အလောင်းတောင်ကြားမှ ထွက်လာပြီးနောက် ၁၀ရက် ကြာမှသာ ဂူဆီသို့ ပြန်ရောက်လာ၏။ သူက ဂူ၏အပြင်ဘက်သို့ ရောက်လာပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်သည်။ မည်သည့် မူမမှန်မှုကိုမှ မတွေ့ရမှ သူက မြေကြီးထဲမှ နဂါး အလောင်းကြီးနှင့်အတူ ထွက်လာသည်။
မြေပြင်၏ တုန်ခါသွားမှုက လီမူဝမ်၏စိတ်ကို နိုးနိုးကြားကြား ရှိသွားစေသည်။ ထို့နောက် ဝင်္ကပါကို အသက်သွင်းကာ ခေါင်းပြူပြီး ကြည့်လိုက်ရာ ဝမ်လင်းက သူမကို လှမ်းခေါ် လိုက်၏။ သို့သော်လည်း သူမက ခေါင်းလေးထွက်ပြီး ကြည့်လိုက်ချိန်တွင် ပေတစ်ထောင်ခန့်ရှိသော နဂါးကြီးကို မြင်သွားကာ အချိန်တော်တော် ကြာသည်အထိ မှင်တက် နေလေသည်။
ဝမ်လင်းက နဂါးကြီးကို ဝင်္ကပါအတွင်းထိ ဆွဲယူလာပြီး လီမူဝမ်ကို ပြောလိုက်သည်… “ဒီနဂါးကြီးရဲ အရိုးတွေနဲ့ဆို ဝင်္ကပါအတွက် လုံလောက်ပြီလား…”
လီမူဝမ်က မှင်တက်နေရာမှ ခေါင်းကို ညိတ်လိုက်သည်။ သူမ၏ခေါင်းထဲတွင် ဤကဲ့သို့ နဂါးကြီးသည် အလွန် စွမ်းအားကြီးပြီး စဦးစိတ်ဝိညာဉ် အဆင့်များကိုပင် သတ်နိုင်သည်ဟု သိရှိထား၏။ ထို့ကြောင့် ဝမ်လင်းက နဂါးကြီးကို မည်သို့ ရလာသနည်းဟု စိတ်ထဲ တွေးနေလေသည်။
နဂါးကြီး၏ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး ရတနာများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ နဂါး၏ ဦးခေါင်းထဲတွင် နဂါးဆေးလုံးရှိ၏။ ထိုဆေးလုံးသည် သဘာဝအတိုင်း ဖြစ်နေသည့် ဆေးလုံးဖြစ်ပြီး ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သည့် ဆေးလုံးဖြစ်စေရန် သန့်စင်ခြင်း အနည်းငယ်ကိုသာ ပြုလုပ်ရန် လိုအပ်၏။ နဂါးကြီး၏ အရေခွံသည်လည်း အဆင့်မြင့် ချပ်ဝတ်တန်ဆာများ ပြုလုပ်ရန်အတွက် အသုံးဝင်၏။ နဂါးအရိုးများနှင့် အရွတ်များသည်လည်း ရှားပါးသော ရတနာများ ဖြစ်သည်။ တန်ဖိုးအရှိဆုံး ရတနာသည် ခြင်ဆီ ဖြစ်သည်။
ခြင်ဆီ၏ အရည်အသွေးသည် နဂါး၏ သက်တမ်းပေါ်တွင် မူတည်နေသည်။ နဂါးက အသက်ကြီးလေ ခြင်ဆီနည်းလေ ဖြစ်သည်။ နဂါးတစ်ကောင်သည် သတ်မှတ် အသက်ကို ရောက်လာသည်နှင့် ဦးခေါင်းထဲတွင် နဂါးဆေးလုံး ဖြစ်တည် လာသည်။
နဂါးဆေးလုံးများသည် ရှေးခေတ်က ကျင့်ကြံသူများပင် အိပ်မက်မက်ရသော ရတနာတစ်ခု ဖြစ်သည်။ တစ်ယောက်ကသာ နဂါးဆေးလုံးကို ရလိုက်ပါက ကျင့်ကြံခြင်းတွင် တစ်ဆို့သည့် အခြေအနေကို ကြုံရမည် မဟုတ်ချေ။
သို့သော်လည်း ထိုကဲ့သို့ နဂါးဆေးလုံး ဖြစ်ပေါ်လာရန် နှစ်ပေါင်း ၉၉၉၀၀၀၀ (နှစ်ပေါင်း ၉၉သိန်း) အသက်ရှင်ရန် လိုအပ်ပေသည်။ ထိုအရာကလည်း ထိုကဲ့သို့ နဂါးဆေးလုံး ဖြစ်တည်လာမည်ဟု မသေချာပေ။ နဂါးဆေးလုံး၏ အာနိသင်များကလည်း ကောလာဟလများနှင့် ဒဏ္ဍာရီများသာ ဖြစ်သည်။
နဂါးအလောင်းကို လီမူဝမ်ဆီသို့ ပေးပြီးနောက် သူသည် စိုးရိမ်ပူပန်မှု ကင်းစွာဖြင့် အပြင်ထွက်လို့ ရပေတော့မည်။ ဤခရီးတွင် ဆေးမီးဖိုမှလွဲ၍ တခြား ပစ္စည်းများအားလုံးကို ရခဲ့၏။ သို့သော်လည်း ဆေးမီးဖိုကို ရတနာသန့်စင်ခြင်း အိမ်တော်တွင် ဝယ်ယူ၍ ရကြောင်း သိခဲ့ရသည်။
ရတနာ သန့်စင်ခြင်းဂိုဏ်းသည် နတ်ဆိုးပင်လယ်တွင် ဆိုင်ခွဲပေါင်းများစွာ ရှိပြီး အနီးဆုံးဆိုင်ခွဲမှာ ကီလိုမီတာ လေးသောင်းကျော် ဝေးသည့် မြောက်ပိုင်း ဒီပါငှက်မြို့တွင် ရှိသည်။ သို့သော်လည်း ဆေးမီးဖိုတစ်ခုသည် အလွန် ဈေးကြီးသဖြင့် သူ့အနေဖြင့် ဝယ်ရန် မတတ်နိုင်ပေ။
ထို့ကြောင့် ဆေးမီးဖိုကိစ္စကို ဘေးခဏထားပြီး အမြုတေ ဖွဲ့တည်ခြင်းအဆင့် အတွက် ရည်ရွယ်ပြီး တံခါးပိတ် ကျင့်ကြံတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ နဂါးကြီး၏ အရိုးများကြောင့် သူတို့သည် အကာအကွယ် ကောင်းကောင်း ရတော့မည် ဖြစ်သည်။
ထို့နောက် ဝမ်လင်းက ကျောက်တုံး အခန်းထဲတွင် ထိုင်ပြီး အပေါက်ကို ကျောက်တုံးကြီး တစ်ခုဖြင့် ပိတ်လိုက်သည်။ ထို့နောက် ဓားပျံအချောင်း၃၀ကို အောက်ကြမ်းပြင်ပေါ်သို့ ညွှန်ပြပြီး တောင်၏အောက်ခြေအထိ တွင်းတစ်ခု တူးလိုက်သည်။
ထို့နောက် ဝမ်လင်းက အလင်းလုံးတစ်ခု ထုတ်ဖော်လိုက်ရာ အလင်းလုံးက အပြာရောင်ပြောင်း သွားသည့်အတွက် သူ၏မျက်နှာက ဝင်းလက်သွား၏။ ဤနေရာရှိ ယင်အမျိုးအစားသည် မြေကြီးယင် သာမန်အဆင့်၁ ဖြစ်၏။ အလောင်းတောင်ကြားမှ ယင်စွမ်းအင်နှင့် မယှဉ်နိုင်သော်လည်း အေးခဲအမြုတေ ဖွဲ့စည်းရန်အတွက် လုံလောက်ပေသည်။
ဝမ်လင်းက တူးထားသည့် ချိုင့်တွင်းထဲသို့ ခုန်ချလိုက်ပြီးနောက် တွင်းအောက်ခြေရှိ ယင်စွမ်းအင်၏ အရည်အသွေးသည် သာမန်အဆင့်၃ ယင်စွမ်းအင် ဖြစ်သွား၏။ သာမန်အဆင့်၃ ယင်စွမ်းအင်သည် ဤနေရာတစ်ဝိုက်၌ အမြင့်ဆုံး ဖြစ်ဟန်တူသဖြင့် ဝမ်လင်းက အလင်းလုံးကို သိမ်းပြီး စတင် ကျင့်ကြံလိုက်သည်။
ဝမ်လင်းသည် တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို ကျွမ်းကျင်ပြီးသား ဖြစ်သဖြင့် ကျင့်ကြံရာတွင် လျင်မြန် နေသည်။
၃ရက်ကြာပြီး နောက်တွင် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်ပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ထုတ်ယူကာ ယင်စိတ်ဝိညာဉ် အရည်များကို စုဆောင်းလိုက်သည်။
အချိန်များကလည်း တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်းသည် မြေအောက်ထဲတွင် ကျင့်ကြံခြင်းမှအပ စိတ်ဝိညာဉ်အရည် စုဆောင်းသည့် အလုပ်တစ်ခုကိုသာ လုပ်၏။ နေ့အချိန်တွင် အိပ်မက်နယ်မြေထဲတွင် စိတ်ဝိညာဉ် အရည်များကို သောက်သုံးပြီး လေ့ကျင့်သည်။
ထို့ကြောင့် သူ၏ကျင့်ကြံနှုန်းက အလွန် မြန်ဆန်လှသည်။ တစ်လတည်းနှင့် အေးခဲအမြုတေ နှစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရန်အတွက် ကြိုးစားရန် ခြေတစ်လှမ်းသာ လိုတော့၏။
နောက်ဆုံး တစ်ခုကိုတော့ သုံးလအတွင်း ဖွဲ့စည်း နိုင်လိမ့်မည်ဟု ယုံကြည် ထားသည့်အတွက် အလျင်စလို မလေ့ကျင့်တော့ဘဲ ကျင့်ကြံခြင်းနှင့် စိတ်ဝိညာဉ် အရည်စုဆောင်းမှု အပြင် မကောင်းဆိုးဝါးကို ပြုစုပျိုးထောင်ရန် အတွက်ပါ နေ့တိုင်း အချိန်ပေးလိုက်၏။
ဝမ်လင်းက အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မကောင်းဆိုးဝါး၏ အပေါ်တွင် သူ၏ နတ်ဘုရားစိတ်အာရုံကို အမှတ်အသား မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက မကောင်းဆိုးဝါးကို တဖြည်းဖြည်း ပြုစုပျိုးထောင် နေခြင်း ဖြစ်သည်။
မကောင်းဆိုးဝါးသည် ဝမ်လင်း အတွက် အလွန် အသုံးဝင်သည်။ ထို့ကြောင့် ဝမ်လင်းက ဝိညာဉ်အလံမှ ဝိညာဉ်များကို ထုတ်ယူပြီး မကောင်းဆိုးဝါးအား ကျွေးခဲ့သည်။ ဝိညာဉ်အလံ အတွင်းမှ ဝိညာဉ်များ အားလုံးသည် နတ်ဆိုးပင်လယ် အတွင်းမှ ကျင့်ကြံသူများ၏ ဝိညာဉ်များ ဖြစ်ပြီး အများစုမှာ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်သည်။ စန်းမူရ၏ ပြောပြချက်အရ ထိုလူများသည် သူ့ဆရာ၏အာရုံစိုက်မှုကို ခံရစေရန်အတွက် သူနှင့် တိုက်ခိုက်ရာမှ ရှုံးနိမ့် သွားသောကြောင့် သူတို့ကို သတ်ပြီး ဝိညာဉ်များကို ချုပ်ထားလိုက်ခြင်း ဖြစ်သည်။
အချိန်များက တဖြည်းဖြည်း ကုန်လာပြီး မကောင်းဆိုးဝါး ကလည်း အလံအတွင်းမှ ဝိညာဉ် တော်တော်များများကို စားသုံးပြီး ဖြစ်သည်။ ထို့အတူ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ် အတွင်းရှိ ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံသည်လည်း ကြီးထွား လာသည်။
မကောင်းဆိုးဝါးသည် ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံက သူ့ထဲတွင် ကြီးထွားနေသည်ကို မသိဘဲ အချိန်တိုင်း ထွက်ပြေးရန်သာ တွေးနေလေသည်။
တံခါးပိတ် ကျင့်ကြံနေသည်မှာ ၃လ ကြာသွားပြီးနောက် တတိယ အေးခဲအမြုတေ၏ ရှေ့ပြေးပုံစံ ဖွဲ့စည်းပြီး သွား၏။ ၃လအတွင်းတွင် အပြင်သို့ အကြိမ်ပေါင်များစွာ အပြင်သို့ ထွက်ခဲ့သည်။ လီမူဝမ်၏ အခန်းထဲတွင် ပစ္စည်းများဖြင့် ပြည့်နေပြီး သူမက အပြင်မှ မြေဆီလွှာ တချို့ကို ယူကာ စိတ်ဝိညာဉ် အပင်တချို့ကို စိုက်ပျိုးထား၏။ စိတ်ဝိညာဉ်အပင်များ လုံလောက်စွာ စိတ်စွမ်းအင်များ ရရှိရန် အတွက်လည်း အပင်များ၏ ဘေးတွင် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ဝင်္ကပါများ ပြုလုပ်ထား၏။
နောက်တစ်ခန်း၏ အလယ်တွင် သေးငယ်သော ဆေးမီးဖိုတစ်လုံး ရှိပြီး ကျရှုံးသွားသည့် ဆေးများကလည်း ဘေးနားတွင် အပုံလိုက် ရှိနေသည်။ လီမူဝမ်သည် ဝမ်လင်းက တံခါးပိတ် ကျင့်ကြံသည့် အချိန်မှစ၍ ဆေးလုံးများ စတင်ပြီး သန့်စင် ဖော်စပ်နေခြင်း ဖြစ်သည်။
မအောင်မြင်သည့် ဆေးလုံးများအပြင် ကြမ်းပြင်ပေါ်တွင် ကျောက်စိမ်းပြားများ ကလည်း ပြန့်ကျဲနေသည်။ လီမူဝမ်သည် တစ်ခုခု အတားအဆီး တွေ့လျှင်ပဲဖြစ်ဖြစ်၊ ဉာဏ်အလင်း ရလျှင်ပဲဖြစ်ဖြစ် ကျောက်စိမ်းပြားထဲတွင် ချက်ချင်း ရှာဖွေတတ်သည်။
ဂူထဲရှိ အခန်းလေးခန်းတွင် ဝမ်လင်းအတွက် တစ်ခန်း၊ ဆေးဖော်ရန်အတွက် တစ်ခန်း၊ အပင်များ စိုက်ပျိုးထားသည့် အခန်းက တစ်ခန်းနှင့် နောက်ဆုံး တစ်ခန်းသည် လီမူဝမ်ကိုယ်တိုင် ပြုပြင်ထားသည့် ရေချိုးခန်း ဖြစ်သည်။
နတ်ဆိုးပင်လယ် အတွင်း၌ မြူများက ထူထပ်ပြီး စိုထိုင်းထိုင်း ဖြစ်၏။ ဂူထဲတွင်လည်း ထိုသို့ပင် ဖြစ်သည့်အတွက် အဝတ်အစားများက အချိန် ခဏလေးအတွင်း အသားများနှင့် ကပ်သွား၏။ လီမူဝမ်သည် မိန်းကလေးဖြစ်ပြီး အဝတ်အစားများက ခဏခဏ ကိုယ်တွင် ကပ်နေသဖြင့် သူမကိုယ်တိုင် အားစိုက်ထုတ်ကာ ရေချိုးခန်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက ထိုရေချိုးခန်းနှင့် ပတ်သက်ပြီး ဘာမှမလုပ်ပေးခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် သူ၏ စိတ်စွမ်းအင် အားလုံးကို အေးခဲအမြုတေ ဖွဲ့ရန်သာ ကြိုးစား နေခဲ့သောကြောင့် ဖြစ်သည်။
၉ခု အရိုးစုဝင်္ကပါ၏ အစွမ်းသည်လည်း နဂါးအရိုးများကြောင့် အလွန်အမင်း အားကောင်း နေသည်။ လီမူဝမ်ကပင် ၉ခုအရိုးစုဝင်္ကပါကို နဂါးအရိုး၉ခု ဝင်္ကပါဟု ခေါ်သင့်ကြောင်း ပြောခဲ့၏။
ဝင်္ကပါကို အသက်သွင်း လိုက်သည်နှင့် အမြုတေအဆင့် ကျင့်ကြံသူကို တစ်လတိတိ ပိတ်ထားနိုင်ပြီး စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူကိုပင် ရက်အနည်းငယ်ခန့်ထိ တားဆီး ထားနိုင်၏။ သို့သော်လည်း နဂါးကြီးကို အသက်ရှင်လျက် မဖမ်းနိုင်ခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်နေသည်။ နဂါးကို အရှင်ဖမ်းနိုင်ခဲ့ပါက နဂါးဝိညာဉ်ကိုပါ ဝင်္ကပါထဲ ပေါင်းထည့်လိုက်လျှင် ဝင်္ကပါက ပိုပြီး စွမ်းအား ကြီးသွားပေမည်။ ကာကွယ်နိုင်ရုံတင် မဟုတ်ဘဲ တိုက်ခိုက်လို့ပါ ရနိုင်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ဆိုပါက ချက်ချင်း သတ်ပစ်နိုင်ပြီး စဦးစိတ်ဝိညာဉ် အဆင့်ဆိုပါက အနားသို့ မကပ်နိုင်အောင်ပင် ဖိအားပေး နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကံဆိုးစွာဖြင့် နဂါးဝိညာဉ်ကို မရခဲ့ချေ။
နဂါးကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကိုတော့ လီမူဝမ်က နဂါးဆေးလုံး ထုတ်ယူပြီး ပိုကောင်းသည့် ဆေးမီးဖိုရှိမှ အသုံးပြုရန် သိမ်းထား လိုက်သည်။ အရေခွံကိုတော့ သူမက တစ်လတိတိ ခွာယူလိုက်ရပြီး နောက်ပိုင်း သုံးရန်အတွက် သိမ်းထား လိုက်သည်။
နဂါး အရွတ်ကိုလည်း သေချာ ထုတ်ယူပြီး သိမ်းထားလိုက်သည်။ နောက်ဆုံး အစိတ်အပိုင်းဖြစ်သည့် ရိုးတွင်းခြင်ဆီ ပုလင်းလေးကတော့ ဆေးလုံး သန့်စင်ရန် ကြောက်လန့်နေသည့် သူမအတွက် အလွန် အဖိုးတန်ပေသည်။ အားလုံးကို သေချာ သိမ်းဆည်းပြီးနောက် သူမက ထိုအရာများ အားလုံးကို ဝမ်လင်းကို အပြင် ထွက်လာသည့် အချိန်တွင် ပေးလိုက်ပြီး နာကျင်စွာဖြင့် သူမ၏ အကြည့်များကို ရုပ်သိမ်းခဲ့ရသည်။
ဝမ်လင်းက နဂါး၏ရိုးတွင်းခြင်ဆီနှင့် အရွတ်ကို ယူထားလိုက်ပြီး ကျန်သည့် အစိတ်အပိုင်း အားလုံးကို လီမူဝမ်အား ပြန်ပေးလိုက်သည်။ သူမက နူးညံ့သော သူမ၏လက်များဖြင့် နဂါး၏အရေခွံမှ အတွင်း ချပ်ဝတ်နှစ်ထည် ပြုလုပ်ခဲ့သည်။
ဝမ်လင်းက တစ်ခုကို ဝတ်လိုက်ပြီး နောက်တစ်ခုကို ယူကြည့်လိုက်ရာ မိန်းကလေးအတွက် လုပ်ထားမှန်း သိသာနေသဖြင့် လီမူဝမ်ဆီသို့ ပြန်ပစ်ပေးခဲ့သည်။ ထိုအခါ သူမက ပြုံးပြီး သိုလှောင်အိတ် အတွင်းသို့ သိမ်းထားလိုက်၏။
ကျန်နေသေးသည့် နဂါးအရေခွံ တော်တော်များများကို ဝမ်လင်းက ရောင်းချ လဲလှယ်ရန်အတွက် သိမ်းလိုက်၏။
နောက်ထပ်တစ်လ ကုန်ဆုံးပြီးနောက် တတိယအေးခဲ အမြုတေကို ပြည့်စုံစွာ ဖွဲ့စည်းနိုင်ခဲ့သည်။
ဝမ်လင်းက မျက်လုံးကို ဖွင့်ပြီး စိတ်လှုပ်ရှားသည့် အမူအရာဖြင့် ပြုံးလိုက်သည်။ ထို့နောက် သူက မျက်လုံးကို ပိတ်ပြီး အေးခဲအမြုတေ၃ခုကို ပေါင်းစည်းရန် ကြိုးစား လိုက်သည်။
စစ်ထူနန်း၏ ရှင်းပြမှုများအရာ အေးခဲ အမြုတေ၃ခု၏ ပေါင်းစည်းမှုသည် ကနဦးအဆင့်နှင့် ပြီးဆုံးခြင်းအဆင့် ဆိုပြီး ခွဲခြားထား၏။ သူက ပထမအဆင့်သို့ ရောက်သွားလျှင် အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်သွားပြီဟု သတ်မှတ်နိုင်ပြီး ပြီးဆုံးခြင်း အဆင့်ကို ရောက်သည့်အချိန်တွင် ဝေးကွာခြင်း ကောင်းကင်ဆေးလုံးကို အသုံးပြုလိုက်ပါက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရန် ၈၀ရာခိုင်နှုန်း သေချာသွားမည် ဖြစ်သည်။
သူက လီမူဝမ်ကို ဝေးကွာခြင်း ကောင်းကင် ဆေးလုံးအား မသန့်စင်ခိုင်းသေးပေ။ ဝေးကွာခြင်း ကောင်းကင်ဆေးလုံးကို သန့်စင်ရန်အတွက် ပိုကောင်သည့် ဆေးမီးဖိုကို ရလျှင် ဆေးလုံး၏ အောင်မြင်မှုနှုန်းကလည်း မြင့်တက်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာသွေးနွယ်ပင်ကို သုံး၍ ဝေးကွာခြင်း ကောင်းကင်ဆေးလုံး အတုတစ်ခုကိုလည်း လုပ်ထား၏။
ဆေးမီးဖိုသည် အလွန် ဈေးကြီးသော်လည်း ယခုအချိန်တွင် သူ့ထံ၌ နဂါးအရေခွံ ရှိနေသည့်အတွက် ဆေးမီးဖို တစ်လုံးလောက်ကတော့ ဝယ်ယူနိုင်လိမ့်မည် ဖြစ်သည်။ နဂါးအရေခွံ တစ်ခုတည်းနှင့် မလုံလောက် သေးလျှင်တော့ ဆေးမီးဖိုကို ရရန် ဘာမဆို လုပ်တော့မည် ဖြစ်သည်။
သူက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး အေးခဲအမြုတေ၃ခုကို ပေါင်းစည်းရန် ကြိုးစားလိုက်သည်။
***