Switch Mode

အခန်း (၁၅၅)

“သတ်”

လီမူဝမ်သည် ဝမ်လင်းအား မြင်လိုက်သောအခါ စိတ်သက်သာရာ ရသွားကာ သူမ၏ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး စိတ်ကို လျော့ချလိုက်ဟန်ဖြင့် နောက်မှ နံရံကို မှီချလိုက်သည်။ ထိုစဉ်တွင် အေးစက်သော လက်တစ်ဖက်က သူမ၏ ချိုင်းကြားထဲသို့ တိုးဝင် လာသဖြင့် သူမက ထိတ်လန့်သွား၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က မြေပြင်မှ လေထဲသို့ မြောက်တက် သွားလေသည်။

ရင်းနှီးနေသော ရနံတစ်မျိုးက သူမ၏ နှာခေါင်းအတွင်းသို့ ဝင်လာပြီး သူမကို လန်းဆန်း သွားစေသည်။ သူမက ရှေ့မှ မြူများကို မြင်ပြီး တစ်ခုခုပြောမည့် အချိန်တွင် ဝမ်လင်း၏ အသံက သူမ၏ နားထဲသို့ တိုးဝင်လာသည်။

“မလှုပ်နဲ့ … ဒီကောင်တွေကို သတ်ဖို့ မင်းကို ခေါ်သွားပေးမယ် …“

ဝမ်လင်းက လီဝူဝမ်ကို ကိုင်ထားပြီး လေထဲတွင် ခဏရပ်ကာ နဂါးအရွတ်ကို ထုတ်ယူလိုက်သည်။ ယခုအချိန်တွင် နဂါးအရွတ်သည် ကြာပွတ် တစ်ချောင်းကဲ့သို့ ဖြစ်နေ၏။ ဝမ်လင်းက ကြာပွတ်ကို လွဲယမ်းလိုက်ရာ ကြာပွတ်၏ တစ်ဖက် ထိပ်ဖျားက နှစ်ခြမ်း ခွဲသွားပြီး ခေါင်းမရှိတော့သည့် အလောင်းနှင့် ဖုလင်း၏ အလောင်းကို ရစ်ပတ်သွား၏။

ဝမ်လင်းက ညာလက်တွင် နဂါးအရွတ်ကို ကိုင်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် ရှာလိုက်ရာ အရှေ့မြောက်ဘက်မှ တစ်ယောက်ကို အရင်တွေ့သွား၏။ သူက ထိုအမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ ပြေးသွားသည့်ဘက်သို့ ချက်ချင်း ပျံသန်းလိုက်သည်။ သူ လိုက်နေသည့် အချိန်တွင် သူနောက်တွင် နဂါးအရွတ်က အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၂ ယောက်နှင့် အတူ သူ့နောက်မှ ပါလာသည်။

ခွန်ဆန်း၏ စိတ်ထဲတွင် အလွန် ထိတ်လန့်နေသည်။ ဝမ်လင်းကို မြင်လိုက်ရသည့် အချိန်တွင် သူ၏ဝိညာဉ်ကို လက်တစ်ဖက်က ဆွဲကိုင်ပြီး လှုပ်ယမ်းလိုက် သကဲ့သို့ ခံစားရ၏။ ဆွဲလှုပ်ယမ်းသည့် အားကသာ နည်းနည်းလေး ပိုပြင်းလိုက်ပါက သူ၏ဝိညာဉ်သည် ပျက်စီး သွားနိုင်သည်။

ဖုလင်း၏ ထူးဆန်းစွာ သေဆုံးသွားမှုက သူ့ကို ပိုပြီး ထိတ်လန့် သွားစေသည်။ ဆေးမီးဖိုအတွက် လိုက်ခဲ့ကြသည့် သူတို့ ၃ ယောက်တွင် ၂ ယောက်သည် သေဆုံးသွားပြီ ဖြစ်၏။ ထိုအကြောင်းကို တွေးရင်း သူ၏စိတ်များက ပို၍ တုန်လှုပ်လာကာ ဆေးလုံးတချို့ကို ထုတ်ယူပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

သူ၏ စိတ်စွမ်းအင်များ ပြန်လည် ပြည့်ဖြိုးလာပြီးနောက် သူက လျှာကို ကိုက်ပြီး သွေးအနည်းငယ် ထွေးထုတ်လိုက်သည်။ သူ၏ လက်များကလည်း လျင်မြန်စွာဖြင့် အစီအရင်များ တစ်ခုပြီးတစ်ခု ဖန်တီးကာ အန်ထုတ်ထားသော သွေးများထဲသို့ ထည့်သွင်းလိုက်သည်။ အစီအရင်များ ပြီးစီးသွားသည်နှင့် သူ၏ခန္ဓာကိုယ်က ချက်ချင်း ပိန်ကပ်သွား၏။ သို့သော်လည်း သူ၏ အမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ မြန်သွားလေသည်။

သူ၏ခန္ဓာကိုယ်က လေထဲတွင် လျင်မြန်စွာ ပျံသန်းနေပြီး သူ၏ အမြန်နှုန်းကြောင့် သူ့နောက်တွင် နောက်ချန် ပုံရိပ်များ ကျန်ရစ်ခဲ့၏။

ဝမ်လင်းသည် ဥက္ကာခဲတစ်ခဲက ကောင်းကင်ထက်တွင် ဖြတ်ပြေး သွားနေကဲ့သို့ လျင်မြန်သော အရှိန်တစ်ခုဖြင့် ပျံသန်းနေသည်။ သူက ခွန်ဆန်းကို မြင်သောအခါ သူ၏မျက်လုံးထဲတွင် အေးစက်စက် အရောင်လက်သွားပြီး ပါးစပ်က ဟလိုက်သည်။ သလင်းကျောက်ဓားက ပါးစပ်ထဲမှ ထွက်လာပြီး သူ့ရှေ့မှ ပျံသန်း ပြေးထွက်သွား၏။

ခွန်ဆန်းသည် ပြေးနေရင်းဖြင့် သူ၏ရင်ဘတ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူက ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ဓားတစ်ချောင်းက သူ၏ရင်ဘတ်မှ ဖောက်ထွက်သွားသည်ကို မြင်လိုက်ရ၏။ သူက ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်အသံမှ ထွက်မလာချေ။ သူ၏အမြင်များက တဖြည်းဖြည်း မှောင်ကျလာပြီး နောက်ဆုံးတွင် လုံးဝအမှောင်တိ ကျသွားကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွား၏။

သူက သေဆုံးသွားသည့် အချိန်ထိ အခြေအနေများက ဘာကြောင့် အလွန် မြန်ဆန်စွာ ပြောင်းလဲ သွားရသည်ကို နားမလည်နိုင်ခဲ့ပေ။ သူတို့လိုက်ခဲ့သည့် သားကောင်သည် ယခုအချိန်တွင် သူ့တိုအား သတ်မည့် သားရဲအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား၏။

ထိုအချိန်တွင် နဂါးအရွတ်မှ ရွှေရောင် အလင်းတစ်ခုက ပြုတ်ကျနေသည့် ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားသည်။ ဝမ်လင်းက ဆက်လက် ပျံသန်းနေပြီး သူ၏နောက်တွင် နဂါးအရွတ်ဖြင့် ဆွဲလာသည့် အလောင်း ၃ လောင်းလည်း ပါလာသည်။

“၃ယောက် …“

ဝမ်လင်းက ရွှေအမြုတေကို သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်ပြီး နောက်ထပ် ပစ်မှတ် တစ်ခုဆီသို့ ဆက်လက် ပျံသန်းသွား၏။

လီမူဝမ်သည် သူမ၏ရှေ့တွင် ဖြစ်နေသော အဖြစ်အပျက်ကို ကြည့်ပြီး အလွန် အံ့အားသင့်နေသည်။ ဝမ်လင်း၏ စွမ်းအားက သူမ၏ရင်ထဲတွင် အနက်ရှိုင်းဆုံးထိ စွဲထင် သွားလေပြီ။

တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ဖြစ်သူ ချန်းဟိုင်သည် သူ၏အမြန်နှုန်းက လုံလောက်အောင် လျင်မြန်မှု မရှိသည်ကို သူ့ကိုယ်သူ သိနေသည်။ ထို့ကြောင့် သူက ပြေးမည့်အား မြေအောက်ထဲတွင် တွင်းတူး၍ ပုန်းအောင်း နေလိုက်၏။ ထို့နောက် သူ၏အငွေ့အသက် အားလုံးကို ဖျောက်လိုက်ပြီး သူ့ကိုယ်သူ မြေဖို့လိုက်သည်။

ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တွင် ရှိစဉ်က ချန်းဟိုင်သည် ထိုနည်းလမ်းကို သုံး၍ အကြိမ်များစွာ လွတ်မြောက်ခဲ့ဖူး၏။ သူက မြေအောက်ထဲတွင် လဲလျောင်းပြီးနောက် ခါးသက်စွာ ပြုံးလိုက်ပြီး သူ၏အသက်ကယ် နည်းစနစ် တစ်ခုကို အသုံးပြုလိုက်သည်။

ထိုအချိန်တွင် အနီရောင် လျှပ်စီးကြောင်းတစ်ခု ပေါ်လာသဖြင့် သူ၏မျက်လုံးက ပြူးကျယ်သွား၏။ သူ၏ဒွါရ အပေါ်များမှ သွေးများ ချက်ချင်း စီးကျလာပြီး သူ၏ဝိညာဉ်ကို အနီရောင် လျှပ်စီးက ဖျက်ဆီးသွား၏။

ရွှေရောင်ကြိုး တစ်ချောင်းက မြေကြီးထဲသို့ တိုးဝင်သွားပြီး ချန်းဟိုင်၏ ခန္ဓာကိုယ် ဆွဲထုတ်လာသည်။

“၄ယောက် …“

ယခုအချိန်တွင် နဂါးအရွတ်သည် ကြိုး ၄ ချောင်းအဖြစ် ခွဲထွတ်နေပြီး ခန္ဓာကိုယ် လေးခုကို ချည်နှောင်ထား၏။ ခေါင်းမပါသည့် ခန္ဓာကိုယ်တစ်ခုမှ လွဲ၍ ကျန်သည့် ခန္ဓာကိုယ်များ အားလုံးသည် တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပုံက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

လူ ၂ ယောက်ကို ထပ်သတ်ပြီးနောက် ဝမ်လင်း၏ မျက်လုံးထဲမှ သတ်ဖြတ်ချင် စိတ်များက လျော့မသွားသည့် အပြင် ပို၍ပင် အားကောင်းလာပြီး နောက်ထပ် တစ်ယောက်ကို ဆက်လိုက်လေသည်။

တစ်နာရီကြာပြီး နောက်တွင် ဝမ်လင်း၏ နောက်တွင် အလောင်းက ၄ လောင်းမှ ၉ လောင်းအထိ တိုးလာ၏။

နောက်ဆုံးကျန်သည့် လူသည် အရင်ဆုံး ထွက်ပြေးသွားသည့် အကြီးအကဲချုပ် ချင်ခွန်း ဖြစ်သည်။ ချင်ခွန်းသည် ပိုပြီး ပြေးလာလေ စိတ်ထဲတွင် ပိုပြီး ကြောက်လန့်လာလေ ဖြစ်နေသည်။ သူ၏ နတ်ဘုရား စိတ်အာရုံက အလောင်း ၉ လောင်းနှင့် ဝမ်လင်းအား တွေ့သွားသောအခါ ကြောက်လန့်မှုက အထွတ်အထိပ်သို့ ရောက်သွားသည်။

“သူက ခဏလေးနဲ့ ၉ ယောက်တောင် သတ်နိုင်တယ် … သူက စဦးစိတ်ဝိညာဉ် အဆင့်များ ဖြစ်နေတာလား …“

ချင်ခွန်းသည် ထိုအတွေးအား ချက်ချင်း မောင်းထုတ် လိုက်သည်။ သူတို့သည် ဝမ်လင်း၏နောက်သို့ လိုက်ခဲ့စဉ်က ဝမ်လင်းသည် အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့သာ ရောက်သေးကြောင်း မြင်တွေ့ထား၏။

ဤကဲ့သို့ ဖြစ်လာမည်မှန်းသာ သိခဲ့ရင် ဝမ်လင်း၏ နောက်သို့ အေးအေးဆေးဆေး လိုက်ခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အခြေအနေများက လျင်မြန်စွာ ပြောင်းလဲသွားပြီ ဖြစ်၏။

ဝမ်လင်းက သူ့ရှေ့မှ ထွက်ပြေးနေသော ချင်ခွန်းကို ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သည်။ ချင်ခွန်းသည် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် ဖြစ်နေသဖြင့် သူက တခြားသူများထက် အဆပေါင်းများစွာ မြန်သော်လည်း ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအင် ကုန်ဆုံးနှုန်းကလည်း အချိန်နှင့်အမျှ အလွန် လျင်မြန်စွာ ကုန်ဆုံးနေသည်။ ထို့ကြောင့် ဝမ်လင်းက အလျင်စလို အရှိန်မြှင့်ပြီး မလိုက်ခြင်း ဖြစ်သည်။ ချင်ခွန်းသည် စိတ်စွမ်းအင်များ ကုန်ဆုံး သွားသည်နှင့် သူ၏အရှိန်ကလည်း လျော့ကျသွားမည် ဖြစ်သည်။

ချင်ခွန်းသည် အံကြိတ်ပြီး နောက်ကို လှည့်ကြည့် လိုက်သည်။ ရုတ်တရက် ဤအနီးအနားတွင် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၂ ယောက် ရှိသော တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းခွဲ တစ်ခုရှိကြောင်း သတိရသွားပြီး ထိုဂိုဏ်းခွဲဆီသို့ ဦးတည်လိုက်၏။ သူ့ကိုယ်သူ ကယ်တင်ရန်အတွက် သူတို့သည် ဝမ်လင်းအား လုံလုံလောက်လောက် အချိန်ဆွဲ ပေးနိုင်မည်ဟု မျှော်လင့်လိုက်သည်။

သူက သူ့ကိုယ်တွင်းမှ စိတ်စွမ်းအင်များကို ပိုမို သုံးစွဲလိုက်ပြီး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းခွဲဆီသို့ လျင်မြန်စွာ ပျံသန်းလိုက်၏။

ဝူတင်းတောင်သည် တောင်ထိပ်တွင် အဆောက်အဦများ ဆောက်လုပ်ထားသော ကြီးမားသော တောင်တစ်လုံးဖြစ်၏။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က ထိုတောင်ကို အင်အားကြီး ဂိုဏ်းတစ်ခုက အခြေစိုက် အုပ်စိုး ထားသော်လည်း ဂိုဏ်း၏ စွမ်းအားများ ကျဆင်းလာသည့် အချိန်တွင် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ ထိုဂိုဏ်းအား အမြစ်ဖြတ် ရှင်းလင်းပစ်ကာ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းခွဲကို တည်ဆောက်ခဲ့သည်။

ဤနေ့တွင် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၂ ယောက် ဖြစ်သည့် မူနန်နှင့် မူပေက တပည့်များကို သင်ကြား ပေးပြီးသည်နှင့် တံခါးကို ဖွင့်ပြီး အပြင်ထွက်လာသည်။

လေထဲတွင် ချင်ခွန်းသည် အလွန် မောပန်းနေသည့် ဟန်ဖြင့် တောင်နားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အော်ပြောလိုက်သည်။

“မူနန်နဲ့ မူပေ … မင်းတို့ နှစ်ယောက်စလုံး … တပည့်တွေကို စုစည်းပြီး ငါ့နောက်က လိုက်လာတဲ့လူကို တားထား … နောက်က လိုက်လာတဲ့လူကို ဝူတင်းတောင်ကနေ မကျော်သွားစေနဲ့ … မင်းတို့ အောင်မြင်အောင် လုပ်နိုင်ရင် … အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းကို ဆုချမယ် …“

ချင်ခွန်းသည် ပြောပြီးသည်နှင့် ကြောက်လန့်တကြားဖြင့် ပျံသန်း ထွက်ခွာသွား၏။

မူနန်နှင့် မူပေသည် အပြင်သို့ ထွက်လာသည့် အချိန်တွင် အကြီးအကဲချုပ်၏ စကားကို ကြားသောအခါ အံ့အားသင့် သွားကြ၏။ အကြီးအကဲချုပ်ကိုတောင် ထွက်ပြေးစေသည့် လူကို သူတို့နှစ်ယောက်က မည်သို့ တားနိုင်ပါမည်နည်း။

ထိုအချိန်တွင် ဝမ်လင်းသည် သူတို့နှစ်ယောက်၏ မြင်ကွင်းထဲ၌ ပေါ်လာသည်။ သူတို့နှစ်ယောက်သည် ဝမ်လင်းအား မြင်လိုက်သည်နှင့် သူ့နောက်မှ ပါလာသော ခန္ဓာကိုယ် ၉ ခုကိုလည်း မြင်သွားရာ သူတို့၏ စိတ်ထဲတွင် အလွန် တုန်လှုပ်သွား၏။

သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာအရောင်များက လျင်မြန်စွာ ပြောင်းလဲသွားပြီး ပါးစပ်မှ လွတ်ခနဲ ထွက်သွား၏။

“ပင်မဂိုဏ်းရဲ့ အကြီးအကဲ ၉ ယောက် … ဒါ …ဒါက …“

မူပေသည် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီးနောက် မူနန်ကိုပါ ဆွဲလိုက်ပြီး အရိုအသေ ပေးကာ ပြောလိုက်သည်။

“ဂျူနီယာ မူပေက စီနီယာကို နှုတ်ဆက်ပါတယ် …“

မူနန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“ဂျူနီယာ မူနန်က စီနီယာကို နှုတ်ဆက်ပါတယ် …“

ဝမ်လင်းသည် သူတို့နှစ်ယောက်အား အေးစက်စွာ ကြည့်ပြီး သူ၏အရှိန်ကို တစ်စက်မှပင် မလျှော့ဘဲ ဆက်လက် ပျံသန်းသွား၏။ သူတို့နှစ်ယောက်သည် ထိုအကြည့်နှင့်တင် ကြက်သီးမွေးညင်းများ ထသွားပြီး နောက်ကျောတွင် ချွေးများ စိုရွှဲသွား၏။

ချင်ခွန်းသည် အမြန်နှုန်းနှုန်းဖြင့် အချိန် တော်တော်ကြာအောင် ပျံသန်းပြီး နောက်တွင် သူ၏စိတ်စွမ်းအင်များက ကုန်ဆုံးသွား၏။ ထို့ကြောင့် ဆေးလုံးတချို့ကို ထုတ်ယူပြီး သောက်လိုက်သည်။ သို့သော်လည်း ဆေးလုံး ထုတ်သောက်လိုက်သည့် အချိန်ခဏလေးသည် ဝမ်လင်းအား သူ့နှင့် ပို၍ နီးကပ် သွားစေသည်။

ဝမ်လင်းက သူနှင့် နီးကပ် လာသည်ကို မြင်ပြီးနောက် သူက ခါးသက်စွာ ပြုံးလိုက်ပြီး နောက်သို့ လှည့်ကာ ဝမ်လင်းအား ကြောက်မက်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက အံကြိတ်ပြီး အနီရောင် တံဆိပ်ပြား တစ်ခုကို သိုလှောင်အိတ် အတွင်းမှ ထုတ်လိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် “အပြစ်ပေးခြင်း” ဆိုသည့် စကားလုံးကို အနီပုပ်ရောင်ဖြင့် ရေးထား၏။

ထိုတံဆိပ်ပြားသည် နတ်ဆိုး ပင်လယ်တွင် ကျော်ကြားသည် နတ်ဆိုးတစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော် တံဆိပ်ပြား ဖြစ်သည်။ ထိုတံဆိပ်ပြားသည် ရှေးခေတ် ကတည်းက ရှိလာခဲ့ပြီး တံဆိပ်ပြား ပြုလုပ်နည်းသည် ယနေ့အချိန်တွင် မရှိတော့ချေ။ နတ်ဆိုးပင်လယ် တစ်ခုလုံးတွင်တောင်မှ ထိုတံဆိပ်ပြားသည် ၁၀ ခုခန့်သာ ကျန်တော့၏။

ချင်ခွန်းက ထိုတံဆိပ်ပြားကို ထုတ်ယူ ပြီးသည်နှင့် ချက်ချင်း သန့်စင်လိုက်သည်။ တခြားသူများက ထိုတံဆိပ်ပြားကို သိသွားမည် စိုးသဖြင့် တစ်ခါမှ အသုံး မပြုခဲ့ဖူးပေ။ အနာဂတ်တွင် တံဆိပ်ပြားကို သုံးပြီး သူ့၏စွမ်းအားများကို တိုးလာအောင် လုပ်ရန် ကြံရွယ်ထား၏။

ထိုတံဆိပ်ပြားကို အသုံးပြုရန် လိုအပ်ချက်သည် အလွန် တင်းကြပ်၏။ အမြုတေ ဖွဲ့တည်ခြင်း အဆင့်နှင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ထက် မြင့်သည့် အဆင့်များမှ ကျင့်ကြံသူများသာ သူတို့၏ အသက်စွမ်းအင်ကို အလဲအထပ် လုပ်ပြီးမှ တံဆိပ်ပြားကို အသုံးပြုနိုင်မည် ဖြစ်သည်။ တံဆိပ်ပြားကို အသုံးပြုလိုက်လျှင် အသုံးပြုသူ၏ တစ်ဘဝလုံးဝစာ ကျင့်ကြံမှုများက ဆေးလုံး တစ်လုံးအဖြစ် သန့်စင်ခံရမည် ဖြစ်ပြီး ထိုဆေးလုံးကပင် တခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံရစေမည် ဖြစ်သည်။

တံဆိပ်ပြားဖြင့် အမှတ်အသား မှတ်ခံလိုက်ရသည့် လူကို တခြား ကျင့်ကြံသူများက မြင်သည်နှင့် အမှတ်အသား မှတ်ခံရသည့်လူကို ချက်ချင်း တိုက်ခိုက်ကြမည် ဖြစ်သည်။ ထိုလူအား သတ်လိုက်သည်နှင့် ထိုကျင့်ကြံခြင်း ဆေးအား ရရှိမည် ဖြစ်သည်။

ချင်ခွန်းသည် တံဆိပ်ပြားကို ရခဲ့စဉ်က တစ်ယောက် တစ်ယောက်အား ဖိအားပေး၍ တံဆိပ်ပြားကို သုံးစေမည်ဟု ကြံစည်ထားခဲ့၏။ သို့သော်လည်း ယခုအချိန်တွင် သူက သေရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူက ရက်စက်သည့် အကြံအစည်နှင့် ဝမ်လင်းအား ရပ်စောင့်လိုက်ခြင်း ဖြစ်သည်။

တံဆိပ်ပြား၏ အမှတ်အသား ပေးခြင်းကို ခံရသူသည် နတ်ဆိုး ပင်လယ်တွင် ရက် ၁၀၀ ပြည့်အောင် အသက်ရှင်နိုင်ရန် အလွန်ခက်ခဲ၏။ သို့သော်လည်း ရက် ၁၀၀ ကျော်အောင် အသက်ရှင် နေထိုင်နိုင်ပါက ထိုကျင့်ကြံခြင်း ဆေးလုံးအား အမှတ်အသား ပေးခံရသူက ပြန်လည် ဝါးမျိုနိုင်၏။

ဝမ်လင်းက နီးကပ် လာသည်ကို ကြည့်ပြီး ချင်ခွန်းက နတ်ဆိုးတစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော်ကို ကိုင်ထားပြီး အော်ပြောလိုက်သည်။

“ရပ်လိုက် … မင်း ဒီတံဆိပ်ပြားကို သိလား … ငါ ဒီတံဆိပ်ပြားကို ငါ့ရဲ့ဝိညာဉ်နဲ့ သန့်စင် ပြီးသွားပြီ … မင်းက ငါ့ကို သတ်ရင် သတ်ဖြတ်ခြင်း အမိန့်တော်ရဲ့ အမှတ်အသား လုပ်ခြင်းကို ခံရလိမ့်မယ် … ဒီနေ့ကိစ္စက ငါ့ရဲ့အမှားပါ … ဒါပေမဲ့ မင်းလည်း အကြီးအကဲ ၉ ယောက်ကို သတ်ပြီးပြီပဲ … ဘာလို့ ထပ်သတ်ချင် နေရတာလဲ … မင်း ငါ့ကို လွှတ်ပေးရင် … မင်းကို တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှာ ငါ့လိုမျိုး အကြီးအကဲချုပ် တစ်ယောက်ဖြစ်အောင် လုပ်ပေးမယ် … ဘယ်လိုလဲ …“

***

Comment

Leave a Reply

Options

not work with dark mode
Reset