နဂါးဦးခေါင်းအတွင်းမှ လျှို့ဝှက်ခန်းထဲတွင် သက်တံရောင်အလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သက်တံရောင် အလင်းတန်းများက စုစည်းသွားကာ အခန်းထဲ၌ ဝမ်လင်း၏ ပုံရိပ်က ပေါ်လာသည်။
ဝမ်လင်း အခန်းထဲသို့ ပြန်ရောက်သည်နှင့် ရှန့်ကွမ်းမို၏ ရင်ဘတ်သည် တဒုန်းဒုန်း ခုန်သွား၏။ ဝမ်လင်းက သူ၏အငွေ့အသက်များကို အပြည့်အဝ ဖုံးကွယ်ရန် အတွက် ကျင့်ကြံသည့် ကျင့်စဉ်ကို သူ သိချင်နေသည်။
လီမူဝမ်သည် နဂါးကြေးခွံများကို ကိုင်ကြည့်ပြီး တစ်ခုခုကို တွက်ချက်နေသည်။ ယခုအချိန်တွင် သူမသည် နဂါးကြေးခွံများ အပေါ်တွင်သာ အာရုံစိုက်နေသဖြင့် သူမ၏ဝိညာဉ် အဆီအနှစ် သွေးစက်၏ တုံ့ပြန်မှုကိုပင် သတိမထားမိတော့ချေ။ တဖြည်းဖြည်းဖြင့် သူမ၏ မျက်နှာတွင် နားလည်လာသည့် အမူအရာက ပေါ်လာပြီး သူမ၏အရှေ့မှ နဂါးကြေးခွံများကို သေချာအာရုံစိုက် ကြည့်နေတော့သည်။
ဝမ်လင်းသည် အခန်းထဲသို့ ပြန်ရောက်သည်နှင့် ကြာပန်းသဏ္ဌာန် ထိုင်ချပြီး သူ၏ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီးနောက် သူ၏သိုလှောင်အိတ် အတွင်းတွင် ရွှေအမြုတေများ တစ်ရာကျော် ရှိနေလေသည်။
သေသွားသည့် ကျင့်ကြံသူ အများစု၏ သိုလှောင်အိတ်များသည်လည်း သူထံတွင် ရှိနေ၏။ သူက သိုလှောင်အိတ် အတွင်းမှ ပစ္စည်းများကို အမျိုးအစားခွဲပြီး ပြန်သိမ်း ထားလိုက်သည်။ အားလုံးထဲတွင် စာလိပ် တစ်ခုမှ လွဲ၍ ကျန်သည့်ပစ္စည်းများက ဝမ်လင်း၏ မျက်လုံးကို မဆွဲဆောင်နိုင်ပေ။
ထိုစာလိပ်သည် ၂ ပေရှည်ပြီး လက်မောင်းလုံးခန့် ရှိကာ စိတ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုစာလိပ်ကို အမြုတေ ဖွဲ့တည်ခြင်း အဆင့် တစ်ယောက်ဆီမှ ရခဲ့ခြင်းဖြစ်သည်။ ထိုကျင့်ကြံသူက ဝမ်လင်းအား ပြန်လည် တိုက်ခိုက်ရန် အတွက် စာလိပ်ကို တစ်ဝက်သာ ဖွင့်နိုင်ခဲ့သည်။ တစ်ဝက်သာ ဖွင့်နိုင်ခဲ့သော်လည်း စာလိပ်မှ ဟိန်းဟောက် အသံလှိုင်းများ ထွက်ပေါ်ခဲ့၏။
စာလိပ်၏ မူလပိုင်ရှင်က သေသွားပြီ ဖြစ်သဖြင့် စာလိပ်ပေါ်တွင် ရှိသည့် နတ်ဘုရား စိတ်အာရုံသည် ထိုကျင့်ကြံသူ သေသွားကတည်းက ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ဝမ်လင်းက စာလိပ်ပေါ်တွင် နတ်ဘုရား စိတ်အာရုံကို အမှတ်အသား လုပ်လိုက်သည်။ သို့သော်လည်း စာလိပ်က မည်သို့မျှ မထူးခြားလာပေ။
ဝမ်လင်း၏ မျက်နှာတွင် စိတ်ဝင်စားသည့် အမူအရာက ချက်ချင်း ပေါ်လာသည်။ သာမန် ရတနာဆိုလျှင် ပိုင်ရှင်၏ နတ်ဘုရား စိတ်အာရုံကို ဖျက်ပြီးသည်နှင့် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုစည်းမျဉ်းသည် စဦး စိတ်ဝိညာဉ် အဆင့်အောက် ရတနာများတွင် အမြဲတမ်း မှန်နေပေလိမ့်မည်။
စာလိပ်မှ ထွက်ပေါ်လာသည့် စိတ်စွမ်းအင် အငွေ့အသက်များကို ကြည့်ခြင်းအားဖြင့် စာလိပ်သည် စဦးစိတ်ဝိညာဉ်အဆင့် မဖြစ်နိုင်ပေ။
စဦးစိတ်ဝိညာဉ်အဆင့် ရတနာများ၏ သိသာသည့် အချက်တစ်ခုသည် အားကောင်းသော စိတ်စွမ်းအင်များကို ထုတ်လွှတ်ခြင်း ဖြစ်သည်။
သူ၏ တည်နေရာ ပြောင်းရွှေ့နိုင်သော ဓားပျံသည်လည်း စဦးစိတ်ဝိညာဉ်အဆင့် ရတနာတစ်ခု ဖြစ်၏။ သွေးသန့်စင်ခြင်း နည်းစနစ်ကြောင့်သာ မဟုတ်လျှင် ဓားပျံကို အသုံးပြုရန်အတွက် အချိန်အများကြီး ပေး၍ သန့်စင်ခဲ့ရမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီး ရှေးဟောင်း ဓားအိမ်အကြောင်းကို သတိရသွား၏။ ဓားအိမ်ထဲသို့ ဓားကို ထည့်လိုက်သည်နှင့် ဓား၏စွမ်းအားကို တိုးသွားစေသည်။ ထိုဓားအိမ် အကြောင်းကို စစ်ထူနန်တောင်မှ သေသေချာချာ မသိပေ။ အနည်းဆုံးတော့ ထိုရတနာသည် စဦးစိတ်ဝိညာဉ် အဆင့်ထက် မြင့်သော ရတနာဖြစ်နိုင်သည်။
ဝမ်လင်းက သက်ပြင်းချ လိုက်သည်။ ထိုအချိန်က ထန်းဟွယွမ်သည် သူ၏သိုလှောင်အိတ် အတွင်းရှိ ရတနာများ အားလုံးအား ဖျက်ဆီးပစ်ခဲ့သည်။ ဝမ်လင်းက ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွား၏။ ရှေးဟောင်း ဓားအိမ်ကသာ စဦးစိတ်ဝိညာဉ် အဆင့်ထက် မြင့်လျှင် ထန်းဟွယွမ် အနေဖြင့် ဖျက်ဆီးပစ်၍ မရနိုင်ချေ။
“ရှေးဟောင်းဓားအိမ်က မပျက်စီးဘူးဆိုရင် ဘယ်ရောက် သွားတာလဲ”
ဝမ်လင်း၏ မျက်လုံးက ရုတ်တရက် တောက်ပသွားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေလေသည်။ ထို့နောက် သူက သိုလှောင်အိတ် အတွင်းသို့ အဆင့်နိမ် စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ်ကို သိုလှောင်အိတ်ထဲသို့ ထည့်ပြီး သူ၏ လက်ချောင်းထိပ်တွင် စိတ်စွမ်းအင်အနည်းငယ်ကို စုစည်းကာ သိုလှောင်အိတ်ကို အမှုန့်ခြေလိုက်သည်။
ဝမ်လင်းက သိုလှောင်အိတ် ပျက်စီးသွားသည်ကို သေချာစောင့်ကြည့် နေလေသည်။ နောက်ထပ် အကြိမ်ရေ အနည်းငယ်ခန့် ကြိုးစားပြီး နောက်တွင် သူ၏မျက်လုံးထဲ၌ နားလည်သည့် အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်လာသည်။
သိုလှောင်အိတ်က ပျက်စီးသွားသော်လည်း အထဲမှ ပစ္စည်းများက မပျက်စီးချေ။ သိုလှောင်အိတ်သည် အထဲရှိ လေဟာနယ်ကို ဖွင့်သည့် သော့အိမ်နှင့်တူ၏။ သော့အိမ် ပျက်စီးသွားသောအခါ အထဲရှိ ရတနာများ အားလုံးသည် အထဲတွင် အမြဲပိတ်လျက် ဖြစ်သွားမည် ဖြစ်သည်။ ထိုအရာကို ပြန်ဖွင့်နိုင်လျှင် အထဲမှ ပစ္စည်းများကို ပြန်ယူနိုင်ပေလိမ့်မည်။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ကြမ်းပြင်တွင် ထိုင်ချလိုက်ပြန်သည်။ ထို့နောက် စာလိပ်ကို ပြန်ကြည့်လိုက်သည်။ စာလိပ်က စဦးစိတ်ဝိညာဉ် အဆင့်နှင့် မတူသော်လည်း နတ်ဘုရား စိတ်အာရုံဖြင့် အမှတ်အသား လုပ်ပြီးနောက်တွင် ဝမ်လင်းသည် စာလိပ်အား ထိန်းချုပ်နိုင်သည့် ခံစားချက်ကို မခံစားရပေ။
ဝမ်လင်း အနည်းငယ် ထပ်စဉ်းစားပြီး စာလိပ်ကို ဖွင့်လိုက်ရာ သူ၏မျက်နှာ အမူအရာက ချက်ချင်း လေးနက်သွား၏။
စာလိပ် တစ်ခုလုံးသည် နက်မှောင်နေပြီး မည်သည့်ရုပ်ပုံမှ ရှိမနေချေ။
စာလိပ်ကို ကြည့်နေသည့် အချိန်တွင် စာလိပ်မှ အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရ၏။ အနက်ရောင် စာမျက်နှာပေါ်တွင် တြိဂံပုံ မျက်လုံး ၃ လုံးက ရုတ်တရက် ပေါ်လာပြီး မျက်လုံးများက ချက်ချင်း ပွင့်သွား၏။ တစ်ချိန်တည်းမှာပင် စာလိပ်အတွင်းမှ ကျယ်လောင်သော ဟိန်းသံကြီးတစ်ခု ပေါ်လာပြီး စာလိပ်တစ်ခုလုံး လှုပ်လာသည်။
ဝမ်လင်းက တုံ့ဆိုင်းမနေဘဲ စာလိပ်ကို ချက်ချင်း ပိတ်လိုက်သည်။ ထိုအခါ ဟိန်းသံက တဖြည်းဖြည်းနှင့် တိုးသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။
ဝမ်လင်း၏ နဖူးပြင်တွင် ချွေးများ စိုရွှဲနေသည်။ ဟိန်းသံ ထွက်ပေါ်လာသည့် အချိန်တွင် ထိုဟိန်းသံသည် အလောင်းတောင်ကြားမှ တောင်ကြား ၁၄ တွင် ကြားခဲ့သော နဂါးဟိန်းသံထက် အားမနည်းကြောင်းကို ခံစားမိလိုက်၏။ တစ်ခု ကွာခြားသည်က ဟိန်းသံမှ စိတ်စွမ်းအင်များသည် စာလိပ်အတွင်းတွင် ပိတ်မိနေခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ဝမ်လင်းသည် စာလိပ်ပေါ်တွင် မည်သည့် အတွက်ကြောင်း သူ၏နတ်ဘုရား စိတ်အာရုံကို အမှတ်အသား လုပ်မရလဲ ဆိုသည့် အကြောင်းပြချက်ကို နားလည်သွား၏။ ဤစာလိပ်သည် ချိပ်ပိတ် အစီအရင်တစ်ခု ဖြစ်သည်။ စာလိပ်၏ အဓိက စွမ်းအားသည် စာလိပ်ထဲမှ စိတ်ဝိညာဉ် သားရဲထံမှ လာခြင်းဖြစ်သည်။
စာလိပ်ကို သိမ်းလိုက်ပြီးနောက် ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် သိုလှောင်အိတ် အတွင်းမှ ရွှေအမြုတေ ၁၀၀ကျော်ကို ထုတ်ယူလိုက်သည်။ ရွှေအမြုတေ အားလုံးသည် ယခုအချိန်တွင် ရွှေရောင် ဖျော့ဖျော့ လင်းနေပြီး သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။
ယခင်က ရွှေအမြုတေကို တိုက်ရိုက် စုပ်ယူခဲ့သော်လည်း လီမူဝမ်က ထိုဝါးမျိုခြင်း နည်းစနစ်သည် ကျင့်ကြံခြင်းကို တိုးတက် စေနိုင်သော်လည်း စိတ်စွမ်းအင်များကို အရည်အသွေး လျော့ကျ သွားစေနိုင်ပြီး ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအင်များကို ရှုပ်ထွေး သွားစေနိုင်ကြောင်းကို ပြောပြခဲ့သည်။ ထို့အတူ ရွှေအမြုတေများတွင်လည်း ဂုဏ်သတ္တိ အမျိုးမျိုးရှိပြီး ဆန့်ကျင်ဘက် ဂုဏ်သတ္တရှိသည့် ရွှေအမြုတေ အများအပြားကို စုပ်ယူပါက ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအင်များကို ထိန်းချုပ်မှု လွတ်ကင်း သွားစေနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။
ထိုအကြောင်းကို ကြားပြီးနောက် ဝမ်လင်းက ရွှေအမြုတေများကို တိုက်ရိုက်စုပ်ယူသည့် အကြံအား စွန့်လွှတ်လိုက်သည်။ လီမူဝမ်၏ ပြောပြချက်အရ ရွှေအမြုတေများကို ဒြပ်စင်ငါးမျိုး နည်းစနစ်ဖြင့် အရင် သန့်စင်လိုက်ပါက ဆိုးကျိုးများ မဖြစ်စေနိုင်တော့ပေ။
ထိုသန့်စင်ခြင်း နည်းစနစ်သည် မိစ္ဆာနည်းစနစ် တစ်ခုအဖြစ် သတ်မှတ် ထားကြသဖြင့် သူမသည် နည်းစနစ်ကို ကြားရုံသာ ကြားဖူး၏။ ဝမ်လင်းက ထိုအကြောင်းများကို ပြန်စဉ်းစားပြီးနောက် ဒြပ်စင် ၅ မျိုး သန့်စင်ခြင်း နည်းစနစ်ကို ရှာတွေ့သည့် အချိန်တွင် အသုံးပြုရန် ရွှေအမြုတေ အားလုံးကို သိုလှောင်အိတ် အတွင်းသို့ ပြန်သိမ်းထားလိုက်၏။
ထို့နောက် ဝမ်လင်းက နဂါးအရွတ်ကို ထုတ်ယူလိုက်သည်။ ထိုအခါ နဂါးအရွတ်မှ မကောင်းဆိုးဝါးက ပျံသန်း ထွက်လာသည်။ မကောင်းဆိုးဝါးက အပြင်သို့ ထွက်လာသည်နှင့် ဝမ်လင်း၏ အကြည့်ကို မမြင်ခင်အချိန်အထိ အခန်းအတွင်း လှည့်ပတ် ပျံသန်းလိုက်သည်။
ယခုအချိန်တွင် မကောင်းဆိုးဝါး၏ အပေါ်မှ အနီရောင် အလင်းသည် နောက်ဆုံး တွေ့သည့် အချိန်ကထက် ပိုမိုသိပ်သည်းနေသည်။ ဝမ်လင်းက သူ့ကိုကြည့်ပြီး အေးစက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
“အခု မင်းရဲ့ကျင့်ကြံခြင်း အဆင့်ကို ပြန်ရနေပြီမလား”
မကောင်းဆိုးဝါးသည် ဂရုတစိုက်ဖြင့် နောက်သို့ ဆုတ်ပြီး ပြန်ပြောလိုက်သည်”ငါအခုမှ ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကိုပဲ ပြန်ရသေးတယ်… ဟိုဓားကိုသာ ငါ့ဆီက လုမသွားရင် အခုအချိန်လောက်ဆို ငါက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်နေလောက်ပြီ”
ဝမ်လင်းက သရော်ပြုံး ပြုံးပြီး မကောင်းဆိုးဝါးအား စိုက်ကြည့် လိုက်သည်။ မကောင်းဆိုးဝါးသည် မကောင်းသည့် ခံစားချက်များကို ရလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ငါ အမြုတေဖွဲတည်ခြင်းအဆင့်ကို ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တာပါ…. “
ပြောပြီးသည်နှင့် သူ့စိတ်ထဲတွင် ဝမ်လင်းအား စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
ဝမ်လင်း၏ မျက်လုံးများက အေးစက်လာပြီး လက်လှမ်း လိုက်သည်။ မကောင်းဆိုးဝါးက စူးရဲစွာ အော်ဟစ်လိုက်၏။ သူက ရှောင်ချင်သော်လည်း သူ့ဘေးတွင် ဝင်္ကပါ အစီအရင်များက ပေါ်လာသည့် အတွက် သူ့အား ဝမ်လင်းက ဖမ်းသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။
ဝမ်လင်းက မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်သည်။ တဖြည်းဖြည်းဖြင့် မကောင်းဆိုးဝါး၏ အငွေ့ကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အမြုတေ တစ်ခု ပေါ်လာသည်။
