အနက်ရောင်မြူများ ဖုံးအုပ်ထားသည့် နောက်တစ်ယောက်ကလည်း ပြောလိုက်သည်။
“ဝေစန်း … မင်း တော်တော် မဆင်မခြင် လုပ်တဲ့ကောင်ပဲ …“
ထိုစဉ် လက်တစ်ဖက်က ဝေစန်းဆီသို့ ရောက်လာသည်။
ဝေစန်း၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး မြေပြင်တွင် ဒူးထောက်လိုက်သည်။
“တပည့်ပြောတာ အမှန်ပါ … သူ့ရဲ့ကျင့်စဉ် အဆင့်ကိုပဲ ခန့်မှန်းတာ မှားသွားတာပါ …“
ဝေစန်းက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
တခြားတိုက်ခိုက်ရေး နတ်ဆိုးများသည် မျက်နှာတွင် မည်သည့် အမူအရာမှ မပြကြသော်လည်း ဝေစန်း ဒုက္ခဖြစ်နေသည်ကို မြင်ပြီး သူတို့၏ စိတ်ထဲတွင် ပျော်နေကြ၏။
ဝေစန်းသည် သူ့ဆီသို့ လာနေသော လက်က တဖြည်းဖြည်း နီးကပ် လာသည်ကို မြင်ပြီး ရုတ်တရက် အကြံရကာ အလျင်အမြန် ပြောလိုက်သည်။
“အခု မှတ်မိပြီ … သူက အလုပ်သမားကို အဆင့် ၅ ဆေးမီးဖို ရှိလားဆိုပြီး မေးနေတာ ကြားလိုက်သေးတယ် …“
အမှန်တွင် ဝေစန်းသည် ဝမ်လင်းတို့ ပြောသည့် စကားများကို သေချာ မကြားရပေ။ သို့သော်လည်း ယခုဖြစ်လာသည့် အခြေအနေ များကြောင့် ဝမ်လင်းသည် ဆေးမီးဖို ဝယ်ရန် ဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ အားပေးကာ လုပ်ကြံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်က ရုတ်တရက် ရပ်သွားပြီး မေးလိုက်သည်။
“ဆေးမီးဖိုလား … ဝေစန်း … ငါ့ကို လိမ်ရင် ဘာဖြစ်မယ် ဆိုတာ မင်း သိတယ်နော် …“
ဝေစန်းက အံကြိတ်ပြီး ပြောလိုက်သည်။
“တပည့်ရဲ့ အသက်ရင်းပြီးတော့ လောင်းကြေး ထပ်ရဲပါတယ် …“
သို့သော်လည်း သူ၏ စိတ်ထဲတွင် ခါးသည်းစွာ ပြုံးလိုက်မိသည်။ သူသာ ဤကဲ့သို့ ကတိမပေးပါက အခု ချက်ချင်း အသတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် စွန့်စားလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ မှန်သွားပါက အသက်ရှင်ရန် အခွင့်အလမ်းရှိ၏။
တတိယအကြီးအကဲမှ ဝင်ပြောလိုက်သည်။
“သူပြောတာ အမှန်လား ဆိုတာ ငါတို့သွားကြည့်ရင် သိမှာပဲ …“
ထိုစကားသံ ထွက်လာသည်နှင့် သူတို့ ၃ ယောက်သည် ချက်ချင်း ဝမ်လင်း၏ နောက်သို့ လိုက်သွားကြ၏။ တခြားတပည့် များသည်လည်း အလျင်အမြန် သူတို့နောက်မှ လိုက်သွားကြသည်။ ဝေစန်းသည် နဖူးမှ ချွေးများကို သုတ်ပြီး သူတို့နောက်မှ လိုက်သွား၏။
တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ အကြီးအကဲ ၃ ယောက်သည် နန်ဒူမြို့သို့ တခြားဂိုဏ်းမှ အကြီးအကဲများနှင့် အရေးကြီး ဆွေးနွေးစရာ ရှိသဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ ယခု သူတို့ဆွေးနွေးပွဲကလည်း ပြီးသွားပြီ ဖြစ်သည်။ သူတို့၏ အင်အားနှင့် ဆိုလျှင် သူတို့ကို တားဆီးနိုင်သည့်သူ မရှိတော့ပေ။
ဝမ်လင်းကတော့ သူ့တံဆိပ်ပြားကို ပြပြီး စစ်ဆေးခံလိုက်လျှင် အရှိန်လျော့သွားမည် ဆိုသဖြင့် အားလုံးကို တဟုန်ထိုး ဖြတ်ကျော်သွားရန် ဆုံးဖြတ်လိုက်၏။
မကြာမီ သူက မြို့ဂိတ်သို့ ရောက်လာပြီး သူက တဟုန်ထိုး ပျံသန်းကာ ဂိတ်မှ ထွက်သွား၏။ တိုတောင်းလှသော အချိန်လေး တစ်ခု ကြာပြီးနောက် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများ ဂိတ်ဝသို့ ရောက်လာပြီး ဂိတ်ကို ဖြတ်ကျော် ပျံသန်းသွား၏။ သူတို့ ထွက်သွားပြီးနောက် နန်ဒူမြို့မှ ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများက ဂိတ်ဆီသို့ ရောက်လာသည်။
သူတို့သည် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ တပည့်များ မြို့ထဲတွင် တိုက်ခိုက်ပါက သူတို့ကို မြို့ထဲမှ နှင်ထုတ်ရန် အမိန့်ရ၍ ရောက်လာကြခြင်း ဖြစ်သည်။ သို့သော်လည်း တိုက်ခိုက်ရေး နတ်ဆိုး ဂိုဏ်းဝင်များသည် မြို့တွင်းမှ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် သူတို့အတွက် လုပ်စရာ အလုပ် မရှိတော့ပေ။
ဝမ်လင်းသည် မြို့တွင်းမှ ထွက်လာပြီးနောက် မြေအောက်ထဲသို့ ဝင်ပြေးပြီး ထွက်ပြေး၏။
ထိုအခါ အမြုတေ ဖွဲ့တည်ခြင်း အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည် အံ့ဩသွားပြီး ရှေးဟောင်း မှန်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက စိတ်စွမ်းအင်များဖြင့် ရှေးဟောင်းမှန်ကို ဝိုင်းရံလိုက်ရာ ရှေးဟောင်းမှန်က တောက်ပလာပြီး သက်တန့်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်။ အလင်းတန်းသည် ဝမ်လင်း၏ရှိသည့် မြေအောက်ထဲသို့ ထိုးပြနေပြီး ရှေ့သို့ အလျင်အမြန် ရွှေ့လျားသွား၏။
သူတို့ ၃ ယောက်စလုံးက နှာခေါင်းရှုံ့ပြီး အလင်းတန်း နောက်မှ လိုက်သွားကြသည်။
တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ တပည့်များသည် သားကောင်နောက်သို့ လိုက်သွားသည့် အကြီးအကဲများ နောက်မှ စိတ်လှုပ်ရှားစွာဖြင့် လိုက်သွား၏။
ဝမ်လင်းက မျက်မှောင် ကြုတ်လိုက်ပြီး စိတ်ထဲတွင် လှောင်လိုက်ကာ ဝေစန်း၏ ကိုယ်ပေါ်မှ နတ်ဘုရား စိတ်အာရုံကို ဖောက်ခွဲ ပစ်လိုက်သည်။
တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း၏ အုပ်စုထဲတွင် ရှိနေသော ဝေစန်းသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ပြီး သွေးများ အန်ထုတ် လိုက်သည်။ ထိုအခါ သူ၏ဂိုဏ်းတူ ညီအစ်ကိုများ၏ မျက်နှာများသည်လည်း အရောင် ပြောင်းကုန်ကြ၏။
ဝမ်လင်းက အရှိန်ကို လုံးဝမလျှော့ဘဲ သူ၏နတ်ဘုရား စိတ်အာရုံကို နောက်ထပ် တစ်ယောက်ပေါ်တွင် အာရုံစိုက်လိုက်သည်။
တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ နောက်ထပ် တပည့်တစ်ယောက်သည် နာကျင်စွာ အော်ဟစ်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျသွား၏။
ထိုအခါ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ တပည့်များ အားလုံးသည် ဆက်မလိုက်ရဲတော့ဘဲ ရပ်တန့် လိုက်ကြသည်။ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ ၃ ယောက်ကတော့ ဂရုမစိုက်ဘဲ ဝမ်လင်း၏ နောက်သို့ ဆက်လိုက်၏။
၃ ယောက်ထဲမှ တစ်ယောက်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော အနက်ရောင် တံဆိပ်တစ်ခု ပေါ်လာသည်။ အနက်ရောင် တံဆိပ်သည် သူ့ကို တစ်ပတ် ပတ်ပြီးနောက် သူက အေးစက်စွာ ပြုံးကာ လက်ကို ဝှေ့ယမ်းလိုက်၏။ အနက်ရောင် တံဆိပ်သည် အပေါ်မှ မြေပြင်ထက်သို့ အရှိန်ပြင်းပြင်းဖြင့် ဆောင့်ချလိုက်၏။
တံဆိပ်က မြေပြင်နှင့် ရိုက်မိသွားသည့် အခိုက်အတန့်တွင် ဝမ်လင်းက အလျင်အမြန် ရှောင်လိုက်ရာ ထိုအမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ၏ မျက်နှာက ပို၍ အေးစက်သွားသည်။ သူက တံဆိပ်ကို ထိန်းချုပ်ပြီး ဆက်လက် ဆောင့်ချလိုက်ရာ ပုံရိပ်တစ်ခုက မြေအောက်မှ ထွက်လာပြီး သုံးယောက်စလုံးကို အေးစက်စွာ ကြည့်ကာ ပျံသန်း၍ ထွက်ပြေးသွား၏။
ရှေးဟောင်မှန်နှင့် ကျင့်ကြံသူက ချက်ချင်း အော်ပြောလိုက်သည်။
“ရတနာသန့်စင် ဂိုဏ်းက ရလာတဲ့ ရတနာကို ထုတ်ပေးရင် ပေးပါ … မပေးရင် သေရမယ် …“
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် တောက်ပနေသည့် အလင်းရောင် တစ်ခုက သူ၏မျက်လုံး ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို ထိုးလိုက်၏။ သူက အလျင်အမြန် ရှောင်လိုက်သော်လည်း ဓားပျံက သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားရာ သူက သွေးများကို အန်ထုတ် လိုက်ရသည်။
“ဘယ်လို ရတနာမျိုးလဲ။
“သူ၏ မျက်နှာက အလွန် ဖြူရော်သွားပြီး စိတ်ထဲတွင်လည်း အလွန် ကြောက်ရွံ့သွား၏။ သူ၏တုံ့ပြန်မှုသာ နောက်ကျပါက သူက ဤနေရာတွင် သေဆုံးသွားမှာ သေချာသည်။
ဝမ်လင်းက မသိမသာ သက်ပြင်းချပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သလင်းကျောက်ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။
တခြားအမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြသူ ၂ ယောက်လည်း အလွန် ထိတ်လန့်သွားပြီး အကာအကွယ် ဝင်္ကပါ အစီအရင်များကို အသက်သွင်းလိုက်၏။ ထို့နောက် ဝမ်လင်းကို စိုက်ကြည့်ပြီး ဆက်လိုက်သည်။
“ထွက်သွားစမ်း …“
ဝမ်လင်း၏ မျက်လုံးများက အလွန် အေးစက်နေသည်။ သူက ထိုစကားကို ပြောပြီးသည်နှင့် ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။
ကျင့်ကြံသူ ၃ ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်လင်း၏ လက်ထဲမှ ဓားပျံသည် အလွန် ရှားပါးသည့် ရတနာ ဖြစ်သည့်အတွက် သူတို့၏ မျက်လုံးများတွင် လောဘစိတ်များ တောက်လောင်လာသည်။
ဒဏ်ရာ ရသွားသော ကျင့်ကြံသူသည် သူ့ကိုယ်တွင် အကာအကွယ် အစီအရင်များစွာ ထုတ်သုံးလိုက်ပြီးမှ စိတ်သက်သာရာ ရသွားပြီး ဆေးတစ်လုံးကို ထုတ်သောက် လိုက်သည်။ ထို့နောက် ဆေးလုံးတချို့ကို ချေမွပြီး ဒဏ်ရာပေါ် လိမ်းလိုက်၏။
သူက အနည်းငယ် တုံ့ဆိုင်း နေပြီးနောက် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး နဖူးပေါ်တင်ကာ အဝေးသို့ ပစ်လိုက်သည်။ ကျောက်စိမ်းပြားက အဝေးသို့ လွင့်စဉ် ပျောက်ကွယ်သွား၏။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ သူ့နောက်သို့ ၃ ယောက်စလုံး လိုက်လာ သေးသည်ကို တွေ့ပြီး စိတ်ထဲမှ လှောင်လိုက်သည်။ ထိုလူ ၃ ယောက်သည် သူ့ကို သတ်ပြီး သူ၏ရတနာကို ယူရန် ကြံနေသည်ကို ဝမ်လင်း သိလိုက်၏။
သူ့နောက်ကို လိုက်လာသည်မှာ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ၁ ယောက်တည်း ဆိုလျှင် ပြန်တိုက်၍ပင် ရနိုင်သည်။ သူတို့သည် အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်များ ဖြစ်သော်လည်း သုံးယောက်အတူ ရှိနေသည့်အတွက် ဝမ်လင်းအနေဖြင့် အထင်သေး၍ မရချေ။
သို့သော်လည်း သူသာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ပါက သူတို့ ၃ ယောက်ကို သတ်ရန်မှာ ပုရွတ်ဆိတ်ကို သတ်သလောက်ပင် ခက်တော့မှာ မဟုတ်ချေ။
အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၃ ယောက်ကြောင့် ဝမ်လင်းသည် တစ်ရက်လုံး မနားတမ်း ပြေးလာရသည်။ ထိုအချိန်အတွင်းတွင် သူတို့ ၃ ယောက်သည် ရတနာပစ္စည်းများကို သုံး၍ ဝမ်လင်းကို အရှိန်လျှော့ သွားစေရန် ပြုလုပ်ကြသည်။ ပထမတစ်ခါ အလစ်တိုက်ခံရ ကတည်းက သူတို့ ၃ ယောက်သည် ဝမ်လင်း၏ ပြန်လည် တိုက်ခိုက်လာမှုကို သတိထားနေသဖြင့် ဝမ်လင်း နောက်ထပ် တိုက်ခိုက်မှုများက သူတို့အတွက် စိုးရိမ်စရာ မဟုတ်တော့ပေ။
ဝမ်လင်း၏ အကြည့်များက တဖြည်းဖြည်း အေးစက်လာပြီး သူတို့ ၃ ယောက် ဆီသို့ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လွှတ်လိုက်သည်။
သူတို့ ၃ ယောက်သည် အနီရောင် လက်သွားသည်ကို မြင်လိုက်သည်နှင့် သူတို့၏ ခေါင်းများကို တုဖြင့် ထုခံရသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာကာ ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော ကြောက်လန့်မှုကို ခံစားလိုက်ရ၏။
ဒဏ်ရာရထားသည့် ကျင့်ကြံသူဆိုလျှင် နောက်ထပ် သွေးတစ်လုတ်ကို ထပ်အန် လိုက်ရသည်။ သူ၏ မျက်လုံးများသည် နာကျင်မှုဖြင့် နီရဲနေသည်။ သူ့ဘေးမှ တစ်ယောက်ကသာ တွဲမထားလျှင် သူ၏ဓားပျံနှင့် အတူ ပြုတ်ကျ သွားပေလိမ့်မည်။
သူက အသက်ကို ပြင်းပြင်းရှူပြိး တခြားနှစ်ယောက်ကို ပြောလိုက်သည်။
“သူက သာမန် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တစ်ယောက် မဟုတ်ဘူး … သူက အမြုတေ အဆင့်ကို ရောက်ဖို့ နည်းနည်းလေးလောက်ပဲ လိုတော့တဲ့သူ ဖြစ်ရမယ် …“
“ငါတို့ သူ့ကို သတ်ရမယ် … သူသာ အမြုတေကို ဖွဲ့စည်းနိုင်သွားရင် သူရဲ့ နည်းစနစ်နဲ့ ငါတို့ကို အလွယ်လေး သတ်သွားလိမ့်မယ် …“
“ငါ ဂိုဏ်းခေါင်းဆောင်ကို အသိပေးပြီးပြီ … မကြာခင် ရောက်လာမယ် ထင်တယ် …“
ဝမ်လင်းက မျက်မှောင် ကြုတ်လိုက်၏။ သာမန်ဆိုလျှင် သူ၏နတ်ဘုရား စိတ်အာရုံသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်များပေါ်တွင် သက်ရောက်မှု မရှိချေ။ သို့သော်လည်း တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကြောင့် ရှေ့ပြေး အမြုတေကို ဖွဲ့စည်းနိုင်လိုက် သဖြင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်များကို ဒဏ်ရာ ရစေသည်အထိ အစွမ်းထက်သွားခြင်း ဖြစ်သည်။
နတ်ဘုရား စိတ်အာရုံကြောင့် ရသည့် ဒဏ်ရာက ပြင်းသော်လည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူများ ဖြစ်နေသဖြင့် ထိုဒဏ်ရာကို ကုသရန် အချိန်အနည်းငယ်သာ လိုအပ်၏။
တစ်ယောက်တည်းသာ ဆိုလျှင် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံနှင့် မကောင်းဆိုးဝါး၏ အကူအညီကို ပေါင်းပြီး သေအောင် သတ်နိုင်သည်။ သို့သော်လည်း ၃ ယောက် ဖြစ်နေသည့် အတွက် သူလုပ်နိုင်တာက လွတ်အောင် ပြေးရန်သာ ရှိတော့သည်။
၈ နာရီ ကြာပြီးနောက် အချိန်ကလည်း ညအချိန်သို့ ရောက်လာသည်။ သူက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို အကြိမ်ပေါင်း များစွာ သုံးခဲ့သော်လည်း သူတို့ကို အနည်းငယ်သာ အရှိန်လျှော့ကျ စေခဲ့သည်။
ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး ရုတ်တရက် ရပ်တန့် လိုက်သည်။ ထို့နောက် သူ့နောက်မှ ၂ ရက်နှင့် ၁ ည လိုက်လာသော သုံးယောက်ကို လှည့်ကြည့်လိုက်၏။
သူတို့ ၃ ယောက်သည် အလွန် မောပန်းနေပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ ဆက်လိုက်လာခဲ့ ကြသည်။ ဝမ်လင်းကိုသာ လွတ်ပေးလိုက်ပါက ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်သည်နှင့် သူတို့သေရမည် ဖြစ်သည်။ ရုတ်တရက် ဝမ်လင်းက ရပ်လိုက်သောအခါ သူတို့ ၃ ယောက်သည် စိတ်ရှုပ်ထွေး သွား၏။
ထိုအချိန်တွင် ဝမ်လင်းက လက်ကို လေထဲသို့ မြှောက်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေပြီး ဆံပင်များက လေထဲတွင် လွင့်နေလေသည်။
သူ့ခြေထောက်အောက်မှ သလင်းကျောက်ဓားကလည်း အေးစက်သော အော်ရာများ ထုတ်လွှတ် နေလေသည်။
မကြာမီ သူ၏ လက်အတွင်းတွင် အပြာရောင် မီးတောက်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ကို အေးစိမ့် သွားစေသည်။ ထိုမီးတောက်သည် ဝမ်လင်း၏ ဝှက်ဖဲတစ်ခုလည်း ဖြစ်သည်။ အလောင်းတောင်ကြားတွင် ရရှိခဲ့စဉ် ကတည်းက အပြာရောင် မီးတောက်သည် အကြိမ်များစွာ အသုံးချ၍ မရသည့် အရာဖြစ်မှန်း သိခဲ့သည်။ မီးတောက်ကို သုံးနေသမျှ မီးတောက်က တဖြည်းဖြည်း နည်းပါးလာမှာ ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် ထိုမီးတောက်ကို အသုံးမပြုလို့ မဖြစ်တော့ချေ။
မီးတောက်ကို မြင်လိုက်သည်နှင့် ကျင့်ကြံသူ ၃ ယောက်၏ မျက်နှာများက အကြီးအကျယ် ပျက်ယွင်း သွား၏။ သူတို့ဘာမှ မလုပ်ခင် ဝမ်လင်းက လက်ကို ဝှေ့ယမ်းပြီး မီးတောက်ကို သူတို့ဆီသို့ ပစ်လိုက်သည်။
သူတို့ ၃ ယောက်ကလည်း ချက်ချင်း လူစု ခွဲလိုက်ကြသည်။ သို့သော်လည်း အပြာရောင် မီးတောက်၏ အလျင်က အလွန် မြန်နေသဖြင့် မီးတောက်က ဒဏ်ရာ ရထားသော ကျင့်ကြံသူ၏ ကျောပြင်ကို ထိမှန်သွား၏။ သူ၏ ခန္ဓာကိုယ် ကလည်း ချက်ချင်း အပြာရောင် အလင်းတစ်ခု ထွက်လာပြီး ပြန်ပျောက်သွား၏။
ထိုအမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူသည် အော်လိုက်ဖို့ပင် အချိန်မရဘဲ သေဆုံးသွား၏။
အပြာရောင် မီးတောက်သည် အနည်းငယ် အားနည်းသွားပြီး နောက်ထပ် ပစ်မှတ် တစ်ခုဆီသို့ လျင်မြန်စွာ ရွေ့လျား သွားသည်။ ထိုအချိန်တွင် အဝေးမှ မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုအခါ ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ညာလက်ဖြင့် အပြာရောင် မီးတောက်ကို ပြန်သိမ်းလိုက်ပြီး ချက်ချင်း ထွက်ပြေးတော့သည်။ ဤတစ်ကြိမ်တွင် သူ့အသက်အတွက် သူ၏အဆုံးစွန်သော အမြန်နှုန်းကို အသုံးပြုပြီး ထွက်ပြေးလေသည်။
***
🏃