယ်နိမိတ်ကို ကျော်လာပြီး ဟိုဖန် အဖွဲ့အစည်း ရှိသည့် တောင်ကို မြင်လိုက်ရသည်။ တောင်ပေါ်တွင် အလံ၄ခုကို ရှိပြီး ထိုအလံ၄ခုက ဤနေရာသည် ဟိုဖန် အဖွဲ့အစည်း၏ ပိုင်နက်ဖြစ်ကြောင်း အမှတ်အသားပင် ဖြစ်သည်။

သူတို့သည် တောင်နားသို့ ရောက်လာပြီးနောက် ဝမ်လင်းက ရပ်တန့် လိုက်သည်။ သူက အနည်းငယ် စဉ်းစားပြီး လီမူဝမ်အား ပြောပြလိုက်သည်… “ငါ မင်းကို ဒီအထိပဲ လိုက်ပို့ နိုင်တော့မယ်…”

လီမူဝမ်သည် နှုတ်ခမ်းကို ကိုက်ထားပြီး နောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်… “နင် လိုဟဲဂိုဏ်းကို လိုက်ပြီး ခဏလောက် ပုန်းနေပါလား…”

ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်… “မလိုဘူး…”

သူက ပြောပြီးသည်နှင့် လီမူဝမ်အား ကြည့်ကာ ခဏလောက် စဉ်းစားပြီး လီမူဝမ်၏ ဝိညာဉ် အဆီအနှစ် သွေးစက်အား ပြန်ပေး လိုက်သည်။

ဝမ်လင်းက ချက်ချင်း မထွက်သွားသေးဘဲ သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ အစိတ်အပိုင်း အမျှင်လေးတစ်ခု သူမ၏ ဝိညာဉ် အဆီအနှစ် သွေးစက်ထဲတွင် ထည့်ပေး လိုက်သည်။

“ဒီလေးနှစ် အတွင်းမှာ ကူညီခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်… မင်းရဲ့ဝိညာဉ် အဆီအနှစ် သွေးစက်ထဲမှာ ငါ့ရဲ့နတ်ဘုရား စိတ်အာရုံ အမျှင်လေးတစ်ခု ထည့်ပေး ထားတယ်… စဦးစိတ်ဝိညာဉ် အဆင့်အောက်က ဘယ်သူမဆို မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး…”

လီမူဝမ်သည် စိတ်ရှုပ်ထွေး နေသည့် အကြည့်ဖြင့် မေးလိုက်သည်… “နောင်တစ်ချိန် ငါတို့တွေ ပြန်တွေ့နိုင် သေးလား…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး သက်ပြင်း ချလိုက်သည်။ သူက မေးခွန်းကို မဖြေဘဲ သိုလှောင်အိတ် အတွင်းမှ သားရဲတစ်ရာ ဆေးမီးဖိုကို လီမူဝမ်အား ပေးလိုက်သည်။ ဆေးမီးဖိုအား ခွန်စန်းအား သတ်ပြီးနောက် ပြန်ရထားခြင်း ဖြစ်သည်။

လီမူဝမ်သည် သားရဲတစ်ရာ ဆေးမီးဖိုအား ယူလိုက်ပြီး ဝမ်လင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်… “ဒီဆေးတွေက လွန်ခဲ့တဲ့ နှစ်တွေက ငါ လုပ်ထားတာ … ဒီကျောက်စိမ်းပြားထဲမှာ အားလုံးကို ရှင်းပြထားတယ်…”

သူမက ဆေးပုလင်း ၁၀ပုလင်းကျော်ကို ထုတ်ပေးပြီး ကျောက်စိမ်းပြား တစ်ခုကိုပါ ပေးလိုက်၏။

ဝမ်လင်းက သူမ၏လက်ထဲမှ ဆေးပုလင်းများနှင့် ကျောက်စိမ်းပြားကို ယူပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူက လီမူဝမ်အား ကြည့်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်… “လွန်ခဲ့တဲ့ ၄နှစ်က ငါ မင်းကို လုံလုံခြုံခြုံနဲ့ အိမ်ပြန်ပို့ ပေးမယ်လို့ ကတိပေးခဲ့တယ်… အခုက ငါ ကတိ ပေးထားတဲ့အတိုင်း လုပ်ပေးပြီးပြီမို့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဘာကိစ္စမှ မရှိတော့ဘူး… နှုတ်ဆက်ခဲ့ပါတယ်…”

ဝမ်လင်းက ထွက်သွားတော့မည့် အချိန်တွင် လီမူဝမ်က ရုတ်တရက် အော်ပြော လိုက်သည်… “စီနီယာအစ်ကို… ဒါက ငါ နင့်ကို လက်ဆောင်အဖြစ် ပေးတာ…”

သူမက ကျောက်စိမ်းပြား တစ်ခုကို ဝမ်လင်းဆီသို့ ပစ်ပေးလိုက်ပြီး နောက်သို့ ပြန်လှည့် မကြည့်တော့ဘဲ ဟိုဖန် အဖွဲ့အစည်းဆီသို့ ပျံသန်း သွား၏။

ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ လီမူဝမ် ထားခဲ့သည့် အသံမက်ဆေ့ကို ကြားလိုက် ရ၏။

“စီနီယာအစ်ကို… ဒီ၄နှစ် အတွင်းမှာ စီနီယာအစ်ကိုက ဝမ်အာကို နာမည်လေးတောင် မပြောပြခဲ့တဲ့ အတွက် စီနီယာအစ်ကိုရဲ့ နာမည်ကိုတောင် ဝမ်အာ မသိခဲ့ရဘူး … စီနီယာအစ်ကိုလည်း ဝမ်အာရဲ့နာမည်ကို မသိဘူးလို့ ထင်ပါတယ် … ဒီနှစ်တွေ အတွင်းမှာ ဝမ်အာကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် … နတ်ဆိုး ပင်လယ်မှာ ရှိနေခဲ့တဲ့ အချိန်တိုင်းကို ဝမ်အာ ဘယ်တော့မှ မမေ့ဘူး… စီနီယာအစ်ကိုက ဝမ်အာနဲ့ သီးခြား နေခဲ့တယ်… ပြီးတော့ စီနီယာအစ်ကိုက တံခါးပိတ် ကျင့်ကြံခြင်းကို လုပ်တော့မယ် ထင်လို့ ဝမ်အာက ဒီကျောက်စိမ်းပြားကို စီနီယာ အစ်ကိုအတွက် လက်ဆောင် ပေးလိုက်ပါတယ်… ဒီကျောက်စိမ်းပြားက ဝမ်အာရဲ့ ဝင်္ကပါပညာကို အနှစ် ချုပ်ထားတာ… ဒီထဲမှ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ တိုက်ပွဲဝင် နဂါးဝင်္ကပါကို ပိုပြီးကောင်းအောင် ပြင်ဆင် ပေးထားတယ်…”

“ဒီဝင်္ကပါမှာ တိုက်ခိုက်မှုနဲ့ ခုခံမှုကို ရောစပ်ထားတယ် … ဒါပေမဲ့ တိုက်ခိုက်မှုထက် ခုခံမှုက ဝင်္ကပါရဲ့ အဓိက ရည်ရွယ်ချက်ပဲ … စီနီယာအစ်ကို အန္တရာယ်နဲ့ ကြုံကြိုက်ခဲ့လို့ ဒီဝင်္ကပါက စီနီယာကို ခဏလောက် ကာကွယ် ပေးနိုင်ခဲ့ရင် ဝမ်အာ ကျေနပ်ပါပြီ…”

ကျောက်စိမ်းပြားကို ကိုင်ထားရင်း၊ လီမူဝမ်၏ စကားများကို နားထောင်နေသည့် အချိန်တွင် ကြည့်နေသည့် သူမ၏ ပုံရိပ်လေးကက အဝေးသို့ ရောက်ကာ ပျောက်ကွယ် သွားလေသည်။ သူက ကျောက်စိမ်းပြားကို သိမ်းဆည်း လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းလိုက်၏။ ထို့နောက် ခြေတစ်လှမ်း လှမ်းကာ မြေအောက်ထဲသို့ တိုးဝင် ပျောက်ကွယ် သွား၏။ ဝမ်လင်းက မြေအောက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီးနောက် နဖူးကို ထိလိုက်ရာ ဝမ်လင်း၏ ခန္ဓာကိုယ်က ထိုနေရာမှ ပျောက်ကွယ် သွား၏။

သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ရောက်သွားသည့် အချိန်တွင် အပြင်လောကတွင် သူ၏တည်ရှိမှုက ပျောက်ကွယ် သွား၏။ သတ်ဖြတ်ခြင်း အမိန့်တော်အတွက် ရက်၁၀၀သည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ရှိသည့် သူ့အတွက် ရက်အနည်းငယ် ခန့်သာ ကြာ၏။

ထို့ကြောင့်လည်း ချင်ခွန်းကို သတ်ဖြတ်ရဲခြင်း ဖြစ်သည်။

ဝမ်လင်း၏ နောက်သို့ လိုက်နေသည့် အဘိုးအိုသည် ဟိုဖန်သို့ ရောက်နေလေပြီ။ သူက ဝမ်လင်း ပျောက်ကွယ် သွားသည့် နေရာကို ရောက်သောအခါ သံသယများဖြင့် မြေအောက်ထဲသို့ နောက်ထပ် တိုးဝင်ပြီး ထပ်ရှာလေသည်။ အချိန် တော်တော် ကြာအောင် ရှာပြီးနောက် သူက မြေအောက်ထဲမှ ထွက်လာသည်။

“ဝိညာဉ် အဆီအနှစ် သွေးစက်ရဲ့ ဆက်သွယ်မှုတောင် ပြတ်သွားပြီ … ကြည့်ရတာ ဒီကောင်လေးမှာ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ် ထင်တယ်…”

ထိုအချိန်တွင် အဘိုးအိုက ခေါင်းကို မော့ကြည့်လိုက်ရာ သူ့ဆီသို့ ပျံသန်းလာသည့် အလင်းတန်း ၃ခုကို မြင်လိုက်ရသည်။ မကြာမီ အလင်းတန်း ၃ခု ရောက်လာ၏။ တစ်ယောက်က အမျိုးသမီး ဖြစ်ကာ နှစ်ယောက်က အမျိုးသား ဖြစ်သည်။

အမျိုးသမီးက ရိုးရိုး အဝတ်အစားကို ဝင်ဆင် ထားသော်လည်း သူ၏ အသွင်အပြင်အရ သူမသည် အဆင့်အတန်း တစ်ခုတွင် ရှိကြောင်း သိနိုင်သည်။ သူမ၏ ဘယ်ဘက်မှ အမျိုးသားသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် ကြည့်ကောင်း၏။

အမျိုးသမီး၏ ညာဘက်ရှိ အမျိုးသားကတော့ အရပ်ရှည်ပြီး မျက်နှာက နီကြင်ကြင် ဖြစ်နေသည့် အဘိုးအို တစ်ယောက် ဖြစ်သည်။ အဘိုးအို၏ မျက်နှာကလည်း တခြားလူများနှင့် ကွဲပြား၏။

သူ၏မျက်လုံးက ကြီးမားသော ခေါင်းလောင်း နှစ်ခုနှင့်တူပြီး သူငယ်အိမ်များက တောက်လောင် နေသည့် မီးတောက်နှစ်ခုနဲ့ တူနေသည်။

ဝတ်စုံစိမ်းကို ဝတ်ဆင်ထားသည့် အဘိုးအိုက ထို၃ယောက်ကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်… “မင်းတို့ ၃ယောက် ဒီကို ဘာလာလုပ်တာလဲ…”

အမျိုးသမီးသည် ဖန်းလွမ်ဖြစ်ပြီး ကြည့်ကောင်းသည့် အမျိုးသား ကတော့ ယန်စန်းဖြစ်ကာ နောက်ဆုံး ကျန်သည့် အဘိုးအိုကတော့ စစ်နတ်ဘုရား ဗိမာန်၏ စဦးစိတ်ဝိညာဉ် အဆင့် ဘိုးဘေးများထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ယန်စန်းနှင့် အတူတူ ဖြစ်သည်။

ယန်စန်းက ဝတ်စုံစိမ်းဝတ် အဘိုးအိုကို ကြည့်လိုက်ရာ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်သဖြင့် စိတ်ထဲတွင် လန့်သွား၏။ သူက လက်နှစ်ဖက်ကို ဆုပ်ပြီး တလေးတစားဖြင့် မေးလိုက်သည်… “ရောင်းရင်းက ရွှမ်းဝူက ကျင့်ကြံသူ တစ်ယောက်လား…”

အဘိုးအိုက သူ့ကို ကြည့်ပြီး ပြောလိုက်သည်… “ဘယ်သူက မင်းရဲ့ ရောင်းရင်းလဲ… ထွက်သွားစမ်း… မဟုတ်ရင် မင်းရဲ့ စဦးဝိညာဉ်ကို ယူပြီး မှော်ရတနာ လုပ်ပစ်မယ်…”

ယန်စန်း၏ အမူအရာက ပြောင်းလဲသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် မျက်နှာနီနီနှင့် အဘိုးက ယန်စန်းအား တားဆီး လိုက်သည်။ သူ၏ ခေါင်းလောင်းကဲ့သို့ မျက်လုံးများက အဘိုးအို၏ အဝတ်အစားပေါ်မှ ရွှေရောင် ဇီးပန်းပွင့်၇ပွင့်ကို ကြည့်ပြီး မေးလိုက်သည်… “သင်က နတ်ဆိုး ပင်လယ် ကလား…”

ယန်စန်းနှင့် ဖန်းလွမ်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အဘိုးအို၏ အဝတ်အစားပေါ်မှ ရွှေရောင် ဇီးပန်းပွင့်များကို ကြည့်လိုက် ကြသည်။

အဘိုးမိုက စိတ်မရှည် ဖြစ်လာကာ မျက်မှောင်ကြုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အားကောင်းသော လေပြင်းတစ်ခု ထွက်ပေါ်လာပြီး သူတို့ ၃ယောက်အား အဝေးသို့ လွင့်စဉ် သွားစေသည်။ သူတို့၏ စဦးဝိညာဉ်များ တောင်မှ လွင့်ထွက်သွားပြီဟု ခံစားလိုက်ရသည်။

သူတို့သည် နောက်ဆုံးတွင် သူတို့ကိုယ်သူတို့ ထိန်းနိုင်သွားပြီး သူတို့၏ မျက်နှာများက သုန်မှုန်နေကာ ယန်စန်က မေးလိုက်သည်… “သူ့ရဲ့ကျင့်ကြံခြင်း အဆင့် ဘယ်လောက်လဲ…”

မျက်နှာနီနီနှင့် အဘိုးအိုက ခါးသက်သက်ဖြင့် ဖြေလိုက်သည်… “စဦးစိတ်ဝိညာဉ် နှောင်းပိုင်းအဆင့်…”

ဖန်းလွမ်က မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်… “ကျူးဘင်… အဲဒီရွှေရောင် ပန်းပွင့်တွေက ဘာလဲ…”

“ဒီအကြောင်းတွေကို မင်းတို့လည်း သိမယ် ထင်ပါတယ် … လွန်ခဲ့တဲ့ နှစ်၃၀၀က အဲဒီအချိန် ငါက စစ်နတ်ဘုရား ဗိမာန်ကို မဝင်ရသေးဘူး … ငါက နတ်ဆိုးပင်လယ်မှာ လျှောက်သွား နေခဲ့တယ်… ငါ့ရဲ့ စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်နဲ့ဆိုရင် အန္တရာယ် မရှိတဲ့နေရာတွေကို မသွားသရွေ့ ငါ့ အသက်ကို ကာကွယ်နိုင်တယ်…”

“နတ်ဆိုး ပင်လယ်မှာ မြို့ပေါင်း ၉၉၉မြို့ ရှိတယ်… မြို့၃၀၀ကျော်က ပင်လယ်ရဲ့ အတွင်းပိုင်းမှာ ရှိတယ်… အဲဒီမြို့ ၃၀၀ကျော်ထဲက မြို့၇မြို့ကို ဇီးပန်း၇ခု ကုန်းမြေလို့ ခေါ်တယ်…”

“အဲဒီမြို့၇မြို့က ဇီးပန်းပွင့်ရဲ့ ပွင့်ဖတ်လိုမျိုး ဆက်သွယ်ထားတယ် … အဲဒီမြို့ ၇ခုက မြို့အရှင် ၇ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်က အဆင့်မြင့်လွန်းတယ်… ကောလာဟလတွေ အရတော့ သူတို့က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ် … ဒါပေမဲ့ အဲဒီ ကောလာဟလတွေက မသေချာဘူး…”

ဖန်းလွမ်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်… “အခု ဒီလူက…”

အဘိုးအို၏ မျက်နှာ အမူအရာက ပိုပြီး လေးနက်လာပြီး ပြောပြလိုက်သည်… “ငါ ထင်တာ မမှားရင် … သူက မြို့အရှင် ၇ယောက်ထဲက တစ်ယောက်ပဲ … ဒါပေမဲ့ နတ်ဆိုးပင်လယ်ရဲ့ အတွင်းပိုင်းက ကျင့်ကြံသူတွေက အပြင်ကို လွယ်လွယ်နဲ့ ထွက်မလာတတ်ကြဘူး… ဒါကြောင့် သူက ဒီမှာ ကြာကြာ မနေလောက်ဘူး…”

သူတို့ ၃ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် ကြသည်။ သူတို့၏ရင်ထဲမှ ပူပန်မှုကို တစ်ယောက်နှင့် တစ်ယောက် နားလည် နေကြသည်။ ထို့နောက် သူတို့က ဟိုဖန် အဖွဲ့အစည်းဆီသို့ ပြန်သွားကြ၏။

သူတို့ ၃ယောက်သည် စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်၏ အော်ရာကို အာရုံခံမိသဖြင့် လာရောက် စစ်ဆေး ကြည့်ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့က ဤကဲ့သို့ အစွမ်းထက်သည့် အဘိုးအိုနှင့် ဆုံရလိမ့်မည်ဟု ထင်မထားမိကြချေ။

ဝတ်စုံစိမ်းနှင့် အဘိုးအိုက အနီးအနားကို အချိန် အနည်းငယ် ကြာအောင် စစ်ဆေး ကြည့်ပြီးနောက် နှာခေါင်းကို ရှုံ့ကာ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ သည်တစ်ကြိမ် တွင်တော့ အကြမ်းဖျင်း စစ်ဆေးခြင်းမျိုး မဟုတ်တော့ဘဲ သေသေချာချာ စစ်ဆေးကြည့်ခြင်း ဖြစ်သည်။

အဘိုးအို၏ နတ်ဘုရား စိတ်အာရုံက ဤအနီးအနား တစ်ဝိုက်လုံးကို စစ်ဆေး ကြည့်ပြီးနောက် နတ်ဘုရား စိတ်အာရုံ၏ အကွာအဝေးကို ထပ်တိုးကာ စစ်ဆေး ကြည့်လိုက်သည်။ သူ၏နတ်ဘုရား စိတ်အာရုံသည် ဟိုဖန် အဖွဲ့အစည်း၏ နေရာကိုပင် စစ်ဆေး ကြည့်သွား၏။ သို့သော်လည်း အဘိုးက လုံးဝ ဂရုမစိုက်ဘဲ နေရာ တစ်ခုလုံးကို အကြိမ်များစွာ စစ်ဆေးခဲ့သည်။ သို့သော် ဝမ်လင်းနှင့် ပတ်သက်သည့် မည်သည့် အရာကိုမှ ရှာမတွေ့ခဲ့ချေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset