အခန်း (၄၄)

အဆင့်များကြား ကွာခြားမှု၊ သိုင်းပညာရပ်များ

အပိုင်း(၄၄) အဆင့်များကြား ကွာခြားမှု၊ သိုင်းပညာရပ်များ

တောင်ကြားအတွင်းသို့ ဝင်ရောက်လာသည်နှင့် ရှောင်ရှန်း၏အကြည့်က ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းတို့အပေါ်သို့ ကျရောက်သွားရာ သူ့မျက်လုံးများ ရုတ်ချည်း ကျဉ်းမြောင်းသွားသည်။

သူ၏ မှေးထားသောမျက်လုံးထဲတွင် မြွေတစ်ကောင်ကဲ့သို့ အဆိပ်ပြင်းသော အေးစက်သည့် အလင်းတစ်ချက် ဖျက်ခနဲ လက်သွားသည်။

သူ၏ကြမ်းတမ်းခက်ထန်သော အသံကပင် အေးစက်စက်နိုင်မှုကို မဖုံးကွယ်နိုင်ပေ။ “ကောင်းတယ်၊ ကောင်းတယ်၊ ငါ ဒီကိုလာခဲ့တာ အချည်းနှီးမဖြစ်ဘူးပဲ၊ တစ်ချိန်တည်း၊ တစ်နေရာထဲမှာပဲ မင်းတို့ နှစ်ယောက်စလုံးကို တွေ့တယ်”

ရှောင်ရှန်း၏ မုတ်ဆိတ်ဗလဗျစ်နှင့် မျက်နှာတွင် ရေခဲတမျှ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ရန်ကျောက်ကဲက သူ့ခေါင်းကို ဘယ် ညာ ယိမ်းရင်း ရှောင်ရှန်းအား အကဲခတ်လိုက်သည်။ “မင်းမျက်နှာပေါ်က မုတ်ဆိတ်ကြီးက ငါ့မျက်စိထဲ ခိုးလို့ခုလု ဖြစ်နေတယ်၊ ဘာလို့လဲတော့ မသိဘူး”

သူ့စကားကို ကြားသောအခါ ရှောင်ရှန်း၏မျက်လုံးထောင့်မှ တွန့်လိမ်သွားသည်။ “ရန်ကျောက်ကဲ၊ ငါပြောတာ မှတ်မိသေးလား၊ ရှေ့မှာ ငါတို့နှစ်ယောက်တွေ့မယ့် နေ့တွေအများကြီးရှိသေးတယ်ဆိုတာ”

“အဲ့နေ့က ဒီလောက် မြန်မြန်ရောက်လာမယ်လို့ ငါမထင်ခဲ့ဘူး”

ရှောင်ရှန်း၏အကြည့်က ဖန်းယွမ်ရှန်းပေါ်သို့ ရောက်သွားကာ သူ့အသံက ပိုမို အက်တက်တက်နိုင်သွားသည်။ “ဂျူနီယာညီမလေးဖန်း၊ အရင်ထဲက ငါပြောသားပဲ၊ မင်း မလွတ်နိုင်ပါဘူးလို့”

ဖန်းယွမ်ရှန်းက ဂရုမစိုက်သည့် ဟန်ပန်ဖြင့် ပြန်ဖြေလိုက်သည်။ “ကြည့်ရတာ အဲ့တုန်းက ရှင့်ဒဏ်ရာတွေက တော်တော် ပြင်းထန်ခဲ့တဲ့ပုံပဲ”

ရှောင်ရှန်းက ဖန်းယွမ်ရှန်းအား စိုက်ကြည့်လိုက်သည်။ “ဂျူနီယာညီမလေးဖန်း၊ အရင်ထဲက မင်းက သေမှာ မကြောက်ဘူးဆိုတာ ငါ သိတယ်၊ အခု တွေးကြည့်လိုက်တော့ ပိုတောင် သေရဲမယ်ထင်တယ်”

“ဒါပေမယ့် အလျင်စလို မသေသေးပါနဲ့ဦး၊ လောကမှာ သေရတာထက်ဆိုးတဲ့ ဘဝတွေအများကြီး ရှိတယ်ဆိုတာ ငါ မင်းကို သိစေချင်သေးတယ်”

“ပြီးတော့ လက်ရှိမှာ မင်းက ငါ့ရှေ့ ရောက်နေမှတော့ မင်းရဲ့သေခြင်း ရှင်ခြင်းကို မပိုင်ဆိုင်တော့ဘူး”

ရှောင်ရှန်း၏အသံက ကျောရိုးထဲမှ စိမ့်တက်မတတ် အေးစက်မှုကို ထုတ်လွှတ်ရင်း ရုတ်တရက် ပိုမို ညင်သာလာသည်။ “ငါပြောတာကို ယုံလိုက်၊ အခုအချိန် မင်းကိုယ်မင်း သတ်သေမယ်ဆိုရင်တောင် အောင်မြင်မှာ မဟုတ်ဘူး”

ဖန်းယွမ်ရှန်းက အနည်းငယ် ပြုံးလိုက်သည်။ သူမ၏လက်ရှိကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ လျောကျနေပြီး ရှောင်ရှန်းသည် အပြင်ပိုင်းသိုင်းပညာရှင် နှောင်းပိုင်းအဆင့်သို့ ရောက်နေသည်။

သူတို့နှစ်ယောက်ကြား ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလှကာ သူမ သေချင်လျှင်တောင် သေလို့မရတာ အမှန်ပင် ဖြစ်သည်။

သို့သော် သူမလက်ထဲမှ ဓားကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ သူမမျက်နှာ၌ ကြောက်ရွံ့မှုကို မပြသပေ။ “ရှောင်ရှန်း၊ ရှင့်ရဲ့ အကြီးမားဆုံးအားနည်းချက်ကို အမြစ်ဖြတ်ပေးတဲ့အတွက် ကျွန်မကို ကျေးဇူးတင်သင့်တယ်”

“ပြီးခဲ့တဲ့နှစ်နှစ်မှာ ရှင့်ရဲ့ကျင့်ကြံမှုက အရင်ကထက်စာရင် ပိုမို လျင်လျင်မြန်မြန် တိုးတက်လာတယ်လို့ မထင်ဘူးလား”

ရှောင်ရှန်း၏အကြည့်က ပိုမို နက်မှောင်သွားသည်။ “မင်းက လျှာစ အာစပြင်းနေတုန်းပဲ၊ ကောင်းတယ်၊ အဲ့တာကြောင့်ပဲ ငါက မင်းကို ကြိုက်နေတာ”

“သိပ်မကြာခင် မင်းနဲ့ ငါနဲ့ အတိတ်အကြောင်းတွေ ပြောဖို့ အချိန်အများကြီး ရှိလာမှာပါ”

“မင်းဘေးမှာ ရပ်နေတဲ့သူက မင်းကို ကာကွယ်နိုင်မယ်လို့ တကယ် ယုံနေတာလား၊ အဲ့တာကြောင့် အေးအေးဆေးဆေးနဲ့ မကြောက်ဘဲ ဖြစ်နေတာလား၊ ဒီလိုဆိုရင်တော့ မင်းအမြင်တွေ မှားနေပြီပဲ”

ရှောင်ရှန်း၏စကားကို ကြားသောအခါ ရန်ကျောက်ကဲက ငေါ့တော့တော့ ရယ်မောလိုက်သည်။ “မင်း ဖျက်စီးလိုက်တဲ့ နေသူတော်စင်ရုပ်သေးရုပ်က မင်းကို ကောင်းကင်ကနေကြည့်နေတယ်”

ဤသည်ကို ကြားလျှင် ရှောင်ရှန်း ဒေါသမထွက်သွားပေ။ ထိုအစား ခေါင်းငြိမ့်လိုက်သည်။ “မဆိုးဘူး ရန်ကျောက်ကဲ၊ မင်းလည်း အရည်အချင်းတချို့တော့ ရှိသားပဲ”

“အတိတ်တုန်းက ငါ မင်းကို လျော့တွက်ခဲ့တယ်လို့ ဝန်ခံရမှာပဲ”

“ဒါပေမယ့် အရင်တုန်းက ငါ့ကို နည်းနည်းလေးအသာရတာနဲ့ပဲ ငါ့ကို မင်း အနိုင်ရတယ်လို့ ထင်နေတာလား၊ အဲ့လိုဆိုရင်တော့ အခြားသူတွေတင် မကဘူး မင်းကိုယ်မင်းပါ လှည့်စားနေတာပဲ”

ထိုစကားများကို ပြောရင်း ရှောင်ရှန်းသည် မူလနေရာ၌ မြဲမြံစွာ ရပ်လျက် အင်အားကြီးသော အရောင်အဝါတစ်ခု စတင် ထုတ်လွှတ်လိုက်သည်။

ထိုအရောင်အဝါသည် အပြင်သို့ ရောက်သည်နှင့် သတ္ထုရောင်ဖျော့ဖျော့ လင်းလက်နေပြီး တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမိုတောက်ပလာသည်။

ထိုခဏတွင် ရှောင်ရှန်း၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရွှေရောင်စက်ဝိုင်းဖြင့် ဝန်းရံထားသည်ဟု ထင်ရသည်။

နောက်အခိုက်အတန့်အတွင်း နေရောင်ဖြင့် ပြုလုပ်ထားသော မရေမတွက်နိုင်သည့် ရွှေရောင်ဓားများကဲ့သို့ ရွှေရောင်အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်ပတ်ပျံသန်းနေသည်။

ရွှေရောင်အလင်းတန်းများသည် ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းတို့၏ ခေါင်းပေါ်မှ ကျော်ဖြတ်ပျံသန်းသွားပြီး ခြေလှမ်းတစ်ရာခန့်အကွာအဝေးသို့ ချက်ချင်း ရောက်ရှိသွားသည်။

စူးရှသောအသံများ ထွက်ပေါ်လာပြီး ထိုရွှေရောင်အလင်းတန်းများသည် တောင်စောင်းနှင့်  မြေပြင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်သွားကြရာ ရန်ကျောက်ကဲ နောက်မှ  တောင်ကြားတစ်ခုလုံးသည် ထောင်ပေါင်းများစွာသော  နက်ရှိုင်းသည့် အပေါက်ငယ်ကလေးများနှင့် ပြည့်နှက်သွားသည်။

ရွှေရောင်အလင်းတန်းများက တောင်ကြားနှင့် မြေပြင်ထဲတွင် ဆက်လက် တည်ရှိနေကာ အချိန်အတန်ကြာသည့်တိုင် မပျောက်ကွယ်သွားသေးပေ။

၎င်းတို့မှာ တကယ့် လက်နက်များဖြင့် ပြုလုပ်ထားသော ကြိုးဝိုင်းတစ်ခုကဲ့သို့ စက်ဝိုင်းပြတ်သဏ္ဌာန်ဖြင့် ရန်ကျောက်ကဲနှင့် အခြားသူများကို အလယ်မှ ဝိုင်းရံပိတ်ဆို့ထားသည်။

ရန်ကျောက်ကဲ နောက်မှ အနက်ရောင်ဝတ် ကျင့်ကြံသူအားလုံး မျက်မှောင်ကုပ်မိကြသည်။

ရှောင်ရှန်း၏ကြယ်တာရာချီသည် အပြင်ဘက် ခြေလှမ်းတစ်ရာအကွာအထိ မပျောက်ကွယ်ဘဲ တည်ရှိနေသည့်အပြင် လက်နက်သဏ္ဌာန်ဖွဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

ခုခံသော နေရာ၌ဖြစ်စေ တိုက်ခိုက်သော နေရာ၌ဖြစ်စေ ၎င်းသည် အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့် သိုင်းပညာရှင်များ၏ ကြယ်တာရာချီ အပြင်သို့ ထုတ်ဖော်သည်ထက် အဆင့်တစ်ဆင့်လောက် မြင့်မားလေသည်။

အနိမ့်ဆုံး အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့် သိုင်းပညာရှင်များမှသာ ထိုသို့ လုပ်နိုင်ပေသည်။

အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်တွင် ကြယ်တာရာချီကို သဏ္ဌာန်ဖွဲ့လာနိုင်ကာ ယင်းသဏ္ဌာန်ဖွဲ့ထားသော ကြယ်တာရာချီကို ထိန်းချုပ်၍ အဝေးမှ တိုက်ခိုက်နိုင်သည်။ ထိုသဏ္ဌာန်ဖွဲ့ထားသော ကြယ်တာရာချီသည် ခြေလှမ်းတစ်ရာအကွာအဝေးသို့ ချက်ချင်းဆိုသလို ရောက်ရှိနိုင်ကာ တစ်ဖက်လူအဖို့ လွှတ်မြောက်ရန် ခက်ခဲလှသည်။

ထို့ပြင် ဤအရာကား မပြီးဆုံးသေးပေ။ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရှောင်ရှန်း၏ခန္ဓာကိုယ်က မြေပေါ်မှ ကြွလာပြီး လေထဲသို့ မြောက်တက်သွားကာ အတော်မြင့်မြင့် ရောက်မှ ရပ်တန့်သွားသည်။
သူ့ခြေထောက်အောက်တွင် မည်သည့်အရာမျှ မရှိဘဲ လေပေါ်တွင် ရပ်နေနိုင်လေသည်။

၎င်းမှာ အပြင်ပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့်များ၏ ဝိသေသတစ်ရပ်ဖြစ်သည်။

အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်များထက် ကြယ်တာရာချီကို ပိုမို အသေးစိတ်ကျကျသန့်စင်နိုင်မှသာ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်သို့ ရောက်နိုင်ပေသည်။ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ရောက်လျှင် သူတို့ ကြယ်တာရာချီကို လိုသလို ထိန်းချုပ်နိုင်ကာ လေပေါ်တွင် ခေတ္တမျှ ရပ်နေနိုင်သလို အချိန်အနည်းငယ်မျှ ပျံသန်းနိုင်သော စွမ်းရည်များ ရရှိလာသည်။

ဤကဲ့သို့ စွမ်းရည်မျိုး မပိုင်ဆိုင်သေးသော ရန်သူများနှင့် ရင်ဆိုင်ရလျှင် ရှောင်ရှန်းသည် ဘယ်တော့မှ မရှုံးနိမ့်နိုင်ဟုပင် ဆိုနိုင်လေသည်။

လွယ်လွယ်လေးပင်၊ သူ ရန်သူကို အနိုင်မယူနိုင်လျှင် လေပေါ်ပျံပြေးလိုက်ရုံပင်။ သူ့ပြိုင်ဘက်မှာ သူ့ကို လက်မှိုင်ချကာ ကြည့်နေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ပေ။

သူ့ရန်သူက ချီကို သဏ္ဌာန်ဖွဲ့ကာ အဝေးမှ တိုက်ခိုက်နိုင်လျှင်လည်း ကိစ္စမရှိ။ တစ်ဖက်လူ၏ ချီသဏ္ဌာန်ဖွဲ့လက်နက်များသည် ခြေလှမ်းတစ်ရာအကွာအဝေးသို့ ရောက်နိုင်သော်လည်း အသုံးပြုသူနှင့် နီးကပ်လေ ပိုမို စွမ်းအားကြီးလေဖြစ်သည်။

ရှောင်ရှန်းက တစ်ဖက်လူနှင့် အကွာအဝေး ခွာထားသဖြင့် နှစ်ဖက်မှ ချီသဏ္ဌာန်ဖွဲ့လက်နက်များ ထိပ်တိုက်ရင်ဆိုင်တွေ့သောအခါ သူနှင့် ပိုမိုနီးကပ်သဖြင့် သူကသာ အသာစီးရလေသည်။

ယခင် သစ်သားရုပ်သေးရုပ်ကို အသုံးပြုကာ ရန်ကျောက်ကဲနှင့် ယှဉ်ပြိုင်ခဲ့စဉ်က ရှောင်ရှန်းသည် ခြေကျင်းခတ်၍ ယှဉ်ပြိုင်နေရသလို ဖြစ်ခဲ့၏။ သူ့ တကယ့် စွမ်းရည်ကို ပြသခွင့်မရခဲ့ပေ။

သို့သော် လက်ရှိအချိန်တွင် သူ၏အပြင်ပိုင်းကြယ်တာရာချီနှောင်းအဆင့်စွမ်းအားကို အမှန်တကယ် ထုတ်ဖော်ပြသနေလေပြီ။ ထိုအဆင့်က ရန်ကျောက်ကဲ၏အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘာပေါင်းများစွာ ကွာခြားသည်။

အဆင့်ကြားကွာခြားမှုက ထင်သလောက် မရိုးရှင်းပေ။

လေထဲတွင် ရပ်ရင်း ရှောင်ရှန်းသည် ရန်ကျောက်ကဲကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။

“မင်းရဲ့ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်ကို ငါ့ရဲ့အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်နဲ့ တိုက်ခိုက်မယ်ဆိုရင် မင်း ကျေနပ်လောက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းက ဖန်မူကီနဲ့ ပတ်သတ်ပြီး ဝင်နှောက်ယှက်ရင်တော့ ငါ့အဆိုးမဆိုနဲ့”

“မင်းတို့ဝါဒတောင်ဂိုဏ်းက စီနီယာမျိုးဆက် တစ်ယောက်ရောက်နေရင်တောင် စည်းမျဉ်းက အတူတူပဲ”

“နေသူတော်စင်ဂိုဏ်းက ထွက်ပြေးလာတဲ့ တပည့်ကို ခိုလှုံခွင့်ပေးချင်ရင် မင်းနဲ့ ငါ့အကြား တိုက်ပွဲက သာမာန်သိုင်းပညာဖလှယ်ရုံလောက် မဟုတ်တော့ဘူး”

ရန်ကျောက်ကဲကို ငုံ့ကြည့်ရင်း ရှောင်ရှန်း ရုတ်တရက် ပြုံးလိုက်သည်။ “ငါ မင်းကို နေရာမှာတင် အသေမသတ်ဘူးလို့ ပြောလို့မရဘူး”

“မင်း ဖန်မူကီရဲ့ကိစ္စကို ဝင်မနှောက်ယှက်ရင်တောင် ဒီနေ့မှာ ငါ ကစားစရာတွေ အများကြီးပဲ”

“ဂျူနီယာညီလေးချောင်က မင်းနဲ့အတူ အရင်ကစားလိမ့်မယ်”

အဖြူရောင်ဝတ်စုံဝတ်လူငယ်တသိုက် တောင်ကြားထဲသို့ ရောက်လာသည်။ သူတို့အား ဦးဆောင်လာသူမှာ အခြားမဟုတ် နဂါးချုပ်လှောင်ခြင်းချောက်နက်၌ ရန်ကျောက်ကဲ၏အနိုင်ယူခြင်းကို ခံရသော ချောင်ယွမ်လုံဖြစ်သည်။

ရှောင်ယွမ်လုံက ရှည်လျားသော သက်ပြင်းတစ်ချက် ချလိုက်သည်။ “ရန်ကျောက်ကဲ ဒီသခင်လေးက မင်းနဲ့ ထပ်တိုက်ချင်တယ်”

သူ့ခန္ဓာကိုယ်ပတ်လည်တွင် အပ်များနှင့်ဆင်တူသော မျက်စိကျိန်းလောက်သည့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ယခင် နဂါးချုပ်လှောင်ခြင်းချောက်နက်၌ ချောင်ယွမ်လုံသည် သူ့ကြယ်တာရာချီကို ထုတ်ဖော်လိုက်စဉ်က သူ့အောက်မှ မြေကြီးများ ကြေမွအက်ကွဲသွားခဲ့သည်။

ယခု သူ့ကြယ်တာရာချီ မြေကြီးနှင့် ထိတွေ့သော နေရာတွင် အပ်များ ထိုးစိုက်ခံရသည်နှင့်တူသော မရေမတွက်နိုင်အောင် သိပ်သည်းသော အပေါက်များကျန်ခဲ့ကာ  ထိုအပေါက်များသည် ပုရွက်ဆိတ်အသိုက်၊ ပျားအုံနှင့်ပင် ဆင်တူနေသည်။

ကြယ်တာရာချီထုတ်လွှတ်လိုက်သောအခါ တောက်ပလာသည့် အပ်အလင်းများနှင့် ၎င်းတို့၏ ထိုးဖောက်နိုင်သည့်စွမ်းအားက ယခင်ကနှင့်မတူ ခြားနားသော အဆင့်တစ်ခုသို့ ရောက်နေလေပြီ။

ဤတစ်ကြိမ်တွင် ချောင်ယွမ်လုံကို ဝန်းရံထားသော မရေမတွက်နိုင်သည့် အပ်အလင်းများတွင် သတ္တရောင်ဖျော့ဖျော့ပါ ထုတ်လွှတ်လျက်ရှိသည်။

ထင်ရှားစွာပင် ချောင်ယွမ်လုံသည် အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ ရောက်သွားလေပြီ။

ဖန်းယွမ်ရှန်းက ချောင်ယွမ်လုံကို မျက်ခုံးပင့်လျက် ကြည့်လိုက်သည်။ “ဒါက နေနတ်ဘုရားအပ်တွေအကုန်လုံးကို နင့်ခန္ဓာကိုယ်ပေါ် စိုက်၊ နင့်ကြယ်တာရာချီကို အတင်းအကြပ် သန့်စင်ပြီးမှ ကြယ်တာရာချီကို အပြင်ကို ထုတ်လွှတ်နိုင်တာမလား”

ရန်ကျောက်ကဲ၏မျက်နှာက ပြုံးသယောင်ယောင်သန်းသွားသည်။ “ငါ အဲ့တာကို အရင်ကလည်းကြားဖူးတယ်၊ ဒါပေမယ့် ငါ မှတ်မိတဲ့အတိုင်းဆို ဒီနည်းလမ်းရဲ့ အားနည်းချက်က ဒီနည်းလမ်းအသုံးပြုစဉ်မှာ သေချင်စိတ်ပေါက်သည်အထိ စူးရှတဲ့ နာကျင်ကိုက်ခဲမှုတွေကို နေ့ရောညပါ ခံရမယ်၊ ပြီးတော့ အနာဂတ်မှာ ကျင့်ကြံတဲ့အမြန်နှုန်းကလည်း သိသိသာသာ လျော့ကျသွားမယ်”

ချောင်ယွမ်လုံက အရေးမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ “မင်းဆီက အရှက်ရတာနဲ့ နှိုင်းယှဉ်ရင် ဒီနာကျင်မှုသေးသေးလေးက ဘာအရေးကြီးလဲ”
“ဒီအရှက်ရမှုကို လက်စားမချေနိုင်ခဲ့ရင် ဒီသခင်လေး လူမဟုတ်တော့ဘူး”

ထိုသို့ ပြောပြီး ချောင်ယွမ်လုံသည် ရန်ကျောက်ကဲထံသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်လျှောက်လှမ်းလာသည်။

ရန်ကျောက်ကဲ မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူ့ဝတ်ရုံညာဘက်လက်ကို ရမ်းလိုက်သောအခါ မိုးပြာရောင်အလင်းတစ်ခုက လျှပ်စီးကဲ့သို့အလျင်ဖြင့်  ထွက်ပေါ်လာသည်။

“အင်္ကျီလက်အိုးထဲက မိုးပြာရောင်နဂါး၊ ကောင်းတယ်” ချောင်ယွမ်လုံက ကျယ်လောင်စွာ အော်ဟစ်မာန်သွင်းလိုက်ပြီး သူ့လက်နှစ်ဖက်ကို ရှေ့သို့ ရုတ်တရက် ဆန့်ထုတ်လိုက်သည်။

သို့သော် ၎င်းမှာ ကောင်းကင်နတ်ဘုရားလက်ဝါးမဟုတ်ပေ။

သူ့၏အပ်နှင့်တူသော ရွှေရောင်ကြယ်တာရာချီက ပျော့ပြောင်းနူးညံ့လာပြီး မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်အပ်ချည်များသဖွယ် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ရွှေရောင်အပ်ချည်များသည် ထောင်ပေါင်းများစွာသော မြွေများ သူတို့အသိုက်မှ ထွက်လာသည့်နှယ် တွန့်ကာ လိမ်ကာဖြင့် မိုးပြာရောင်ဓားအလင်းကို ရစ်ပတ်လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲ၏ဓားအလင်းက တစ်ချက် တုန်ခါလျက် မရေမတွက်နိုင်သော မိုးပြာရောင်ဓားအလင်းတန်းများအဖြစ် ကွဲထွက်သွားကာ ရွှေအပ်ချည်များကို ဖြတ်တောက်ပစ်သည်။

သို့သော် ထိုအပ်ချည်များသည် အဆုံးရှိပုံမရဘဲ သူ့ဓားအလင်းတန်းများကို အဆက်မပြတ် ရစ်ပတ်နေကာ နောက်ဆုံးတွင် သူ့ဓားသိုင်းမှစွမ်းအားကို ချေဖျက်ပစ်လိုက်လေသည်။

ချောင်ယွမ်လုံ၏သိုင်းအသစ်ကို ဂရုတစိုက် ကြည့်ရင်း ရန်ကျောက်ကဲ၏နှုတ်ခမ်းများ တွန့်လိမ်သွားသလို သူ့မျက်နှာကလည်း အနည်းငယ် ထူးဆန်းသွားသည်။

ချောင်ယွမ်လုံက အေးစက်စွာ ပြောလိုက်သည်။ “မင်းက အပြင်ပိုင်းကြယ်တာရာချီအဆင့်ကို ဒီသခင်လေးထက် စောပြီး ရောက်တယ်ဆိုတာ ဒီသခင်လေးသိတယ်၊ ဒါပေမယ့် ဒီသခင်လေးကလည်း နေနတ်ဘုရားအပ်တွေကို ခန္ဓာကိုယ်ထဲ အနာခံသွင်းပြီး အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်အဆင့်ကို ဝင်ရောက်နိုင်ခဲ့တာပဲ”

“အဲ့လိုဒုက္ခခံတာတွေ အားလုံးက မင်းရဲ့အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးကို နှိပ်ကွပ်နိုင်မယ့် ဒီသိုင်းပညာကို လေ့ကျင့်ချင်လို့ပဲ”

“ဒီနေ့ မင်းနဂါးတော့ သေပြီသာမှတ်”


Comment

Leave a Reply

Options

not work with dark mode
Reset