ဝမ်လင်းသည် အထဲသို့ မဝင်မီ အနက်ရောင်ဝတ်ရုံ တစ်ထည်ကို ထုတ်၍ ခေါင်းပေါ်မှ ခြုံလိုက်သည်။ အထဲသို့ ရောက်လာပြီးနောက် သူက ပထမအထပ်ကို လှည့်ပတ်ကြည့်ရာ ပထမအထပ်တွင် ဓားပျံများ အများဆုံး ရှိသည်ကို မြင်တွေ့ရသည်။ ဓားပျံများ အားလုံးသည် အဆင့်မြင့် အရည်အသွေးရှိပြီး ဓားချီများ အပြင်သို့ မထွက်စေရန် သေတ္တာများထဲတွင် အဆောင်များဖြင့် ပိတ်ထား၏။
ပထမအထပ်၏ အလယ်တွင် သလင်းကျောက်တိုင်လုံးကြီး နှင့်အတူ လေထဲတွင် ဓားဦးကို အောက်သို့ ညွှန်ထားသည့် ဓားပျံ ၃ ချောင်း ရှိနေသည်။
ဓားပျံ ၃ ချောင်းသည် မှိန်လိုက်၊ လင်းလိုက် ဖြစ်နေပြီး တစ်ခါတစ်ရံတွင် အလွန် တောက်ပလာသည်။
ဝမ်လင်းက ဓား ၃ ချောင်းကို ကြည့်ပြီး အလုပ်သမား တစ်ဦးဆီသို့ လျှောက်သွားလိုက်သည်။ ထိုအလုပ်သမားသည် အသက် ၂၀ ခန့် ရှိပြီး သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ထား၏။ သူက ဝမ်လင်းက သေချာ ကြည့်လိုက်သည်။ သာမန်အားဖြင့် ဝယ်သူများသည် သူတို့၏ မျက်နှာများကို မသိစေချင် ကြသဖြင့် သူတို့၏ မျက်နှာများကို ဖုံးကွယ်ထားတတ် ကြသည်။ ထို့ကြောင့် ဝမ်လင်း၏ ဖုံးကွယ်ထားမှုက အထူးအဆန်း မဟုတ်ပေ။
ရတနာသန့်စင်ခြင်း အိမ်တော်တွင် ကျင့်ကြံခြင်း အဆင့်ကို မြင်နိုင်သည့် အထူးနည်းစနစ်တစ်ခု ရှိခြင်းကြောင့် သူက ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်ကို စစ်ဆေးကြည့်လိုက်ရာ စိတ်လှုပ်ရှားသွား၏။ အဘယ်ကြောင့်ဆိုသော် ဝမ်လင်း၏ ကျင့်စဉ်အဆင့်သည် ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် အထွတ်အထိပ်နှင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကြားတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။
အလုပ်သမားလေးက အံ့ဩ သွားသော်လည်း သူ၏မျက်နှာတွင် ခံစားချက်များကို မျက်နှာတွင် ပေါ်မလာစေဘဲ ဝမ်လင်းအား လေးလေးစားစား မေးလိုက်သည်။
“စီနီယာက အဲဒီဓားတွေကို မျက်စိကျနေတာလား …“
ဝမ်လင်းက ဓား ၃ ချောင်းပေါ်မှ သူ့အကြည့်ကို ရုပ်သိမ်းပြီး အလုပ်သမားကို ကြည့်လိုက်သည်။ အလုပ်သမား၏ ကျင့်စဉ် အဆင့်သည် ချီစုစည်းခြင်းအဆင့် အလွှာ ၈ ၌ ရှိနေသည်ကို ချက်ချင်း မြင်လိုက်သည်။
ဝမ်လင်းက အလုပ်သမားအား မေးလိုက်သည်။
“ရတနာသန့်စင်ခြင်း အိမ်တော်မှာ ဆေးမီးဖိုရောင်းလား …“
အလုပ်သမားက ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
“ဆေးမီးဖိုကို ကျွန်တော်တို့ ရတနာသန့်စင်ခြင်း အိမ်တော်မှာ ရနိုင်ပါတယ် … ဒါပေမဲ့ ဆေးမီးဖိုက သာမန်လူတွေ မဝယ်နိုင်တာမို့ စီနီယာက ဆေးမီးဖိုကို ကြည့်ချင်ရင် ဒုတိယထပ်ကို လိုက်ခဲ့ပေးပါ …“
ဝမ်လင်းက အလုပ်သမား နောက်မှ ဒုတိယထပ်သို့ လိုက်တက်သွား၏။ အလုပ်သမားသည် လှေကားပေါ်သို့ မတက်ခင် ကျင့်ကြံသူ တစ်ယောက်နှင့် အရောင်းအဝယ် လုပ်နေသော အလုပ်သမား တစ်ဦးကို ကြည့်လိုက်ပြီး ခဏကြာမှ ဝမ်လင်းကို ဦးဆောင်ပြီး လမ်းပြ ခေါ်သွားခြင်း ဖြစ်သည်။
ဒုတိယအထပ်သို့ ရောက်သောအခါ အလုပ်သမားသည် ညာဘက်ရှိ အခန်းတစ်ခန်း အတွင်းမှ သက်လတ်ပိုင်း လူကြီးနှင့် စကားပြောပြီး အောက်သို့ ပြန်ဆင်းသွား၏။
သက်လတ်ပိုင်း လူကြီးတွင် ဆံပင်လုံးဝ မရှိတော့ဘဲ သူ၏မျက်လုံးများက တစ်ခါတစ်ရံတွင် တောက်ပသွားသည်။ သူက ထိုင်ခုံပေါ်မှ ထလာပြီး လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။
“ရောင်းရင်းက ဆေးမီးဖိုကို ဘယ်အမျိုးအစားထဲက လိုချင်တာပါလား …“
ဝမ်လင်းက သက်လတ်ပိုင်းလူကြီး ကြည့်လိုက်ရာ သက်လတ်ပိုင်း လူကြီးသည် ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည်ကို မြင်လိုက်ရသည်။
“ပထမအလွှာမှာ ချီစုစည်းခြင်းအဆင့်၊ အခု ဒုတိယအလွှာမှာ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် … ဒါဆိုရင် တတိယအထပ်မှာ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ရှိနေနိုင်တယ် …“
ဝမ်လင်းက တွေးမိပြီး စိတ်သက်သာရာ ရသွားကာ မေးလိုက်သည်။
“ဆေးမီးဖိုအမျိုးအစားတွေ ယူလာပြပေးနိုင်မလား …“
သက်လတ်ပိုင်း လူကြီးက ရယ်မော လိုက်သည်ပြီး ဘေးရှိ ထိုင်ခုံဆီသို့ ညွှန်ပြလိုက်သည်။
“ရောင်းရင်း ဒီမှာ ခဏ ထိုင်စောင့်ပေးပါဦး … ငါ သွားယူလာခဲ့မယ် …“
ပြောပြီးသည်နှင့် သူက လက်ဖက်ရည် တစ်ချက် ငှဲ့ပေးခဲ့ပြီး ဘေးဘက်ရှိ နံရံဆီသို့ သွားကာ နံရံကို လက်ဖြင့် ထုလိုက်သည်။ ထိုအခါ တည်ငြိမ်နေသည့် ရေပြင်တွင် ကျောက်တုံးတစ်တုံး ကျသွားသကဲ့သို့ နံရံပေါ်တွင် လှိုင်းများ ထသွားပြီး တဖြည်းဖြည်းနှင့် နံရံက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် မိန်းမလှလေး ၃ ယောက်သည် ကျောက်စိမ်းဖြူ လင်ပန်းတစ်ခုစီ ကိုင်ပြီး နံရံမှ ထွက်လာသည်။ လင်ပန်းတစ်ခုစီပေါ်တွင် ၂ စတုရန်းမီတာ ရှိသော အနီရောင် သေတ္တာတစ်လုံးစီ ရှိ၏။
ထိုသစ်သား သေတ္တာ ၃ လုံးသည် အရွယ်အစား တူသော်လည်း သေတ္တာပေါ်တွင် ဆွဲထားသော ဒီဇိုင်းပုံစံက မတူညီကြပေ။ အစီအရင်များဖြင့်လည်း သေတ္တာ ၃ လုံးကို ပိတ်ထား၏။
မိန်းမလှလေး ၃ ယောက်သည် ဝမ်လင်းဆီသို့ လျှောက်သွားပြီး သူ့ကို စိုက်ကြည့် နေကြသည်။
သက်လတ်ပိုင်း လူကြီးသည် သေတ္တာတစ်လုံးကို ယူပြီး စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
“ရောင်းရင်း … ဒီဆေးမီးဖိုကို နတ်ဆိုးပင်လယ်ရဲ့ အနက်ပိုင်းကရတဲ့ ကြယ်စိမ်းကျောက်တုံးနှင့် ထူးဆန်း မြူသလင်း ကျောက်ရယ်ကို ပေါင်းပြီး လုပ်ထားတာပါ … ဒီလျှို့ဝှက် စိမ်းဆေးမီးဖိုကို ၄၉ ရက် သန့်စင်ထားတယ် … ပြီးတော့ ဒီဆေးမီးဖိုက အဆင့် ၃ ဆေးမီးဖို …“
ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေသည်။ လီမူဝမ်၏ ပြောပြထားမှုအရ သူမ သယ်လာသည့် ဆေးမီးဖိုသည် အဆင့် ၂ ရှိပြီး ဝေးကွာခြင်း ကောင်းကင် ဆေးလုံးကို အမှားအယွင်း မရှိဘဲ သန့်စင်နိုင်စေရန် အနိမ့်ဆုံး အဆင့် ၄ ဆေးမီးဖို လိုကြောင်း သိထား၏။
ထို့ကြောင့် ဝမ်လင်းက ဆေးမီးဖိုကို တစ်ချက်သာ ကြည့်ပြီး သူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သူက မည်သည့်စကားမှ မဆိုသေးပေ။
သက်လတ်ပိုင်း လူကြီးသည် အနည်းငယ် ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးမီးဖိုပါသော သေတ္တာက လင်ပန်းပေါ်သို့ ပျံသန်းရောက်ရှိ သွား၏။ သူက ဒုတိယ မိန်းကလေးကို ကျော်ပြီး တတိယမိန်းကလေး၏ လင်ပန်းပေါ်မှ သေတ္တာကို ဆွဲယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
သူက မသိမသာ ပြုံးပြီး ပြောလိုက်၏။
“ကြည့်ရတာ ရောင်းရင်းက အဆင့်မြင့် ဆေးအမျိုးအစား တစ်ခုကို ဖော်စပ်မလို့နဲ့ တူတယ် … ဒီဆေးမီးဖိုကို အဆင့်နိမ့် စိတ်ဝိညာဉ်သားရဲ ၉၉ ကောင်ရဲ့ အမြုတေနဲ့ သန့်စင်ထားတယ် … ဒီသားရဲတစ်ရာ ဆေးမီးဖိုနဲ့ ဆေးလုံးကို သန့်စင်မယ် ဆိုရင် ဆေးလုံးက သားရဲ အမြုတေတွေရဲ့ အော်ရာကို စုပ်ယူနိုင်ဖို့ အခွင့်အရေး များတယ် … ပြီးတော့ ဆေးလုံးရဲ့ အရည်အသွေးကိုလည်း တိုးတက်စေနိုင်တယ် …“
ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူက သေတ္တာကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ အထဲတွင် သွေးကဲ့သို့ နီနေသော ဆေးမီဖိုတစ်ခု ရှိနေသည်။ တစ်ယောက်ယောက်ကသာ သေချာကြည့်လျှင် သားရဲ ၉၉ ကောင်၏ မျက်နှာများကိုပါ မြင်တွေ့ရမည် ဖြစ်သည်။
ဝမ်လင်းကတော့ သားရဲတစ်ရာ ဆေးမီးဖိုကို ကြည့်လိုက်သော်လည်း သူ့မျက်နှာ အမူအရာက လုံးဝ မပြောင်းလဲသွားပေ။
သက်လတ်ပိုင်း လူကြီးက သေတ္တာကို ထိပြီး ပြောလိုက်သည်။
“ရောင်းရင်း … အဆင့်နိမ့် စိတ်ဝိညာဉ် သားရဲဆိုတာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်နဲ့ ညီတာကို သိမှာပါ … ငါတို့ဂိုဏ်းက အချိန်တွေ အများကြီး ပေးပြီးတော့ ကြီးစားပြီးမှ ဒီဆေးမီးဖိုကို ရလာတာ … ဒီဆေးမီးဖိုက အဆင့် ၅ ကို ရောက်နေပြီ …“
ဝမ်လင်းက သူ့အကြည့်ကို ရုပ်သိမ်းပြီး အနည်းငယ် စဉ်းစားကာ မေးလိုက်သည်။
“ဈေးနှုန်းက ဘယ်လောက်လဲ …“
သက်လတ်ပိုင်း လူကြီးက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“ဈေးနှုန်းကတော့ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး ၁ သိန်းပါ … ဒါမှမဟုတ် စိတ်ဝိညာဉ် ကျောက်တုံး ၁ သိန်း တန်ကြေးရှိတဲ့ ရတနာပစ္စည်း ဆိုလည်း ရပါတယ် …“
ဈေးနှုန်း ကြားပြီးနောက် ဝမ်လင်းသည် သူ့စိတ်ထဲတွင် ပြင်ဆင် ထားတာတောင်မှ ရင်ထဲ နာကျင်သွားသည်။
သက်လတ်ပိုင်း လူကြီးက လက်ဖက်ရည် တစ်ခွက်ကို သူ့ဘာသာ ငှဲ့ပြီး သောက်ကာ ပြောလိုက်သည်။
“ဒီသားရဲတစ်ရာ ဆေးမီးဖိုက အရမ်း ဈေးကြီးပါတယ် … ရောင်းရင်း လျှို့ဝှက် စိမ်းဆေးမီးဖိုကို ရွေးလိုက်ပါလား အလယ်အလတ် စိတ်ဝိညာဉ်ကျောက်တုံး ၁ သိန်းပဲ ကျလိမ့်မယ် …“
ဝမ်လင်းက သူ့ကို ကြည့်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နဂါးအရေခွံ အပိုင်းတစ်ခုက စားပွဲပေါ်တွင် ပေါ်လာသည်။
“နဂါးအရေခွံ …“
သက်လတ်ပိုင်း လူကြီးသည် အံ့ဩနေသည့် အသံဖြင့် နဂါးအရေခွံကို ကိုင်ပြီး စစ်ဆေး ကြည့်လိုက်သည်။
“ဒါက အလယ်အလတ် နဂါးစိတ်ဝိညာဉ် သားရဲရဲ့ အရေခွံပဲ … ဒီလိုဟာမျိုး မင်းမှာ ဘယ်လောက်ရှိလဲ …“
ဝမ်လင်းက ပြန်မဖြေဘဲ တည်ငြိမ်စွာဖြင့် ပြန်မေးလိုက်သည်။
“သားရဲတစ်ရာ ဆေးမီးဖိုကို ဝယ်ဖို့ ဒါမျိုး ဘယ်လောက်လိုမလဲ …“
သက်လတ်ပိုင်း လူကြီးသည် ခေါင်းကိုငုံ့ပြီး တွက်ချက် လိုက်သည်။ ထို့နောက် ဝမ်လင်းကို ပြန်ကြည့်ပြီး ပြောလိုက်သည်။
“ဒီနဂါးက အနည်းဆုံး မီတာ ၁၀၀၀ ကျော်တယ် … နဂါးအရေခွံ တစ်ခုလုံး ဆိုရင် လုံလောက်ပါပြီ …“
ဝမ်လင်းက ဘာမှပြန်မပြောဘဲ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နဂါးအရေခွံပုံကြီးကတောင် အသေးကဲ့သို့ ပေါ်လာသည်။ ဝမ်လင်းက သက်လတ်ပိုင်း လူကြီးက တစ်ချက်ပင် မကြည့်တော့ဘဲ ဆေးမီးဖိုကို ဆွဲယူ၍ လှေကားမှ ဆင်းကာ ထွက်သွား၏။
သက်လတ်ပိုင်း လူကြီးသည် နဂါးအရေခွံပုံကို ကြည့်ပြီး သူ့နှလုံးက လျင်မြန်စွာ ခုန်နေသည်။ သူက နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ နဂါးအရေခွံ အစိတ်အပိုင်း သေးသေးလေး ပျောက်နေလေသည်။ သို့သော်လည်း နဂါးအရေခွံ တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် အလွန် သေးငယ်သည့် အစိတ်အပိုင်းလေး ဖြစ်၏။
သူက ခေါင်းကို မော့ကြည့်လိုက်ရာ ဝမ်လင်းသည် သေတ္တာကို သိုလှောင်အိတ်ထဲ ထည့်သိမ်းပြီး လှေကားမှ အမြန် ဆင်းသွားသည်ကို တွေ့လိုက်သည်။
ယခုအချိန်တွင် သူ၏ကြွယ်ဝ ချမ်းသာမှုကို ပြသနေရမည့် အချိန်မဟုတ်ကြောင်း ဝမ်လင်း သိ၏။ ထို့ကြောင့်လည်း သူ့ကိုယ်သူ ဝတ်ရုံနက်ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သို့သော် လုံခြုံမှု ရှိသည်ဟု သူ့စိတ်ထဲတွင် မခံစားရပေ။ သူက နဂါးအရေခွံ၏ တန်ဖိုးကို မသိသော်ငြားလည်း သက်လတ်ပိုင်း လူကြီး၏ အမူအရာကို ကြည့်ခြင်းအားဖြင့် အလွန် အဖိုးတန်မှန်း ခန့်မှန်းမိလိုက်သည်။ သက်လတ်ပိုင်း လူကြီးကသာ နဂါးကြီး၏ ကျန်အစိတ်အပိုင်းများကို လောဘ တက်လာပါက သူ့အတွက် အန္တရာယ်များ ရှိလာနိုင်သည်။
အရေးမကြီးလျှင် သူကိုယ်တိုင်လည်း နဂါးအရေခွံကို မလဲလှယ်ချင်ပေ။ သို့သော်လည်း ဆေးမီးဖို၏ ဈေးနှုန်းက အလွန် မြင့်မားနေခြင်းကြောင့် သူ့ထံတွင် ဆေးမီးဖိုကို လဲလှယ်ရန် နဂါးအရေခွံမှ လွဲ၍ စိတ်ဝိညာဉ် အရည်များသာ ရှိ၏။
စိတ်ဝိညာဉ် အရည်များသည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့မှ ထုတ်ယူထားသည့် ပစ္စည်း ဖြစ်နေခြင်းကြောင့် သူ့အတွက် ပိုပြီး ဒုက္ခများ ရှိလာနိုင်သည်။ ထို့ကြောင့် နဂါးအရေခွံကို ထုတ်ပြီး လဲလှယ်ခဲ့ခြင်း ဖြစ်သည်။
သူက ရတနာသန့်စင်ခြင်း အိမ်တော်မှ ထွက်လာပြီးနောက် သူ၏ မျက်လုံးများက ပို၍ အေးစက်သွား၏။ သူက ဒုတိယထပ်ကို တက်သွားစဉ် ကတည်းက သူ့ကို စောင့်ကြည့်နေသည့် လူတစ်ယောက်ကို သတိပြုမိသွားပြီး သူ၏နတ်ဘုရား စိတ်အာရုံကို ထိုလူ၏ အပေါ်တွင် ချန်ထားခဲ့သည်။ သူက အပြင်သို့ ထွက်လာသည်နှင့် ထိုလူသည် လမ်းမဘေးရှိ တည်းခိုခန်း တစ်ခုတွင် ရှိနေကြောင်း သတိပြုမိ လိုက်သည်။
တည်းခိုခန်းထဲတွင် လူအနည်းငယ်သာ ရှိသော်လည်း ထိုထဲတွင် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၃ ယောက်၏ ဘေး၌ ဝမ်လင်း၏ နတ်ဘုရားစိတ်အာရုံ ချန်ထားခြင်း ခံရသောလူက ရှိနေသည်။ ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီး နတ်ဘုရား စိတ်အာရုံကို မဖောက်ခွဲရန် ဆုံးဖြတ်လိုက်သည်။ သူက အနည်းငယ် ပြောင်းလဲမှု လုပ်လိုက်ပြီးနောက် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် ခြေလှမ်း လှမ်းလိုက်၏။ သို့သော်လည်း အဖြူရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသောကြောင့် မြေအောက်ထဲသို့ မဝင်လိုက်ရပေ။ မြို့တစ်ခုလုံးကို ဝင်္ကပါ အစီအရင်ဖြင့် ဖုံးအုပ် ထားသည့်အတွက် သူ၏ မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးမပြုနိုင်စေရန် ဝင်္ကပါ အစီအရင်က တားဆီးထား၏။
ဝမ်လင်းက မျက်မှောင် ကြုတ်သွားပြီး လေထဲသို့ ခုန်တက်ကာ မြို့ဂိတ်ဆီသို့ ဦးတည်ပြီး အလျင်အမြန် ပျံသန်းလိုက်၏။
သူပျံသန်း ထွက်သွားပြီးနောက် သူမြေလွတ်မြောက်ခြင်း နည်းစနစ် သုံးခဲ့သည့် နေရာသို့ အနက်ဝတ် ကျင့်ကြံသူတစ်ယောက် ရောက်လာသည်။ သူက ဝမ်လင်း ထွက်သွားသည့် ဘက်ကို ကြည့်ပြီး နှုတ်ခမ်းကို လျှာြဖင့် သပ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် လောဘ အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။ ထိုအနက်ရောင်ဝတ် ကျင့်ကြံသူသည် ဝမ်လင်း ပထမထပ်ကို ဝင်လာစဉ်က အရောင်းအဝယ် စကားပြောနေသည့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။
ထိုလူ၏ နာမည်သည် ဝေစန်းဖြစ်ပြီး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်သည်။ သူက နန်ဒူမြို့သို့ ပစ္စည်းတစ်ခု ဝယ်ရန် ရောက်လာခြင်း ဖြစ်သည်။ ဝမ်လင်းက ဒုတိယထပ်သို့ တက်သွားသောအခါ သူက ဝမ်လင်းကို သတိထားမိသွားပြီး တည်းခိုခန်းမှ ထိုင်စောင့်နေခြင်း ဖြစ်သည်။ သူက အသံထုတ်လွှင့်ခြင်း ကျောက်စိမ်းပြားမှလည်း နန်ဒူမြို့တွင် ပစ္စည်း လာဝယ်သော သူ၏ ရောင်းရင်းများကို သူ့ဆီလာရန် ခေါ်ထားခဲ့၏။
သူက ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်သောကြောင့် ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နေရမည်ဟု ခန့်မှန်းလိုက်ပြီး သူ၏ ညီအစ်ကိုများကို ခေါ်လိုက်ခြင်းဖြစ်သည်။ သူ၏ ညီအစ်ကိုများက သူတို့၏ အကြီးအကဲ တချို့နှင့် ရောက်လာသောအခါ ပျော်ရွှင်သွားပြီး အားလုံးကို ပြောပြလိုက်သည်။
သူ့ဘေးတွင် လူ ၁၀ ယောက်ကျော် ရောက်လာသည်။ အများစုသည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်များသာ ဖြစ်သော်လည်း အနက်ရောင် မြူများဖြင့် ဖုံးနေသော လူ ၃ ယောက် ရှိနေသည်။
ဝေစန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး လေးစားစွာ ပြောလိုက်သည်။
“အကြီးအကဲ … ဒီလူက ဒုတိယထပ်ကို တက်သွားတာမို့ သူ့ဆီမှာ အဖိုးတန်တဲ့ ရတနာတွေ ရှိဖို့ သေချာတယ် …“
အက်ကွဲကွဲ အသံတစ်ခုက ဒေါသတကြီး ထွက်ပေါ်လာသည်။
“ဝေစန်း … မင်းက ဟိုကောင့်ကို တော်တော် အထင်ကြီးနေတာပဲ … ငါကတော့ ထင်လိုက်တာ ဟိုက အမြုတေ ဖွဲ့တည်ခြင်း အဆင့်လို့ … ဟမ့် အခုကြည့်လိုက်တော့ အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ပဲ ရောက်သေးတဲ့ ငချွတ်လေး တစ်ယောက်ပဲ …“
***
🪨