အေးခဲအမြုတေများက ဝမ်လင်း၏ဦးခေါင်း၊ ရင်ဘတ်နှင့် တန်းထျန်းတွင် ရှိနေသည်။ သူက အေးခဲအမြုတေ၃ခု၏ ညီမျှမှုကို ချိုးဖြတ်ရန် လိုအပ်ပေသည်။ ပထမဦးဆုံး သူ၏ဦးခေါင်းမှ အေးခဲအမြုတေကို ရင်ဘတ်မှ အေးခဲအမြုတေဆီသို့ ပေါင်းစပ်ရမည်။ ထိုပေါင်းစပ်မှု အောင်မြင်လျှင် ကနဦးပေါင်းစပ်မှု ပြီးမြောက်သည်ဟု သတ်မှတ်နိုင်သည်။
နောက်တစ်ဆင့်သည် ပေါင်းစပ်ထားသည့် အေးခဲအမြုတေကို တန်းထျန်းရှိ အေးခဲအမြုတေဆီသို့ ပို့ပြီး ပေါင်းစပ်ရမည် ဖြစ်သည်။ အမြုတေ၃ခု ပေါင်းစပ်သွားသည့် အခိုက်အတန့်တွင် အမြုတေအစစ် ဖွဲ့စည်းရန်အတွက် အခွင့်အရေးတစ်ခု ရှိ၏။
ဝမ်လင်းသည် ယင်စွမ်းအင်များဖြင့် ပြည့်နေသော ကျောက်တုံး အခန်းလေးထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏မျက်လုံးများက အေးစက်နေပြီး သူ၏နတ်ဘုရား စိတ်အာရုံက သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်နေကာ ဦးခေါင်းမှ အေးခဲအမြုတေပေါ်တွင် အာရုံစိုက်ထား၏။
ပထမဆုံး အဆင့်သည် အေးခဲအမြုတေဖြင့် အကာအကွယ်အား ချိုးဖြတ်ခြင်း ဖြစ်သည်။
အေးခဲအမြုတေများကို ရောနှော ပေါင်းစည်းရာတွင် ခက်ခဲသည်ဟု သိထားသော်လည်း ထိုအရာသည် လျှော့ပြောထားခြင်း ဖြစ်ကြောင်း သိလာ၏။ အမြုတေ၃ခု၏ ပေါင်းစည်းမှုသည် အလွန်အမင်း ခက်ခဲလွန်း လှပေသည်။
ပထမအေးခဲ အမြုတေကို တစ်လလုံး မရပ်မနား အတားအဆီးအား ချိုးဖြတ်စေခဲ့သည်။ သို့သော်လည်း မည်သို့ပင် ကြိုးစားပြီး ချိုးဖြတ်သော်လည်း မချိုးဖြတ်နိုင်ခဲ့ပေ။
တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်၏ လိုအပ်ချက်များသည် ဘိုးဘေးနေရာ၊ ချီပင်လယ်နှင့် တန်းထျန်းတို့ကို ချိုးဖြတ်ရန် ဖြစ်သည်။ တစ်နေရာတွင် ၃ကြိမ်စီ ချိုးဖြတ်ရပြီး တစ်ကြိမ်ချင်းစီတွင် တဖြည်းဖြည်း ပိုပြီး ခက်ခဲလာသည်။ ပထမဆုံး အကြိမ်သည် ခက်ခဲသည်ဆိုလျှင် ဒုတိယအကြိမ်သည် အလွန်ခက်ခဲပြီး တတိယ အကြိမ်သည် အလွန်အမင်း ခက်ခဲသည်ဟု ဆိုရပေမည်။
သို့သော်လည်း ဝမ်လင်းက ယခုအချိန်တွင် ဘိုးဘေးနေရာကို လေးကြိမ်မြောက် ချိုးဖြတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လေးကြိမ်မြောက်သည် မည်မျှခက်ခဲမလဲ ဆိုတာကို ခန့်မှန်းကြည့်လို့တောင်မှ မရနိုင်ချေ။
ချိုးဖြတ်ရန် အတွက် အကြိမ်များစွာ ကြိုးစားပြီး နောက်တွင် ဝမ်လင်းက နည်းဗျူဟာ ပြောင်းရန် ဆုံးဖြတ်လိုက်ပြီး အတားအဆီးကို ကြိတ်ခြေသည့်နည်းဖြင့် ဖြည်းညင်းစွာ ချိုးဖြတ်ရန် ကြိုးစားလာသည်။ အချိန်များက ကုန်ဆုံး လာသည်နှင့်အမျှ တားဆီးထားသည့် အတားအဆီးက အားနည်းလာသည်။
သို့သော်လည်း အတားအဆီးကို ကြိတ်ခြေသည့်နည်းဖြင့် တဖြည်းဖြည်း ချိုးဖြတ်ခြင်းမှ နာကျင်မှုသည် သာမန်လူ တစ်ယောက် စိတ်ကူးကြည့်၍ ရနိုင်သည့် နာကျင်မှုမျိုး မဟုတ်ပေ။ အတားအဆီးကို ကြိတ်ခြေသည့် အချိန်တိုင်း သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး နဖူးမှလည်း ချွေးများ စီးကျလာသည်။ ထိုနည်းလမ်းကို စတင် ကျင့်သုံးသည့် အချိန်ကတည်းက သူ၏ အဝတ်အစားများသည် အမြဲတမ်း ခြောက်သွေ့ နေသည်။
အမြုတေ၃ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းသည် သာမန် စိတ်ဓာတ် ခိုင်မာမှုမျိုးနှင့် ရနိုင်သည့်အရာမျိုး မဟုတ်ပေ။ သို့သော်လည်း ထိုစိတ်ဓာတ်ခိုင်မာသည် ဝမ်လင်းထံတွင် ရှိနေသည်။ ဟုန်ယွီဂိုဏ်းသို့ လာခဲ့စဉ် လမ်းမှာ ကတည်းက သူ၏ စိတ်ဓာတ်ခိုင်မာမှုသည် သူ၏ အသွေးအသားများထဲထိ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
သူ၏ ပင်ကိုစွမ်းရည် အားနည်းမှုကြောင့်သာ မဟုတ်လျှင် သူသည် ဟုန်ယွီဂိုဏ်းတွင် တန်ဖိုးထား မြေတောင် မြှောက်ပေးခံရမည့်သူ ဖြစ်၏။ သို့သော်လည်း ထိုအရာများ အားလုံးသည် ဟုန်ယွီဂိုဏ်း၏ ပျက်စီးမှုနှင့်အတူ ပျောက်ကွယ် သွားလေသည်။
ဝမ်လင်း၏ စိတ်ဓာတ်ခိုင်မာမှုသည် ယခုအချိန်တွင် တိုင်းတာလို့ပင် မရသည်အထိ ခိုင်မာနေသည်။
သုံးလလုံးလုံး နာကျင်မှုကို ကြံ့ကြံ့ခံပြီး နောက်တွင် ဘိုးဘေးနေရာသည် စတုတ္တ အကြိမ်မြောက် ချိုးဖြတ် ခံလိုက်ရသည်။
ထို့နောက် လက်သီးအရွယ် အေးခဲအမြုတေသည် ချီပင်လယ်အတွင်းသို့ တဖြည်းဖြည်း နိမ့်ဆင်းလာသည်။ အောက်သို့ နိမ့်ဆင်းလာတိုင်း အေးခဲအမြုတေမှ စွမ်းအင် အမျှင်လေးက သူ၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွား၏။
အေးခဲအမြုတေက အောက်သို့ နိမ့်ဆင်းလာလေ စွမ်းအင် အမျှင်ကြိုးများက ပိုပြီး ထွက်လာသည်။ နောက်ဆုံးတွင် အေးခဲအမြုတေက ချီပင်လယ်၏အထက်သို့ ရောက်လာသည်။
ဝမ်လင်းက လေကို ပြင်းပြင်း ရှူလိုက်ပြီး ချီပင်လယ်၏ရှေ့ရှိ အတားအဆီးကို ကြိတ်ခြေ လိုက်သည်။
နောက်ထပ် ၃လကြာပြီး နောက်တွင် အတားအဆီးက ပျက်စီး သွား၏။ အတားအဆီးက ပျက်စီးသွားသည်နှင့် အေးခဲအမြုတေ နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိသွား၏။
‘ဘုန်း’ ဆိုသည့် အသံကြီးကို ဝမ်လင်း ကြားလိုက်ရပြီး သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင်များက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပွင့်ထွက် လာသည်။
ဝမ်လင်း၏မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး သွေးများ အန်ထုတ် လိုက်ရသည်။ သွေးများက ပါးစပ်ထဲမှ ထွက်လာသည်နှင့် အေးခဲသွားပြီး နံရံဆီသို့ လွင့်စဉ် သွား၏။
သွေးများကို အန်ထုတ်ပြီးနောက် သူက အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၈တုံးကို အလျင်အမြန် ထုတ်ယူပြီး အားလုံးကို ခြေမွှလိုက်ရာ အမှုန့်များ ဖြစ်သွား၏။ အမှုန့်များသည် သူ၏ ခန္ဓာကိုယ်ဘေးတွင် လျင်မြန်စွာ လှည့်ပတ်နေပြီး ထူးဆန်းသော သင်္ကေတတစ်ခု အဖြစ် ဖွဲ့စည်း သွားသည်။
ထိုသင်္ကေတက ခပ်မှိန်မှိန်လေး လင်းနေပြီးနောက် ခဏအကြာတွင် ပျောက်ကွယ် သွား၏။ ထို့နောက် အနက်ရောင်ဓားက သိုလှောင်အိတ် အတွင်းမှ ထွက်လာပြီး သူ့ဘေးတွင် တစ်ပတ်ပတ်ကာ သူ့ရှေ့တွင် ရပ်သွား၏။ မကောင်းဆိုးဝါးက ဓားအတွင်းက ဖြည်းညင်းစွာ ထွက်လာသည်။
မကောင်းဆိုးဝါးက ဝမ်လင်းကို အရင်ကြည့်ပြီး ရုန်းကန်ရန် ပြင်လိုက်စဉ် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်တွင်း၍ ရှိနေသော နတ်ဘုရား စိတ်အာရုံက အသက်ဝင်လာပြီး ဝမ်လင်းအား တိုက်ခိုက်ရန် နှိုးဆော်နေသည့် စိတ်များကို ပျောက်ကွယ် သွားစေပြီး ဝမ်လင်းဘေးတွင် ကျိုးကျိုးနွံနွံဖြင့် စောင့်ရှောက် စေသည်။
အားလုံး ပြီးသွားပြီးနောက် ဝမ်လင်း၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သူသည် သတိမလစ်ခင် ဝင်္ကပါအစီအရင်ကို အသက်သွင်း နိုင်ရုံလောက်သာ အချိန်ရခဲ့သည်။
ဝင်္ကပါအစီအရင် အကြောင်း ပြောရလျှင် ဝမ်လင်းသည် အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် ဝင်္ကပါ အစီအရင်များစွာကို ပြင်ဆင်ထားခဲ့၏။
မကောင်းဆိုးဝါးသည် ဂူကို စောင့်ကြပ်နေရင်း ဝမ်လင်းကို ခဏခဏ ဝေ့ကြည့်လိုက်ပြီး စိတ်ထဲတွင် အတွေးများ လွန်ဆွဲနေသည်… “ငါ သူ့ကို တိုက်ခိုက်သင့်လား… သူက ဟန်ဆောင်နေတဲ့ ပုံစံနဲ့တော့ မတူဘူး… ဒါပေမဲ့လည်း ပြောရခက်တယ်… ဒီကောင်က ယုံရတာ မဟုတ်ဘူး … အာ … ငါ သူ့ကို တိုက်ခိုက်သင့်လား… ဒါပေမဲ့ သူ့ကို မနိုင်ခဲ့ရင်…”
မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ထိုအတွေးများကို သူ့စိတ်ထဲမှ မောင်းထုတ်လိုက်၏။
တစ်ရက် ကြာပြီးနောက်တွင် မကောင်းဆိုးဝါး၏ စိတ်ထဲ၌ ဝမ်လင်းအား တိုက်ခိုက်ချင်စိတ်များ ပြန်ပေါ်လာပြန်သည်… “ငါ သူ့ကို တိုက်ခိုက်သင့်လား… တိုက်ခိုက်မယ်ဆို ဒီအချိန်က အခွင့်ကောင်းပဲ… ဒီအခွင့်အရေးကို လွတ်သွားရင် အနာဂတ်မှာ ဒီလိုအခွင့်အရေး ရပါဦးမလား ပြောရခက်တယ်… မဟုတ်ဘူး… ဝမ်လင်းက ဉာဏ်နီဉာဏ်နက် အလွန်များတဲ့ကောင်… ငါ့ကို ခုခံဖို့အတွက် တစ်ခုခုတော့ ပြင်ထားမှာပဲ… သူက သတိမေ့တော့မှာ ကိုတောင် ငါ့ကို အပြင်ထုတ်ထားတယ်… ဒါက လုံးဝ မရိုးသားဘူး…”
မကောင်းဆိုးဝါးက ခေါင်းကို ခါပြီး ဝမ်လင်းကို ကြည့်လိုက်သည်… “ငါက မင်းရဲ့အကြံအစည်ထဲ ကျမှာ မဟုတ်ဘူး… မင်း ဆက်ပြီး ဟန်ဆောင် နေနိုင်ပါတယ်…”
နောက်ထပ် တစ်ရက် ကုန်ဆုံးသွား၏။ မကောင်းဆိုးဝါးသည် ဝမ်လင်းအား ကြည့်ပြီး စိတ်ထဲတွင် တိုက်ခိုက်ချင်စိတ်များ ပေါ်လာပြန်သည်… “ဘာပဲဖြစ်ဖြစ်ကွာ တိုက်မယ်… ဒီကောင် ဟန်ဆောင်နေတယ်လို့ မထင်ဘူး… တိုက်မယ်… တိုက်မယ်…”
သူ၏မျက်လုံးက နီရဲလာပြီး ဝမ်လင်း၏အပေါ်သို့ ခုန်အုပ်လိုက်၏။
ခုခံရေးဝင်္ကပါ အစီအရင်သည် မမြင်ရသောကြောင့် သူက ဝင်္ကပါကို တိုက်ရိုက် ဝင်တိုက်မိသွားပြီး နာကျင်စွာ အော်ဟစ် လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှလည်း အစိမ်းရောင်အငွေ့များ ထွက်လာကာ သူ၏ခန္ဓာကိုယ်က အချိန်မရွေး ပျောက်ကွယ် သွားနိုင်သကဲ့သို့ ဖြစ်သွား၏။
“ဒီကောင်က ကလိမ်ကကျစ်ကောင် ဆိုတာ ငါ သိသားပဲ… သူ့အတွက် တစ်ခုခု မလုပ်ထားဘဲနဲ့ သတိလစ်သွားမဲ့ကောင်မှ မဟုတ်တာ… သေစမ်း… ဒီကောင်က ငါ့အထဲမှာ သူ့ရဲ့နတ်ဘုရား စိတ်အာရုံကို ထည့်သွားတာလဲ… အခုကစပြီး ငါ ဘယ်လို အသက်ဆက်ရှင် ရတော့မှာလဲ…”
မကောင်းဆိုးဝါးသည် မြေပြင်ပေါ်သို့ ထုရိုက်ပြီး အဆက်မပြတ် အော်ညည်းလိုက်သည်။
ထို့နောက် သူက အခန်းထောင့်ဆီသို့ သွားနေလိုက်သည်။ ဒေါသများဖြင့် ပြည့်နှက်နေသည့် သူ၏ မျက်လုံးများကတော့ နံရံပေါ်သို့ စိုက်ကြည့် နေလေသည်။
တတိယမြောက်နေ့တွင် ဝမ်လင်း သတိပြန်ရလာပြီး ခါးသည်းစွာ ပြုံးလိုက်သည်။ သူသည် အေးခဲအမြုတေ၃ခု၏ ပေါင်းစပ်မှုကို အထင်သေးခဲ့မိ၏။ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော စွမ်းအင်ကသာ ပေါင်းစပ်မှု၏ အဓိကသော့ချက် ဖြစ်သည်။ ပေါက်ကွဲ ထွက်ပေါ်လာသော စွမ်းအင်များကို ခန္ဓာကိုယ်ထဲတွင် ထိန်းမထားနိုင်ပေ။ ထိန်းထားနိုင်လျှင်တောင်မှ သူ၏ခန္ဓာကိုယ်က တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
အမှန်တွင် သူ၏ခန္ဓာကိုယ်က ယင်စွမ်းအင်များကို တောင့်ခံနိုင်သည့် အဆင့်သို့ မရောက်သေး၍သာ ဖြစ်သည်။
“စစ်ထူနန်ရော ဒီကျင့်စဉ်ကို ဘယ်လိုမျိုး အောင်မြင်အောင် ကျင့်နိုင်ခဲ့တာလဲ…”
ဝမ်လင်းသည် ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း အဖြေမှန်ကား ထွက်မလာပေ။
“ငါ့ရဲ့ခန္ဓာကိုယ်ကို ယင်စွမ်းအင်တွေ တောင့်ခံနိုင်လာအောင် ဘယ်လိုလုပ်ရမလဲ…”
အချိန်တော်တော် ကြာအောင် စဉ်းစားပြီးနောက်တွင် သက်ပြင်းချလိုက်ပြီး သူ၏အကြည့်က အခန်းထောင့်ရှိ မကောင်းဆိုးဝါးဆီသို့ ရောက်သွား၏။
ဝမ်လင်း နိုးလာကတည်းက မကောင်းဆိုးဝါးက ကြောက်လန့် နေသည်။ ယခု ဝမ်လင်းက သူ့ကို ကြည့်လာသောအခါ မကောင်းဆိုးဝါးက တုန်ယင်စွာဖြင့် အလျင်အမြန် ပြောလိုက်သည်… “ငါ မင်းကို တစ်ချိန်လုံး နိုးနိုးကြားကြားနဲ့ စောင့်ရှောက် ပေးနေတာပါ…”
ဝမ်လင်းက မကောင်းဆိုးဝါးကို ဆွဲယူလိုက်ပြီး ဓားပျံထဲသို့ ထည့်ကာ အခန်းထဲမှ ထွက်လိုက်သည်။
သူက လီမူဝမ်၏အခန်းထဲသို့ ကြည့်လိုက်ရာ သူမသည် စားပွဲပေါ်တွင် မှောက်လျက်သား အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ပျော့ပျောင်းလှသော ဆံနွယ်များကို နောက်စေ့နားတွင် စုပြီး စည်းထား၏။ သူမ၏မျက်နှာလေးကလည်း နီသယောင်ယောင် ရှိပြီး ဝင်းဖန့် နေသည်။
ဝတ်ထားသည့် ခရမ်းရောင်ဝတ်စုံက သူမ၏အလှကို ပိုမို အားဖြည့်ပေးထားကာ ကြည့်မိသည့် လူတိုင်းကို ရင်ခုန်သံ မြန်သွားစေနိုင်သည်။ သူမ၏ဘေးတွင် ရှိနေသည့် အငွေ့ရေးရေးလေး ထွက်နေသည့် ဆေးမိဖို့ကလည်း သူမကို လှပတင့်တယ် နေစေသည်။
သူမကိုယ်တိုင် တစ်နေရာရာမှ ယူလာသည့် အစိမ်းရောင် နွယ်ပင်များဖြင့် အလှဆင်ထားသည့် သူမ၏အခန်းကလည်း သူမ၏အလှကို ပိုမိုပေါ်လွင်နေစေသည်။
သူမ၏ အခန်းအတွင်းမှ ထွက်လာသည် ဆေးပင်ရနံ့များကလည်း ဝမ်လင်း၏စိတ်ကို ကြည်လင် သွားစေသည်။
သူက အချိန် တော်တော်ကြာအောင် ကြည့်ပြီးနောက်တွင် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး နောက်တစ်ခန့်ကို ကြည့်လိုက်ရာ တစ်ဝက်သည် ဆေးပင်များဖြင့် ပြည့်နေပြီး တစ်ဝက်သည် ပစ္စည်းများဖြင့် ပြည့်နေသည်။ နဂါးကြီး ဦးခေါင်းခွံသည်လည်း ထိုထဲတွင် ရှိနေသည်။
နဂါးအလောင်းသည် အလွန်ကြီးမား၏။ အထူးသဖြင့် အရိုးများ ဖြစ်သည်။ နဂါးအရိုးများ အားလုံးကိုသာ ဝင်္ကပါအားလုံးတွင် အသုံးပြုလိုက်ပါက ဖြုန်းတီးသကဲ့သို့ ဖြစ်သွားပေမည်။ ထို့ကြောင့် ဝမ်လင်းက တချို့ကို သိမ်းထားရန်အတွက် ပြောရန် ထွက်ခဲ့ဖူး၏။
ထိုသို့ ပြောပြီးနောက်မှသာ သူက အေးခဲအမြုတေ ပေါင်းစည်းခြင်းကို စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နဂါးအရိုးပေါ်တွင် ခရမ်းရောင် အနည်းငယ် ရှိနေသည့်အတွက် နဂါးအရိုးထက် သတ္တုနှင့် ပိုတူနေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ နဂါး၏အထူးခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။
ဝမ်လင်းသည် အရိုးကို သေသေချာချာ လေ့လာနေချိန်တွင် သူ၏နှလုံးက ရုတ်တရက် လှုပ်ရှားသွားသဖြင့် လှည့်ကြည့်လိုက်ရာ လီမူဝမ်က သမ်းလိုက်ရင်း မတ်တတ်ရပ်ကာ တံခါးဖွင့် လိုက်သည်ကို တွေ့လိုက်ရ၏။ သူ့ကို မြင်လိုက်ရခြင်းက လီမူဝမ်ကို အံ့အားသင့် သွားစေပြီး သူမ၏ အိပ်ချင်စိတ်များအားလုံးကို ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွား စေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက သူမ၏ စိတ်အခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ သေဆုံးခြင်း မန္တန်ကို လေ့ကျင့်သူများသည် တစ်ခါတစ်ရံတွင် ယင်စွမ်းအင်များကို လိုအပ်သဖြင့် သူမအား ရုတ်တရက် တိုက်ခိုက်မည်ကို စိုးရိမ်နေခြင်းကြောင့် အစတွင် သူမက ဝမ်လင်းအပေါ် သတိထားနေခဲ့၏။
သို့သော်လည်း ဝမ်လင်းက အချိန်တိုင်းလိုလို တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ ယခင်က သူမ၏အစ်ကိုသည် ကျင့်ကြံခြင်းတွင် လုံ့လဝီရိယရှိသည်ဟု ထင်ခဲ့မိသော်လည်း ဝမ်လင်းကို မြင်ပြီးနောက်တွင် ဝမ်လင်းကသာ အမှန်တကယ် ကြိုးစားပြီး ကျင့်ကြံသူ ဖြစ်ကြောင်း ခံစားရသည်။
သူမ၏ အမြင်တွင် ဝမ်လင်းသည် ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်နေပြီး ဖြစ်၍ အမြုတေ ဖွဲ့တည်ခြင်း အဆင့်နှင့် ခြေတစ်လှမ်းခန့်သာ ကွာဝေးတော့၏။ သို့သော်လည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့်သည် လွယ်လွယ်ကူကူ ရောက်နိုင်သည့် အဆင့်တစ်ခု မဟုတ်ပေ။
သူမ၏မှတ်ဉာဏ်ထဲတွင် ဟိုဖန်၏ပထမဦးဆုံး စဦးစိတ်ဝိညာဉ် အဆင့်ကျင်ကြံသူ ဖြစ်သည့် ဟိုဖန်၏ဘိုးဘေးသည်ပင် ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို အသက်၁၇နှစ်တွင် ရောက်ခဲ့သော်လည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို အသက်၃၀မှသာ ရောက်ခဲ့၏။
ဝမ်လင်း၏ အသွင်အပြင်အရ အသက်၂၀ခန့်သာ ရှိဦးမည်ဟု သူမက ခန့်မှန်းထား၏။ သူ့အတွက် အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ အချိန်တိုအတွင်း ရောက်ရန် မဖြစ်နိုင်ချေ။ ဝမ်လင်းက အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ရောက်မှ အိမ်ပြန်ပို့ပေးမည်ဟု ပြောသောအခါ သူမသည် မသိမသာ သက်ပြင်း ချခဲ့ရသည်။
ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရန် ဆယ်စုနှစ် အနည်းခန့်ထိ ကျင့်ကြံရလိမ့်မည်ဟု သူမ တွေးထား၏။ သူက သူမကို အနားမှာ ထားချင်၍သာ ဤနည်းလမ်းကို အသုံးပြုခြင်း ဖြစ်ရမည်ဟု ထင်ကာ သူမက ဝမ်လင်း၏အပေါ်တွင် အနည်းငယ် အထင်သေးနေသည်။
လီမူဝမ်က အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်… “နင့်ရဲ့ ကျင့်ကြံမှုက တစ်ဆို့တဲ့အဆင့်ကို ရောက်ပြီလား…”
သူမ၏ဝိညာဉ် အဆီအနှစ် သွေးစက်သည် သူ့လက်ထဲတွင် ရှိနေသဖြင့် သူကသာ တချို့အရာများ တောင်းဆိုလာလျှင် သူမသည် မည်သို့ တုံ့ပြန်ရမည်ကို မသိချေ။
ဤမေးခွန်းသည် အချိန် တော်တော်ကြာအောင် ရှိနေခဲ့သော မေးခွန်းဖြစ်သည်။ ယခုအခါ သူ၏ဘဝင်မကျသည့် မျက်နှာကို မြင်လိုက်ရသည့် အချိန်တွင် သေဆုံးခြင်းမန္တန် ကျင့်ကြံသူများသည် အမျိုးသမီးများထံမှ ယင်စွမ်းအင်ကို စုပ်ယူကာ လေ့ကျင့်ကြကြောင်းကို သတိရသွား၏။ ဝမ်လင်းသည် တခြားသူများကို မထိတွေ့သည်မှာ အချိန်တော်တော် ကြာနေပြီ ဖြစ်ကြောင်း ကိုလည်း ခန့်မှန်းမိ၏။
***