ထိုအခါ မကောင်းဆိုးဝါး၏ ဒေါသများသည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး သူက အကျပ်ရိုက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ဒါဘာလဲ… ဘယ်အချိန်တုန်းက ငါ့ရဲ့အမြုတေကို ဖွဲ့စည်းနိုင်လိုက်တာလဲ။ ကြည့်ရတာ ငါ အများကြီး စားလိုက်လို့ ငါ မသိမထားမိလိုက်တဲ့ အချိန် အမြုတေ ဖွဲ့စည်းသွားတာ ဖြစ်မယ်”
ပြောနေသည့်အချိန်တွင် မကောင်းဆိုးဝါးက ဝမ်လင်း၏ အေးစက်စက် အကြည့်အား မြင်လိုက်ပြီး စကားကို ရပ်လိုက်၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ရုတ်တရက် မေးလိုက်သည်။
မင်းရဲ့မှတ်ဉာဏ်တွေ ပြန်ရနေပြီမလား”
မကောင်းဆိုးဝါး၏ခန္ဓာကိုယ်သည် ချက်ချင်း တုန်ယင်သွား၏။ ထိုအရာက သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သည်။ သူက အမြုတေဖွဲ့တည်ခြင်းအဆင့်သို့ ရောက်သည့်အချိန်တွင် သူ့စိတ်ထဲ၌ တစ်စုံတစ်ခုက ပေါ်လာသည်။ သို့သော်လည်း ထိုအကြောင်းအား ဝမ်လင်းကို မပြောပြရဲခဲ့ချေ။ ယခုတော့ ဝမ်လင်းက အားလုံးအား သိသွားပြီဖြစ်၍ သူ့စိတ်ထဲ အလွန်ကြောက်လန့်သွား၏။
သူ၏ စိတ်ထဲတွင် အတွေးတစ်ချို့ ပေါ်လာသည်”ငါ သူ့ကို တိုက်ခိုက်သင့်လား… မဟုတ်ဘူး… ငါ သူ့ကို မနိုင်လောက်ဘူး… ငါ ပြောပြလိုက်တာ ကောင်းမယ်”
နောက်ဆုံးတွင် သူက သူ့စိတ်သူ ပြင်ဆင်ပြီး ပြောပြရန် ပြင်လိုက်ကာ ခေါင်းကို မော့ကြည့်လိုက်သည်။ ထိုအခါ ဝမ်လင်း၏မျက်လုံးထဲမှ အနီရောင်လျှပ်စီးကို မြင်ပြီး စိတ်ထဲတွင် အန္တရာယ်ကို ခံစားမိလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် စူးရှစွာ အော်ဟစ်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်လာပြီး သူ၏အမြုတေတောင်မှ ကျုံ့ဝင်သွား၏။
ဝမ်လင်း၏ဂျိနယ်ပယ်စွမ်းအားသည် သာမန်အားဖြင့် ယခုလောက် စွမ်းအားမကောင်းပေ။ သို့သော်လည်း သူက ဝိညာဉ်စားသုံးသူတစ်ကောင်ဖြစ်ခဲ့သောကြောင့် ဝိညာဉ်စားသုံးသူ၏ စွမ်းရည်များက သူ့ထံတွင် ကျန်ရစ်နေဆဲဖြစ်သည်။
ထိုအချက်ကြောင့်ပင် ဝမ်လင်းက မကောင်းဆိုးဝါး၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေရသည်။ မကောင်းဆိုးဝါးက အကြိမ်ရေအနည်းငယ်ခန့် နာကျင်စွာ အော်ဟစ်လိုက်ရပြီးနောက် ဝမ်လင်းက သူ၏ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံကို ပြန်သိမ်းလိုက်သည်။
မကောင်းဆိုးဝါးက ယိုင်နဲ့နဲ့ဖြင့် ထရပ်လာသည်။ ယခုအချိန်၌ သူ၏မျက်နှာပေါ်တွင် အာခံချင်သည့် အရိပ်အယောင် နည်းနည်းလေးပင် မရှိတော့ဘဲ ကျိုးနွံသည့်အမူအရာများဖြင့် ပြည့်နေလေသည်။
သူက တခြားသူများကို မကြောက်သော်လည်း ဝမ်လင်းကိုတော့ အင်မတန် ကြောက်လန့်သွား၏။ ဝမ်လင်းကသာ နောက်ထပ် နာရီဝက်လောက် နှိပ်စက်လျှင် သူ၏အသစ်စက်စက် အမြုတေသည် ပြိုကွဲရတော့မည်ဖြစ်သည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း ဝါးမျိုထားတဲ့ ဝိညာဉ်တွေအားလုံး ပြန်အန်ထုတ်လိုက်”
***
🤮