Switch Mode

Chapter 1205

ထွက်ပြေးနိုင်မှာလား

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

*ချွန်းယန်အဆင့် လက်နက်တွေတောင် ဒီမိစ္ဆာကောင်ကို မသတ်နိုင်ဘူးလား*

လက်ရှိအချိန်တွင် လူတိုင်းသည် သည်းခြေပျက်မတတ် ကြောက်ရွံ့စိတ်ကို ခံစားမိနေ၏။ သူတို့၏ ခြေထောက်များက အပြင်းအထန် တုန်ယင်နေသည်။

အစပိုင်း၌ သူတို့သည် ယဲ့ဖန်နှင့် လုံရှာတို့က ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟုသာ သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါ၌ ဤမိစ္ဆာနှစ်ကောင်ကို ရန်စရဲသည့် လုံမိသားစုကိုသာ စိတ်လွတ်နေသည်ဟု ထင်လာကြ လေသည်။

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်သည် နေရာ၌ ဂုဏ်ယူစွာ ရပ်နေပြီး မျက်လုံးများက တောက်ပနေကာ သူ့တစ်ယောက်တည်း၌သာ ရှိနိုင်သော အရှိန်အဝါတစ်မျိုးလည်း ထွက်နေသည်။

သူ၏ ထူထဲနက်မှောင်သော ဆံပင်များက လေနှင့်အတူ ယိမ်းနေပြီး မပြောပြတတ်သော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသဖြင့် လောကကို စိုးမိုးနိုင်သည့် နတ်ဆိုးတစ်ကောင်၏ အမူအရာမျိုး ထွက်ပေါ်နေလေသည်။

အခြားသူများကို ဒူးထောက် အရှုံးပေးအောင် လုပ်နိုင်သည့် ဤသို့သော လူမျိုးက ယဲ့ဖန်ရှေ့၌ အညံ့ခံသည်ကို ယုံရခက်လှသည်။ ထိုသို့ စဉ်းစားမိသည်နှင့်အတူ လူတိုင်း၏ ယဲ့ဖန်အ‌ပေါ် ကြောက်စိတ်က ပို၍ တိုးလာသည်။

“သတ်ဖြတ်ခြင်း နတ်ဆိုးသခင် မင်း ဘယ်အချိန်ထိ ကစားနေဦးမှာလဲ”

ယဲ့ဖန်က ချက်ချင်း ကြိမ်းမောင်းလာသည်။ သူ သိပ်စိတ်မရှည်တော့မှန်း သိသာနေသည်။ ထိုစကားကိုကြားပြီး လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားပြီး ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် ခံစားလိုက်ရသည်။

*ကစားတယ်*

*ဒီလူက တကယ် ကစားနေတာလား*

*သူက ဒီလုံမိသားစုကို ကျီစယ်နေတာလား*

လုံမိသားစုဝင် သိုင်းပညာရှင်များတောင်မှ မှင်တက်သွားရသည်။

*ကစားတယ်*

*ယဲ့ဖန် အတည်ပြောနေတာလား*

ဘေးနားမှ စုန့်ကျဲရင် မျက်နှာ ပြာနှမ်းနေပြီး သူမရှေ့မှ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကို ငေးကြောင်၍ ကြည့်နေမိပြီး ယခု သူက မည်မျှ ထူးဆန်းနေကြောင်း အဖြေရှာနေမိလေသည်။

ရက်စက်သည်၊ ပြတ်သားခက်ထန်၏။ သူသည် ယခင်က လုံရှာနှင့် လုံးဝ ခြားနားနေ၏။ ထိုစဉ် သူမ၌ မည်သို့သော ကံကြမ္မာမျိုး ရှိနေသလဲဟု သတိပြုမိသွားပြီး အောင့်သက်သက် ပြုံးလိုက်မိသည်။

သူမ ခင်ပွန်းသည် ရွေးချယ်မှု မှားခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း သူမ လောင်းကြေးရှုံးခဲ့သည်။ ယခုတစ်ခေါက် ပေးဆပ်ရမည့် တန်ကြေးက အရာအားလုံး ဆုံးရှုံးသွားခြင်းပင်။

“တောင်းပန်ပါတယ်၊ အရှင် စောင့်ရတာ စိတ်မရှည်တော့ဘူးဆိုတော့ ကျုပ် သူတို့ကို အခု သေခိုင်းလိုက်ပါ့မယ်”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ညစ်ကျယ်ကျယ်ပြုံး၍ ရှေ့သို့ တက်သွားသည်။ သူ့ထံမှ ပျံ့လွင့်လာသည့် လူသတ်လိုသည့် အငွေ့အသက်ကြောင့် အားလုံး တုန်လှုပ်နေ၏။

*ခက်ထန်တဲ့ နတ်ဘုရား ရောက်လာသလိုပဲ*

လက်ရှိတွင် လူတိုင်း၏ အကြည့်များက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ထံ၌သာ ရှိနေပြီး ရင်တဒိန်းဒိန်းခုန်ကာ ဗျာများနေကြသည်။

တည်ငြိမ် လေးနက်လာသည့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ခွန်အားက မည်မျှ ကြောက်စရာကောင်းသလဲ ဆိုသည်ကို သူတို့အားလုံး သိချင်နေလေသည်။

“သတ်”

လုံမိသားစုဝင်များသည် သံပြိုင်ညာသံပေးကာ အရေးမပါသော စကားများ ပြောမနေတော့ချေ။ သူတို့သည် တိုက်ခိုက်ရင်း မသေလျင်လည်း အသတ်ခံရမှာပင်။

လူသတ်ချင်သော အငွေ့အသက်များက ပင်လယ်တစ်ခုသဖွယ် များပြားလာပြီး အခြေအနေက ပိုမိုတင်းမာ၍ ကြောက်စရာ ကောင်းလာ၏။

လူတိုင်း ရေခဲဂူထဲ ကျသွားသကဲ့သို့ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ နေရခက်လာကြသည်။ သေခြင်းရှင်ခြင်း တိုက်ပွဲအစစ် စတင်တော့မည် ဖြစ်ကြောင်း သူတို့ ရိပ်စားမိနေသည်။

လူလေးယောက် ပြိုင်တူ ပြေးတက်လာပြီး လေးယောက်လုံးက ဆုံးဖြတ်ချက်ချထားသည့် မျက်နှာထားမျိုး ဖြစ်နေသည်။ ထိုစဉ် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ခန္ဓာကိုယ်ထံမှ လျှပ်စီးကဲ့သို့သော အသံတစ်သံ ထွက်ပေါ် လာပြီး တာအိုသဘောတရားများ ပျံ့လွင့်လာလေသည်။

သူသည် အရှေ့မှလူထံသို့ ပြေးဝင်သွားပြီး လက်ဆန့်ထုတ်လိုက်သည်။ လေဟာနယ် တုန်ခါလာပြီးနောက် တစ်ဖက်လူထံသို့ ပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာ၏။ ထိုသူသည် တစ်ခုခု မှားနေပြီဖြစ်ကြောင်း သတိပြုလိုက်မိသော်လည်း နောက်ကျသွားလေပြီ။

“မဟုတ်ဘူး”

အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ လုံမိသားစုဝင်၏ ခန္ဓာကိုယ် လွင့်ထွက်သွားလေသည်။ သေချာကြည့်မည်ဆိုလျင် ထိုသူ အသားပြားကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်တာလား*

လူတိုင်း၏ အမူအရာများက လေးလံသွားပြီး ကြက်သေ သေနေကြသည်။ ဤမြင်ကွင်းက သူတို့အား ချောက်ချား သွားစေသည်။

*ဒါ လုံရှာရဲ့ ခွန်အားအပြည့်အစုံလား၊ လူတစ်ယောက်ကို ဘာသိုင်းပညာမှမသုံးဘဲ တစ်ချက်တည်းနဲ့ ရိုက်သတ် နိုင်တယ်ပေါ့*

“လုံရှာ‌ သေပေတော့”

ထိုစဉ် လုံမိသားစု အကြီးအကဲ သုံးယောက်က ပြိုင်တူ ပြေးဝင်လာပြီး နောက်ဆုံးသိုင်းကွက်များ ထုတ်သုံး လာသည်။

နူထျန်းရှစ်အာသည် တစ်ဖက်ကမ်းခတ် ဓားသမားဖြစ်ပြီး လောကထဲရှိ လူများစွာတို့ကို သတ်ဖြတ်ခဲ့ကာ ကျုံးကျိုးအင်ပါယာ၏ ထိပ်တန်း ဓားသမား ဆယ်ယောက်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။

အကြီးအကဲ တောင်ကွေသည် တစ်ချိန်က ဓားတစ်လက်ဖြင့် တောင်ကိုခွဲ၍ မြစ်ကိုခွင်းခဲ့သလို ချွင်းယန် အဆင့်ကိုပင် တုန်လှုပ်အောင် လုပ်နိုင်ခဲ့သည်။ ဓားတစ်လက်တည်းဖြင့် ခေါင်းဖြတ်ခြင်းအား သူ အကျွမ်းကျင် ဆုံးပင်။

စွေ့ရှစ်ခုန်ရွှေသည် လက်ဆယ်ချောင်းအား နှစ်တစ်ရာနီးပါး လေ့ကျင့်ခဲ့သူ ဖြစ်သည်။ သူသည် ရန်သူအား လက်ချည်းဗလာဖြင့် နှိပ်စက်သတ်ဖြတ်ခြင်း၌ ကျွမ်းကျင်သည်။ သူ့လက်ထဲ၌ သေသွားရသည့် ရန်သူများ အားလုံးသည် မည်သို့ သေသွားရမှန်း မသိလိုက်ဘဲ ဆိုးရွားစွာ အသတ်ခံခဲ့ရသည်။

သူတို့ထဲတွင် နဂါးအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေသူပင် ပါလေသည်။ ထိုလူ သုံးယောက်သည် သူတို့၏ နောက်ဆုံးသိုင်းကွက်များဖြင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ခန္ဓာကိုယ်အား ပေါက်ကွဲစေရန် ကြိုးစားနေ ကြသည်။ သူတို့၏ အဖျက်စွမ်းအင်က ကြောက်စရာကောင်းလှသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း မျက်နှာပြာနှမ်းလာပြီး သနားကရုဏာစိတ် ဝင်လာကြသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ပင်ကိုစွမ်းရည်အရ နောင်တွင် ထင်ရှားသောလူတစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင်။

သို့သော် သူ မည်မျှ သန်မာနေပါစေ နဂါးအသွင်ပြောင်းခြင်းအဆင့်နှင့်အထက် ရှိနေသူ သုံးယောက်၏ တိုက်ကွက်များကို တစ်ပြိုင်တည်း ခုခံတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“ဒါ လုံရှာရဲ့ အဆုံးသတ်ပဲ”

“ကစားတယ် ဟုတ်လား၊ ဒါ ငါတို့ကို အထင်သေးတဲ့ ရလဒ်ပဲကွ”

နဂါးအသွင်ပြောင်းခြင်းအဆင့် သုံးယောက်သည် သူတို့ကြောင့် တစ်ဖက်လူ တစ်စစီ ဖြစ်သွားပြီဟု မြင်ယောင်ကာ ဝမ်းသာသော မျက်နှာထားများ ဖြစ်နေကြသည်။

“ဝုန်း”

သို့သော် ထိုအခိုက်တွင် မှင်တက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။ သူတို့သုံးယောက်၏ တိုက်ကွက်များက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ပေါ် ကျရောက်လာသော်လည်း သူက ဘာဒဏ်ရာမှ မရချေ။

သူသည် နေရာ၌ ရပ်မြဲရပ်၍ ထည်ဝါသော ဘုရင်တစ်ပါးကဲ့သို့ သက်ရှိများအား အထင်သေးစွာ ကြည့်နေ၏။ သူသည် သူတို့သုံးယောက်၏ အားကုန်သုံးထားခြင်းကို ခနဲ့နေသကဲ့သို့ ဖုံးကွယ်ခြင်းမရှိဘဲ လှောင်ပြုံး ပြုံးနေလေသည်။

“မင်း ဘာလို့ မသေတာလဲ၊ မင်း ဘာလို့ မသေရတာလဲ”

နူထျန်းရှစ်အာ ရူးမတတ် ဖြစ်နေပြီး သူ တတ်မြောက်ထားသော ဓားကွက်အားလုံးကို ထုတ်သုံး၍ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား ညှာတာခြင်းကင်းမဲ့စွာ ခုတ်ပိုင်းနေ၏။ ဒေါင်ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မီးပွားများ လွင့်စဉ်လာရသည်။ ဤအဖြစ်ကြောင့် လူတိုင်း ကြက်သီးမွေးညင်း ထလာ၏။

“ငါ အရှင် နတ်ဆိုးဧကရာဇ် လက်အောက်က နတ်ဆိုးသခင် လေးပါးထဲက တစ်ပါးဖြစ်တဲ့ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ပဲ၊ သူ ငါ့ကို သေခွင့်မပေးရင် ငါ ဘယ်လိုလုပ် သေနိုင်မှာလဲ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က တစ်ဖက်လူ၏ မသိနားမလည်မှုကို ခနဲ့နေသည့် သရော်ပြုံးမျိုး ပြုံးနေလေသည်။ ယဲ့ဖန် ရှိနေလျင် သူ သေသွားလျင်တောင်မှ အကြိမ်ပေါင်းများစွာ ပြန်ရှင်နိုင်၏။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် ငရဲဘုံ၏ အရှင်သခင် ဖြစ်သောကြောင့်ပင်။ သေခြင်းတရားက သူ၏ ထိန်းချုပ်မှုအောက်၌သာ ရှိပေသည်။

“အရှင်နတ်ဆိုးဧကရာဇ်လား”

ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာပြန်သည်။

*အရာအားလုံးက ယဲ့ဖန်ကြောင့်ပဲ*

*ယဲ့ဖန်ကြောင့်သာ မဟုတ်ရင် လုံရှာလည်း အမှိုက်ကောင်ကနေ သိုင်းပညာရှင် ဖြစ်လာမှာ မဟုတ်ဘူး*

*သူ့ကြောင့်သာ မဟုတ်ရင် နဂါးအသွင်ပြောင်းခြင်းအဆင့်ကလူကို စက္ကန့်ပိုင်းလေးနဲ့ သတ်နိုင်မှာ မဟုတ်ဘူး*

ယဲ့ဖန်ကို ကြည့်နေသော အကြည့်၌ အထင်ကြီး လေးစားသော အရိပ်အယောင်များ ပြည့်နှက်လာ၏။ ယခုအချိန်တွင် ယဲ့ဖန်အား အရာအားလုံးကို ဖန်ဆင်းနိုင်သည့် နတ်ဘုရားအဖြစ် ထင်မှတ်လာကြသည်။

“ယဲ့ဖန် သောက်ကောင်၊ အားလုံးက မင်းကြောင့်ပဲ”

နူထျန်းရှစ်အာက ဒေါသတကြီးဖြင့် ယဲ့ဖန်ရှိရာသို့ ပြေးဝင်လာ၏။ အရာအားလုံးက ယဲ့ဖန်ကြောင့်ပင်။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် လုံမိသားစု အရှက်ကွဲမည် မဟုတ်သလို ယနေ့ကဲ့သို့သော အန္တရာယ် အခြေအနေ မျိုးနှင့်လည်း ရင်ဆိုင်ရမည် မဟုတ်ပါ။ သူ ရူးသွပ်သွားလေပြီ။

“ရွှစ်”

သို့သော် တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က အေးခဲတောင့်တင်းသွားလေသည်။ လက်တစ်ဖက်က သူ့ရင်ဘတ်ကို ထိုးဖောက်၍ နှလုံးသားအား အားဖြင့် ဖျစ်ညှစ်လာ၏။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သူ့နောက်၌ ရပ်နေပြီး အပြုံးကြီး ပြုံးနေသည်။

“ဟေ့ … ဟေ့ မင်းကို ဘယ်သူက ငါတို့ဘုရင်ကို အန္တရာယ်ပြုခွင့် ပေးထားလို့လဲ”

“အစ်ကိုကြီး ပြေးတော့ ဝေးဝေးပြေးတော့”

သူတို့ မနိုင်နိုင်ပါ။ ဤသည်မှာ တိုက်ပွဲမဟုတ်ဘဲ သတ်ပွဲတစ်ခုသာ ဖြစ်သည်။ တစ်ဖက်လူက သူတို့အား အကြီးအကျယ် နင်းချေနိုင်နေ၏။

ယဲ့ဖန်က နောက်ပြောင်သကဲ့သို့ ပြန်ပြောလိုက်သည်။

“ပြေးနိုင်လို့လား”

သူ မချိပြုံး ပြုံးလိုက်မိပြီး မလှမ်းမကမ်းသို့ မထူးခြားနားဟန်ဖြင့် ကြည့်နေသော ယဲ့ဖန်ကို စိုက်ကြည့်လိုက် ပြီးနောက် မျှော်လင့်ချက်မဲ့စွာ ပြုံးလိုက်မိသည်။

“ငါတို့ ပြေးနိုင်ပါ့မလား”

Comment

Leave a Reply

Options

not work with dark mode
Reset