ထိုကျင့်ကြံသူများ အားလုံးသည် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်များ ဖြစ်ကြပြီး အမြဲတမ်း ကျင့်ကြံခြင်း ကိုသာ အာရုံစိုက် နေကြသည့် လူများဖြစ်သည်။ နန်ဒူမြို့ကို အုပ်ချုပ်နေသည့် ဂိုဏ်းကြီး ၃ဂိုဏ်းနှင့် တိုက်ခိုက်ရေး နတ်ဆိုး ဂိုဏ်းတောင်မှ သူတို့အား တွေ့လျှင် လေးလေးစားစား ဆက်ဆံရ၏။
နတ်ဆိုး တစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော် ကြောင့်သာ မဟုတ်လျှင် သူတို့သည် လုံးဝ ပေါ်လာမှာ မဟုတ်ချေ။
သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည် … “ငါတို့ မြန်မြန် လှုပ်ရှား သင့်တယ်… ဒီအတိုင်းသာ ဆက်ဖြစ်နေရင် စဦးစိတ်ဝိညာဉ် အဆင့်တွေကို ဆွဲဆောင် သွားလိမ့်မယ်… စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက် ရောက်လာတာနဲ့ ငါတို့အတွက် အခွင့်အရေး မရှိတော့ဘူး…”
ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့် တစ်ယောက်ကို သာသာယာယာ သတ်သွားသည်ကို မြင်လိုက်တဲ့ အဘိုးအိုက ပြန်ပြောလိုက်သည် … “ဒီကောင်လေးက အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ဆိုပေမဲ့ … သူက စွမ်းအား ကောင်းလွန်းတယ် … ဟိုမှာလည်း ကြည့်ဦး ရှန့်ကွမ်းမိုတောင် သူ့တပည့်ဖြစ်ဖို့ ဆန္ဒရှိနေတယ် … ငါတို့ လှုပ်ရှားရင်တောင်မှ သူ့ကို ဘာမှလုပ်နိုင်မယ် မထင်ဘူး…”
“သူ့ရဲ့ ဓားပျံကိုလည်း ကြည့်လိုက်ဦး … တည်နေရာ ပြောင်းနိုင်တဲ့ ဓားပျံ တစ်ချောင်းကို အရင်က တစ်ခါမှတောင် မမြင်ဖူးဘူး … အဲဒီဓားက အနည်းဆုံး စဦး စိတ်ဝိညာဉ် အဆင့်ရတနာပဲ… မဟုတ်ရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ရတနာ ဖြစ်ရမယ်… အခုတောင် အဲဒီဓားနဲ့ လူ၁၀၀ကျော် သတ်ပြီးနေပြီ…”
“ဟမ့် … သူ့နောက်က အလောင်း ၁၀လောင်းကို မမြင်ဘူးလား … အဲဒီအလောင်းတွေက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းက အကြီးအကဲတွေပဲ … သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်တွေကို ပုရွက်ဆိတ် သတ်သလို သတ်နိုင်စွမ်းလည်း ရှိနေတယ် … မင်းတို့ကောင်တွေ သူ့ကို သတ်ချင်ရင် ကိုယ့်ဘာသာ သွားသတ်ကြ … ငါကတော့ ဒီကိစ္စထဲ မပါဘူး … နှုတ်ဆက်ခဲ့ပါတယ်… သွားပြီ…”
သူတို့ထဲမှ ကျင့်ကြံသူ တစ်ယောက်သည် ဝမ်လင်းကို ကြည့်ပြီး သွေးပျက်ကာ သူ့စကားဆုံးသည်နှင့် လှေတစ်စီးကို ထုတ်ယူကာ လျင်မြန်စွာ ထွက်သွား၏။
