Switch Mode

အခန်း (၄၂)

ဓားရောင် လက်သွားသည်၊ အရေးပါသော အဖြစ်အပျက် ဖြစ်ပေါ်လာပြီ

အပိုင်း(၄၂) ဓားရောင် လက်သွားသည်၊ အရေးပါသော အဖြစ်အပျက် ဖြစ်ပေါ်လာပြီ

နို့နှစ်ရောင်လက်မှ မင်ကဲ့သို့ နက်မှောင်နေသော ဓား။

နေရောင်ဖြာကျလာသည်နှင့် ဆင်တူသော မဟာဆန်သည့် ရွှေရောင်လှိုင်းများ ပျံ့နှံ့သွားသည်။

နေက ကောင်းကင်ထက်တွင် တွဲလျောင်းခိုနေသည်ဟု မထင်ရတော့။ ကြီးကျယ်ခမ်းနားသော အလင်းကွေးသဏ္ဌာန် ခုတ်ချလိုက်သည်။ ၎င်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး မြေပြင်ပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းသွားသည်။

အေးစက်သော ဓားအလင်းကြောင့် နေသူတော်စင်ဂိုဏ်းတပည့်သုံးယောက် မွန်းကြပ်မှုကို ခံစားရ၏။ သူတို့ အထိတ်တလန့် ဖြစ်ကုန်ကြသည်။

“သူမရဲ့ ကျင့်ကြံမှု အကြီးအကျယ် လျော့ကျနေတဲ့အပြင် ဒဏ်ရာလည်း အပြင်းအထန်ရထားသေးတယ်၊ အဲ့ဝိဉာဉ်လက်နက်ရဲ့စွမ်းအားကိုလည်း အပြည့်အဝ မဖော်ထုတ်နိုင်တာတောင် ဘယ်လိုဖြစ်လို့ သူမဓားချက်ရဲ့စွမ်းအားက အဲ့လောက်ပြင်းရတာလဲ”

တောင်ထွတ်ပေါ်မှ ရန်ကျောက်ကဲ ကြည့်နေစဉ် သူ့မျက်လုံးများ တောက်ပသွားသည်။

“သူမက အရည်အချင်းတော့ ရှိသားပဲ”

သူမ မလှုပ်ရှားသေးလျှင်တော့ ရန်ကျောက်ကဲ မပြောနိုင်။ သူမ လှုပ်ရှားလိုက်သောအခါ ထိုတစ်ကွက်တည်းဖြင့်ပင် တိုက်ပွဲက အနိုင် အရှုံး ဆုံးဖြတ်ပြီးပြီဟု ရန်ကျောက်ကဲ ပြောနိုင်သည်။

မိန်းကလေးက ဒဏ်ရာ အပြင်းအထန် ရထားသောကြောင့် သူမကျင့်ကြံမှု၏ မူလ စွမ်းအားကိုပင် ထုတ်ဖော်ရန်  မဖြစ်နိုင်လောက်ပေ။

လက်ရှိတွင် မည်သို့မျှ ထုတ်လွှတ်ရန် မဖြစ်နိုင်သော သိုင်းပညာရှင်အဆင့် ကြယ်တာရာချီကို ထည့်မတွက်လျှင်တောင်မှ သူမ၏အတွင်းချီက အလွန် အားနည်းနေလောက်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ အဆင့်ကြီးသုံးခုဖြစ်သော အသွေးအသားအဆင့်၊ အကြောများဖွင့်ခြင်း အဆင့်နှင့် ချီလည်ပတ်ခြင်းအဆင့်တို့တွင် သူမသည် အလွန်ဆုံး ချီလည်ပတ်ခြင်းအစောပိုင်းအဆင့်နှင့်ညီမျှသော စွမ်းအားလောက်သာ ထုတ်ဖော်နိုင်လောက်သည်။

သူမရှေ့ရှိ ပြိုင်ဘက်သုံးယောက်လုံးက ချီလည်ပတ်ခြင်း အစောပိုင်းအဆင့်များ ဖြစ်ကြသည်။

သို့သော် သူမသည် တစ်ချိန်က သိုင်းပညာရှင်တစ်ယောက်ဖြစ်ခဲ့ရာ ထိုသုံးယောက်စလုံးထက် အတွေ့အကြုံရော အမြင်ပါ သာလွန်သဖြင့် အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ ထိုမိန်းကလေး၏ သိုင်းပညာရပ်များအပေါ် နားလည်မှုနှင့် ကျွမ်းကျင်မှုက သူမ၏ပြိုင်ဘက်များထက် အများကြီး မြင့်မားသည်မှာ ထင်ရှားသည်။

ထိုဓားချက်ကို ကြည့်ခြင်းအားဖြင့် အဆင့်တူအတွင်း ရှောင်ရှန်းပင် သူမ၏ ပြိုင်ဘက်မဖြစ်နိုင်ဟု ရန်ကျောက်ကဲ အခိုင်အမာ ပြောနိုင်သည်။

“ဘယ်အချိန်ကများ နေသူတော်စင်ဂိုဏ်းက ဒီလို ထူးချွန်တဲ့ တပည့်မျိုးကို မွေးထုတ်နိုင်တာလဲ” ရန်ကျောက်ကဲ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

“သူမက အလွန်ဆုံး ဆယ့်ခုနစ်၊ ဆယ့်ရှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်”

နေသူတော်စင်တပည့်သုံးဦးကလည်း ဝိဉာဉ်လက်နက်တစ်ခုစီ ပိုင်ဆိုင်ကြသည်။

ယခု သူတို့အားလုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၌သာ ရှိနေသေးသဖြင့် သူတို့လက်ထဲမှ ဝိဉာဉ်လက်နက်၏စွမ်းအားကို အပြည့်အဝ မဖော်ထုတ်နိုင်ပေ။

သို့သော် မိန်းကလေး၏အနက်ရောင်ဓားတိုသည် ထိုသဘောတရားကို သွေဖယ်နေပုံရပြီး သူမပြိုင်ဘက်များ၏ဝိဉာဉ်လက်နက်များကို ခေါင်းတစ်လုံးအသာဖြင့် ဖိအားပေးနိုင်ခဲ့သည်။

ဓားအလင်းသွားရာလမ်းတစ်လျှောက်တွင် လေတွေ ထန်လာသည်။ လျှပ်စီးတွေ ရိုက်ခတ်သွားသည်။ မြူတွေဆိုင်းလာပြီး အနောက်ဘက်သို့ ဝင်လုလုနေကိုပင် ဖုံးလွှမ်းသွားသယောင် ထင်ရသည်။

မျက်စိတစ်မှိတ်အတွင်း နေသူတော်စင်ဂိုဏ်းတပည့်သုံးယောက်စလုံး အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြသည်။

အနက်ရောင်ဓားကို လက်တစ်ဖက်က ကိုင်လျက် ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် သူတို့ရှေ့တွင် ခါးထောက်၍ ရပ်လိုက်သည်။ သူမ၏ ရယ်သံ လွင်လွင်ကလေး ထွက်ပေါ်လာသည်။ “ကျွန်မပြောသားပဲ၊ ရှင်တို့ ရှေ့မတိုးနိုင်ပါဘူးလို့ ….”

ကိုင်မျိုးရိုး နေသူတော်စင်ဂိုဏ်းတပည့်က အကြောက်ကြောက်အလန့်လန့်ဖြင့် အော်ပြောလိုက်သည်။ “မင်း ငါတို့ကို သတ်ရင် ……  စီနီယာအကိုကြီးရှောင်နဲ့  ဂိုဏ်းက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”

“မင်းရဲ့ ဆရာဘိုးဘိုးကော ဆရာမကော သေပြီ၊ ဘယ်သူမှ မင်းကို ကာကွယ်ပေးမှာ မဟုတ်တော့ဘူး”

မိန်းကလေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။

သူမ၏မျက်နှာထက်မှ အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူမက သူ့အား စူးစူးရဲရဲ ကြည့်နေ၏။ “ငါ့ဆရာမ သေသွားပြီပြောတယ်၊ ဘယ်သူ သတ်တာလဲ”

ဂျူနီယာညီလေးကိုင်က နှာခေါင်းရှုံ့လိုက်သည်။ “မကြာသေးမီက အရှေ့ပင်လယ်နယ်စပ်မှာ မင်းရဲ့ဆရာမ တာဝန်ကျနေတုန်း မီးတောက်မိစ္ဆာတပ်ခွဲတစ်ခု ကျူးကျော်ဝင်ရောက်လာတယ်၊ တိုက်ပွဲဖြစ်တော့ မီးတောက်မိစ္ဆာတွေရဲ့ လက်ချက်နဲ့ မင်း ဆရာ သေသွားတာပဲ”

“အခု မင်း သိပြီလား၊ မင်း နောက်က ထောက်ခံပေးမယ့်လူတွေ မရှိတော့ဘူး၊ ကိုယ့်အတွက် ဘယ်ဟာက ကောင်းလဲ သဘောပေါက်ရင် လိမ်လိမ်မာမာနဲ့ အဖမ်းခံလိုက်၊ မဟုတ်ရင် မင်းလဲ မင်းဆရာမနောက် လိုက်သွားရလိမ့်မယ်”

ဆယ်ကျော်သက်အရွယ် မိန်းကလေးက နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်သည်။ သူမ၏ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ထိုသုံးယောက်အား ကြည့်လျက် ပြောလိုက်သည်။ “ဟား….. ရှင်တို့တွေ သဘောမပေါက်ဘူးထင်တယ်၊ ဆရာမက ကျွန်မကို ကာကွယ်ပေးတာ မဟုတ်ဘူး၊ တကယ်တော့ ရှင်တို့ကို ကာကွယ်ပေးနေတာ”

ထိတ်လန့်သွားသည့် အမူအရာများ ထိုသုံးယောက်၏မျက်နှာပေါ်တွင် အထင်းသား ပေါ်လာသည်။ သူတို့ မည်သို့မျှ မတုန့်ပြန်နိုင်ခင် ဓားရောင် တစ်ချက် လက်သွားသည်။

ချောမောပြေပြစ်သော ဂျူနီယာညီလေးကိုင်၏ ဦးခေါင်း မိုးကုတ်စက်ဝိုင်းထဲသို့ လွင့်စင်သွားသည်။

ကျန်နှစ်ယောက်မှာ မျက်လုံးအပြူးသားဖြင့် အာစေးထည့်ခံထားရသလို ဖြစ်နေကြသည်။

ဆယ်ကျော်သက်အရွယ်မိန်းကလေးက နူးညံ့စွာ ပြောလိုက်သည်။ “အရင်နှစ်နှစ်လုံး ရှင်တို့နှစ်ယောက်ကော ဂိုဏ်းက တခြားကောင်တွေပါ ကျွန်မကို အသည်းအသန် လိုက်ဖမ်းနေတာမလား၊ ရှင်တို့ကို အနိုင်ရပြီး အသက်ချမ်းသာပေးလိုက်တာ တစ်ကြိမ် နှစ်ကြိမ် မကတော့ဘူး၊ ရှင်တို့ အနောက်က တစ်ကောက်ကောက်လိုက်နေလို့ ကျွန်မမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖိတ်ခေါ်သလို ဖြစ်နေတယ်”

“ရှင်တို့တွေက မကြာခဏ ဝိုင်းတိုက်ခိုက်တဲ့အတွက် ကျွန်မလည်း မလိုအပ်ဘဲ ဒဏ်ရာတွေ ရလာတယ်”

“ကျွန်မက ကြင်နာသနားတတ်လို့ ဒါမှမဟုတ် ပျော့ညံ့လို့ လူမသတ်ရဲဘူးများ ထင်နေလား၊ ဂိုဏ်းက ထွက်ပြေးလာထဲက ခြေဦးတည့်ရာ လျှောက်သွားနေတာ၊ ကျွန်မ သတ်ခဲ့တဲ့ လူအရေအတွက်က ရှင်တို့ သုံးယောက်ပေါင်းထက် အများကြီး ပိုများတယ်”

“ဒါပေမယ့်  ဂိုဏ်းကလူတွေကိုတော့ တခါမှ မသတ်ခဲ့ဘူး၊ ဂိုဏ်းကို ပွင့်ပွင့်လင်းလင်း မဖီဆန်ရဲလို့ မသတ်ရဲတာလို့များ ထင်နေလား”

“ဟာသပဲ၊ အဲ့နေ့ကနေ စပြီး ငါနဲ့ ဂိုဏ်းရဲ့ ဆက်ဆံရေးက ဒီအခြေအနေထိတောင် ရောက်လာပြီ”

မိန်းကလေးက ထိုသို့ ပြောလျက် ဓားတစ်ချက် ယမ်းလိုက်ကာ နောက်ထပ်အသက်တစ်ချောင်းကို နှုတ်ယူသွားသည်။ “ကျွန်မ၊ ရှင်တို့ကို မသတ်တာက ဂိုဏ်းမှာ ကျန်ခဲ့တဲ့ ကျွန်မရဲ့ဆရာမကို လေးစားမှုကြောင့်ပဲ၊ ဂိုဏ်းထဲမှာ ဆရာမ နေထိုင်ရ ခက်ခဲမှာကို မမြင်ချင်လို့ပဲ”

“အခု ကျွန်မရဲ့ဆရာမလည်း မရှိတော့ဘူးဆိုတော့ ဘာမှထိန်းနေစရာ မလိုတော့ဘူး”

“ဒီနေ့ကစပြီး နေသူတော်စင်ဂိုဏ်းကို ငါ ပုန်ကန်ပြီဟေ့….”

တတိယဓားချက် ကျရောက်လာသည်။ နောက်ထပ် ခေါင်းပြတ်တစ်လုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

“အလွန်ဆုံး ကျွန်မ သေသွားရင်တောင် ကျွန်မအခေါင်းကို အဝါရောင်စမ်းချောင်းရောက်အောင် ထမ်းပေးမယ့် ရှင်တို့ ရှိသေးပါတယ်”

လူသုံးယောက်အား တစ်ယောက်ပြီးတစ်ယောက် နေရာမှာတင် သတ်ဖြတ်ပြီးသော်လည်း  မိန်းကလေး၏မျက်နှာက မပြောင်းလဲပေ။ ဓားပြန်သိမ်းပြီး သူမ ရှေ့က ဂိုဏ်းသားသုံးယောက်၏ အလောင်းများကို ခံစားချက်မဲ့စွာ ကြည့်နေသည်။

ဝမ်းနည်းမှုအရိပ်အယောင်များ သူမမျက်လုံးများထဲတွင် ပေါ်လာသည်။ သူမ ရှေ့က သုံးယောက်အတွက် မဟုတ်ပေ။ သူမ ဆရာအတွက်သာ ဖြစ်၏။

“နေသူတော်စင်ဂိုဏ်းက ပုန်ကန်ဖို့ တကယ် မလွယ်ဘူး၊ ပုန်ကန်တဲ့ လူအများစုက သေကြတာ များတယ်” အသံတစ်ခုက သူမနားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

အံ့အားတသင့်ဖြင့် မိန်းကလေး လှည့်ကြည့်လိုက်သည်။ အနက်ရောင် အနားကွပ်ထားသော အပြာရောင်ဝတ်စုံ ဆင်မြန်းထားသည့် လူငယ်တစ်ဦး သူမရှေ့သို့ ရောက်လာသည်။

“ဝါဒတောင်ဂိုဏ်းကလား……၊ ဝါဒတောင်သခင်လေးရန်ကျောက်ကဲလား”

မိန်းကလေးက လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။ ယနေ့ခေတ်တွင် ကျော်ကြားသော မင်းသားလေးပါးအနက် တစ်ပါးဖြစ်သော ရန်ကျောက်ကဲ၏ ပုံတူများသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေရာ မိန်းကလေး ချက်ချင်းပင် မှတ်မိသည်။

ရန်ကျောက်ကဲက တောက်ပစွာ ပြုံးလိုက်သည်။ “ဒီလို လိုက်ဖမ်းခံနေရအောင် နေသူတော်စင်ဂိုဏ်းရဲ့ ဘယ်စည်းမျဉ်းကို မင်း ချိုးဖောက်ခဲ့လဲ ငါမသိဘူး၊ ငါသိတာက အရင်က လူငယ်တွေကြား ရန်ပွဲလို့သာ သဘောထားခဲ့ပေမယ့် အခုက စပြီး မင်းနောက်ကို စနစ်တကျ လေ့ကျင့်ထားတဲ့သူတွေ ထိပ်တန်းသိုင်းပညာရှင်တွေ လိုက်လာတော့မယ်”

“ငါ ဘယ်သူလဲ မင်းသိပြီးပြီ၊ မင်းနာမည်ဘယ်လို ခေါ်လဲ ငါမသိရသေးဘူး”

မိန်းကလေးက သူမခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။ _”မျိုးရိုးက ဖန်၊ နာမည်က ယွမ်ရှန်း၊ ဖန်ယွမ်ရှန်းပါ”

ရန်ကျောက်ကဲက ခေါင်းကို ဘယ် ညာ အနည်းငယ် ယိမ်းလျက် သူမအား ပြောလိုက်သည်။ “ဟဟ၊ နာမည်ကောင်းပဲ၊ ဓားရောင် လက်သွားတဲ့အခါ အရေးပါတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတယ်၊ နာမည်နဲ့ လိုက်ပါပေတယ်”

ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း သူမက ဒဲ့ထိုး မေးလိုက်သည်။ “စီနီယာအကိုကြီးရန် ဘာရည်ရွယ်ချက်နဲ့ လာတာလဲ မေးလို့ရမလား”

“ကျွန်မကို ဖမ်းပြီး နေသူတော်စင်ဂိုဏ်းဆီ အပ်မလို့ဆိုရင် ရှင့်ရဲ့ ကျင့်ကြံမှုအရ ကျွန်မထွက်ပြေးနိုင်မှာ မဟုတ်ဘူး၊ မတိုက်ဘဲ အရှုံးမပေးချင်လို့ တိုက်ခိုက်ရင်လည်း ကျွန်မ ပိုအရှက်ကွဲတာပဲ အဖတ်တင်မယ်”

“တကယ်လို့ ကျွန်မကို ဖမ်းဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ဝါဒတောင်ရဲ့ အရိပ်အောက် ခိုလှုံချင်ပါတယ်၊ ကျွန်မ ခိုဝင်လို့ ရမယ်ထင်လား”

အခြားဂိုဏ်းမှ သစ္စာဖောက်၍ ထွက်ပြေးလာသော တပည့်များကို လက်ခံရသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်း အကြား ဆက်ဆံရေး ဆိုးဝါးသော်လည်း ဤကဲ့သို့  မီးပွားလေးမှသည် အခန့်မသင့်လျှင် ထိပ်သီးနယ်မြေနှစ်ခုကြား စစ်ဖြစ်နိုင်သည့် အခြေအနေသို့ ရောက်သွားနိုင်သည်။

ဖန်ယွမ်ရှန်းကလည်း ဤသဘောတရားကို ကောင်းစွာ နားလည်သည်။ “ကိုယ်ရည်သွေးတယ်လို့တော့ မထင်ပါနဲ့၊ ဒဏ်ရာတွေအကုန် သက်သာပြီးရင် ကျွန်မကိုယ်ကျွန်မလည်း သိုင်းတာအိုမှာ အရမ်း အလားအလာကောင်းတဲ့လူလို့ ယူဆလို့ရပါတယ်၊ ပြုစုပျိုးထောင်ဖို့ ထိုက်တန်တဲ့ အပင်ပေါက်လေးပါ၊ အနည်းဆုံးတော့ ရှောင်ရှန်း၊ ချောင်ယွမ်လုံတို့ထက် မနိမ့်စေရပါဘူး”

“နေသူတော်စင်ဂိုဏ်းနဲ့ ပတ်သတ်ပြီး ကျွန်မသိထားတဲ့ အတွင်းသတင်းတွေက အများကြီး မဟုတ်ပေမယ့် ရှင်တို့ဂိုဏ်းအတွက် တချို့တလေတော့ အကျိုးရှိပါတယ်၊ ဒါပေမယ့် ကျွန်မရဲ့ ကျန်ပစ္စည်းတွေ သိုင်းပညာရပ်တွေကိုတော့ ပြန်မျှဝေလို့မရတာ ခွင့်လွှတ်ပါ၊ တမလွန်ကို ရောက်နေတဲ့ ကျွန်မဆရာလည်း ဒါမျိုး မြင်တွေ့ချင်မှာ မဟုတ်ပါဘူး”

“ဒါပေမယ့် ကျွန်မပေးမယ့် သတင်းတွေက တန်ဖိုးရှိပါတယ်”

ဖန်းယွမ်ရှန်းမှာ စကားပြောမြန်သူဖြစ်သော်လည်း သူမပါးစပ်မှ ထွက်လာသော စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင် ကြားရသည်။ “ကျွန်မတန်ဖိုးက အရမ်းကြီး မမြင့်မားသေးတော့ ဒီကိစ္စအပေါ် အများကြီး မမျှော်လင့်ထားရဲပါဘူး၊ စီနီယာအကိုကြီးရန်က ကျွန်မကို မဖမ်းချင်ဘူး၊ ဝါဒတောင်ဂိုဏ်းက ကျွန်မအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကျွန်မကို သွားခွင့်ပြုပါလား”

သူမ ပြောသည်ကို ကြားပြီးနောက် ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ…..၊ ကောင်းပြီ၊ ခင်ဗျားက ပွင့်ပွင့်လင်းလင်း ပြောမှတော့ ကျွန်တော်ကလည်း ကွေ့ဝိုက်မနေတော့ဘူး”

“မင်း၊ မင်းကိုယ်တိုင်ကိုက တန်ဖိုး သိပ်မမြင့်မားသေးဘူးလို့ ပြောခဲ့တယ်၊ အဲ့တာကြောင့် ငါတို့ ဂိုဏ်းက မင်းကို လက်ခံပေးပြီး နေသူတော်စင်ဂိုဏ်းက ဖိအားပေးတာကို ခံဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်”

“အနည်းဆုံးတော့ ငါတို့ ဂိုဏ်းက ဘယ်လိုအကျိုးဆက်ပဲလာလာ မင်းကို လက်ခံဖို့ဆိုရင် ဖန်းယွမ်ရှန်းနဲ့ မလုံလောက်သေးဘူး”

ပြုံးရင်း ရန်ကျောက်ကဲက သူမအား စေ့စေ့ကြည့်လိုက်သည်။ “ဒါပေမယ့် ဖန်းမူကီကသာ တောင်းဆိုရင် အခြေအနေက တမျိုးဖြစ်သွားလိမ့်မယ်”

ဖန်းယွမ်ရှန်း တခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ပြန်လည်ဖြေကြားလိုက်သည်။ “ဂိုဏ်းက ထွက်မပြေးခင်ကတည်းက ဖန်းမူကီက ဖန်းယွမ်ရှန်း ဖြစ်နေပါပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset