ဝမ်လင်းက ရပ်လိုက်သည်။ သူက ချင်ခွန်း၏ လက်ထဲမှ တံဆိပ်ပြားကို စိုက်ကြည့်ပြီး ချင်ခွန်းကို အေးစက်စွာ ကြည့်လိုက်သည်။ လီမူဝမ်က တံဆိပ်ပြားကို မြင်လိုက်သည်နှင့် အနည်းငယ် တုံ့ဆိုင်းသွားပြီး သေချာ ကြည့်လိုက်ရာ အလွန် အံ့အားသင့်သွား၏။
သူမက ဝမ်လင်းအား ပြောလိုက်သည်။
“အဲဒါက နတ်ဆိုးတစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော်လို့ခေါ်တယ် … နတ်ဆိုး ပင်လယ်လို နေရာမျိုးမှာ ဒီလိုရတနာမျိုး ပေါ်ထွက်လာမယ်လို့ ထင်မထားဘူး … အဲဒီတံဆိပ်ပြားကို ရှေးဟောင်း မှတ်တမ်းတွေထဲမှာပဲ မြင်ဖူးတယ် …“
လီမူဝမ်သည် တံဆိပ်ပြား၏ အချက်အလက်များ အားလုံးကို ဝမ်လင်းအား လျင်မြန်စွာ ရှင်းပြလိုက်သည်။
ချင်ခွန်းသည် ဝမ်လင်းက တံဆိပ်ပြားအား မကြောက်မည်ကို အလွန် စိုးထိတ်နေသည်။ ဝမ်လင်းကသာ သူပြောသည်ကို မယုံပါက သူ့ကို သတ်ပစ်နိုင်၏။
သို့သော်လည်း မိန်းကလေးက ဝမ်လင်းအား ရှင်းပြ နေသည်ကို ကြားလိုက်သောအခါ သူက စိတ်သက်သာရာ ရသွား၏။ တံဆိပ်ပြား၏ အကြောင်းကို ကြားပြီးနောက်တွင် တစ်ယောက်ယောက်က တံဆိပ်ပြား ပိုင်ထားသည့်လူအား သတ်ပစ်မည်ဟု မထင်ပေ။
ချင်ခွန်းက စိတ်သက်သာရာ ရသွားပြီးနောက် ဝမ်လင်းအား ပြောလိုက်သည်။
“ရောင်းရင်း … ငါပြောတဲ့ အချက်တွေကို ဘယ်လို သဘောရလဲ … ခေါင်းမမာစမ်းပါနဲ့ … မင်းသာ ငါ့ကို သတ်ရင် … မင်းလည်း နတ်ဆိုးတစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော်ရဲ့ အမှတ်အသား လုပ်တာကို ခံရလိမ့်မယ် … အဲဒါက မင်းကို ပြဿနာ အများကြီး ယူဆောင်ပေးမှာနော် … မင်းရဲ့ဘေးက မိန်းကလေးပါ ဒီကိစ္စထဲ ပါသွားလိမ့်မယ် … ဒါ့ကြောင့် ခေါင်းမမာစမ်းပါနဲ့ …“
ဝမ်လင်းသည် ချင်ခွန်းအား မကြည့်တော့ဘဲ လီမူဝမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ရက် ၁၀၀ ပြည့်အောင် ငါ တောင့်ခံနိုင်ရင် သူ့ရဲ့ ကျင့်ကြံခြင်းကို ငါရမှာ သေချာလား …“
လီမူဝမ်သည် အသက်ကို ပြင်းပြင်းရှူပြီး ခေါင်းညိတ် ပြလိုက်သည်။
ဝမ်လင်း၏ စကားကို ကြားပြီး ချင်ခွန်းသည် ဝမ်လင်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်ကာ နောက်သို့ လှည့်ပြီး ပြေးလေသည်။ သို့သော်လည်း ဝမ်လင်းက သူ့အား အေးစက်စွာ ကြည့်ကာ စကားလုံးတစ်လုံးကို အော်ပြောလိုက်သည်။
“သေစမ်း …“
ချင်ခွန်းသည် မချိမဆန့် အသံကြီးဖြင့် အော်လိုက်ပြီး သူ၏ပါးစပ်နှင့် နှာခေါင်းများမှ သွေးများ စီးကျလာသည်။ သွေးများက မျက်လုံးနှင့် နားများမှပါ ထပ်မံ ထွက်လာပြီးနောက် သေဆုံးသွား၏။ သူ၏ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျ သွားသည်နှင့် သူ့လက်ထဲရှိ တံဆိပ်ပြားက အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပြီး အနီရောင် အလင်းတစ်ခု ရုတ်တရက် ထွက်လာပြီး လေထဲတွင် ‘အပြစ်ပေးခြင်း’ ဆိုသည့် စာလုံးတစ်လုံး ဖြစ်ပေါ်လာသည်။
ထိုစာလုံးသည် သွေးကဲ့သို့ နီရဲနေပြီး ဝမ်လင်း၏ ခေါင်းအထက်တွင် တောက်ပစွာ ရှိနေခြင်း ဖြစ်သည်။
ဝမ်လင်းသည် သူ့ခေါင်းပေါ်မှ ‘အပြစ်ပေးခြင်း’ ဆိုသည့် စကားလုံးကို မော့ကြည့်လိုက်သည်။ သို့သော်လည်း သူ၏မျက်နှာ အမူအရာက တစ်ချက်မှပင် ပြောင်းလဲမသွားပေ။ နဂါးအရွတ်မှ ရွှေရောင်ကြိုး တစ်ချောင်းမှ ခွဲထွက်လာပြီး ချင်ခွန်း၏ ခန္ဓာကိုယ်အား ဆွဲယူလိုက်သည်။ ဝမ်လင်းကတော့ လီမူဝမ်အား ဆွဲခေါ်ပြီး ဝူတင်းတောင်ဆီသို့ ပျံသန်းသွား၏။
ချက်ချင်း ဆိုသလိုပင် ဝမ်လင်းနှင့် လီမူဝမ်သည် ဝူတင်းတောင်ဆီသို့ ပြန်ရောက်လာသည်။ မူနန်နှင့် မူပေသည် လေထဲမှ ‘အပြစ်ပေးခြင်း ဆိုသည့် စကားလုံးကို ကြည့်ပြီး သူတို့၏ မျက်လုံးထဲတွင် လိုချင်တပ်မက်စိတ်များ ပြည့်လျှံလာသည်။ သို့သော်လည်း ထိုတပ်မက်စိတ်က ချက်ချင်း ပြန်ပျောက်သွားပြီး ကြောက်လန့်စိတ်က အစားထိုး ဝင်ရောက်လာသည်။
ဝမ်လင်းက သူတို့နှစ်ယောက်ကို အေးစက်စွာ ကြည့်ပြီး မေးလိုက်သည်။
“တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှာ စဦးစိတ် ဝိညာဉ်အဆင့် ကျင့်ကြံသူ ရှိလား …“
မူနန်က အလျင်အမြန် ဖြေပေးလိုက်သည်။
“မရှိပါဘူး … တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ မဟုတ်ပါဘူး … နန်ဒူမြို့နဲ့ ကီလိုမီတာ ၁၀ သန်း အတွင်းမှာ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်မှ မရှိပါဘူး … စဦးစိတ်ဝိညာဉ် အဆင့်တွေက အတွင်းဝန်းမှာပဲ ရှိပါတယ် …“
ဝမ်လင်းက မူနန်အား ကြည့်လိုက်ရာ မူနန်၏ ခြေထောက်များက တုန်နေသည်ကို မြင်လိုက်ရပြီး သူက ဆက်မေးလိုက်သည်။
“တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်က ဘယ်အဆင့်လဲ …“
မူပေက ရှေ့သို့ တစ်လှမ်း တိုးလာပြီး ဖြေလိုက်သည်။
“စီနီယာ … တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်က အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် အထွတ်အထိပ်ပါ … နှောင်းပိုင်အဆင့်ကို ရောက်ဖို့ အလွန် နီးကပ်နေပါပြီ …“
ဝမ်လင်းသည် စိတ်ထဲမှ သရော်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွား၏။
“မင်းတို့နှစ်ယောက် လမ်းပြစမ်း … ငါတို့ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းဆီကို အလည်သွားမလို့ …“
မူနန်နှင့် မူပေသည် မည်သည့်သတ္တိဖြင့် ငြင်းဆန်ရဲပါမည်နည်း။ သူတို့နှစ်ယောက်သည် လေထဲသို့ ပျံတက်လာပြီး ရှေ့မှ ဦးဆောင်၍ ထွက်သွား၏။ သူတို့နှစ်ယောက်သည် ပျံသန်းနေရင်း ဝမ်လင်း၏ ခေါင်းပေါ်မှ စာလုံးကို ကြည့်လိုက်သည်။ ဝမ်လင်းအား တခြားသူများက သတ်ဖြတ်စေရန် ထိုစာလုံးက ပို၍ ဆွဲဆောင်ပါစေဟု သူတို့ ဆုတောင်း နေကြသည်။
ဝမ်လင်း ရောက်သွားသည့် နေရာတိုင်းတွင် သူ့အပေါ်မှ စာလုံးကြောင့် နေရာတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
သို့သော်လည်း သူ့နောက်မှ ခန္ဓာကိုယ် ၁၀ ခုကြောင့် မည်သူမှ မတိုက်ခိုက်ရဲကြပေ။ ထိုအလောင်း ၁၀ လောင်းသည် သတ်ဖြတ်ခြင်း အမိန့်တော်ကြောင့် သူ့ကို သတ်ဖြတ်ရန် ကြိုးစားရာတွင် သူက ထို ၁၀ ယောက်အား ပြန်လည် သတ်ဖြတ်ခြင်း ဖြစ်ရမည်။ အလောင်း ၁၀ လောင်းကို နောက်တွင် ချည်နှောင်လျက် ဆွဲယူလာခြင်းက အားလုံးကို သတိပေးခြင်း ဖြစ်ရမည်ဟု တခြားသူများက တွေးကြ၏။
ထိုမြင်ကွင်းကို မြင်သည့် လူတိုင်းသည် သူတို့၏စိတ်များ မတည်ငြိမ်နိုင်တော့ဘဲ အသံလွှင့် ကျောက်စိမ်းပြားမှ တစ်ဆင့် မိတ်ဆွေနှင့် ဂိုဏ်းများဆီသို့ သတင်းများ ပေးပို့ကြသည်။
နတ်ဆိုး ပင်လယ်တွင် နတ်ဆိုးတစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော် ပေါ်လာသည့် သတင်းသည် လျင်မြန်စွာဖြင့် ပျံ့နှံ့သွား၏။ ထိုလူကိုသာ သတ်နိုင်လျှင် အနည်းဆုံးတော့ အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းဆင့်သို့ ရောက်နိုင်သည့် သတင်းကလည်း ထွက်လာသည်။
ထိုသတင်းသည် ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်း အဆင့်များနှင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်များကို အလွန် ဆွဲဆောင်နိုင်သည်။ ထိုလူကိုသာ သတ်နိုင်ပါက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်များသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နိုင်ပြီး အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်များသည် နှောင်းပိုင်းအဆင့်သို့ ရောက်သွားစေနိုင်သည်။
သူတို့သည် တံဆိပ်ပြားကို အသက် သွင်းခဲ့သည့်လူ၏ ကျင့်စဉ်အဆင့်ကို သိချင်နေကြသည်။ တံဆိပ်ပြားကို အသက်သွင်းခဲ့သည့် လူသည် အမြုတေ ဖွဲ့တည်ခြင်း နှောင်းပိုင်း အဆင့်သာ ဖြစ်နေပါက ရရှိလာမည့် အကျိုးသည် အလွန် ကြီးမားသွားမည် ဖြစ်သည်။
ဝမ်လင်းကတော့ ပျံသန်းနေရင်း တွက်ချက်နေသည်။ သူ၏အမြုတေ ဖွဲ့တည်ခြင်း အဆင့်သည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ထက် အဆ ၁၀၀ လောက် ပိုအစွမ်းထက် သွား၏။ သူက နတ်ဆိုးပင်လယ်၏ အတွင်းဝန်းသို့ ကြည့်လိုက်သည်။ သူ၏မျက်လုံးများက အတွင်းဝန်းကို ဖြတ်ကျော်ပြီး တစ်ဖက်ရှိ ကျောင်းနိုင်ငံသို့ မြင်နေရသကဲ့သို့ ဖြစ်နေပြီး သူက အေးစက်စွာ ပြုံးကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ထန်းဟွယွမ် … ဒီနေ့ ငါ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်သွားပြီ … ငါ စဦးစိတ် ဝိညာဉ်အဆင့်ကို ရောက်တဲ့နေ့ ကျောင်းနိုင်ငံကို ပြန်လာပြီး မင်းတို့ တစ်မိသားစုလုံးကို မင်းနဲ့အတူ မြေမြှုပ်ပစ်မယ် … အဲဒါကြောင့် စောစော မသေနဲ့ဦး …“
မူနန်သည် ဝမ်လင်းကို မသိမသာ ကြည့်လိုက်ရာ ဝမ်လင်း၏ အမူအရာကို မြင်ပြီး ကြက်သီးမွေးညင်းများ ထသွား၏။ သူ၏စိတ်ထဲတွင်လည်း တုန်လှုပ်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“သူ့ကို ဘယ်သူမှ လာမသတ်ကြဘူးလား … သူ့ခေါင်းပေါ်က စာလုံးနဲ့ဆို သူ့ကို တစ်ယောက်ယောက်က အမြန် လာသတ်မှာပဲ … ငါတို့သာ သူ့ကို ဂိုဏ်းကို ခေါ်သွားရင် သူ့လက်ချက်နဲ့ မသေရင်တောင် ဂိုဏ်းခေါင်းဆောင် လက်ချက်နဲ့ ငါတို့က သေရမှာပဲ …“
သူ ကျိန်ဆဲနေသည့် အချိန်မှာပင် မြူထဲမှ လူတစ်ယောက် ထွက်လာသည်။ ထိုလူ၏ ဆံပင်အမည်း၊ အနက်ရောင် မျက်လုံးနှင့် ဝတ်ဆင်ထားသော အနက်ရောင် ဝတ်စုံက သူ၏တစ်ကိုယ်လုံးကို အနက်ရောင် အလင်းတစ်ခု ပေးစွမ်းနေသည်။
ထိုလူသည် သက်လတ်ပိုင်း အရွယ်ခန့်ရှိပြီး သူ့ဗိုက်က ဆူဖြိုးနေကာ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။
ထိုလူကို မြင်သည်နှင့် မူနန်နှင့် မူပေ၏ အမူအရာများက ချက်ချင်း ပြောင်းလဲသွားပြီး သူတို၏ မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
သက်လတ်ပိုင်း ဖက်တီးက ဝမ်လင်း၏အပေါ်မှ စာလုံးကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောကာဖြင့် ဝမ်လင်းအား ချီးမွှမ်းလိုက်သည်။
“နတ်ဆိုးတစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော် … ကောင်းတယ် … အရမ်းကောင်းတယ် …“
“ဂျူနီယာ … မင်းကို မင်းရဲ့ ကိစ္စတွေရှင်းဖို့ နာရီဝက် အချိန်ပေးမယ် … ငါ့ကို မခုခံပါနဲ့ … မင်းရဲ့ အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းဆင့်ကို ရောက်ရုံလေး ရောက်နေတဲ့ အဆင့်နဲ့ ငါ … ရှန့်ကွမ်းမိုရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး …“
ပြောလို့ ပြီးသည်နှင့် သူက ကောင်းကင်ကြီးကို မော့ကြည့်ပြီး လက်နှစ်ဖက်ကို နောက်ပစ် ထားလိုက်သည်။ သူ၏ဟန်ပန် အမူအရာက လုံးဝကို အထက်စီး ဆန်လှသည်။
လီမူဝမ်သည် မနေနိုင်တော့ဘဲ ပြုံးလိုက်ပြီး စိတ်ကြီးဝင်နေသည့် ဖက်တီးကို ကြည့်လိုက်သည်။ ထို့နောက် ဝမ်လင်းကို ကြည့်လိုက်ရာ သူမ၏အပြုံးက ပိုမို ပီပြင်လာသည်။
မူနန်သည် စိတ်လှုပ်ရှား လာသည်။ ထိုလူသည် သူတို့၏ ဂိုဏ်းခေါင်းဆောင်ကတောင် စိတ်ကသိကအောက် ဖြစ်ရသော နတ်ဆိုးသခင် ရှန့်ကွမ်းမို ဖြစ်သည်။ သူ၏ကျင့်စဉ် အဆင့်သည် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် အထွတ်အထိပ် ဖြစ်သည်ဟု ကောလာဟလများ ရှိ၏။
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး သရော်လိုက်သည်။
“မင်းက သေချင်နေတာလား …“
ရှန့်ကွမ်းမိုသည် အံ့ဩသွားပြီး ဝမ်လင်းကို စိုက်ကြည့်ကာ အထင်သေးသည့် လေသံဖြင့် ပြောလိုက်သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ … မင်းရဲ့အဆင့်လောက်နဲ့ ဒီအဘိုးကြီးကို ဘာတွေ လုပ်ပြနိုင်မှာလဲ … ဒီအဘိုးကြီးက အမြုတေ ဖွဲ့တည်ခြင်း အလယ် …“
စကားမဆုံး သေးခင်မှာတင် ဝမ်လင်းက နတ်ဆိုးသခင် ရှန့်ကွမ်းမိုကို လက်ချောင်းဖြင့် ညွှန်ပြီး အော်လိုက်သည်။
“သေစမ်း …“
‘သေစမ်း’ ဆိုသည့်စကားလုံး ထွက်လာသည်နှင့် ရှန့်ကွမ်းမို၏ ရင်ဘတ်မှ ကျောက်စိမ်းပြား တစ်ခုထွက်လာပြီး နှစ်ခြမ်း ကွဲထွက်သွားပြီး ကျောက်စိမ်းပြားမှ မီးခိုးများ ထွက်လာကာ မီးခိုးများက နတ်ဆိုးပင်လယ် အတွင်းတွင် ပြန်လည် ပျောက်ကွယ်သွား၏။
“အဲဒါ ဘာလဲ …“
ဝမ်လင်း၏လက်က နှစ်ပိုင်း ဖြစ်သွားသော ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်ရာ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူက ကျောက်စိမ်းပြား နှစ်ပိုင်းကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အံ့ဩနေသည့် ရှန့်ကွမ်းမိုကို စိုက်ကြည့်လိုက်သည်။
“သေဆုံးခြင်းမန္တန် …“
ရှန့်ကွမ်းမို၏ မျက်နှာတွင် ချွေးစေးများ ချက်ချင်း ထွက်လာသည်။ ထိုကျောက်စိမ်းပြားသည် သေသွားပြီ ဖြစ်သည့် သူ့ဆရာပေးခဲ့သည့် ရတနာတစ်ခု ဖြစ်သည်။ ရတနာက စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်၏ အင်အားပြည့် တိုက်ကွက် တစ်ခုကို တားဆီးနိုင်စွမ်း ရှိသည်ဟု သူ့ဆရာက ပြောပြခဲ့သည်။
သူသည် ဖြတ်သန်း လာခဲ့သည့် နှစ်များတွင် စဦးစိတ်ဝိညာဉ် အဆင့်များနှင့် တွေ့ဆုံသည့် အချိန်တိုင်း သူတို့ကို တစ်ခါမှ သွားမရှုပ်ရဲခဲ့ပေ။ ထို့အပြင် သူက သူ့အဆင့်အောက်မှ ကျင့်ကြံသူများနှင့် တွေ့လျှင် နာမည်ကြားရုံဖြင့် ခြိမ်းခြောက်နိုင်စေရန် သူ၏နာမည်ကို တည်ဆောက်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ဝမ်လင်း၏ အေးစက်သော အကြည့်ကို မြင်ပြီး ဝမ်လင်းပါးစပ်မှ ‘သေစမ်း’ ဆိုသည့် စကားလုံး ထပ်မံ ထွက်ပေါ်မှာကို အလွန် ကြောက်လန့်နေသည်။
သူ၏ခြေထောက်များက ကြောက်လန့်မှုကြောင့် ပျော့ခွေလာသည်။ သူက အလျင်အမြန် ဒူးထောက်ပြီး တောင်းပန်လိုက်သည်။
“စီနီယာ … ခွင့်လွှတ်ပေးပါ … ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ … ဂျူနီယာ မှားမှန်သိပါပြီ … ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ …“
မူနန်သည် ရှေ့မှ အဖြစ်အပျက်ကို ကြည့်ပြီး မှင်တက် နေလေသည်။ ထို့နောက် သူက ဝမ်လင်းအား ခိုးကြည့်လိုက်ရာ ဝမ်လင်း၏ အေးစက်နေသော အကြည့်ကို မြင်ပြီး ယခင်က အတွေးမျိုး နောက်တစ်ကြိမ် ထပ်မတွေးရဲတော့ချေ။ မူပေသည်လည်း ကြောက်ရွှံ့မှုကို ဖုံးကွယ်ရန် သူ၏ခေါင်းကို ငုံ့ထားလိုက်သည်။
ရှန့်ကွမ်းမိုသည် ဝမ်လင်း၏ အကြည့်က အေးစက် နေသေးသည်ကို မြင်ပြီး သူ၏စိတ်ထဲတွင် ပိုမို တုန်လှုပ်သွားကာ အလျင်အမြန် ပြောလိုက်သည်။
“စီနီယာ … ဂျူနီယာက စီနီယာရဲ့ တပည့်လုပ်ဖို့ ဆန္ဒရှိပါတယ် … ပြီးတော့ ဆရာ့ရဲ့ အမိန့်အားလုံးကို နာခံပါ့မယ် … ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ …“
ထို့နောက် သူက လီမူဝမ်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
“သင်က ဆရာ့ရဲ့ကတော် ဖြစ်ရမယ် … ကျေးဇူးပြုပြီး တပည့်အဖြစ် လက်ခံဖို့ ကူပြောပေးပါ … တောင်းဆိုပါတယ် …“
လီမူဝမ်သည် မျက်နှာပူသွားပြီး ဝမ်လင်းအား ကြည့်လိုက်သည်။ သို့သော်လည်း သူမက သူ၏အေးစက်သော အကြည့်ကို မြင်ပြီး သက်ပြင်းချကာ ခေါင်းကို ငုံ့လိုက်သည်။
ဝမ်လင်းက ရှ့န်ကွမ်းမိုကို အေးစက်စွာ ကြည့်နေလေသည်။ ဂျိနယ်ပယ်က သူ၏စိတ်ထဲတွင် ထွက်ပေါ်နေသဖြင့် သူ၏မျက်လုံးထဲတွင် အနီရောင် လျှပ်စီးတစ်ခု ပေါ်နေလေသည်။ ရှန့်ကွမ်းမိုသည် ဝမ်လင်းက တစ်ချိန်လုံး သူ့အား လေ့လာနေသည်ကို သိနေသဖြင့် မည်သည့် မကောင်းစိတ်ကိုမှ မတွေးရဲချေ။ ဝမ်လင်းသည် သူ၏အကာအကွယ် ရတနာအား တစ်ချက်တည်းနှင့် နှစ်ပိုင်းကွဲအောင် ဖျက်ဆီးနိုင်သဖြင့် သူ၏တိုက်ခိုက်မှု စွမ်းအားသည် စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်နေသည်ကို ခန့်မှန်းမိ၏။ ဝမ်လင်းက သေဆုံးခြင်းမန္တန် တတ်ကျွမ်းထားသဖြင့် သူက ထွက်ပြေးလျှင်တောင်မှ လွတ်ရန် လမ်းမမြင်ပေ။
စိုးရိမ်မှုနှင့် သောကများက သူ့ကို ဖိစီးလာပြီး နောက်ဆုံးတွင် သူက မျက်ခုံး နှစ်ခုကြားသို့ လက်ချောင်းဖြင့် ဖိလိုက်ရာ သူ၏ဝိညာဉ် အဆီအနှစ် သွေးစက်က ပျံသန်း ထွက်လာသည်။ ထိုဝိညာဉ် အဆီအနှစ် သွေးစက်သည် ရွှေရောင်ဖြစ်နေ၏။ ရွှေရောင်သွေးစက် ထွက်လာသည်နှင့် ရှန့်ကွမ်းမို၏ ခန္ဓာကိုယ်သည် သူ၏ကိုယ်တွင်းမှ စိတ်စွမ်းအင်များ လှုပ်ခတ် သွားမှုကြောင့် ခန္ဓာကိုယ်က တုန်ယင် သွားလေသည်။ ထို့အတူ သူ၏ကျင့်ကြံခြင်း အဆင့်ကလည်း တစ်ဆင့်ကျသွား၏၊
မြင့်မားလာသည့် ကျင့်ကြံခြင်း အဆင့်များသည် ဝိညာဉ်အဆီအနှစ် သွေးစက်သည် အရေးပါသည့် အရာတစ်ခု ဖြစ်လာလေသည်။ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ထုတ်ယူလျှင် သူတို့၏ကျင့်ကြံခြင်း အဆင့်ကို ထိခိုက်သွားစေပြီး အဆင့်ပိုမြင့်လေ ပိုပြီး ထိခိုက်လေ ဖြစ်၏။
***