ကျန်သည့် ကျင့်ကြံသူများသည် အချိန် တော်တော် ကြာအောင် တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်… “အတွင်းဝန်က တမန်တော် ဒီနေရာကို မကြာခင် လာတော့မယ် … ငါကတော့ ဒီကောင်လေးကို သတ်ချင်တယ် … သူ့ဆီက ကျင့်ကြံခြင်း ဆေးလုံးကိုသာ ရရင် အမြုတေ ဖွဲ့တည်ခြင်း နှောင်းပိုင်း အဆင့်ကို အချိန်တိုတိုနဲ့ ရောက်သွားနိုင်တယ်…”
ပါးရေနားရေများ တွန့်နေသည့် အဘိုးအို တစ်ယောက်ကလည်း လေကို ပြင်းပြင်းရှူပြီး ပြောလိုက်သည် … “ငါရောပဲ … ငါက သေဖို့ နီးကပ်နေပြီ … ငါ့ရဲ့ကျင့်ကြံခြင်း ကိုသာ မတိုးမြှင့်နိုင်ခဲ့ရင် နောက် ၁၀အတွင်းမှာ သေဆုံးရလိမ့်မယ်… ဒီတစ်ကြိမ်တော့ ဘာပဲဖြစ်ဖြစ် ငါက ကြိုးစားရမှာပဲ…”
ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က ဝမ်လင်းရှိသည့် နေရာဆီသို့ တခြား တစ်ယောက်နှင့်အတူ ပျံသန်းသွား၏။
ကျန်ခဲ့သည့် ကျင့်ကြံသူများ ကတော့ သူတို့ ၂ယောက်ကို စောင့်ကြည့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ နိုင်ရန် အခွင့်အလမ်း ရှိပါက သူတို့လည်း လှုပ်ရှားကြမည် ဖြစ်သည်။ နိုင်ရန် အခွင့်အရေး မရှိပါက ဤနေရာမှ ချက်ချင်း ထွက်သွားကြမည် ဖြစ်သည်။
ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် တစ်ယောက်ကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး လက်ထဲမှ ရွှေအမြုတေကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ သူက လူစုခွဲပြီး ထွက်ပြေး သွားကြသော ကျင့်ကြံသူများကို ကြည့်ပြီး စိတ်ထဲမှ လှောင်လိုက်သည်။ ထို့နောက် သူက နဂါးအရွတ်ကို ပုတ်ပြီး ပြောလိုက်သည်… “ထွက်လာတော့… ဒီမှာရှိတဲ့ လူအားလုံးကို မင်း ကြိုက်သလောက် ဝါးမျိုနိုင်တယ်…”
နဂါးအရွတ်ထဲမှ မကောင်းဆိုးဝါးသည် ဝမ်လင်း၏ အသံကို ကြားသည်နှင့် နဂါးအရွတ်ထဲမှ ပျော်ရွှင်စွာ ထွက်လာပြီး သူ၏ အစစ်အမှန်ပုံစံကို ပြောင်းကာ ထွက်ပြေးနေသည့် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူများ၏ အပေါ်သို့ ခုန်အုပ်လိုက်သည်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်က အနည်းငယ် တွန့်သွားပြီး နောက်ဆုံးတွင် ခြောက်ကပ်သွားကာ အရိုးစု ဖြစ်သွား၏။ ထို့နောက် ခေါင်းမှ အနီရောင်မြူ တစ်ခုက ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးက ရယ်မောလိုက်သည် … “ကောင်းလိုက်တဲ့ အရသာ… နောက်ဆုံးတော့ ငါ စိတ်ကြိုက် စားလို့ရပြီ…”
ဝမ်လင်းသည် မကောင်းဆိုးဝါးကို တစ်ချက် ကြည့်လိုက်ပြီး လီမူဝမ်ကို လှည့်ကြည့် လိုက်သည်။ လီမူဝမ်၏မျက်နှာသည် ဖြူရော်နေပြီး မကောင်းဆိုးဝါးကို စိုက်ကြည့်နေသည်။
ထိုအရာသည် မည်သည့်အရာ ဖြစ်မှန်း သူမ မသိချေ။ သို့သော်လည်း ထိုအရာ ထွက်ပေါ်လာသည်နှင့် သူမသည် အလွန်သည် ကြောက်လန့် သွား၏။
ဝမ်လင်းက သူ့အကြည့်ကို ရုပ်သိမ်းပြီး မကောင်းဆိုးဝါးကို စိုက်ကြည့် လိုက်သည်။ မကောင်းဆိုးဝါးက လျင်မြန်စွာ သွားလာနေရင်း စိတ်ထဲမှ တွေးလိုက်သည်… “မင်း ဘေးမှာ ဘယ်သူက နေချင်နေလို့လဲ … မင်းနဲ့ အဝေးဆုံး ဖြစ်နေလေ ပိုကောင်းလေပဲ … အကောင်းဆုံး ကတော့ မင်းကို ဘယ်တော့မှ မတွေ့ရရင်ပဲ … ကမ္ဘာကြီးက ကျယ်လွန်းတယ် … ငါသာ လွတ်လွတ်လပ်လပ် ဖြစ်သွားရင် ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ…”
မကောင်းဆိုးဝါးသည် လူယုတ်မာအပြုံး ပြုံးပြီး ကျင့်ကြံသူ တစ်ယောက်ကို စားရန် ပြင်လိုက်သည့် အချိန်တွင် ထိုကျင့်ကြံသူ၏ ရင်ဘတ်မှ ရွှေအမြုတေသည် အပြင်သို့ ဖောက်ထွက်ကာ တစ်နေရာသို့ ပျံသန်းသွား၏။ ထိုအခါ မကောင်းဆိုးဝါးသည် နောက်ထပ် ကျင့်ကြံသူ တစ်ယောက်ဆီသို့ ခုန်ကူးလိုက် သော်လည်း နောက်ထပ် ရွှေအမြုတေက အရောင်လက်ပြီး ပျောက်ကွယ် သွားပြန်သည်။
မကောင်းဆိုးဝါးသည် အဝေးသို့ ရောက်သွားသည့် အချိန်တွင် လီမူဝမ်၏ စိတ်သည် တဖြည်းဖြည်း တည်ငြိမ် လာသည်။ သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဝမ်လင်းအား ကြည့်ကာ မေးလိုက်သည်… “အဲဒါက ဘာလဲ…”
မျက်လုံး၏ မျက်လုံးသည် အရောင်တောက် နေသည်။ သူနှင့် မီတာ၁၀၀ ပတ်လည်တွင် ကျင့်ကြံသူ တစ်ယောက်မှ မရှိတော့ချေ။ သေဆုံးသွားသည့် အလောင်းများ အားလုံးသည် သူ့နောက်တွင် နဂါးအရွတ်ဖြင့် ရစ်ပတ် ခံထားရ၏။
ထိုတိုက်ပွဲကြောင့် ဝမ်လင်း၏ နာမည်သည် နန်ဒူမြို့နှင့် ကီလိုမီတာ၁၀သန်း အတွင်းတွင် လွန်စွာ ကျော်ကြား သွား၏။
ယခုအချိန်တွင် ဝမ်လင်း၏ နောက်၌ ခန္ဓာကိုယ် တစ်ထောင်ကျော် ရှိနေလေပြီ။ အနီရောင် ‘အပြစ်ပေးခြင်း’ ဆိုသည့် စာလုံးကလည်း အစွမ်းထက်သည့် ကျင့်ကြံသူများကို ပို၍ ဆွဲဆောင် လာသည်။
“အဲဒါက မကောင်းဆိုးဝါးပဲ…” ဝမ်လင်းက လီမူဝမ်၏မေးခွန်းကို ဖြေပေး လိုက်သည်။
ထိုအချိန်တွင် ဝမ်လင်းက သူ့ထံသို့ လာနေသော အလင်းတန်း နှစ်ခုကို စိုက်ကြည့် လိုက်သည်။ ထို့နောက် သူက မျက်တောင် ခတ်လိုက်ပြီး နောက်သို့ လှည့်ကာ ထွက်သွား၏။
“ရှန့်ကွမ်းမူ၊ မူနန်၊ မူပေ… မင်းတို့၃ယောက် မြင်လား…”
အေးစက်သည့် စကားသံက သူတို့ ၃ယောက်၏ နားထဲသို့ မိုးခြိမ်းသံပမာ တိုးဝင်လာသည်။ ရှန့်ကွမ်းမို၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ပျံသန်း လာနေသည့် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်ဆီသို့ ဦးတည် ပျံသန်း သွားလိုက်၏။
“သေဆုံးခြင်းမန္တန် … တကယ်ကို ကြောက်စရာ ကောင်းတယ် … ဒီတစ်ကြိမ်မှာ ငါ မသေရင်… ဘာကိစ္စပဲဖြစ်ဖြစ် ကျင့်ကြံခြင်းကို ကြိုးစားတော့မယ် … ငါ့မှာသာ ဒီလို စွမ်းအားရှိရင် နတ်ဆိုး ပင်လယ်ရဲ့ အပြင်ဝန်းမှာ ကြိုက်တဲ့နေရာကို ကြိုက်သလို မွှေနှောက်လို့ရပြီ…”
စိတ်ထဲတွင်သာ ထိုသို့ တွေးနေသော်လည်း ဝိညာဉ် အဆီအနှစ် သွေးစက် အကြောင်းကို တွေးမိသောအခါ ဘာမှတတ်နိုင်ဘဲ သက်ပြင်းသာ ချလိုက်ရသည်။
မည်သည့် နေရာတွင်မဆို စွမ်းအားရှိသည့် လူကသာ တခြား သူများ၏ လေးစားခြင်းကို ခံရမည်ဖြစ်သည်။ ဤအချက်သည် တခြားနေရာများထက် နတ်ဆိုး ပင်လယ်တွင် ပိုပြီးတော့ မှန်၏။
မူနန်နှင့်မူပေ၏ သဘောထား သည်လည်း ရှန့်ကွမ်းမို၏ သဘောထားနှင့် တူညီလာသည်။ ဝမ်လင်းဆိုသည့် မိစ္ဆာကောင်လေး၏ စွမ်းအားနှင့်ဆိုလျှင် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသည် ဆက်လက် ရှင်သန်ရန် အခွင့်အရေး မရှိတော့ချေ။ သူတို့ အသက်ရှင်ချင်လျှင် ဤမိစ္ဆာလေးကို ဦးညွှတ်ရတော့မည် ဖြစ်သည်။
သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ရှန့်ကွမ်းမို၏ နောက်သို့ လိုက်သွားကြ၏။
ရှန့်ကွမ်းမိုသည် နှစ်ယောက်ထဲမှ တစ်ယောက်ကို ကြည့်ပြီး ရယ်ရယ် မောမောဖြင့် ပြောလိုက်သည်… “ဟဟ… ဒါ အဘိုးကြီးအိုးယန် မဟုတ်ဘူးလား … ငါတို့ချင် မတွေ့တာတောင် တော်တော်ကြာပေါ့ … ငါတို့နှစ်ယောက် လက်ရည် စမ်းကြည့်ရအောင်…”
သူက သူ့နောက်ကျောမှ အနက်ရောင်ဓားကို ထိလိုက်ရာ ဓားနက်က ပျံသန်း ထွက်လာပြီး အိုးယန်ဆိုသည့် အဘိုးအိုပစ်သို့ ပြေးဝင်သွား၏။
မူညီအစ်ကို နှစ်ယောက်သည် အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်များသာ ဖြစ်သောကြောင့် ကျန်သည့် တစ်ယောက်ကို ညီအစ်ကို နှစ်ယောက် ပေါင်း၍ တိုက်ခိုက်ကြသည်။ သူတို့ နှစ်ယောက်သည် ထိုကျင့်ကြံသူကို မနိုင်သော်လည်း ထိန်းတော့ ထိန်းထားနိုင်၏။
ဝမ်လင်း၏ အကြည့်က ရုတ်တရက် ကီလိုမီတာ၁၀၀၀ အကွာမှ ကျင့်ကြံသူများ ဆီသို့ ရောက်သွားပြီး သူ၏ မျက်လုံးများက အေးစက် ခက်ထန်လာသည်။
အသက်ရှင်လျက် လွတ်မြောက်သွားသည့် ကျင့်ကြံသူများ အားလုံးသည် အဝေးသို့ ရောက်နေကြပြီ ဖြစ်သည်။ သူတို့၏ နှလုံးသားထဲတွင် ဝမ်လင်း၏ပုံရိပ်က တံဆိပ် ခတ်နှိပ်သွားပြီး ဘယ်သောအခါမှ မေ့တော့မည် မဟုတ်ချေ။
ကီလိုမီတာ တစ်ထောင်ကျော် အဝေးမှ ကြည့်နေသည့် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် ၄ယောက်ထဲမှ အသားအရေ နီကြင်ကြင်နှင့် အဘိုးအိုသည် ခေါင်းကို ခါပြီး ထွက်သွားရန် နောက်လှည့် လိုက်သည်။ သို့သော်လည်း သူထွက်သွားတော့မည့် အချိန်တွင် သူ၏ သူငယ်အိမ်က ရုတ်တရက် ကျုံ့သွား၏။
သူ့နောက် ၁၀ပေခန့်တွင် အမျိုးသမီး တစ်ယောက်နှင့် အမျိုးသား တစ်ယောက်က လေထဲ၌ ရပ်နေသည်။ အမျိုးသား၏ ခေါင်းပေါ်တွင် သွေးနီရောင် ‘အပြစ်ပေးခြင်း’ အပြစ်ပေးခြင်း ဆိုသည့် စာလုံးတစ်လုံး ရှိသည်။
အဘိုးအိုနားရှိ ကျန်သည့် ကျင့်ကြံသူများသည် သူတို့၏ ရတနာများကို ချက်ချင်း ထုတ်လိုက်ကြ၏။ သို့သော်လည်း မည်သူကမှ စတင်၍ မလှုပ်ရှားရဲကြချေ။
ဝမ်လင်းက လေးယောက်စလုံးကို ကြည့်ပြီး အေးစက်စွာဖြင့် အော်ပြောလိုက်သည်… “ထွက်သွားစမ်း…”
လေးယောက်ထဲတွင် အစောကတည်းက ထွက်သွားရန် ပြင်ထားသည့် အဘိုးအိုက ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ပြီး ချက်ချင်း ထွက်သွား၏။ ကျန်သည့်၃ယောက်၏ မျက်နှာများသည် အနီမှ အဖြူသို့ ပြောင်းသွားပြီး နောက်သို့ တဖြည်းဖြည်း ဆုတ်သွား၏။ ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်… “ဒီနေ့ကိစ္စကို …”
လီမူဝမ်သည် မသိမသာ သက်ပြင်းချပြီး စိတ်ထဲမှ တွေးလိုက်သည်… “ဘာလို့များ မြန်မြန် မသွားရတာလဲ … ဒီလိုအရေးမပါတဲ့ စကားတွေမပြောရင် ဘာဖြစ်သွားမှာ မို့လို့လဲ…”
ပြောလို့ မဆုံးသေးခင်မှာတင် ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံက ချက်ချင်း ပြေးထွက်သွားရာ ထိုကျင့်ကြံသူ၏ မျက်လုံးများက ချက်ချင်း နီရဲလာပြီး သူ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွား၏။ ထိုအခါ သူ၏ရွှေအမြုတေက ဝမ်လင်း၏ လက်ထဲသို့ ပျံသန်း ရောက်ရှိ လာသည်။
ကျန်သည့် ကျင်ကြံသူ နှစ်ယောက်သည် နောက်သို့ လှည့်ပြီး ချက်ချင်း ထွက်ပြေး သွားကြ၏။ ဝမ်လင်းက သူတို့နှစ်ယောက်ကို ကြည့်ပြီး သူတို့နှစ်ယောက်၏ ကိုယ်ပေါ်တွင် သူ၏ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံဖြင့် အမှတ်အသား လုပ်လိုက်သည်။
ထိုအချိန်တွင် ရှန့်ကွမ်းမိုနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူသည် မချိမဆံ့ အော်ဟစ်ပြီး အလျင်အမြန် ထွက်ပြေး၏။ သူ ထွက်ပြေးသည့် အချိန်တွင် မကောင်းဆိုးဝါးနှင့် သလင်းကျောက်ဓားက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ မကောင်းဆိုးဝါးက မကျေမနပ်ဖြင့် ကြုံးဝါး လိုက်သည်… “ငါ့ဆီက လုယူနေတာကို ရပ်တော့… ဒီတစ်ခုက ငါ့ဟာပဲ…”
သို့သော်လည်း သူက ခြေတစ်လှမ်း နောက်ကျ သွားလေပြီ။ ရွှေရောင်အလင်းက လက်ခနဲ ဖြစ်သွားပြီး ကျင့်ကြံသူ၏ ရင်ဘတ်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်ကျန်ခဲ့၏။
နာရီဝက်ကြာပြီး နောက်တွင် မူညီအစ်ကိုနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူသည် ရှန့်ကွမ်းမို၏ အလစ်ချောင်း တိုက်ခိုက်မှု အောက်တွင် သေဆုံးသွားသည်။ ဝမ်လင်းက သလင်းကျောက် ဓားကို သူ၏ခန္ဓာကိုယ် အတွင်းတွင် ပြန်သိမ်းထားလိုက်ပြီး မကောင်းဆိုးဝါး ကိုလည်း နဂါးအရွတ်ထဲသို့ ပြန်ထည့်လိုက်၏။
“လမ်းဆက်ပြ…”
ဝမ်လင်းအသံက အလွန် အေးစက်နေပြီး သူ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကလည်း တခြားသူများ အပေါ် ဖိနှိပ်နေလေသည်။
ဤကဲ့သို့ နေရာမျိုးတွင် ခြေကုပ် ယူလိုပါက သူ၏စွမ်းအားကို ထုတ်ပြရမည် ဖြစ်ကြောင်း ဝမ်လင်း သိ၏။ ထို့အပြင် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသည် သူ၏စွမ်းအားကို သက်သေပြရန် အကောင်းဆုံး နေရာဖြစ်သည်။
ယခုအချိန်တွင် မူနန်နှင့် မူပေသည် ဝမ်လင်းအပေါ် သူတို့၏ရင်ထဲမှ အလွန် လေးစားနေကြ၏။ အထူးသဖြင့် မူပေဖြစ်သည်။ အကြွင်းမဲ့ လေးစားမှုက သူ၏ မျက်လုံးထဲတွင် ပေါ်နေပြီး သူက အလျင်အမြန် ရှေ့သို့သွားကာ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသို့ ဦးဆောင် ခေါ်သွား၏။
ဝမ်လင်း၏ နောက်ရှိ များပြားလှသော လူသေ အလောင်းများမှ သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။ ယခုအချိန်တွင် တခြား ကျင့်ကြံသူများသည် ဝမ်လင်းကို မြင်ပါက တိုက်ခိုက်ဖို့ပင် မဆိုထားနှင့် မြင်သည်နှင့် ချက်ချင်း ထွက်ပြေးကြမည် ဖြစ်သည်။
***
🫥