Switch Mode

အပိုင်း (၁၅၉)

တိုက်ပွဲဝင်နဂါးဝင်္ကပါ

စောစောက တိုက်ပွဲတွင် ဝမ်လင်းက ဂျိနယ်ပယ်ကို အကုန်လုံး အသုံးပြုလိုက်သဖြင့် သူ၏ဂျိနယ်ပယ်က ဒဏ်ရာ ရသွားခဲ့၏။ ထို့ကြောင့် ဝမ်လင်းက ပျံသန်းနေသည့် အချိန်တွင် ဂျိနယ်ပယ်က သူ၏အသိစိတ် ပင်လယ်ထဲတွင် တဖြည်းဖြည်း ပြန်လည် ကုသနေသည်။

ဒုတိယမြောက်နေ့ နေ့လယ်တွင် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းကို သူတို့ မြင်ရလေပြီ။ ယခုအချိန်တွင် ဝမ်လင်း၏ ဂျိနယ်ပယ်ကလည်း ပြန်ကောင်းနေပြီ ဖြစ်သည်။ တောင်ကို ကြည့်နေသည့် အချိန်တွင် တောင်ထိပ်က နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းသွား၏။ ယခုအခါ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း တည်ရှိနေသည့် တောင်၏ထိပ်တွင် နဂါးကြီး တစ်ကောင်က ထိုင်နေသကဲ့သို့ ဖြစ်နေသည်။ နဂါးဦးခေါင်းပေါ်တွင် အဖြူရောင်ဆံပင်နှင့် အဘိုးအို တစ်ယောက်က မတ်တတ် ရပ်နေပြီး သူ၏မျက်နှာ အမူအရာက သုန်မှုန်နေကာ အေးစက်နေသော မျက်လုံးများဖြင့် ဝမ်လင်းအား စိုက်ကြည့် နေလေသည်။

လေထဲတွင်တော့ အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၁၀ယောက်က အတူတကွ ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းထား၏။ သူတို့က ဝမ်လင်းကို မြင်သောအခါ စိတ်ရှုပ်ထွေးသည့် အမူအရာများက သူတို့၏မျက်နှာတွင် ပေါ်လာသည်။ သူတို့၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုနှင့် အံ့ဩမှု အရိပ်အယောင်များဖြင့် ပြည့်လျှံ လာသည်။ သူတို့ ၁၀ယောက်သည် ဓား၁၀ချောင်းကို အလယ်တွင် လိမ်ယှက်ပြီး ထိကပ် စေလိုက်သည်။ ထိုအခါ ဓားများ အချင်းချင်း ထိမိနေသည့် အသံများက ထွက်ပေါ်လာပြီး မီးပွားများ လွင့်စဉ်နေသည်။

နဂါး ဦးခေါင်းပေါ်မှ လူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါး၏မျက်လုံးက အရောင်များ တောက်ပလာပြီး နဂါးဆီမှ စိတ်စွမ်းအင်လှိုင်းများ ထွက်ပေါ် လာသည်။ နဂါး၏ အကြေးခွံပေါ်တွင် ကျင့်ကြံသူ တစ်ယောက်စီ ရှိနေ၏။ သူတို့၏ တလက်လက် တောက်ပနေသည့် ဓားများကြောင့် နဂါးက တကယ် အစစ် တစ်ကောင်ကဲ့သို့ အသက်ဝင် လှသည်။

ရှန့်ကွမ်းမိုသည် သေချာ ကြည့်ပြီး ပြောလိုက်သည်… “တိုက်ပွဲဝင် နဂါးဝင်္ကပါ…”

မူပေသည် အလျင်အမြန် ရှင်းပြလိုက်သည်… “ဒီတိုက်ပွဲဝင် နဂါးဝင်္ကပါက ဂိုဏ်းကို ကာကွယ်ထားတဲ့ ဝင်္ကပါဖြစ်ပါတယ်… ကောလာဟလတွေ အရတော့ စဦးစိတ်ဝိညာဉ် အဆင့်ကသာ ဝင်္ကပါကို ချိုးဖြတ် နိုင်လိမ့်လို့ ကြားဖူးပါတယ် … အဲဒီအကြောင်းကို ဂိုဏ်းထဲမှာ ယုံတဲ့သူ သိပ်မရှိဘူး … ဒါပေမဲ့လည်း ဒီပတ်ဝန်းကျင် မှာတော့ ဒီဝင်္ကပါက အကောင်းဆုံးပဲ…”

ဝမ်လင်းသည် ဝင်္ကပါနှင့် ပတ်သက်လျှင် အနည်းငယ်သာ သိသူဖြစ်သည်။ သူက ဝင်္ကပါကို အနည်းငယ် ကြည့်ပြီးသည့် အချိန်တွင် လီမူဝမ်က ရုတ်တရက် ပြောလာသည် … “ဒါက ဝင်္ကပါ မဟုတ်ဘူး … ထူးခြားတဲ့ နည်းစနစ်တစ်ခုပဲ… နဂါးပေါ်မှာ ရှိတဲ့ လူအားလုံးရဲ့ ဝိညာဉ်တွေကို နဂါးခေါင်းပေါ်က လူနဲ့ ချိတ်ဆက်ထားတဲ့ အတွက်ကြောင့် နဂါးခေါင်းပေါ်က လူကို အစွမ်းတစ်ခု အထိ မြင့်တင် ပေးနိုင်တယ်…”

ထိုအချိန်တွင် နဂါးခေါင်းပေါ်မှ လူက အော်ပြော လိုက်သည်… “ရောင်းရင်းကျင့်ကြံသူ… ငါက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင် ကျဲတုန်လေ့ပဲ … ငါ့ရဲ့ဂိုဏ်းမှာ တပည့် ၁၃၅၆၂ယောက် ရှိတယ်… အကြီးအကဲချုပ် ချင်ခွန်းက မင်းကို ရန်ပြုခဲ့တာကြောင့် မင်းက သူ့ကို သတ်တာကိစ္စကို လက်ခံပေးလို့ရတယ် … ဒါပေမဲ့ မင်းက ဒီကို လာခဲ့တယ်… ဒီတိုက်ပွဲမှာ မင်းနိုင်ရင်… တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း တစ်ခုလုံးက မင်းစကားကို နားထောင်လိမ့်မယ် … ဒါပေမဲ့ မင်း မနိုင်ရင်တော့ မင်းကို သတ်ပြီး ကျင့်ကြံခြင်း ဆေးလုံးကို အရ ယူရလိမ့်မယ်… ဘယ်လိုလဲ တိုက်ရဲလား…”

သူ၏အသံက မိုးခြိမ်းသံတစ်ခုကဲ့သို့ အဘက်ဘက်သို့ ပျံ့နှံ့သွား၏။ တပည့် ၁၃၅၆၂ယောက်လုံး သည်လည်း တစ်ချိန်တည်းမှာပင် အော်ဟစ် လိုက်ကြရာ ထွက်ပေါ်လာသည် အသံလှိုင်းက တိမ်များကို တစ်စစီ ဖြစ်သွားစေသည်။ နဂါး၏ အောက်ခြေမှစ၍ ထိပ်အထိ ဓားပျံ တစ်သောင်းကျော်က လျင်မြန်စွာ တောက်ပလာသည်။ ထိုအခါ စိတ်စွမ်းအင် စက်ကွင်းများ ဖြစ်ပေါ်လာပြီး အပေါ် ရောက်လေ စိတ်စွမ်းအင် စက်ကွင်းက ပိုပြီး သိပ်သည်းလာလေ ဖြစ်ကာ ထိပ်ဆုံးသို့ ရောက်သောအခါ အားကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ၁၀ယောက်သည် လျင်မြန်စွာဖြင့် ဝမ်လင်းဆီသို့ ပျံသန်း လာကြသည်။

ဝမ်လင်းက လီမူဝမ်ကို လွှတ်လိုက်ပြီး အနီရောင် လျှပ်စီးများ ပြည့်နေသည့် မျက်လုံးနှင့်အတူ ရှေ့သို့ ခုန်ထွက် လိုက်သည်။ အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၁၀ယောက်၏ ခန္ဓာကိုယ်များသည် ချက်ချင်း တုန်ယင်သွားပြီး ရှေ့သို့ တိုးမလာရဲတော့ပေ။ သူတို့ ၁၀ယောက်သည် လွန်ခဲ့သည့် ရက်များက ဝမ်လင်း၏ သတ်ဖြတ်ခြင်း နည်းလမ်းများကို ကြားသိထား၏။ ယခု ဝမ်လင်းက သူတို့ဆီသို့ ခုန်ဝင် လာသောအခါ ရှေ့သို့ ဆက်မတိုးရဲတော့ဘဲ တုံ့ဆိုင်း ကုန်ကြသည်။

ဝမ်လင်း၏ အကြည့်က သူတို့ဆီမှ ဖယ်လိုက်၏။ သူက နောက်တွင် နဂါးအရွတ်ကို ညာလက်ဖြင့် ကိုင်ပြီး ဆွဲလာသည်။ ထို့နောက် ဝမ်လင်းက နဂါးအရွတ်ကို လွှဲယမ်း၍ နဂါးဝင်္ကပါကို ရိုက်ချ လိုက်သည်။

နဂါးအရွတ်မှ ခန္ဓာကိုယ် တစ်ထောင်ကျော်သည် နဂါးဝင်္ကပါနှင့်နှင့် ရိုက်မိသွားပြီး သွေးမြူနံရံကြီးတစ်ခု ဖြစ်လာသည်။ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ အကာအကွယ် ဝင်္ကပါတစ်ခုလုံးသည် သွေးနက်ရောင် ပြောင်းသွား၏။

ထိုအချိန်တွင် စိတ်စွမ်းအင် စက်ကွင်းများ အားလုံးက နဂါးခေါင်းပေါ်မှ အဘိုးအိုဆီ၌ စုစည်းသွားပြီး သူ၏ခန္ဓာကိုယ်မှ အားကောင်းသော အော်ရာတစ်ခု ထွက်ပေါ် လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ အဝတ်အစားများ ကလည်း အစိတ်စိတ် အမြွှာမြွှာ စုတ်ပြဲသွားပြီး သူ၏ခန္ဓာကိုယ် အရွယ်အစားသည် ယခင်ကထက် အဆပေါ်များစွာ ကြီးသွား၏။

ထိုအဘိုးအို၏ ခန္ဓာကိုယ်တွင်းတွင် စိတ်စွမ်းအင်များက သမုဒ္ဒရာ လှိုင်းလုံးများအလား တိုးပွားလာပြီး အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်မှ အမြုတေ ဖွဲ့တည်ခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်သွား၏။ ထို့နောက် စိတ်စွမ်းအင်များက ဆက်လက် တိုးပွားနေပြီး စဦးစိတ်ဝိညာဉ် အဆင့်ထိ ရောက်သွား၏။ သို့သော်လည်း ထိုအဘိုးအိုသည် စဦးဝိညာဉ်မရှိသည့် စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်သာ ဖြစ်သည်။

ကျဲတုန်လေ့သည် ကြုံးဝါးလိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ ၁၀ယောက်ကို အေးစက်စွာ ကြည့်ပြီး အော်ပြော လိုက်သည်… “အမှိုက်တွေ… ထွက်သွားကြစမ်း…”

အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ ၁၀ယောက်သည် စိတ်သက်သာရာ ရသွားကြပြီး ချက်ချင်း ဘေးသို့ ဖယ်ပေးလိုက်ကြပြီး ဝမ်လင်းအား အေးစက်စွာ ကြည့်လိုက် ကြသည်။

တုန်ကျဲလေ့က ဝမ်လင်းအား ကြည့်ပြီး ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်… “မင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ အကုန်လုံးကို ငါ ကြားပြီးပါပြီ … မင်းကို စဦးစိတ်ဝိညာဉ် အဆင့်အောက်က ဘယ်ကျင့်ကြံသူကမှ နာကျင်အောင် မလုပ်နိုင်ဘူးတဲ့ … ဒါပေမဲ့ အခု ငါ့မှာ စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်ရဲ့ စွမ်းအားတွေ ရှိနေပြီ … မင်း ငါ့ကို ဘယ်လိုနိုင်အောင် လုပ်မှာလဲ…”

လီမူဝမ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ဝမ်လင်းအား စိုးရိမ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်လင်း၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင် တစ်စွန်း တစ်စကို မြင်လိုက်ရသဖြင့် သူမ၏ရင်ထဲတွင် ဖြစ်ပေါ်နေသည့် အပူလုံးကြီးက ချက်ချင်း ပျောက်ကွယ် သွား၏။

နန်မူနှင့်နန်ပေသည် မသိမသာ ညည်းလိုက် ကြသည်။ သူတို့သည် ဝမ်လင်းက ကျိန်းသေ နိုင်မည်ဟု တွေးထား သော်လည်း ယခုအချိန်တွင် အခြေအနေများက ပြောင်းလဲသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က ကျဲတုန်လေ့၏ ဒေါသကို စောင့်နေရုံသာ ရှိတော့၏။

ရှန့်ကွမ်းမိုသည် သူ၏ဝိညာဉ် အဆီအနှစ် သွေးစက်က ဝမ်လင်း၏ လက်ထဲသို့ ရောက်နေသဖြင့် ဝမ်လင်းသာ သေသွားလျှင် သူလည်း သေသွားမည် ဖြစ်သည်။ သူက စိတ်ထဲတွင် အသုံးမကျသည့် ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲ လိုက်သည်။

ဝမ်လင်းက စိတ်ထဲတွင် သရော်ပြုံး ပြုံးလိုက်ပြီး ရှေ့သို့ ခုန်လိုက်ရာ သူ့ကို အေးစက်စွာ ကြည့်နေသည့် ကျဲတုန်လေ့နှင့် ပေ၃၀ အကွာသို့ ရောက်သွား၏။

“မင်းရဲ့ သေဆုံးခြင်း မန္တန်အကြောင်းကို မသိဘူး ထင်နေတာလား … ဒီအဘိုးကြီးကို မင်းရဲ့ သေဆုံးခြင်း မန္တန်က ဘယ်လောက်စွမ်းလဲ ထုတ်ပြပါဦး…”

ကျဲတုန်လေ့၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ် သွားပြီး ဝမ်လင်းနှင့် ပေ၃၀၀ အကွာတွင် ပြန်ပေါ် လာသည်။

ကျဲတုန်လေ့ ပျောက်ကွယ် သွားသည်နှင့် ဝမ်လင်းက နောက်သို့ ဆုတ်သွားရာ ကျဲတုန်လေ့နှင့် ပေ၅၀၀ကျော် ကွာသွား၏။ ဝမ်လင်းက နောက်သို့ ထပ်ဆုတ်လိုက်ရာ ကျဲတုန်လေ့နှင့် ပေ၇၀၀ကျော် ကွာသွား၏။ ထိုအခါ ဝမ်လင်းက စဉ်းစား လိုက်သည်။

ကျဲတုန်လေ့သည် ဝမ်လင်းအား ကြည့်ပြီး သရော်လိုက်သည်… “ဘယ်လိုဖြစ်သွားတာလဲ…”

ဝမ်လင်းက တစ်ခုခုကို တွေးပြီးသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်… “ငါ မင်းနဲ့ မတိုက်တော့ဘူး…”

ပြောပြီးသည်နှင့် ဝမ်လင်းက လီမူဝမ်၏ဘေးသို့ ပျံသန်းသွားပြီး သူမ၏ခါးကို ဆွဲဖက်ကာ ပေ၁၀၀၀ကျော် အကွာအဝေးရှိ တောင်တစ်တောင်ဆီသို့ ပျံသန်းသွားပြီး တောင်ထိပ်ပေါ်တွင် ထိုင်ချကာ ကျဲတုန်လေ့အား သရော်ပြုံး ပြုံးပြလိုက်သည်။

ကျဲတုန်လေ့က မျက်မှောင်ကြုတ်ပြီး အသံဩဩကြီးနှင့် ပြောလိုက်သည်… “ဒီကိစ္စက ဖြစ်ပြီးသွားမှတော့… အဆုံးထိ သွားလိုက်ကြတာပေါ့…”

ပြောလို့ ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ဝမ်လင်း၏ ရှေ့တွင် ပေါ်လာသည်။ သူက ပါးစပ်ကို ဟလိုက်ပြီး အဖြူရောင် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်၏။ အဖြူရောင် အလင်းတန်းသည် ရက်စက် ကြမ်းကြုတ်သော ကျားတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ဝမ်လင်းကို ခုန်အုပ် လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စစ် ပိုက်ကွန်တစ်ခု ပေါ်လာပြီး ဝမ်လင်းထံသို့ လျင်မြန်စွာ ပျံသန်း သွား၏။

ဝမ်လင်းက တည်တည် ငြိမ်ငြိမ်ဖြင့်ပင် လှောင်ပြုံး ပြုံးလိုက်သည်။ ကျားက သူ့အပေါ်သို့ ခုန်အုပ် လာသောအခါ နဂါးအရွတ်မှ မကောင်းဆိုးဝါးက ထွက်လာပြီး ကျားကို စားလိုက်သည်။

တစ်ချိန်တည်းမှာပင် သလင်းကျောက်ဓားက ပျံသန်းသွားပြီး လျှပ်စစ် ပိုက်ကွန်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ဖြတ်တောက် ပစ်လိုက်၏။

ကျဲတုန်လေ့ အတွက်မူ အအေးစွမ်းအင်များ ထုတ်လွှတ်လျက် ရှိသော မီးတောက်ပြာ တစ်ခုက ဝမ်လင်း၏ လက်ထဲတွင် ထွက်ပေါ် လာသည်။ မီးတောက်ပြာ ထွက်လာသည်နှင့် ကျဲတုန်လေ့၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် ဝမ်လင်း၏ မျက်လုံးထဲမှ အနီရောင် လျှပ်စီးကို မြင်လိုက်ရပြီး သူ၏ဝိညာဉ်က တုန်လှုပ်သွား၏။

ဝိညာဉ်၏ တုန်လှုပ်မှုက သူ၏ခန္ဓာကိုယ်ကို ခဏတာ ရပ်တန့်သွားစေပြီး မီးတောက်ပြာကို သူ၏ရင်ဘတ်အား ထိမှန်သွားစေသည်။ ရေခဲက လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်ပြီး နဂါးဦးခေါင်း၏ ပေ၃၀၀လောက်ထိ ဆုတ်သွား၏။

ထို့နောက် သူက လက်နှစ်ဖက်ဖြင့် အစီအရင်များကို ဖန်တီးပြီး သူ၏ ရင်ဘတ်ကို အကြိမ်များစွာ ဖိနေလေသည်။ ထို့အပြင် ဆေးလုံး တချို့ကိုလည်း စားလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်ကို ဖုံးလွှမ်းထားသည့် ရေခဲများက စတင် လျော့ကျလာပြီး သူ၏ ရင်ဘတ်ဆီသို့ ပြန်ဆုတ်သွားကာ အပြင်သို့ ထုတ်ခံ လိုက်ရသည်။

မီးတောက်ပြာသည် အပြင်သို့ ရောက်သည်နှင့် အရောင်က တော်တော် မှိန်သွားပြီး ဝမ်လင်း၏ လက်အတွင်းသို့ ပျံသန်း သွား၏။

ဝမ်လင်းသည် အစကတည်းက လက်ဦးမှုယူကာ မတိုက်ခဲ့သကဲ့သို့ ယခုလည်း သူက ကျဲတုန်လေ့နှင့် ပေ၁၀၀၀ အကွာတွင် လှောင်ပြောင်နေသည့် အမူအရာဖြင့် မတ်တတ် ရပ်နေလေသည်။

ကျဲတုန်လေ့က ရင်ဘတ်ကို လက်ဖြင့် ဖိထားပြီး ဝမ်လင်းအား စိုက်ကြည့်ကာ မေးလိုက်သည်… “မင်း ငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ…”

ဝမ်လင်းက တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်… “ငါ ဘာကိုမှ မသိပါဘူး … ဒါပေမဲ့ ပေ၃၀၀မှာ ရှိတဲ့ မင်းရဲ့အော်ရာက ပေ၅၀၀မှာ ရှိတဲ့ မင်းရဲ့အော်ရာက မတူညီတာကို သတိပြုမိသွားတယ်… ပြီးတော့ ပေ၁၀၀၀လည်း ကွာရော မင်းရဲ့အော်ရာက စဦးစိတ်ဝိညာဉ် အဆင့်အောက်ကို ကျသွားတယ်…”

လီမူဝမ်သည် ဉာဏ်ကောင်သည့် မိန်းကလေး တစ်ယောက် ဖြစ်သည့်အတွက် အဖြစ်အပျက်များကို ချက်ချင်း နားလည်းသွားပြီး နူးညံ့စွာ မေးလိုက်သည်… “သူ့ရဲ့ ဒဏ်ရာကရော အတုပဲလား…”

“မီးတောက်ပြာနဲ့ ထိသွားတာမို့ ဒဏ်ရာကတော့ အစစ်ပါ … ဒါပေမဲ့ သူက နဂါးဦးခေါင်းရဲ့ ပေ၃၀၀ကို ဆုတ်သွားတဲ့ အချိန်မှာ သူ့ရဲ့ စိတ်စွမ်းအင်တွေက သူ့ကို အပြည့်အဝ ပြန်ကုသ ပေးပြီးသွားပြီ… သူက နဂါးဦးခေါင်းရဲ့ ပေ၃၀၀ အတွင်းကနေ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာပဲ…”

သည်တစ်ကြိမ်သည် ဝမ်လင်းက လီမူဝမ်နှင့် ပထမဆုံး အကြိမ် စကားအများကြီး ပြောဖူးခြင်း ဖြစ်သည်။ သူက သူမနှင့် စကားလက်ဆုံ ကျနေသော်လည်း သူ့အကြည့်က ကျဲတုန်လေ့ကို လုံးဝ အလွတ်မပေးချေ။

ဝမ်လင်းသည် ဝင်္ကပါကို မြင်လိုက်စဉ်က အံ့အားသင့် သွားခဲ့သည်။ သို့သော်လည်း တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း၌ ထိုကဲ့သို့ ဝင်္ကပါမျိုး ရှိနေလျှင် ဤနယ်တစ်ဝိုက်၌ ပြိုင်ဘက်ကင်း ဖြစ်ပြီး ဤနယ် တစ်ဝိုက်ကို အုပ်ချုပ်သူ ဖြစ်လာသင့် ပေသည်။

ထိုသို့ တွေးမိသည်နှင့် ဤနည်းစနစ်တွင် ဆိုးဆိုးဝါးဝါး အားနည်းချက် တစ်ခုလည်း ရှိရမည်ကို ခန့်မှန်း မိလိုက်သည်။ ထိုကဲ့သို့ နည်းစနစ် တစ်ခုသည် အသုံးပြုချိန် တိုတောင်းသည်ကို လူတိုင်း သိသကဲ့သို့ အသုံးပြုသူ ကိုယ်တိုင်လည်း သိ၏။ ထို့ကြောင့် အားနည်းချက်ကို ဖုံးကွယ်ရန် အတွက် နည်းလမ်း တချို့ကို အသုံးပြုကြမည် ဖြစ်သည်။

အားနည်းချက် တစ်ခုတည်း ရှိလျှင်တောင်မှ ထိုနည်းစနစ်သည် အလွန် စွမ်းအား ကောင်းသည့် နည်းစနစ် ဖြစ်၏။ သို့သော်လည်း ဝမ်လင်းက ကျဲတုန်လေ့သည် သူ့အား သူကစပြီး တိုက်ခိုက်စေရန် မခံချင်အောင် ဆွပေးနေသည်ကို သတိပြုမိ သွား၏။ ထိုအချက်သည် သူ့အတွက် ထူးဆန်း နေသဖြင့် ဝမ်လင်းက သူတို့ ၂ယောက်ကြားရှိ အကွာအဝေးကို တွက်ချက် ကြည့်ရာ ပေ၉၀၀ ကွာသည်ကို သိလိုက်၏။

စိတ်ထဲမှ တွက်ချက် ပြီးသည်နှင့် ဝမ်လင်းက ကျဲတုန်လေ့နှင့် ပေ၃၀၀ အကွာသို့ တိုးလိုက်၏။ ထို့နောက် ပေ၅၀၀၊ ပေ၇၀၀နှင့် နောက်ဆုံး ပေ၁၀၀၀ အကွာအထိ ပြန်ခွာလိုက်ရာ ထိုနည်းစနစ်၏ အားနည်းချက် အစစ်အမှန်ကို ရှာတွေ့ သွားလေသည်။

သူသည် နဂါးဦးခေါင်းနှင့် ပိုပြီး ဝေးလာပါက ကျဲတုန်လေ့၏ ကျင့်စဉ် အဆင့်သည်လည်း ကျဆင်းလာ၏။

ကျဲတုန်လေ့၏ အမူအရာသည် တုန်လှုပ်နေပြီး သူ့ထံ၌ မြင့်မားသည့် ကျင့်စဉ်အဆင့် ရှိနေတာ တောင်မှ ဝမ်လင်း အပေါ်တွင် အသုံးမပြုနိုင်ပေ။ ဝမ်လင်း၏ ခန့်မှန်းချက်က အနည်းငယ် မှားနေသော်လည်း အမှန်နှင့် နီးစပ်နေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ပေ၉၀၀၌ အလွန် လျော့နည်း နေ၏။ ထိုအကွာအဝေးတွင် တိုက်ခိုက်ပါက အနိုင် တိုက်နိုင်ရန် အခွင့်အရေးက အလွန် နည်းပါးနေသည်။ ဝမ်လင်းက ပေ၁၀၀၀ အကွာအဝေးသို့ နောက်ဆုတ် သွားသောအခါ သူ၏ကျင့်ကြံခြင်း အဆင့်က စဦးစိတ်ဝိညာဉ်အဆင့်မှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ချက်ချင်း ကျသွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset