Switch Mode

အခန်း (၁၅၀)

ဝမ်လင်းက ကျောက်စိမ်းပြားမှ သူ၏ နတ်ဘုရား စိတ်အာရုံကို ပြန်ရုပ်သိမ်းပြီး အနည်းငယ် စဉ်းစားလိုက်သည်။ စစ်နတ်ဘုရား ဗိမာန်၏ သန့်စင်ခြင်း နည်းစနစ်သည် ပြောင်းခြင်း၊ အရည်ပျော်ခြင်းနှင့် ပေါင်းစပ်ခြင်း ဆိုသည့် အချက် ၃ ချက်ပေါ်တွင် အဓိကကျ၏။

ဝမ်လင်းက သိုလှောင်အိတ် အတွင်းမှ ပစ္စည်းတချို့ကို ထုတ်ယူပြီး ဓာတ်ပြုမီးပြင်းဖို အတွင်းသို့ ပစ်ထည့်လိုက်သည်။ ထိုပစ္စည်းများသည် ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသော ပစ္စည်းများ ဖြစ်သည်။

ကြက်သွေးကျောက်တုံး … စိတ်စွမ်းအင် ထည့်သွင်း လိုက်သည့်အခါ ကြက်သွေး ကျောက်တုံးမှ အပူများကို ထုတ်ပေးနိုင်သည်။

ခရမ်းရောင်လနွယ်ပင် … ကောင်းကင်ကြယ် သစ်သားနှင့် သန့်စင်လိုက်ပြီးနောက် ပုပ်သိုး ဆွေးမြေ့စေသည့် အကျိုးရလဒ်ကို ထုတ်ပေးနိုင်သည့် အပင်တစ်မျိုး ဖြစ်သည်။

ကောင်းကင်ကြယ်သစ်သား … အက်စစ်ကဲ့သို့ စားတတ်သည့် ဂုဏ်သတ္တိရှိသည့် ပစ္စည်းတစ်မျိုး ဖြစ်သည်။

ဝမ်လင်းထံတွင် ထိုပစ္စည်း ၃ ခုစလုံးသည် အများကြီး မရှိသော်လည်း ရတနာတစ်ခု သန့်စင်ရန် အတွက်တော့ လုံလောက်ပေသည်။ ပြင်ပတိုက်ပွဲ မြေပြင်မှ ရရှိခဲ့သော ပစ္စည်းများနှင့် ပတ်သက်၍ ဝမ်လင်းသည် အမြဲ စိတ်ရှုပ်ထွေး နေရသည်။ သို့သော်လည်း ယခုအချိန်တွင် ပစ္စည်း အနည်းငယ်ကို သူသိနေပြီ ဖြစ်သည်။

သူက ခရမ်းရောင် လနွယ်ပင်ကို ဓာတ်ပြုမီးပြင်းဖို အတွင်းသို့ ထည့်လိုက်သည်။ သူက ဓာတ်ပြု မီးပြင်းဖို အတွင်းသို့ တစ်ခု ထည့်လိုက်တိုင်း စိတ်ဝိညာဉ် သားရဲအရိုးဖြင့် ချေမွ၏။ ယခုအချိန်တွင် သူ၏ နတ်ဘုရား စိတ်အာရုံသည် ဓာတ်ပြုမီးပြင်းဖို အတွင်း၌ အာရုံ စိုက်ထား၏။

ဓာတ်ပြုမီးပြင်းဖို အတွင်းတွင် အားလုံးက ခရမ်းရောင် အရည်တစ်မျိုးအဖြစ် အရည် ပျော်သွား၏။

ထိုအခါ ဝမ်လင်း၏ မျက်လုံးက အရောင် တောက်သွားကာ သူ၏ သွေးစက် တစ်စက်ကို အထဲသို့ ပစ်ထည့်လိုက်၏။

ထိုအချိန်တွင် ဓာတ်ပြု မီးပြင်းဖိုအတွင်း၌ ပူဖောင်းများ ပေါ်လာသည်။ ဝမ်လင်းကတော့ အထိတ်တလန့် မရှိဘဲ စိတ်စွမ်းအင်များကို အထဲသို့ တည်ငြိမ်စွာဖြင့် ပို့ပေးနေသည်။

ဝမ်လင်းက လေကို ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ကောင်းကင်ကြယ် သစ်သားကို ထုတ်ယူပြီး ချေမွကာ ဓာတ်ပြုမီးပြင်းဖို အတွင်းသို့ ဖြူးချလိုက်သည်။

ခရမ်းရောင် အရည်က လျင်မြန်စွာ ဆူပွတ်လာပြီး စူးရှသည့် အနံ့တစ်မျိုးကို ထုတ်လွှတ် လာသည်။ ထိုအခါ ဝမ်လင်းက ကြက်သွေးကျောက်တုံး အပိုင်းတစ်ခုကို ထုတ်ယူပြီး ဓာတ်ပြုမီးပြင်းဖို အတွင်းသို့ ပစ်ထည့်လိုက်၏။

အားလုံး ထည့်ပြီးနောက် သူ၏ အမူအရာက ပိုပြီး လေးနက်လာကာ အစီအရင်များကို အလျင်အမြန် ဖန်တီးလိုက်သည်။ ခရမ်းရောင် အရည်က လျင်မြန်စွာ စုစည်းလာပြီး ခရမ်းရောင် ဘောလုံးတစ်လုံး ဖြစ်သွား၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ဘောလုံးက နှစ်လုံးအဖြစ် ကွဲသွား၏။ တစ်လုံးက လေထဲသို့ မြောက်တက်လာပြီး တစ်လုံးက မီးပြင်းဖိုထဲ ပြန်ကျသွားသည်။

ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ခရမ်းရောင် ဘောလုံးက လေထဲသို့ ဆက်လက် မြင့်တက်လာ၏။ ဝမ်လင်းက နဖူးနှင့် ရင်ဘတ်ကို လက်ဖြင့် ညွှန်လိုက်ပြီး ပါးစပ်ထဲမှ ခရမ်းရောင် စိတ်စွမ်းအင်တစ်မျိုး အန်ထုတ်လိုက်သည်။ ထို့နောက် စိတ်စွမ်းအင်က ဘောလုံးအတွင်းသို့ ချက်ချင်း ဝင်သွား၏။

စစ်နတ်ဘုရားဗိမာန်၏ သန့်စင်ခြင်း နည်းစနစ်မှ ပထမအဆင့် ဖြစ်သည့် ပြောင်းရွှေ့ခြင်းသည် ပြီးဆုံး အောင်မြင်သွားလေပြီ။ ယခု ဒုတိယအဆင့် ဖြစ်သည့် အရည်ပျော်ခြင်း အဆင့်ကို ပြုလုပ်ရန် အချိန်ဖြစ်သည်။

အရည်ပျော်ခြင်း ဖြစ်စဉ်အတွင်း ရတနာ ပစ္စည်းများကို လိုအပ်၏။ ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားပျံ ၃၅ ချောင်း ထွက်လာသည်။

ဝမ်လင်းက ဓားတစ်ချောင်းကို ဘောလုံးအတွင်းသို့ ထိုးစိုက်စေသည်။ တဖြည်းဖြည်းနှင့် ဓားထိပ်ဖျားပိုင်းက အရည်ပျော်လာပြီး နောက်ဆုံးတွင် ဓားတစ်ချောင်းလုံး ဘောလုံး အတွင်းသို့ အရည် ပျော်သွား၏။

ထို့နောက် ကျန်သည့်ဓား ၃၄ ချောင်းလုံးကိုလည်း ဘောလုံးထဲသို့ အရည် ပျော်စေလိုက်သည်။ ယခုအချိန်တွင် ဘောလုံးသည် သက်တန့်ရောင် အလင်းကို စူးရှတောက်ပစွာ ထုတ်လွှတ်နေသည်။

ဖြစ်စဉ် တစ်ခုလုံးကို အစမှစ၍ ၂ နာရီသာ ကြာလိုက်၏။ ထို ၂ နာရီ အတွင်းတွင် ဝမ်လင်းက သူ၏စိတ်ကို သန့်စင်သည့် အလုပ်တွင်သာ အာရုံ စိုက်ထားခဲ့သည်။

ဝမ်လင်းက သူ၏ အနက်ရောင်ဓားကို သိုလှောင်အိတ် အတွင်းမှ ထုတ်ယူလိုက်သည်။

ထိုဓားသည် သူနှင့် အချိန်တော်တော်ကြာ ရှိခဲ့ပြီဟု ဆိုနိုင်ပေသည်။ ကျန်းဟူ၏ ဆရာကို သတ်လိုက်သည့် အချိန်မှစ၍ ရှိနေခဲ့ခြင်း ဖြစ်သည်။ ကြွယ်မင် တောင်ကြားမှ တိုက်ပွဲတွင် စစ်ထူနန်၏ ကူညီမှုကြောင့် ဓား၏ ကိုယ်ထည်ကို ဖျက်ဆီး ခံလိုက်ရသော်လည်း ဝမ်လင်းနှင့် ဆက်နွယ်မှုဖြင့် ဓားစိတ်ဝိညာဉ်က ဝမ်လင်း၏ဝိညာဉ် အတွင်းတွင် ဆက်လက် ရှိနေနိုင်ခဲ့သည်။

ထို့နောက် ဝမ်လင်းက ဓားဝိညာဉ်အတွက် ဓားကိုယ်ထည် အသစ်များ ရှာပေးခဲ့သော်လည်း တစ်ခုမှ အဆင်မပြေခဲ့ပေ။ ဤနောက်ဆုံး ဓားနက်သည် ဓားဝိညာဉ်နှင့် အနည်းငယ် သင့်တော်သော်လည်း တည်နေရာ ပြောင်းရွှေ့ခြင်းကို အကြိမ်အနည်းငယ်ခန့် ပြုလုပ်ပြီးသည်နှင့် ပုံသဏ္ဌာန် ပျက်ယွင်းလာခဲ့သည်။

ဝမ်လင်းက ဓားကို ဆွဲယူပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဓားက ကျယ်လောင်သော တဝီဝီ မြည်သံတစ်ခု ထွက်ပေါ်လာ၏။ မကြာမီ ဓားထဲမှ ဓားပုံရိပ်ယောင်တစ်ခု ထွက်လာသည်။ ထို့အတူ မကောင်းဆိုးဝါးသည်လည်း ဓားအတွင်းမှ ထွက်လာပြီး ဝမ်လင်း၏ ဘေးတွင် ရပ်နေလိုက်သည်။ မကောင်းဆိုးဝါးက ပတ်ဝန်းကျင်ကို စိုက်ကြည့်နေ၏။

ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူပြီး သက်တန့်ရောင် တောက်နေသည့် ဘောလုံးကို ဆွဲယူလိုက်ပြီး အံကြိတ်ကာ အမိန့်တစ်ခု ပေးလိုက်သည်။ ထိုအခါ အနက်ရောင်ဓားက ပျံသန်းလာပြီး ဘောလုံးအတွင်းသို့ ဝင်သွား၏။

ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံက ချက်ချင်း ဘောလုံးကို ဝန်းရံလိုက်သည်။ သန့်စင်ခြင်း နည်းစနစ်၏ နောက်ဆုံးအဆင့်သည် ယခု လုပ်နေသည့် ပေါင်းစပ်ခြင်း ဖြစ်သည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဘောလုံးက တဖြည်းဖြည်း ရှည်လာပြီး အခဲ ဖြစ်လာသည်။ နောက်ဆုံးတွင် ကျယ်လောင်သော ငိုကျွေးသံတစ်ခု ပေါ်ထွက်လာပြီး သလင်းကျောက် ကဲ့သို့ ကြည်လင်နေသော ဓားတစ်ချောင်းက ဝမ်လင်း၏ ရှေ့တွင် ထွက်ပေါ်လာသည်။

ဓားပေါ်လာသည်နှင့် ဝမ်လင်း၏ နားတွင် စိတ်စွမ်းအင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ဝဲကတော့က ဝမ်လင်းကို အကြိမ်ရေ အနည်းငယ်ခန့် ပတ်လိုက်ပြီး ဓားအတွင်းသို့ ဝင်ရောက်သွား၏။ ဝမ်လင်းက သူကိုယ်တိုင် သန့်စင်ထားသည့် ဓားပျံကို အချိန်တော်တော် ကြာအောင် ကြည့်နေပြီး ပါးစပ်ကို ဟလိုက်ရာ ဓားပျံက သေးသွားပြီး ပါးစပ်ထဲသို့ ဝင်သွား၏။

ထိုအခါ မကောင်းဆိုးဝါးက တုန်လှုပ်သွားပြီး အားတင်း၍ ပြုံးကာ ပြောလိုက်သည်။

“ဒီ … ဒီလိုမျိုး မင်းက ဓားကို မျိုချလိုက်တော့ ငါက ဘယ်သွားပြီး နေရမှာလဲ …“

ဝမ်လင်းက ခေါင်းမော့ပြီး မကောင်းဆိုးဝါးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သိုလှောင်အိတ် အတွင်းမှ နဂါးအရွတ်ကို ထုတ်ယူလိုက်ပြီး ဓာတ်ပြုမီးပြင်းဖို အတွင်းမှ ကျန်သည့် ခရမ်းရောင် ဘောလုံးကို အပြင်သို့ ထုတ်လိုက်သည်။ သူက နဂါးအရွတ်ကို ဘောလုံးအတွင်းသို့ ချက်ချင်း ပို့လိုက်၏။

အချိန်ခဏလေး အတွင်းတွင် ဘောလုံးက သေးလာပြီး နောက်ဆုံးတွင် နဂါးအရွတ် အတွင်းသို့ စိမ့်ဝင်သွား၏။ သို့သော်လည်း နဂါးအရွတ်သည် ယခုအချိန်တွင် ရွှေရောင် ဖြစ်နေလေပြီ။

ဝမ်လင်းက မကောင်းဆိုးဝါးကို ကြည့်လိုက်ရာ မကောင်းဆိုးဝါးက ကျိုးကျိုးနွံနွံဖြင့် နဂါးအရွတ် အတွင်းသို့ ဝင်သွားလိုက်၏။

ထို့နောက် သူက နဂါးအရွတ်ကို ဆွဲယူပြီး အနည်းငယ် စစ်ဆေးကြည့်ကာ သိုလှောင်အိတ်ထဲသို့ သိမ်းလိုက်၏။ ဝမ်လင်းက ခေါင်းကိုမော့ပြီး သူ့အပေါ်ရှိ ရေခဲပြင်ကို ကြည့်လိုက်သည်။ အပြာရောင် သေဆုံးခြင်း မီးတောက်က သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာပြီး အပေါ်သို့ တက်သွား၏။

ထို့နောက် သူကလည်း အပေါ်သို့ ကျောက်တုံးများ၊ မြေစာများကို ဖြတ်ကျော်ပြီး တစ်ဟုန်ထိုး ထိုးတက်သွား၏။ သူ၏ အမြန်နှုန်းကလည်း အလွန်လျင်မြန်သည့် အပြင် သေဆုံးခြင်း မီးတောက်၏ အဖျက်အဆီး စွမ်းအားများနှင့်ပါ ထည့်ပေါင်း လိုက်ခြင်းက အလောင်းတောင်ကြား တစ်ခုလုံးကို တုန်ခါ သွားစေသည်။ ထိုတုန်ခါမှုက အလောင်းတောင်ကြား အတွင်းရှိ ကျင့်ကြံသူများကို တုန်လှုပ်ကြောက်ရွံ့ သွားစေပြီး အလောင်းတောင်ကြား အတွင်းမှ အလျင်အမြန် ထွက်သွားစေသည်။

အနည်းငယ်သော ကျင့်ကြံသူများသာ ကျယ်လောင်သော ကြုံးဝါးသံ တစ်ခုနှင့်အတူ အနက်ရောင် အရိပ်တစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။

ကျင့်ကြံသူများသည် တောင်ကြား ၁၄ ကို တုန်လှုပ်စွာဖြင့် အချိန်တော်တော် ကြာအောင် စိုက်ကြည့် နေကြသည်။ ထို့နောက် များပြားလှသော ကောလာဟလများ စတင် ပျံ့နှံ့သွား၏။ နောက်ဆုံးတွင် အတည်တကျ ဖြစ်သွားသည့် ကောလာဟလသည် အလောင်းတောင်ကြားတွင် နှစ်ပေါင်းသောင်းကျော် အိပ်နေခဲ့သည့် ကျင့်ကြံခြင်း အလောင်းကောင် တစ်ကောင်က နိုးထလာပြီး မြေအောက်မှ ထိုးထွက်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဝမ်လင်းကတော့ မရပ်မနားဖြင့် မြောက်အရပ်သို့ ပျံသန်းနေသည်။ စန်းမူရဆီမှ ရသည့် သတင်းအရ နန်ဒူမြို့သည် အလောင်းတောင်ကြားနှင့် ကီလိုမီတာသုံးသိန်း ကွာဝေးသော မြောက်အရပ်တွင် ရှိ၏။

ဝမ်လင်းက နောက်ထပ် အချိန် မဖြုန်းချင်တော့ပေ။ သူ၏ ပန်းတိုင်ဖြစ်သည့် ဝေးကွာခြင်း ကောင်းကင် ဆေးလုံးကို သန့်စင်ရန်အတွက် ဆေးမီးဖိုတစ်ခု ဝယ်ရန်ဖြစ်သည်။

နှစ်ရက်နှင့်တစ်ည ပျံသန်းပြီးနောက် မြို့ကို ဝမ်လင်း မြင်လိုက်ရသည်။ အကြည့် တစ်ချက်နှင့်တင် နတ်ဆိုး ပင်လယ်၏ ၉၉၉ မြို့ထဲမှ တစ်မြို့ဖြစ်သည့် နန်ဒူမြို့သည် အလွန် ကြီးမားကြောင်း သိနိုင်သည်။

နန်ဒူမြို့၏ အမည်သည် မြို့အရှင်၏ နာမည်ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ မြို့အရှင်က စဦး စိတ်ဝိညာဉ် အဆင့်တစ်ယောက် ဖြစ်ပြီး သူ့လက်အောက်တွင် အစွမ်းထက်သော ကျင့်ကြံသူများ ရှိ၏။

သာမန်အားဖြင့် လူတစ်ယောက်သည် မြို့တစ်မြို့ကို ပိုင်ဆိုင်ချင်ပါက အနည်းဆုံး အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ နန်ဒူမြို့အရှင်၏ လက်အောက်တွင် ဂိုဏ်းများ အများအပြား ရှိသော်လည်း မည်သူကမှ မြို့အရှင်ကို မယှဉ်ပြိုင် ရဲကြချေ။

ကံကောင်းစွာဖြင့် နန်ဒူမြို့၏ အရှင်သည် ပျောက်ဆုံးနေသည်မှာ နှစ် ၅၀၀ ကျော်နေလေပြီ။ ထို့ကြောင့် ဤနေရာ တစ်ခုလုံးသည် ဦးခေါင်းမရှိသည့် နဂါးကဲ့သို့ ဖြစ်နေလေသည်။ ထိုအဖြစ်က တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းကဲ့သို့ ဂိုဏ်းများကို ဂိုဏ်းကြီးများ ဖြစ်လာစေသည်။

နန်ဒူမြို့သည် မြို့အရှင် မရှိတော့သည့် နောက်ပိုင်းတွင် ဂိုဏ်းကြီးများက အုပ်ချုပ်လာကြ၏။ သို့သော်လည်း အရင်းအမြစ် ရှားပါးမှုကြောင့် နောက်ထပ် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ပေါ်ထွက်လာရန် အလွန် ခက်ခဲလေသည်။ ထို့ကြောင့် နန်ဒူမြို့ မိုင်သန်းပေါင်းများစွာ အတွင်း စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘဲ အမြုတေဖွဲ့တည်ခြင်း အဆင့်များသာ ရှိ၏။

စဦး စိတ်ဝိညာဉ်အဆင့် တစ်ယောက်သာ ပေါ်လာပါက ထိုလူသည် နန်ဒူမြို့၏ အရှင်သခင် ဖြစ်လာမှာ ဖြစ်သည်။

သို့သော်လည်း နန်ဒူမြို့သည် အရင်းအမြစ်များ အလွန် ရှားပါးသဖြင့် မည်သည့် စဦး စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူကမှ မလာကြပေ။

ယခု လက်ရှိတွင် နန်ဒူမြို့ကို အပြစ်ပေး ကောင်းကင်ဂိုဏ်း၊ ဝိညာဉ် အဆုံးသတ်ဂိုဏ်းနှင့် တစ်ခုသော ကောင်းကင်လမ်း ဂိုဏ်းတို့မှ အုပ်ချုပ်လျက် ရှိ၏။ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသည်လည်း အာဏာတချို့ ရသော်လည်း ထိုဂိုဏ်း ၃ ခု၏ အင်အားကြောင့် မြို့ထဲတွင် ခြေကုပ် မယူနိုင်ပေ။

ဝမ်လင်းသည် မြို့တွင်းသို့ ဝင်ရန်အတွက် တံဆိပ်ပြားကို အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀ တုံး ပေးခဲ့ရသည်။ ဝမ်လင်းသည် လမ်းများကို ဖြတ်ကျော်လာပြီး ရတနာသန့်စင်ခြင်း အိမ်တော်ရှိရာသို့ ဦးတည် သွားနေ၏။

ရတနာသန့်စင်ခြင်း အိမ်တော်တွင် အထပ် ၃ ထပ်ရှိပြီး တစ်ထပ်ချင်းစီမှ ပစ္စည်းများသည် အလွန် ဈေးကြီးလှသည်။ ယခုချိန်တွင် ကျင့်ကြံသူ ၇ ယောက်၊ ၈ ယောက်ခန့်သာ အထဲ၌ ဆိုင်ဝန်ထမ်းများနှင့် အရောင်းအဝယ် လုပ်နေကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset