Switch Mode

အပိုင်း (၁၆၃)

ပင်လယ်အဖြစ် ပြောင်းလဲသွားသော မြူထု

အရက်ဆိုင် တစ်ခုလုံး တိတ်ဆိတ် သွား၏။ လူတိုင်း၏ မျက်လုံးသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုထံသို့သာ ရောက်နေလေသည်။ အဘိုးအိုက လူငယ်ကို လက်ထဲတွင် ကိုင်ထားပြီး လူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။

“လျှပ်စီးမျက်လုံး…”

ထိုစကားလုံးကို အားလုံးက စိတ်ထဲတွင် ရေရွတ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် သူတို့ခေါင်း တစ်ခုလုံး ချွေးများ ထွက်လာသည်။

အမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ခွက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူက ခေါင်းကို အမြန် ငုံ့လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နေပြီး စိတ်ထဲမှ တွေးလိုက်သည်… “ဒီခံစားမှုက … ကျိန်းသေ စဦး စိတ်ဝိညာဉ်အဆင့်ပဲ…”

အဘိုးအိုသည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ကို ဖြေလျော့‌ ပေးလိုက်သည်။ သို့သော်လည်း လူငယ်၏ လည်ပင်းတွင် အနက်ရောင် ပွန်းပဲ့ရာတစ်ခု ကျန်နေခဲ့၏။

အဘိုးအိုက အရက်ခွက် တစ်ခွက်ကို ငှဲ့ကာ သောက်လိုက်ပြီး တစ်လုံးချင်း‌ မေးလိုက်သည်… “ပြောပါ… ဘယ်လိုဖြစ်ခဲ့တာလဲ…”

လူငယ်က အသက်ရှူသံပင် မထွက်ရဲချေ။ သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်း အဆင့်နှင့်တောင်မှ အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်ခဲ့ပေ။ သို့သော်လည်း သူ၏ အတွေ့အကြုံများအရာ ထိုအဘိုးအိုသည် အနိမ့်ဆုံး အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်တော့ ရှိနိုင်သည်။ သို့မဟုတ် အမြုတေ ဖွဲ့တည်ခြင်း နှောင်းပိုင်း အဆင့်တောင်မှ ဖြစ်နိုင်သည်။

“အဲဒီလူက လွန်ခဲ့တဲ့ လဝက်လောက်က ပေါ်လာတာ … သူက အရင်ဆုံး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းက အမြုတေ ဖွဲ့တည်ခြင်း ၁၀ယောက်ကို အရင် သတ်ပစ်ခဲ့တယ်… ပြီးတော့ တချို့ အကြောင်း ပြချက်တွေကြောင့် သတ်ဖြတ်ခြင်း အမိန့်တော်ရဲ့ အမှတ်အသား လုပ်ခြင်းကို ခံလိုက်ရတယ်…” လူငယ်က သူသိသမျှ အချက်အလက် မှန်သမျှကို ရှင်းပြ လိုက်သည်။

အဘိုးအိုက မျက်လုံးကို မှိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လူငယ်၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးမြူများအဖြစ် ပြောင်းသွား၏။ ရုတ်တရက် ထူးဆန်းသော လေတစ်ခုက ထွက်ပေါ်လာပြီး သွေးမြူများကို အဝေးသို့ သယ်ဆောင် သွား၏။

အရက်ဆိုင် အတွင်းရှိ ကျင့်ကြံသူများသည် အလွန် ထိတ်လန့်သွားပြီး အရက်ဆိုင်တွင်းမှ အလျင်အမြန် ထွက်သွားချင်ကြ သော်လည်း မည်သူကမှ မလှုပ်ရှား ရဲကြချေ။

အဘိုးအိုက အနည်းငယ် စဉ်းစားလိုက်ပြီး သူ့အကြည့်က အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်ဆီသို့ ရောက်သွား၏။

“မင်း… ဒီကို လာခဲ့…”

အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အလျင်အမြန် ထကာ အဘိုးအိုဆီသို့ သွားရပ်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်… “ဂျူနီယာရှုမှုက စီနီယာကို နှုတ်ဆက်ပါတယ် … စီနီယာ သိချင်တာရှိရင် မေးလို့ရပါတယ် … ဂျူနီယာ ပြောသမျှက အမှန် ဖြစ်ရစေမည်ဟု ဂျူနီယာရဲ့ ရွှေအမြုတေနဲ့ ကျိန်ဆိုပါတယ် … ကျေးဇူးပြု၍ သနားညှာတာပေးပါ…”

အဘိုးအိုက အရက်ခွက်ကို အရက်ဖြည့်ပြီး သောက်လိုက်သည်။ သူက သောက်ပြီးမှ မေးလိုက်သည် … “ငါ အရက်ဆိုင်ထဲကို ဝင်လာတဲ့ အကြောင်းကလည်း အဲဒီလူအကြောင်းကို သိချင်လို့ပဲ … မင်းရဲ့ ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်တွေက မင်းရဲ့ ထိန်းချုပ်မှု အောက်ကနေ လွတ်နေတယ် … ငါ ခန့်မှန်းရရင် မင်း သူ့ကို တွေ့ဖူးတယ်မလား…”

ရှုမူက အသက်ကို ဝအောင်ရှူပြီး ဖြေလိုက်သည်… “ဂျူနီယာက အဲဒီမိစ္ဆာကောင်ကို မြင်ဖူးပါတယ်…”

“သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်အဆင့်လဲ…”

ထိုမေးခွန်းကို မေးလိုက်သည့် အချိန်တွင် အဘိုးအို၏ မျက်လုံးတွင် ထူးဆန်းသည့် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ ဤမေးခွန်းကမှ သူသိချင်သည့် အချက် ဖြစ်သည်။ စောစောက လူငယ်က အသုံးမဝင်သည့် အချက်များကို ပြောပြီး ထိုလူ၏ကျင့်ကြံခြင်း အဆင့်ကို တစ်ခါမှ ထည့်မပြောသည့် အတွက် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

“အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့်ပါ … ဒါပေမဲ့ သူ့မှာ ရတနာ နှစ်ခု ရှိတယ်…”

ရှုမူက ခဏနားပြီး ဆက်ပြောပြ လိုက်သည်… “တစ်ခုက တည်နေရာ ပြောင်းလို့ရတဲ့ ဓားပျံ…”

နားထောင်နေသည့် အဘိုးအိုသည် အနည်းငယ် စိတ်ပျက်သွားကာ အရက်ကို ခွက်ထဲငှဲ့ပြီး သောက်လိုက်သည်။

ရှုမှုက အဘိုးအိုကို ကြည့်ပြီး ဆက်ပြောပြ လိုက်သည်… “နောက်တစ်ခု ကတော့… ဂျူနီယာအနေနဲ့ တကယ်ကို သေသေချာချာ မသိပါဘူး … အဲဒီရတနာထဲမှ အနီရောင် အလင်းတစ်ခု ပါတယ်… အဲဒီအနီရောင် အလင်းနဲ့ ထိသွားတဲ့ လူတိုင်းရဲ့ ခန္ဓာကိုယ်က အရိုးစုဖြစ်ပြီး သေဆုံးသွားတယ်…”

အဘိုးအိုက အနည်းငယ် စဉ်းစားပြီး ထရပ်ကာ အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး အပိုင်းအစ တစ်ခုကို ပစ်ချ လိုက်သည်။ ထို့နောက် ရှုမူကို ဆွဲခေါ်ပြီး ထွက်သွား၏။

အဘိုးအို ထွက်သွားသည်နှင့် အရက်ဆိုင်ထဲရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ကြောက်လန့်မှုများဖြင့် တုန်လှုပ် နေသည်။ အားလုံး၏ စိတ်ထဲတွင် စကားတစ်ခွန်း ကိုသာ အကြိမ်ကြိမ် ရေရွတ် နေလေတော့သည်… “စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ…”

***

ရှုမှု၏ လမ်းညွှန်မှုနှင့်အတူ အဘိုးအိုသည် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသို့ နာရီဝက်နှင့် ရောက်လာခဲ့သည်။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ ရှန့်ကွမ်းမိုကို တွေ့လိုက်ရ၏။

အဘိုးအိုက ရှန့်ကွမ်မိုထံမှ ဝိညာဉ်အဆီအနှစ် သွေးစက် နောက်တစ်စက်ကို ထုတ်ယူပြီးနောက် ရှုမူကို ပစ်ချထားခဲ့ပြီး ဝမ်လင်းဆီမှ သွေးစက်နှင့် ဆက်သွယ်မှုကို အသုံးချကာ ဝမ်လင်း၏ နောက်သို့ လိုက်သွား၏။

ဝမ်လင်းကတော့ လီမူဝမ်ကို သယ်ဆောင်ရင်း အလွန် လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းနေသည်။

နတ်ဆိုး ပင်လယ်သည် တစ်နှစ်ပတ်လုံး မြူများဖြင့် ဖုံးအုပ် ထားသော်လည်း ၁၂လထဲရှိ တစ်လတွင် မြူများက တဖြည်းဖြည်း သိပ်သည်းလာကာ ရေအဖြစ်သို့ ပြောင်းလဲ သွားပြီး နတ်ဆိုး ပင်လယ် တစ်ခုလုံးက ပင်လယ် အဖြစ်သို့ ပြန်ပြောင်း သွား၏။ လွန်ခဲ့သည့် နှစ်များက ဝမ်လင်းက ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေသဖြင့် သူက နတ်ဆိုးပင်လယ် အတွင်း၌ ရှိနေသော်လည်း ထိုလကို မကြုံကြိုက်ဖူးပေ။ သို့သော်လည်း ယခုတော့ ကြုံရလေပြီ။

လီမူဝမ်ကတော့ နှစ်စဉ် ကြုံတွေ့ဖူး၏။ ဝင်္ကပါ၏ အကာအကွယ်ကြောင့် ပင်လယ်ရေများက ဂူထဲသို့ မဝင်သော်လည်း နတ်ဆိုး ပင်လယ်၏အပြင်မှ အဖြစ်အပျက်များကို သူမ မြင်နေရလေသည်။

သူတို့ နှစ်ယောက်သည် အမြင့်တွင် ပျံသန်းလေ မြူများက ပိုပြီး ထူထဲလာလေ ဖြစ်ပြီး ရေထဲတွင် ကူးနေရသကဲ့သို့ ခံစား လာရသည်။

လီမူဝမ်က တိုးတိုးလေး ပြောလိုက်သည်… “မြူတွေက ပင်လယ်ရေ အဖြစ် ပြောင်းတော့မယ်…”

ဝမ်လင်းက ဘာမှပြန်မပြောဘဲ ရုတ်တရက် ရပ်လိုက်ကာ ပတ်ဝန်းကျင်ရှိ မြူထဲသို့ ဂရုတစိုက်ဖြင့် စစ်ဆေး ကြည့်လိုက်သည်။ ထိုအခါ နှေးကွေးစွာ ရွေ့လျားနေသည့် မြူများက ယခင်ကထက် ပိုမို မြန်ဆန်လာသည်ကို မြင်လိုက်ရ၏။ ပတ်ဝန်းကျင်ရှိ သက်ရှိ တချို့တောင်မှ ပြေးလွှား နေကြသည်။

လီမူဝမ်က ဝမ်လင်း၏ မျက်နှာ အမူအရာကို မြင်ပြီး တိုးတိုးလေး မေးလိုက်သည်… “ဘာဖြစ်လို့လဲ စီနီယာအစ်ကို…”

“ဘာမှ မဟုတ်ပါဘူး…” ဝမ်လင်းက ပြောပြီးသည်နှင့် ယခင်ကထက် မြန်ဆန်သည့် နှုန်းဖြင့် ဆက်လက် ပျံသန်းလိုက်၏။ မြူများ၏ လှုပ်ရှားမှုကို ကြည့်ပြီး သူရှိနေသည့် ဤအရပ်သို့ အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက်က အလွန် မြန်သည့်နှုန်းဖြင့် လိုက်လာသည်ကို ဝမ်လင်း သိသွားသောကြောင့် အရှိန်ကို မြှင့်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပတ်ဝန်းကျင်ရှိ သားရဲများ၏ ထွက်ပြေးနေခြင်းက သူ၏ ခန့်မှန်းမှုကို ပိုမိုသေချာ သွားစေသည်။

ဝမ်လင်း၏ မျက်လုံးများက အေးစက်လာပြီး စိတ်ဝိညာဉ် အရည်များကို ထုတ်ပြီး သောက်လိုက်သည်။ သူ၏ကိုယ်ထဲရှိ ရွှေအမြုတေက လျင်မြန်စွာ လည်သွားပြီး စိတ်ဝိညာဉ် အရည်များမှ စိတ်စွမ်းအင်များကို စုပ်ယူလိုက်၏။ ထို့နောက် ပိုမိုများပြားသည့် စိတ်စွမ်းအင်များကို ထုတ်ပေးကာ သူ၏အလျင်ကို ပိုမို မြန်ဆန် သွားစေသည်။

လီမူဝမ်သည် ဝမ်လင်း၏ ပူပန်မှုကို ခံစားနိုင်၏။ သူမက ပစ္စည်းတချို့ကို ထုတ်ပြီး ရိုးရှင်းသော ဝင်္ကပါတချို့ကို ပြုလုပ်ကာ နောက်သို့ ပစ်ချထားခဲ့ လိုက်သည်။

ဝမ်လင်းက နောက်သို့ လှည့်ကြည့်ပြီး သူ၏ မျက်လုံးထဲတွင် ကျေနပ် သဘောကျသည့် အရိပ်အယောင်များ ပေါ်လာရာ လီမူဝမ်၏ နှလုံးသားထဲတွင် ချိုမြိန်မှု အရသာကို ခံစားလိုက်ရ၏။ သို့သော်လည်း ယခင်ကတည်းက သူမသည် အလွန် အားနည်းနေရာ ယခုအချိန်တွင် သူမ၏ကိုယ်ထဲ၌ အားအင်တစ်စက်ပင် မကျန်တော့ချေ။

ဝမ်လင်းက စိတ်ဝိညာဉ် အရည်ပုလင်းကို ထုတ်ပြီး သောက်လိုက်သည်နှင့် အမြန်နှုန်းက တိုးသွားသည့်အတွက် သူမလည်း ဝမ်လင်း ပေးထားသည့် ပုလင်းကို ထုတ်ကာ စိတ်ဝိညာဉ်ရည်ကို အနည်းငယ် သောက်လိုက်၏။ ထိုအခါ သူမ၏ စိတ်ထဲတွင် အလွန် အံ့အားသင့်သွားပြီး ပုလင်းကို ပြန်သိမ်းထား လိုက်ကာ နောက်ထပ် ဝင်္ကပါတချို့ကို ဆက်၍ ပြုလုပ်လိုက်သည်။

သူတို့သည် ပျံသန်း နေစဉ်မှာပင် မမြင်နိုင်သော အားတစ်ခုက ထွက်ပေါ် လာသည်။ ထိုဖိအားသည် နတ်ဆိုး ပင်လယ်၏ တစ်မူထူးခြားသော ဖိအားဖြစ်သည်။ တစ်ယောက်ယောက် ကသာ နတ်ဆိုးပင်လယ် အတွင်းမှ ထွက်ခွာချင်လျှင် ထိုဖိအားကို ခံနိုင်ရပေမည်။

ဝမ်လင်း၏နောက် ၇၀,၀၀၀ ကီလိုမီတာတွင် အဘိုးအိုသည် သိုလှောင်အိတ်ထဲမှ အစိမ်းရောင် ဘူးသီးခြောက်ဘူး တစ်လုံးကို ထုတ်ယူလိုက်၏။ ဘူးသီးခြောက်ဘူးသည် သူ၏ အရွယ်အစားထက် အဆ၁၀၀ ကြီးသွားပြီး အဘိုးအိုက ဘူးသီးခြောက် ဘူးပေါ်တွင် ထိုင်ကာ ရှေ့သို့ ဆက်လက် ပျံသန်း လိုက်သည်။ ဘူးသီးခြောက် ဘူးကြောင့် သူ၏ အမြန်နှုန်းက ၂ဆနီးပါး ဖြစ်သွား၏။

ဝမ်လင်းက ပျံသန်းနေရင်း မြူများကို တွန်းကန် လာသည့်အားက ပိုမိုပြင်းလာပြီး မြူများက ပိုမိုမြန်ဆန်စွာ ရွေ့လျားလာသည်ကို သတိထားမိ၏။ ဝမ်လင်းကလည်း သူ၏ အမြန်နှုန်းကို မြှင့်လိုက်သကဲ့သို့ သူ့နောက်မှ လိုက်လာသူကလည်း နည်းလမ်း တစ်ခုခုကို သုံးကာ သူ၏ အမြန်နှုန်းကို မြှင့်လိုက်ကြောင်း ခန့်မှန်းမိသည်။

နတ်ဆိုးပင်လယ် အတွင်းရှိ မြူများက တဖြည်းဖြည်း ပါးလာပြီး ရေများအဖြစ် စတင် ပြောင်းလဲ လာသည်။ တစ်ယောက်ယောက် ကသာ အပေါ်မှ ကြည့်လိုက်လျှင် မြူများကို ဖြတ်ပြီး ရှင်းရှင်းလင်းလင် မြင်နိုင်နေပြီ ဖြစ်သည်။

လရောင် အောက်တွင် နတ်ဆိုး ပင်လယ်သည် ရေစက်များကြောင့် တလက်လက် တောက်ပနေသည်။ အချိန် ကြာလာသည်နှင့် အမျှ ရေများက တဖြည်းဖြည်း များလားပြီး အောက်ခြေတွင် ရေများ စတင် ပြည့်လာသည်။

အဘိုးအိုသည် ဘူးသီးခြောက်ဘူး ပေါ်တွင် ထိုင်နေရင်း မျက်မှောင်ကြုတ် လိုက်သည်။ သူ့ရှေ့တွင် အသက်ဝင်နေသည့် ဝင်္ကပါတစ်ခု ရှိနေ၏။ ဝင်္ကပါက အားနည်းသဖြင့် သူက အလေး မထားသော်လည်း ဝင်္ကပါများက တစ်ခုပြီး တစ်ခု ပေါ်လာသဖြင့် သူ၏အမြန်နှုန်းကို လျော့ကျ စေသည်။

အဘိုးအိုက အထင်သေးသည့် အမူအရာဖြင့် ဘူးသီးခြောက် ဘူးကို ပုတ်လိုက်ရာ ဘူးသီးခြောက်ဘူးမှ ပိတ်ထားသည့် အစီအရင်က ပွင့်သွားပြီး ပြင်းထန်သော အားတစ်ခုက ပွင့်ထွက် လာသည်။

ဘူးသီးခြောက်ဘူး၏ အဝတွင် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာပြီး ထိုလှိုင်းတွန့်များနှင့် ထိမိသည့် ဝင်္ကပါ မှန်သမျှသည် ချက်ချင်း ပျက်စီးသွား၏။ ထို့အတူ မြူများနှင့် ရေများတောင်မှ ဖယ်ပေးရပြီး ဘူးသီးခြောက်ဘူး၏ရှေ့တွင် လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယခုအချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် အမြင့်သို့ ဆက်လက် ပျံသန်းနေရင်း ရေများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ သူ စိတ်ဝိညာဉ် ရည်များကို ထပ်သောက်လိုက်ပြီး ရေများဖြင့် ပြည့်နေပြီ ဖြစ်သည့် ဤနေရာမှ ထွက်ခွာရန် အတွက် အရှိန်ကို ထပ်တင်လိုက်သည်။

သူက လီမူဝမ်ကို ပွေ့ဖက်ထားရင်းနှင့် ငါးတစ်ကောင်ကဲ့သို့ ရေထဲတွင် လျင်မြန်စွာ သွားနေသည်။ မကြာမီ သူက ‌ရေမျက်နှာပြင်ကို မြင်လိုက်ရ၏။ သူ၏မျက်လုံးများက အေးစက်သွားပြီး အရှေ့သို့ ညွှန်လိုက်ရာ ဓားပျံက ရုတ်တရက် ပျောက်ကွယ် သွား၏။

ဝမ်လင်းက လီမူဝမ်နှင့်အတူ ကောင်းကင်ကို ထိုးဖောက်သွားသည့် ဓားတစ်ချောင်းကဲ့သို့ ရေထဲမှ ထွက်လာသည်။ သူတို့ နှစ်ယောက်သည် ရေမျက်နှာပြင်မှ ထွက်လာပြီးနောက် သူတို့ နှစ်ယောက်သည် အလင်းတန်း တစ်ခုကဲ့သို့ ပျံသန်း ပျောက်ကွယ် သွား၏။

သလင်းကျောက်ဓားသည် ရေလှိုင်းများအတိုင်း ရွေ့လျားနေပြီး တိုက်ခိုက်ရန် အတွက် စောင့်ဆိုင်း နေလေသည်။

နာရီဝက် ကြာပြီးနောက် ပင်လယ်ထဲတွင် မီတာ ၁၀၀ခန့် ကျယ်သည့် ကြီးမားသော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။

ဝဲကတော့၏ အလယ် တည့်တည့်သည် နတ်ဆိုးပင်လယ်၏ အောက်ခြေမှ လှိုင်ခေါင်းတစ်ခုနှင့် ဆက်သွယ်ထား၏။ လှိုင်ခေါင်း အတွင်းမှ အစိမ်းရောင် ဘူးသီးခြောက်ဘူး တစ်ဘူးက တဖြည်းဖြည်း ထွက်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset