“ပွဲသိမ်းပြီ၊ ဒီကောင်လေးနဲ့ ဟွမ်ထျန်းချန်တို့ ဇာတ်သိမ်းပြီ၊ ဒီလောက် လက်နက်အပြည့်အစုံပါတဲ့ အင်အားနဲ့ ရောက်လာတာကို၊ ဟွမ်မိသားစု တစ်ခုတည်းနဲ့ သူ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ”
“အဲ့ကောင် အစတုန်းက ဒူးထောက်ပြီး တောင်းပန်ရင်တောင် အဆင်ပြေလောက်တယ်၊ သူ မောက်မာလွန်း နေတာက စိတ်ပျက်စရာပဲ၊ အခုတော့ သူ့ဇာတ်နဲ့သူ သွားတော့မယ်”
ဝူချီဖုန်း မလာခင်ကတည်းက ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူတို့ သိနေသည်။ ယခု ဝူချီဖုန်း၏ အင်အားကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးနောက် သူတို့၏ အတွေးက ပိုသေချာလာ၏။
ဝူချီဖုန်းကဲ့သို့ လူစားမျိုးအား တစ်ခါ ကြည့်မိသည်နှင့် မလေးစားဘဲ မနေနိုင်သလို သူ့အား တစ်ချက်ကလည်းမှ မခုခံနိုင်ပေ။
မည်သူက ဝူချီဖုန်း၏ ရန်သူ ဖြစ်ချင်ပါမည်နည်း။
“အဖေ ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်၊ ကြည့်ပါဦး သူတို့ ကျွန်တော့်ကို ဘယ်လို ဆော်ခဲ့လဲလို့”
ဝူကျောယိုက သူ့ဖခင် ရောက်လာသည်ကို မြင်သည်နှင့် အော်ငို၍ ဝမ်းနည်းကြေကွဲစွာ ပြောလေသည်။
“ဦးလေးဝူ ကျွန်တော် ဟဲရှုပါ၊ ဦးလေး ကျွန်တော်တို့အတွက် စီရင်ပေးပါ’
ဟဲရှုကလည်း အော်ပြောလေသည်။ သူ့မိသားစုနှင့် ဝူမိသားစုသည် တော်ဝင် မိသားစုကြီးများ ဖြစ်ပြီး နက်ရှိုင်းသော မိတ်ဆွေ ဆက်ဆံရေး ရှိသည်။
“ပါးစပ်ပိတ်ထား”
သို့သော် ဝူချီဖုန်းက အလွန်စက်ဆုပ်သလို အော်ဟစ်လိုက်ပြီး ဝူကျောယိုအား စိုက်ကြည့်လေသည်။
“အသုံးမကျတံ့သားက နေ့တိုင်း ပြဿနာရှာပြီး ငါ့မျက်နှာ ပျက်အောင် လုပ်တယ်”
လက်ရှိတွင် ဝူချီဖုန်း အတော်လေး စိတ်အခြေအနေ မကောင်းပေ။ သူ့ဆရာက ပိုင်ရွှယ်နှင့် အခြားသူများကို ဖမ်းရန် စေခိုင်းခဲ့သည်။ ရလဒ်မှာမူ သူ စေလွှတ်လိုက်သော အထူးအဖွဲ့များက ချုံးဝူ လက်ဝှေ့ခန်းမနှင့် ငါးကီလို မီတာခန့်တွင် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်နေ့ မနက်၌ သူတို့၏ အလောင်းများကို သူတို့၏ စစ်ဌာနချုပ် တံခါးရှေ့၌ ပြန်တွေ့ခဲ့သည်။
စုံစမ်းစစ်ဆေးမှုတစ်ချို့ ပြုလုပ်ပြီးနောက် ဒုက္ခရောက်အောင် လုပ်နေသည့်လူများက နလန်ရှောင်နှင့် ထန်မိသားစု ဖြစ်သည်ကို သိလိုက်ရသည်။
အကျိုးဆက်က ခန့်မှန်းကြည့်လျင်တောင်မှ သိနိုင်ပေသည်။ ယဲ့မိသားစု ဒုတိယဘိုးဘေး ဒေါသထွက်သွားပြီး သူ့အား အပြင်းအထန် ကြိမ်းမောင်းကာ သူ့အပေါ် စိတ်ပျက်ကြောင်း ပြသလာသည်။ ထို့ကြောင့် သူသည် မိစ္ဆာမျှော်စင်တွင်း ဝင်ရောက်၍ ကျင့်ကြံခွင့် မရတော့ချေ။
ဝူချီဖုန်းသည် အမြဲတမ်း အတော်ဆုံး ဖြစ်ခဲ့သည်။ သူ ဘယ်အရာကိုမဆို ဆောင်ရွက်တိုင်း အမှား မလုပ်ခဲ့ပေ။ သို့သော် ယဲ့ဖန်နှင့် တွေ့ရသောအခါ သူ အမှားအယွင်း လုပ်ခဲ့မိပြီး ကောင်းသောအရာများ ဖြစ်မလာတော့ပါ။
ယခု သူ၏ အသုံးမကျသောသားက နေရာတိုင်း၌ သူ့အား ပြဿနာ တက်အောင် လုပ်နေပြီး လက်ရှိတွင် လူသစ်ခန့်ရန် အခက်တွေ့နေကာ သူ၏ ထိပ်တန်းအဖြစ်ဆုံး လက်ရွေးစင် ဆယ်ယောက်ကျော်လည်း အသတ်ခံ လိုက်ရသည်။ ထို့ကြောင့် သူ စိတ်မတိုဘဲ နေနိုင်ပါမည်လော။
အထူးသဖြင့် မိန်းကလေးလို အော်ငိုနေသော ဝူကျောယိုကိုမြင်ပြီး သူကဲ့သို့သော သတ္တိနှင့် ကိုယ်ကျင့်တရား မရှိ၍ သူ ပို၍ စိတ်ပျက်ကာ အရှက်ရမိသည်။
မျိုးဆက် သုံးဆက်အထိ တည်ရှိလာသော သူ၏ ဝူမိသားစု မျိုးဆက်ပြတ်သွားမည်ကိုသာ မစိုးရိမ်ရလျင် သူ ဝူကျောယိုကို ရိုက်သတ်နေလောက်သည်။
သူ့စကားကိုကြားသော် ဝူကျော်ယို ချက်ချင်း ခေါင်းငုံ့သွားသည်။ ရှုကျိုး၌ သူ အခြားမည်သူ့ကိုမှ မကြောက် သော်လည်း သူ့ဖခင်ကိုတော့ သူ ကြောက်ပါသည်။
လူမြင်ကွင်း၌ ဤသို့ ကြမ်းမောင်းခံရသဖြင့် သူ့ဖခင်အပေါ် သူ အရှက်ရသလို ခံစားရကာ သူ့ဖခင်ကို ဒေါသမထွက် ရဲသဖြင့် ယဲ့ဖန်ကိုသာ အပြစ်တင်လိုက်မိသည်။
*ဒါတွေအားလုံးက အဲ့ခွေးကောင်ကြောင့်ပဲ*
*သူ့ကြောင့်သာ မဟုတ်ရင် ငါ ဘယ်လိုလုပ် ဒီလို အဖြစ်ဆိုးပြီး အရှက်ကွဲတာမျိုးနဲ့ ကြုံရမှာလဲ*
ထို့နောက်တွင်မူ မျက်နှာသုန်မှုန်နေသော ဝူချီဖုန်းက ယဲ့ဖန်ဘက် လှည့်ကြည့်လာပြီး သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဟေ့ကောင် ငါ့လူတွေကို သတ်ပြီး ငါ့သားကို ထိခိုက်အောင် လုပ်ခဲ့တာ မင်းလား”
ထိုအခိုက်တွင် သန်မာသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။ ၎င်းအရှိန်အဝါ ပျံ့လွင့်လာသည်နှင့် လူတိုင်း လေထုက အေးခဲလာသလို ခံစားမိသည်။
ဝူချီဖုန်း၏ စကားအဆုံး၌ လူတိုင်း ကျောချမ်းသလို ခံစားလိုက်ရသည်။ ယဲ့ဖန်၏ အဖြေသာ နည်းနည်းလေး လွဲချော်သွားပါက တစ်နေရာလုံး ကျည်ဆံများနှင့် ပြည့်သွားမည့်ပုံပင်။
ထိုစဉ် ယဲ့ဖန်က သူ့ဘက်လှည့်၍ တည်ငြိမ်စွာ ကြည့်လိုက်သည်။ သို့သော် သူ့ထံမှ လူသတ်ချင်သော အရှိန်အဝါကို မခံစားမိပေ။
ဤသည်က ဝူချီဖုန်းကို တအံ့တဩ ဖြစ်သွားစေပြီး မျက်မှောင်ကြုတ်သွားစေသည်။ သူ့ရှေ့မှလူက သာမန်လူ မဟုတ်ကြောင်း မသိစိတ်က ပြောနေ၏။
သူကဲ့သို့ နှစ်ရှည် စစ်သားပင် ဤမျှ လက်နက်အင်အားနှင့် ရင်ဆိုင်ရလျင် ယဲ့ဖန်ကဲ့သို့ မတည်ငြိမ်နိုင်ပါ။ အခြေအနေက အလွန်အမင်း ပြင်းထန်နေလေပြီ။
သို့သော် ယဲ့ဖန် ပြောလာသော စကားက ပတ်ဝန်းကျင် အခြေအနေတစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယဲ့ဖန်က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလာ၏။
“ငါ သူ့ကို ရိုက်ရုံတင် မကဘူး၊ ခဏနေရင် မင်းကို ငါ သတ်မှာ”
လေပင် မတိုက်ခတ်ဘဲ ငြိမ်သွားသလို ခံစားလိုက်ရသည်။ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်ကာ မျက်လုံး အပြူးသားနှင့် ယဲ့ဖန်အား မယုံသလို ကြည့်နေကြသည်။ ယဲ့ဖန်က ဤသို့ ပြောလာလိမ့်မည်ဟု သူတို့ မျှော်လင့် မထားမိပါ။
*ဒီလို သေနတ်ပေါင်းစုံနဲ့ ချိန်ထားခံရတဲ့ အခြေအနေမှာတောင် မင်းက ဘယ်လိုတောင် စစ်သားဘုရင် ဝူချီဖုန်းကို ခြိမ်းခြောက်ရဲတာလဲ*
*ဝူချီဖုန်းကို သတ်မယ် ဟုတ်လား*
*သူ့ယုံကြည်ချက်က ဘယ်က ရလာတာလဲ*
စစ်သားများတောင်မှ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့စိတ်ထဲတွင် ဝူချီဖုန်းသည် စစ်သားဘုရင် ဖြစ်ပြီး စစ်မြေပြင်နှင့် တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းသလို မည်သူ့မှ သူ့ကို ရန်မစရဲဟု သတ်မှတ်ထားလေသည်။
*နာမည်တောင် မသိတဲ့ ဒီကောင်လေးက သူ့ကို သတ်မယ်လို့ ပြောရဲတယ်လား*
*ဒါက ကောင်းကင်က ကြယ်ကို ခူးဆွတ်မယ်လို့ ပြောနေသလိုမျိုး အဓိပ္ပာယ် မရှိဘူးလေ*
“ဖွီ ဟားဟားဟား …”
ချက်ချင်းဆိုသလိုပင် ဝူချီဖုန်းက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ခွက်ထိုးခွက်လန် ရယ်မောကာ ယဲ့ဖန်အား အထင်သေးစွာ လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ငါ မြင်ဖူးသမျှထဲမှာ မင်းက အံ့ဩစရာ အကောင်းဆုံး လူငယ် မဟုတ်ပင်မယ့် အမောက်မာဆုံးလူဆိုတာတော့ အသေအချာပဲ”
နှစ်ပေါင်းများစွာအတွင်း မည်သူမှ သူ့ကို ဤသို့ မပြောရဲချေ။ ထို့ကြောင့် ဝူချီဖုန်းသည် ရန်စခံရသော ခံစားချက်က ဘယ်လိုမျိုးလဲ ဆိုသည်ကို မေ့လျော့နေခဲ့သည်။ ယနေ့ သူ ထိုခံစားချက်ကို ပြန်ခံစားလိုက်ရသော်လည်း အရေးမပါဟု ခံစားမိနေသည်။
“အရူး ငါ့အဖေက ခေတ်ပြိုင်ဘုရင်တွေရဲ့ ဘုရင်ကွ၊ သူ့ကို သတ်မယ်ဟုတ်လား၊ မင်း အခုထိ အိပ်မက်က မနိုးသေးဘူးနဲ့ တူတယ်”
ဝူကျောယိုကလည်း ရယ်မောလေသည်။ အလွန် ရယ်စရာ ကောင်းလှသည်။ သူတို့ရှေ့၌ ဟိတ်ဟန်ထုတ်နေသည်က အဆင်ပြေသော်လည်း သူ့ဖခင်ရှေ့၌ပါ ဟန်ထုတ်ရဲခြင်းက သေသည်ဟူသော စကားလုံးကို သူ မည်သို့ ရေးရမလဲ မသိသည့် ပုံပင်။
“ဦးလေးဝူ မြင်ပြီမဟုတ်လား၊ ကျွန်တော်တို့က ပြဿနာရှာတာ မဟုတ်ဘူး၊ ဒီကောင်ကိုက မောက်မာလွန်းနေတာ၊ ပြီးတော့ သူက ကျွန်တော်တို့ကို အရင်ရန်လာစတာ”
ဟဲရှုက အမည်းကို အဖြူပြောင်းချင်သောကြောင့် အလျင်အမြန် ဝင်ပြောလေသည်။ ဝူချီဖုန်းက ခေါင်းညိတ်လိုက် ပြီးနောက် ယဲ့ဖန်ကို ကြည့်ကာ သရော်လိုက်သည်။
“မင်း ဘယ်သူလဲဆိုတာကို ငါ ဂရုမစိုက်ဘူး၊ မင်းက ငါ့သားကို ထိရဲမှတော့ မင်း ပြန်ပေးဆပ်ရမယ်၊ ဒီနေ့ မင်းအသက်ကို ဒီမှာ ထားခဲ့ရမယ်ကွ”
သူ့စကားက ယဲ့ဖန်၏ ကံကြမ္မာကို ဆုံးဖြတ်သွားလေပြီ။
“အဖေ ဟွမ်ထျန်းချန်ရောပဲ၊ သူ အဲ့ကောင်ဘက်က ဝင်ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်”
ဝူကျောယိုက ဟွမ်ထျန်းချန်ကို လက်ညှိုးထိုး၍ ခါးသီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ ဤလူအိုကြီးကို မည်သို့ မေ့ထားနိုင်ပါမည်နည်း။
“ဪ”
ဝူချီဖုန်းက ဟွမ်ထျန်းချန်ကို အပြုံးတစ်ဝက်နှင့် ကြည့်ကာ စိတ်မကောင်းသလို ပြောလိုက်သည်။
“သူဌေးဟွမ် ကျုပ် ခင်ဗျားကို မတွေ့ရတာ ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ ခင်ဗျားက ကျုပ်ကိုတောင် အရေး မစိုက်တော့ဘူးလား၊ ခင်ဗျား ဟွမ်မိသားစုရဲ့ စီးပွားရေးကြီးနဲ့ ချမ်းသာမှုကြောင့်လား၊ ရန်သူနိုင်ငံကြောင့်လား”
သူ့စကားက ထီမထင်သည့်အပြင် အေးစက်နေ၏။ ခြိမ်းခြောက်ခြင်းပင်။ ဤစကားက ရိုးစင်းသော်လည်း ရက်စက်သော ခြိမ်းခြောက်စကား ဖြစ်လေသည်။
ဝူချီဖုန်းသည် ယခင်ကတည်းက ဟွမ်ထျန်းချန်ကို မျက်လုံးထဲ မထည့်ခဲ့ချေ။ သူ့စိတ်ထဲတွင် ဟွမ်ထျန်းချန်သည် စီးပွားရေး သမားတစ်ယောက်သာ ဖြစ်သည်။ စီးပွားရေးသမားအတွက် အရေးအပါဆုံးက စီးပွားရေးလုပ်ငန်းသာ ဖြစ်သည်။ သူ့၌ ချမ်မိသားစုကို စီးပွားရေးမှ နိုင်ငံရေးသို့ ပြောင်းလဲပြီး နိုင်ငံ၏ စီးပွားရေးကို လွှမ်းမိုးနိုင်သည့် အရည်အချင်း မရှိသေးသရွေ့ သူ ဂရုစိုက်ရန် မလိုအပ်ပါ။
ဟွမ်ထျန်းချန်ကို သတ်ခြင်းက သူ့အတွက် ပြဿနာ တက်နိုင်သော်လည်း ပြဿနာကြီးတစ်ရပ် မဟုတ်ပါ။
“ကျုပ် ခင်ဗျားကို တကယ် မျက်လုံးထဲ မထည့်တာ”
ဟွမ်ထျန်းချန်က အသာပြုံး၍ အံ့ဩသွားစေမည့် စကားမျိုး ပြောလိုက်သည်။ ယခု သူ တကယ် ဝူချီဖုန်းကို မျက်လုံးထဲပင် မထည့်ပါ။
ဝူချီဖုန်း မျက်နှာ မည်းမှောင်သွားသည်။ ယဲ့ဖန် တစ်ယောက်တည်း ထိုသို့ ပြောလာသည်ကို သူ ဟာသဟု မှတ်ယူနိုင်သော်လည်း ဟွမ်ထျန်းချန်ကပါ ဤသို့ ပြောလာသဖြင့် သူ အရှက်ကွဲသလို ခံစားလိုက်ရသည်။
*တစ်နေ့တည်းမှာ လူနှစ်ယောက်ရဲ့ ဆက်တိုက် ရန်စတာကို ခံလိုက်ရတာပါလား*
“ကောင်းပြီလေ … ငါ အပြင်ကို လူလုံးထွက်မပြတာ ကြာနေတော့ ငါ့လို နံပါတ်တစ်လူ ရှိနေသေးတာကို မင်း မေ့သွားတဲ့ပုံပဲ၊ ဒီလိုဆိုမှတော့ ငါ့ကြောင့် ဖိနှိပ်ခံရပြီး ကြောက်လန့်လာအောင် လုပ်ပေးရတာပေါ့”
လက်ရှိတွင် ဝူချီဖုန်း တကယ် ဒေါသထွက်နေ၏။ အရေးမပါသော လူနှစ်ယောက် ရန်စခြင်းကို ခံရလောက်အောင် သူဟူသော ဝူချီဖုန်းက ဘယ်အချိန်က တန်ဖိုးမဲ့သွားရသနည်း။
“ပစ်”
ချက်ချင်းပင် ဝူချီဖုန်းက ဒေါသတကြီး ပစ်သတ်ရန် အမိန့်ပေးလေသည်။
“ဒါပေမဲ့ စစ်သူကြီး ဒီမှာ အပြစ်မရှိတဲ့ ပြည်သူတွေ အများကြီးပဲလေ၊ ပစ်လိုက်ရင် သူတို့ပါ မတော်တဆ ထိခိုက် သွားလိမ့်မယ်”
လက်အောက်ငယ်သားတစ်ယောက်က စိုးရိမ်တကြီး ပြောလေသည်။ ဤနေရာသည် မြို့လယ်ဖြစ်သောကြောင့် အပြစ်မရှိသူများ သေချာပေါက် အပစ်ခံရပေလိမ့်မည်။
“ဘာမဟုတ်တဲ့လူတွေပဲ၊ သေလည်း သေပါစေပေါ့၊ ဘာတွေ အရေးကြီးနေလဲ၊ ဒီလူတွေက ဒီကောင် သတ်တာ ခံရတာပါလို့ အထက်ကို ပြန်တင်ပြလိုက်ရင် အဆင်ပြေတယ် မဟုတ်လား”
ဝူချီဖုန်းက စိတ်မရှည်စွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ဤပြည်သူများသည် အသက်ရှင်ရန် မထိုက် တန်သည့် ပုရွက်ဆိတ်များသာ ဖြစ်လေသည်။
“ဒါပေမဲ့ …”
ထိုလူက ပစ်မိန့်ပေးရန် ငြင်းဆန်နေဆဲပင်။ ဤသည်က လူ့အသက်တစ်ချောင်း မဟုတ်ပါလော။ သူ ဘယ်လိုလုပ် အမိန့်ပေးလာတိုင်း ပစ်ခိုင်းနိုင်ပါမည်နည်း။ လူတိုင်းက ဝူချီဖုန်းလို သွေးအေးရက်စက်သူ မဟုတ်ပါ။
“ဖြောင်း”
သို့သော် ထိုအချိန်တွင် ထိုလက်အောက်ငယ်သားသည် ဦးခေါင်းသို့ ဝူချီဖုန်း၏ ရိုက်နှက်ခြင်း ခံရကာ လွင့်ထွက် သွားလေသည်။ ရက်စက်ပြတ်သားလှပြီး တစ်ချက်တည်းဖြင့် အသေသတ်လိုက်ခြင်းပင်။
ထိုသူက သူနှင့်အတူ ဆယ့်ငါးနှစ်ကျော် အတူလက်တွဲလာသော ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် ဖြစ်သော်ငြားလည်း သူ့စကားကို ငြင်းနေသဖြင့် သတ်ပစ်လိုက်လေ၏။
“ဘယ်သူ ထပ်ပြောချင်သေးလဲ”
ဝူချီဖုန်းက သူ့စစ်သားများ၏ မျက်နှာကို မြွေတစ်ကောင်သဖွယ် ကြမ်းကြုတ်စွာ ဝေ့ကြည့်လေသည်။ စစ်သားများသည် ပြိုင်တူ ခေါင်းငုံ့နေပြီး သူ့အား ပြန်မကြည့်ရဲချေ။
“မင်းတို့ ဘာရပ်လုပ်နေတာလဲ၊ မြန်မြန် မပစ်သေးဘူးလား”
စစ်သားတစ်ယောက်က ချက်ချင်း အမိန့်ပေး၍ ယဲ့ဖန်အား ဒေါသတကြီး ချိန်ရွယ်လာသည်။
“ဒိုင်း ဒိုင်း ဒိုင်း …”
ရုတ်ချည်းဆိုသလိုပင် သေနတ်ပစ်သံနှင့် စက်သေနတ်ပစ်သံများ တရစပ် ထွက်ပေါ်လာပြီး အရာအားလုံး မပျက်စီးမခြင်း အပစ်ရပ်မည့်ပုံ မပေါ်ပေ။
“အဖေ သူ့ကို သတ်လိုက်တာလား၊ ကျွန်တော် သူ့ကို နှိပ်စက်ချင်သေးတာကို”
ဝူကျောယိုက မကျေမနပ် ပြောလေသည်။ သူ ဘယ်လိုလုပ် ယဲ့ဖန်ကို အသာတကြည် ပေးသေခိုင်းနိုင်မည်နည်း။ ဝူချီဖုန်းက သူ့ကို အေးစက်စွာ ပြန်ကြည့်လာ၏။ ဝူကျောယို ချက်ချင်း တုန်တက်သွားပြီး ထပ်မပြောရဲတော့ပေ။
ပစ်ခတ်သံများက နေရာအနှံ့သို့ ပဲ့တင်ထပ်နေသည်။ ဤနေရာသည် ခေတ်သစ် စစ်မြေပြင်အသွင်သို့ ပြောင်းလဲ သွားပြီး သေနတ်ပေါင်းစုံ၏ ပစ်ခတ်သံများ ညံနေကာ လူသတ်လိုသည့် အငွေ့အသက်က အရူးအမူး ပျံ့လွင့် နေလေသည်။
ဤပစ်ခတ်သံများကို ဆယ်မိုင်အကွာအထိ ရှင်းလင်းစွာ ကြားနေရသည်။ အပြစ်မဲ့သော ဖြတ်သန်းသွားသည့် ပြည်သူများလည်း ကျည်ဆံ ထိမှန်သွားလေသည်။ မိနစ်ပိုင်းအတွင်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့် သွေးအိုင်ထဲ လဲသွားသည်။
ထိုအခိုက်တွင် လူချမ်းသာများအားလုံး မျက်နှာ အကြီးအကျယ် ပျက်နေကြသည်။ ဤသည်မှာ ဝူချီဖုန်းကို ရန်စလိုက်သည့် အဆုံးသတ်ပင်။ သူ ဆန္ဒရှိလျင် ဘယ်အချိန်၊ ဘယ်နေရာမဆို၌ စစ်ပွဲကို စတင်ပေလိမ့်မည်။
“ဟဲဟဲ အဲ့ကောင်တော့ ပျားတူအုံ အသိုက်လို ဖြစ်သွားလောက်ပြီ ဟုတ်တယ်မလား”
ဟဲရှုက ဂုဏ်ယူစွာ ပြောလေသည်။ ဤသို့ ပြင်းထန်သော စစ်လက်နက်နှင့် တိုက်ခိုက်မှုနှင့်ဆိုလျင် ဘုရင်အဆင့် တောင်မှ သေနိုင်လောက်သဖြင့် သူ မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။
“ပျားတူအုံ အသိုက် ဟုတ်လား၊ မင်း သူ့အသားစ တစ်စလောက် ရှာတွေ့ရင်တောင် ငါ မင်းကို ဒကာခံပြီး တစ်ဝိုင်းကျွေးမယ်ကွာ”
ဝူကျောယိုက အေးတိအေးစက် ပြန်ခနဲ့လိုက်ပြီး တထောင်းထောင်းထနေသော မီးခိုးငွေ့များကို ခက်ထန်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ယခုအချိန်လောက်ဆိုလျင် ယဲ့ဖန် အလောင်းပင် ရှာမတွေ့နိုင်ဘဲ သေနေလောက် လေပြီ။
“ဖြောင်း ဖြောင်း ဖြောင်း”
သို့သော် ထိုအခိုက်တွင် ထူးဆန်းသော သံကြိုးသံတစ်သံ ထွက်ပေါ်လာ၏။