အပိုင်း(၄၅) အဖေက သားကို ဆုံးမသကဲ့သို့
ဓားအလင်းသည် ကြီးကျယ်ခမ်းနားသော နဂါးတစ်ကောင် အတောင်ပံဖြန့်လျက် ပျံသန်းလာသကဲ့သို့ပင်။
သို့သော် ၎င်း၏ခန္ဓာကိုယ်တွင် ထောင်ပေါင်းများစွာသော ရွှေရောင်မြွေများက ရစ်ပတ်ကပ်တွယ်နေကာ အဆက်မပြတ် ကိုက်ဖြတ်နေကြသည်။
အစိမ်းရောင်နဂါးက ရုန်းကန်၍ ခါချလိုက်ရာ မြွေတစ်ကောင်ပြီး တစ်ကောင် သေဆုံးကုန်ကြသည်။
သို့သော် ထိုရွှေရောင်မြွေများမှာ အဆုံးရှိဟန်မတူဘဲ တစ်ကောင်သေသွားသည်နှင့် နောက်တစ်ကောင် ထပ်ပေါ်လာသည်။
တဖြည်းဖြည်းနှင့် အစိမ်းရောင်နဂါး၏အရောင်အဝါ မှေးမှိန်လာသည်။ ၎င်းသည် ဆက်လက်မပျံသန်းနိုင်တော့ဘဲ မြေပေါ်သို့ ထိုးဆင်းသွားပြီး နောက်ဆုံးတွင် မရေမတွက်နိုင်သော ရွှေရောင်မြွေများ၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထောင်ပေါင်းများစွာသောရွှေရောင်မြွေများသည် နဂါးထက် ခွန်အားနည်းပါးသော်လည်း သာလွန်သော အရေအတွက်အင်အားဖြင့် နဂါး၏စွမ်းအားကို တဖြည်းဖြည်းချင်း ဖျက်စီးသွားခဲ့သည်။
ကြယ်တာရာချီကို အပင်ပန်းကြီးစွာ အဆက်မပြတ် သန့်စင်နိုင်ခဲ့ခြင်းကြောင့် ချောင်ယွမ်လုံသည် ကြယ်တာယာချီကို အပြင်သို့ လိုသလို ထုတ်ဖော်နိုင်ပြီး ရန်ကျောက်ကဲ၏အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးသိုင်းပညာနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။
အစိမ်းရောင်ဓားအလင်း ပျောက်ကွယ်သွားသောအခါ ရန်ကျောက်ကဲ၏လက်ထဲတွင် အစိမ်းရောင်ဝါးကိုင်းလေးကို တွေ့ရသည်။
ချောင်ယွမ်လုံ၏မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အလင်းတစ်ချက် လက်သွားသည်။ “ရန်ကျောက်ကဲ၊ မင်း ဒီနေ့ ဓားသုံးပြီး တိုက်ရင်တောင် ရှုံးနိမ့်ဦးမှာပဲ”
“မင်းရဲ့ဝါးကိုင်းကိုတော့ ဒီသခင်လေး မဖျက်စီးဘူး၊ မင်းဖို့ ချန်ထားပေးမယ်၊ မင်းမျက်နှာ သွေးအလိမ်းလိမ်းဖြစ်အောင် မရိုက်နိုင်သရွေ့ ဒီသခင်လေးရဲ့ဒေါသ ပြေပျောက်နိုင်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက မည်သည့်စကားမျှ မပြောဘဲ ချောင်ယွမ်လုံအား ထူးဆန်းစွာ ကြည့်နေသည်။
ဖန်းယွမ်ရှန်းကလည်း ချောင်ယွမ်လုံကို စိုက်ကြည့်လျက်ရှိသည်။ “ကောင်းကင်ပိုးမြွေလက်လား၊ ဒါက မဟာယန်ရွှေအပ်သိုင်းထက်တောင် လူစိတ်ဝင်စားမှု နည်းသေးတယ်၊ သူက ဒါကို တကယ်ပဲ တတ်မြောက်သွားတာလား”
နာမည်အတိုင်းပင် ကောင်းကင်ပိုးမြွေလက်သိုင်းသည် အလှည့်အပြောင်းများစွာ ပါဝင်သော နူးညံ့ပျော့ပျောင်းသည့် နည်းစနစ်တစ်ခုဖြစ်သည်။ ရန်သူများကို ပိုးချည်များဖြင့် ရစ်ပတ်နိုင်သကဲ့သို့ သိမ်မွေ့နွဲ့နှောင်းသော လှုပ်ရှားမှုများကို ထုတ်ဖော်နိုင်ကာ ပြိုင်ဘက်ကို ကျင်လည်စွာ ဖမ်းဆီးနိုင်သော ထိပ်တန်းသိုင်းနည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။
နေသူတော်စင်ဂိုဏ်းကျင့်ကြံသူအချို့က ထိုနည်းစနစ်လက်ရေးမူကို မတော်တဆ ရရှိခဲ့သော်လည်း နေသူတော်စင်ဂိုဏ်း၏သိုင်းကျမ်းဆောင်ထဲတွင် ချောင်ထိုးထားခဲ့သည်။
အကြောင်းမှာ ထိုသိုင်းနည်းစနစ်သည် နေသူတော်စင်ဂိုဏ်း၏ပင်မသိုင်းပညာရပ်များနှင့် မလိုက်ဖက်သောကြောင့်ဖြစ်သည်။ ထိုနည်းစနစ်ကို အပြင်ပိုင်းကြယ်တာချီသိုင်းပညာရှင်အဆင့်သို့ ရောက်၍ ကြယ်တာရာချီကို အပြင်သို့ ထုတ်ဖော်နိုင်မှသာ ကျင့်ကြံနိုင်ပေသည်။
တချို့သိုင်းပညာရပ်များမှာ အတွဲအဖက်ညီသည်များလည်း ရှိသလို တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကြသည်များလည်း ရှိသည်။
ရန်ကျောက်ကဲက သူ့ခေါင်းကို လှည့်၍ ဖန်းယွမ်ရှန်းအား ကြည့်လိုက်သည်။ “သူ့နာမည်က ကောင်းကင်ပိုးမြွေလက်သိုင်းတဲ့လား”
ဖန်ယွမ်ရှန်းက ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်နေရပုံပေါ်သော ရန်ကျောက်ကဲအား ကြည့်၍ သူမခေါင်းကို စိတ်ရှုပ်ထွေးစွာ ငြိမ့်လိုက်သည်။
“ဟဟ….” ရန်ကျောက်ကဲက ချောင်ယွမ်လုံကို ပြုံးလျက် ကြည့်နေ၏။
သူ့အပြုံးကို မြင်သောအခါ ချောင်ယွမ်လုံသည် အသက်ရှုနှုန်းပင် မမှန်တော့သည်အထိ ဒေါသထွက်လာသည်။ သူ့မျက်နှာပေါ်မှ လုံးဝ ပျောက်ကင်းနေပြီဖြစ်သည့် ဒဏ်ရာများက နောက်တစ်ကြိမ် နာကျင်လာသလို ခံစားရသည်။
ကျယ်လောင်သော ဟစ်ကြွေးသံနှင့်အတူ သူ့လက်ကို ဝေ့ရမ်းလိုက်ကာ ထောင်ပေါင်းများစွာသော ရွှေရောင်မြွေများက ရန်ကျောက်ကဲထံသို့ တိုးဝင်သွားသည်။
ရှောင်ရှန်းက လေထဲတွင် ရပ်နေရင်း ရန်ကျောက်ကဲအား ငုံ့ကြည့်လိုက်သည်။ “မင်း ပိုကောင်းတဲ့ တခြားလက်နက်ကို လဲလို့ရတယ်”
“မင်းမှာ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်ရှိတယ်မလား၊ ထုတ်သုံးချင်ရင် သုံးလို့ရတယ်”
“ဒါပေမယ့် ငါဒီမှာ ရှိနေတော့ လိုအပ်ရင် ဂျူနီယာညီလေးချောင်ကို ငါ့လက်နက် ငှားလို့ရတယ်”
“မင်းက လက်နက်သာလို့ အသာရမယ် ထင်နေရင်တော့ …..”
စကား မဆုံးသေးမီ သူ မြင်လိုက်ရသည်။ မူလနေရာမှ မရွေ့ဘဲ ရန်ကျောက်ကဲသည် ချောင်ယွမ်လုံ သူ့ရှေ့သို့ ရောက်လာသောအခါ ရုတ်ချည်း လှုပ်ရှားလိုက်သည်။
ဓားတစ်ချက်မဟုတ်ပေ။
လက်သီးတစ်လုံးသာဖြစ်၏။
သို့သော် ထိုအခိုက်တွင် ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားသည်။
ချောင်ယွမ်လုံ၏ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပနေသည့် ကြယ်တာရာချီများမှာ နေကြတ်သွားသည့်အလား ရုတ်ချည်း မှေးမှိန်သွားသည်။
ရန်ကျောက်ကဲ သူ့လက်သီးကို ဆန့်ထုတ်လိုက်သည်နှင့် သူ့လက်တစ်ဖက်လုံးက အတောင်ဆယ့်နှစ်စုံရှိသည့် ဧရာမစပါးကြီးမြွေတစ်ကောင် အသွင်ပြောင်းသွားသည်ဟု ထင်ရပြီး ၎င်း၏ခန္ဓာကိုယ်အရှည်က တိုင်းတာ၍မရနိုင်လောက်အောင် ရှည်လျားသလို အဆုံးအစမဲ့သော ကြယ်ပင်လယ်ထဲတွင် လူးလွန့်လျက်ရှိသည်။
ကောင်းကင်မြွေဘုရင်!!!!!
ဒဏ္ဏာရီအရ ၎င်း၏ စွမ်းအားသည် နဂါးမျိုးနွယ်များထက်ပင် သာလွန်သည်ဟု ဆိုကြသည်။
လက်သီးတစ်ချက်တည်းဖြင့် ရန်ကျောက်ကဲ၏ကြယ်တာရာချီ တဟုန်ထိုး ထွက်ပေါ်လာသလို ကောင်းကင်မြွေက နေလုံးအား ဝါးမျိုသွားကာ ချောင်ယွမ်လုံကိုပါ ဖုံးလွှမ်းသွားသည်။
လက်သီးချက်၏ အလွန်တရာ နူးညံ့နွဲ့နှောင်းသော သဘာဝကြောင့် လေပြေညှင်းမျှပင် မလှုပ်ခတ်သွားသော်လည်း ၎င်း၏စွမ်းအားကြောင့် ကောင်းကင်ကြီးပြိုကျလာသလို ကမ္ဘာမြေကြီးနှစ်ခြမ်းကွဲသွားသည်ဟု ထင်ရသည်။
မျက်စိတစ်မှိတ်အတွင်း ရန်ကျောက်ကဲထံသို့ ခုန်ဝင်လာသော ချောင်ယွမ်လုံသည် လက်သီးတစ်ချက်တည်းဖြင့် သူ ခုန်ဝင်လာသော အရှိန်ထက်ပင် ပိုမိုပြင်းထန်စွာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ရှောင်ရှန်းနှင့် ဖန်းယွမ်ရှန်း နှစ်ဦးစလုံး ကြက်သေသေသွားကြသည်။
ချောင်ယွမ်လုံ၏ခန္ဓာကိုယ်မှာ မျဉ်းကွေးသဏ္ဌာန် လွင့်ထွက်သွားပြီး နောက်ဆုံးတွင် ကမ္ဘာမြေဆွဲအားကြောင့် မြေကြီးပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျလာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုနေရာတွင် သူ့နောက်ကျောသည် မသေမရှင်ဖြစ်နေသော ငါးတစ်ကောင်ကဲ့သို့ အဆက်မပြတ် တွန့်လိမ်နေကာ ညည်းသံမျှပင် မထွက်နိုင်တော့ပေ။
ရှောင်ရှန်း၊ ချောင်ယွမ်လုံတို့နှင့် လိုက်လာသော နေသူတော်စင်ဂိုဏ်းတပည့်များသည်လည်း ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ငူငိုင်လျက် ကြည့်နေကြသည်။
ဘယ်လိုအခြေအနေကြီးလဲ။
စီနီယာအကိုကြီးချောင်က ရန်ကျောက်ကဲ၏နည်းစနစ်ကို အနိုင်ယူနိုင်မယ့် နည်းစနစ်ကို လေ့ကျင့်ထားတာ မဟုတ်ဘူးလား။
ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်ဖြစ်နေရင်တောင် သူ သေချာပေါက် အနိုင်ယူနိုင်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။
စောနကပဲ သူ အပြတ်အသတ် အသာစီးရနေတာ မဟုတ်ဘူးလား။
ရန်ကျောက်ကဲသည် အဝေးတစ်နေရာက မြေပြင်ပေါ်တွင် ပုံလျက်သားလဲကျနေသော ချောင်ယွမ်လုံကို ကြည့်ပြီး အနည်းငယ် ရယ်ချင်နေပုံရသည်။
“ကောင်းကင်ပိုးမြွေလက်သိုင်း၊ အဲ့နာမည်ကို စကြားကထဲက ဘာလို့ ရင်းနှီးနေလဲဆိုတာ ခုမှပဲ သိတော့တယ်”
“ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်မြွေဘုရင်လက်သီးသိုင်းထဲက ဆင်းသက်လာတာပဲ”
“မင်းက ကောင်းကင်ပိုးမြွေထုံးဖွဲ့လက်သီးသိုင်းကို အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်အဆင့်ကို ရောက်ပြီးမှ ကျင့်ကြံတာ၊ ငါက ဒီလက်သီး နည်းစနစ်ကို ဒီကမ္ဘာကို စရောက်ထဲက ကျင့်ကြံနေတာ”
“ဟမ့်၊ ငါ့ရဲ့ ကောင်းကင် မြွေဘုရင်လက်သီးသိုင်းနဲ့ မင်းရဲ့ကောင်းကင်ပိုးမြွေထုံးဖွဲ့လက်သီးသိုင်းကို အနိုင်ယူဖို့ ဆိုတာ အဖေက သားကို ဆုံးမနေသလိုပဲ”
“ပြီးတော့ မင်းက ငါ့ကို ရိုက်နှက်ဖို့ ဒီကို ရောက်နေတာတဲ့လား”
ရန်ကျောက်ကဲက သူ့လက်သီးကို ပြန်ရုတ်ကာ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် သူ့လက်နှစ်ဖက်ကို ဆန့်ကား၍ ရှောင်ရှန်းအား ကြည့်လိုက်သည်။
“အမ်….. ကြည့်ရတာ သူက ငါနဲ့ ဆက်ကစားနိုင်တော့မယ် မထင်ဘူး”
ရှောင်ရှန်း၏မျက်နှာပေါ်မှ အံ့အားသင့်နေသည့် အမူအရာ ပျောက်ကွယ်သွားသည်။ ရန်ကျောက်ကဲအား သူ ကြည့်သော အကြည့်၌ ယခင်က မရှိခဲ့ဖူးသော လေးနက်မှုက ကိန်းဝပ်နေ၏။
သို့သော် ၎င်းထဲတွင် ယခင်က မရှိခဲ့ဘူးသော အေးစက်မှုပါ ရောစွက်နေသည်။
“ဝါဒတောင်သခင်လေးရဲ့ဓားသိုင်းက နဂါးနဲ့ဆင်တူတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် ဒါက ပုံရိပ်ယောင်လောက်ပဲ၊ မင်းက ဒီပညာရပ်ကို ဒီလောက်အထိ လျှို့ဝှက်ထားမယ်လို့ ငါ မထင်မိဘူး”
ရှောင်ရှန်းက ဖြည်းဖြည်းချင်း ပြောသည်။ “ဒါပေမယ့် စိတ်မကောင်းစရာပဲ၊ မင်းက နုံအလွန်းတာလား ကြွားချင်တာလားတော့ မသိဘူး၊ မင်းရဲ့စွမ်းရည်တွေကို စောစောစီးစီး ထုတ်ဖော်ပြသွားတယ်၊ အဲ့ပညာရပ်ကို မင်း အချိန်ကြာကြာ လျှို့ဝှက်ထားရင် အနာဂတ်မှာ ငါတို့အတွက် ချိန်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တယ်”
“အခု ထိပ်သီးနယ်မြေနှစ်ခုအကြား စစ်ဖြစ်လာနိုင်တယ်ဆိုရင်တောင် ငါ မင်းကို သတ်ပစ်ရမှာပဲ”
ရှောင်ရှန်း၏အကြည့်ထဲမှ အေးစက်မှုက မိုးထိအောင် မြင့်တက်သွားပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကြယ်တာရာချီကို အပြည့်အဝ ထုတ်လွှတ်လိုက်ရာ ဧရာမ နေတစ်စင်းနှင့်ပင် ဆင်တူနေသည်။
ကောင်းကင်နှင့် မြေကြီးကြား ကီလိုမီတာရာဂဏန်း ပတ်လည်တွင် ချွန်ထက်သည့် ဓားများနှင့် ဆင်တူသော မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းများစွာက ရန်ကျောက်ကဲ၏ခေါင်းအထက် လေထုတွင် လည်ပတ်နေသည်။
အပြင်ပိုင်းကြယ်တာရာချီအဆင့်သိုင်းပညာရှင်တစ်ယောက်၏ ဖိအားကို အပြည့်အဝ ထုတ်ဖော်ပြလိုက်လေပြီ။
ထိုဖိအားကို အပြင်းထန်ဆုံး ခံရသော ရန်ကျောက်ကဲ မဆိုထားနှင့်။ သူ့ပတ်လည်ရှိ ဖန်းယွမ်ရှန်း၊ အခြားသူများနှင့် နေသူတော်စင်ဂိုဏ်း၏ တပည့်များပင် ထိုဖိအားကြောင့် မွန်းကျပ်နေကြသည်။
ရန်ကျောက်ကဲက အလေးမထားသည့် အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။ “မဆိုးဘူး၊ အဆင့်တူ သိုင်းပညာရှင်တွေထဲမှာတော့ မင်းက ထိပ်တန်းပဲ “
ရှောင်ရှန်းက ဖြေးညှင်းစွာ ပြောလိုက်သည်။
“မင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ မင်းသားလေးပါးထဲက တစ်ပါးဖြစ်နေတာ နံပါတ်စဉ်ပြည့်ရုံလောက် သက်သက်မဟုတ်ဘူးဆိုတာ ငါ ဝန်ခံတယ်၊ ငါတို့ရဲ့ ကျင့်ကြံမှုက အဆင့်တူဆို မင်းကို အနိုင်ယူဖို့ ငါ ယုံကြည်ချက်ရှိမှာ မဟုတ်ဘူး”
“ဒါပေမယ့် လက်ရှိ ငါတို့ကြား ကွာခြားမှုက ကြီးမားလွန်းတယ်၊ မင်း အပြင်ပိုင်းသိုင်းပညာရှင် အလယ်အလတ်အဆင့်သာ ရောက်ခဲ့မယ်ဆိုရင် ငါ့လက်ကနေ လွတ်မြောက်ချင် လွတ်မြောက်လိမ့်မယ်”
ရန်ကျောက်ကဲ၏ဘေးမှ အနက်ရောင်ဝတ်ကျင့်ကြံသူအားလုံး တိတ်ဆိတ်ကုန်ကြသည်။
သူတို့၏သခင်လေးက အပြင်ပိုင်းသိုင်းပညာရှင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ခဲ့သည်မှာ မကြာသေးပေ။ လျင်လျင်မြန်မြန်ဖြင့် သူ့ရိုးတွင်းချင်ဆီများကို ဒုတိယအကြိမ် သန့်စင်နိုင်ခဲ့သော်လည်း လက်ရှိတွင် သူ နောက်တစ်ဆင့်သို့ ချိုးဖြတ်ချင်ပါက လုံးဝ မဖြစ်နိုင်ချေ။
အခြားတစ်ဖက်တွင် နေသူတော်စင်ဂိုဏ်းတပည့်များမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
စီနီယာအကိုကြီးချောင် ရှုံးနိမ့်သွားသော်လည်း သူတို့တွင် စီနီယာအကိုကြီးရှောင် ရှိနေသေးသည်။
အဆင့်တူသည် မတူသည်ကား လက်ရှိတွင် သူတို့ ဂရုမစိုက်ချေ။
ထိုအချိန်တွင် ရန်ကျောက်ကဲ၏အကြည့်က နေသူတော်စင်ဂိုဏ်းတပည့်အချို့ ဖေးမခြင်း ခံနေရသော ချောင်ယွမ်လုံထံသို့ ရောက်နေသည်။
“ငါ မင်းကို အခွင့်အရေးပေးတယ်၊ အဲ့တာကြောင့် အဆင့်တူမှာ တိုက်ခိုက်ခဲ့တာပဲ၊ ဒါပေမယ့် ရလဒ်က ဒီလို ပြက်လုံးတစ်ခုဖြစ်လာမယ်လို့ မထင်မိဘူး”
ထိုစကားကို ကြားသောအခါ ချောင်ယွမ်လုံ၏မျက်လုံးများ အပြူးသား ပွင့်နေသည်။
ရန်ကျောက်ကဲက သူ့ခေါင်းကို ယမ်းလိုက်သည်။ “အပြင်ပိုင်းသိုင်းပညာရှင် အလယ်အလတ်အဆင့်တဲ့လား၊ ဘယ်လောက်များ ခက်ခဲလို့လဲကွာ”
ထိုသို့ပြောရင်း ရန်ကျောက်ကဲတစ်ကိုယ်လုံးရှိ အကြောများ ဆုံသည့် နေရာများတွင် တုန်ခါလာသည်။ ရေခဲနဂါးများ ကောင်းကင်သို့ ပျံတက်လာသည်နှင့် ဆင်တူသော အဖြူရောင်ချီစီးကြောင်းများကို ၎င်းတို့ထဲတွင် ခပ်ဖျော့ဖျော့မျှ မြင်နိုင်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီနှင့် သွေးအားလုံးသည် အရည်ပျော်နေသော ပြဒါးနှင့် ဆင်တူလာကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဖြာထွက်နေသော အပြင်ပိုင်းကြယ်တာရာချီအလွှာ၌ သတ္တုရောင်က မျက်စိကျိန်းလောက်အောင် တစ်စထက် တစ်စ ပိုမို တောက်ပလာသည်။
ရန်ကျောက်ကဲက ကောင်းကင်မြွေဘုရင်လက်သီးဟန်ဖြင့် လက်သီးတစ်လုံးကို လေထဲသို့ ပစ်သွင်းလိုက်သည်။ တဟုန်ထိုး ထွက်ပေါ်လာသော ကြယ်တာရာချီက ခရုပတ်ပုံသဏ္ဌာန် လည်ပတ်သွားကာ ထူထဲသော အနက်ရောင်ကျာပွတ်အဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်ကြာပွတ်က လေထဲ၌ လှုပ်ရမ်းသွားရာ မိုးချိန်းသံကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ချီကို သိပ်သည်း ကျစ်လစ်သော တကယ့် အစိုင်အခဲ လက်နက်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ခဲ့သည်။
ရှောင်ရှန်း၏မျက်လုံးများသည် မျက်လုံးအိမ်များထဲမှ ကျွတ်ထွက်လာမတတ် ဖြစ်နေ၏။ “အပြင်ပိုင်း ကြယ်တာရာချီ အလယ်အလတ်အဆင့်လား”
“မဖြစ်နိုင်ဘူး”