ဝမ်လင်းသည် အလံတစ်ခုကို ကိုင်ပြီး ပင်လယ်၏ အောက်ခြေအနီးမှ ကပ်၍ ပျံသန်းလာသည်။ ဝိညာဉ်အလံထဲတွင် ဝိညာဉ်၁၀၀ကျော်ကို ချုပ်နှောင်ထား၏။ ထိုဝိညာဉ်အလံကို စောစောက တွေ့ခဲ့သည့် စန်းမူရဆီမှ ရခဲ့ခြင်းဖြစ်သည်။ ဝမ်လင်းက ဝိညာဉ်အလံထဲတွင် စန်းမူရကိုပါ ချုပ်နှောင် ထားလိုက်၏။ စန်းမူရသည် သူပိုင်ခဲ့သော ဝိညာဉ်အလံက သူ၏သင်္ချိုင်း ဖြစ်လာမည်ဟု ထင်ထားလိမ့်မည် မဟုတ်ပေ။
စန်းမူရနှင့် စကားပြောပြီး နောက်တွင် နတ်ဆိုးပင်လယ်၏ အပြင်ဝန်းဟု သတ်မှတ်နိုင်သည့် အချင်းဝက် ၁သန်းကီလိုမီတာ အတွင်းရှိ အရာအားလုံးကို သိခဲ့ရသည်။ အပြင်ဝန်းတွင် ဂိုဏ်းကြီး၊ ဂိုဏ်းငယ်များ အများအပြားရှိပြီး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသည် ထိုဂိုဏ်းများထဲမှ တစ်ဂိုဏ်း ဖြစ်သည်။
တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း၏ အဆင့်အမြင့်ဆုံး ကျင့်ကြံသူမှာ ဘိုးဘေးလျိုစန်းဖြစ်ပြီး အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။
နတ်ဆိုးပင်လယ်၏ အပြင်ဝန်းတွင် အရင်းအမြစ်များက အလွန် နည်းပါးသည့် အတွက် အနည်းငယ်သော စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများသာ ရှိ၏။ စဦး စိတ်ဝိညာဉ်အဆင့် အများစုသည် နတ်ဆိုးပင်လယ်၏ အလယ်ပိုင်း၌သာ နေထိုင်ကြ၏။
ထို့အပြင် အပြင်ဝန်း၌ မည်သည့် စိတ်ဝိညာဉ် သားရဲအရိုးမှ မရှိကြောင်းကိုလည်း သိခဲ့ရသည်။ စိတ်ဝိညာဉ် သားရဲများသည် နတ်ဆိုးပင်လယ်၏ အလယ်ပိုင်းတွင်သာ ရှိပြီး တစ်ကောင်က အပြင်ဝန်းသို့ ထွက်လာ လျှင်တောင်မှ ထိုသားရဲကို သတ်နိုင်သည့်လူ မရှိပေ။
နတ်ဆိုးပင်လယ်၏ အပြင်ဝန်းတွင် အန္တရာယ်နေရာ သုံးနေရာ ရှိသည်။ ထိုသုံးနေရာထဲမှ တစ်နေရာသည် သားရဲအရိုးများ အများအပြား ရှိသည့် အလောင်းတောင်ကြား ဖြစ်သည်။ အနီးအနားမှ ဂိုဏ်းများသည် သားရဲအရိုးများ လိုပါက အလောင်း တောင်ကြားသို့သာ သွားကြသည်။
အလောင်း တောင်ကြားထဲတွင် ထူးဆန်းမှု တစ်ခုသည် တစ်ခါတစ်ရံ အမြဲဖြစ်နေသည်။ ထိုထူးဆန်းမှုမှာ လောလောလတ်လတ် သေဆုံးထားသည့် စိတ်ဝိညာဉ်သားရဲ အလောင်းများ ပေါ်လာခြင်းပင် ဖြစ်သည်။ ထိုသားရဲများထဲမှ တချို့သည် အသက်ရှိစဉ်က အလွန် အစွမ်းကြီးသည့် သားရဲများ ဖြစ်သည်။ မည့်သည့် အတွက်ကြောင့် ထိုသားရဲများက အလောင်းတောင်ကြား ထဲ၌ ပေါ်လာခြင်းကို မည်သူကမှ မသိကြချေ။
အလောင်း တောင်ကြားသည် ထူးဆန်းပြီး လျှို့ဝှက်ချက်များ ရှိနေသော်လည်း တောင်ကြား၏ အလယ်ထဲထိ မဝင်လျှင် ပုံမှန်အားဖြင့် အသက်အန္တရာယ် မရှိပေ။
စန်းမူရ၏သားရဲအရိုးသည်လည်း အလောင်း တောင်ကြားမှပင် ရခဲ့ခြင်းဖြစ်သည်။ ဝမ်လင်းက သားရဲအရိုးမှ အဆိပ်ကို သေချာ လေ့လာပြီးနောက်တွင် ထိုအဆိပ်က ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်များ ပေါ်တွင်သာ အလုပ်လုပ်ပြီး ကျင့်စဉ် အဆင့်မြင့်လေ အဆိပ်အာနိသင်က နည်းသွားလေ ဖြစ်သည်။
ယခု ဝမ်လင်း၏ ပန်းတိုင်သည် အလောင်းတောင်ကြား ဖြစ်သည်။ စန်းမူရ ပြောပြလိုက်သည့် အတိုင်း သူက လျင်မြန်စွာဖြင့် အလောင်းတောင်ကြားရှိရာ အရပ်သို့ သွားနေခြင်း ဖြစ်သည်။
အလောင်း တောင်ကြားသို့ ရောက်သောအခါ အဆုံးမရှိသည့် တောင်တန်းများကို မြင်လိုက်ရ၏။ အရွယ်အစား မတူသည့် တောင်များကြားတွင် အရွယ်အစား မတူသည့် တောင်ကြားများ ရှိနေလေသည်။
ထိုနေရာသည် အလောင်း တောင်ကြားဟု ခေါ်ဆိုသည့် နေရာ ဖြစ်သည်။
အလောင်း တောင်ကြားရှိ မြူများက ပါးလွှာသော်လည်း ဝမ်လင်းက တောင်ကြားထဲသို့ ဝင်လိုက်သောအခါ ယင်စွမ်းအင်များက အပြင်ဘက်နှင့် လုံးဝ ကွာခြားသွားသည်ကို သတိပြုမိ လိုက်သည်။
ဝမ်လင်းက ချက်ချင်း အစီအရင် တစ်ခုလုပ်ပြီး ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ရာ သူ့ရှေ့တွင် အဖြူရောင် အလင်းလုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းလုံးက ပေါ်လာသည်နှင့် အပြာရောင်သို့ ပြောင်းသွား၏။
အပြာရောင် အလင်းလုံးကို ကြည့်ပြီး ဝမ်လင်း၏ မျက်လုံးက အရောင်တောက် သွား၏။ အလင်းလုံး၏ အရောင်အရ ဤနေရာ ယင်စွမ်းအင်မှာ မြေကြီးယင် အမျိုးအစား ဖြစ်ပေသည်။
ဝမ်လင်းက အရှေ့ကို ညွှန်ပြလိုက်ရာ အလင်းလုံးက ရှေ့သို့ ပျံသန်း သွား၏။ ဝမ်လင်းကလည်း အလင်းလုံး၏နောက်မှ လိုက်လာရင်း သားရဲအရိုးများကို ရှာနေလေသည်။
ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံက အလောင်း တောင်ကြားမှ များပြားလှသော ကျင့်ကြံသူများကို တွေ့သွား၏။ သူတို့ကလည်း သားရဲအရိုးများကို ရှာနေကြသဖြင့် သူတို့အချင်းချင်း တွေ့ကြလျှင်တောင်မှ ခေါင်းညိတ်ပြပြီး သားရဲအရိုးများကိုသာ ဆက်ရှာကြ၏။
အလောင်း တောင်ကြားသည် အရွယ်အစား အမျိုးမျိုး ရှိနေသည့် တောင်ကြားများ ဖြစ်ပေါ်နေသည့် နေရာဖြစ်သည်။ တောင်ကြား၏ အတွင်းပိုင်းသို့ ပိုပြီး ဝင်သွားလေ သားရဲအရိုးများကို တွေ့နိုင်ချေ ပိုများလေ ဖြစ်သည်။
တောင်ကြား၉ကို ဝင်လာပြီးနောက် သားရဲများကို ပိုမိုတွေ့လာရသည်။ တချို့ သားရဲများဆိုလျှင် အသက်ရှင်စဉ်က အလွန် ကြောက်မက်ဖွယ် ကောင်းမည့် သတ္တဝါများ ဖြစ်ကြသည်။
ဝမ်လင်းသည် ကြီးမားသော သားရဲအလောင်းကြီး တစ်ခုပေါ်တွင် ရပ်ကာ ခဏလောက် စဉ်းစား နေပြီးနောက် သားရဲ အလောင်းကြီးကို ယူသွားရန် အကြံကို စွန့်လွှတ်လိုက်သည်။ အလောင်းကောင်ကြီးက အလွန် ကြီးမားသော်လည်း အရိုးများထဲတွင် စိတ်စွမ်းအင်များ မရှိတော့ပေ။
အလောင်း တောင်ကြား၏ အလယ်နှင့် နီးလာလေလေ အလင်းလုံး၏ အရောင်က ပိုပြီး ရင့်လာလေ ဖြစ်သည်။ တောင်ကြား၉ကို ဝင်လာပြီးနောက် မည်သည့် ကျင့်ကြံသူကိုမှ မတွေ့ရတော့ဘဲ သားရဲ အလောင်းများသာ ပိုမိုတွေ့လာသည်။
ဝမ်လင်းသည် တောင်ကြား ၉ထဲတွင် ရပ်ပြီး အနည်းငယ် စဉ်းစားလိုက်သည်။ သူက နတ်ဘုရား စိတ်အာရုံကို အမြဲဖြန့်ကြက်ထားခြင်းမှာ တချို့သော အကြောင်းများကြောင့် ဖြစ်သည်။ သူက တောင်ကြား၉ထဲသို့ ရောက်လာပြီးနောက် တောင်ကြား၈နှင့် အလွန် ကွာခြားသွားသည်ကို သတိပြုမိ လိုက်သည်။ ဘာကွာခြားသွားသလဲ သေချာ မသိသော်လည်း များပြားလှသော မျက်လုံးများက သူ့ကို ကြည့်နေကြသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် ဝမ်လင်းက သူ၏ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ရှင်းထုတ်လိုက်ရာ သူ့အပေါ်သို့ ကြည့်နေသကဲ့သို့ ခံစားချက်များက ပြန်ပျောက်သွားပြီး တောင်ကြား တစ်ခုလုံး တိတ်ဆိတ် သွား၏။
ထို့နောက် ဝမ်လင်းက သားရဲအရိုးများကို လိုက်ရှာပြီး တောင်ကြား ၁၀ဆီသို့ ဆက်လက် ချီတက်သွား၏။ တဖြည်းဖြည်းနှင့် တောင်ကြား၁၃သို့ ရောက်သောအခါ အလင်းလုံးက နှစ်ခု ကွဲသွားလေသည်။
ဤနေရာရှိ ယင်အရည်အသွေးသည် မြေကြီးယင် သာမန်အဆင့်၁၀မှ ကောင်းမွန် ယင်အဆင့်၁သို့ ရောက်သွားသည်ကို မြင်ပြီး ဝမ်လင်း၏မျက်လုံးက အရောင်လက် သွား၏။
ဝမ်လင်းက အနီးအနား တစ်ဝိုက်ကိုကြည့်ပြီး သက်ပြင်း ချလိုက်သည်။ ဤနေရာသည် ကျင့်ကြံရန်အတွက် အလွန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်သော်လည်း အန္တရာယ် ၃နေရာထဲမှ တစ်ခုဖြစ်နေသဖြင့် ကျိန်းသေ အန္တရာယ်တော့ ရှိရပေမည်။ ထို့ကြောင့် ဤနေရာက မည်မျှပင် ကျင့်ကြံခြင်းအတွက် နေရာကောင်း ဖြစ်စေကာမူ တံခါးပိတ်ကျင့်ကြံရန် အတွက် သတ္တိမရှိချေ။
သူက သားရဲ အရိုးအနည်းငယ်ကို လိုက်ရှာပြီးနောက် စိတ်ထဲတွင် တွေးလိုက်သည်။ သူလက်ထဲရှိ သားရဲအရိုးများသည် အရည်အသွေးက အရမ်း မကောင်းသော်လည်း ၉ခုအရိုးစုဝင်္ကပါ၏ အစွမ်းကိုတော့ တိုးမြှင့် နိုင်လောက်ပေသည်။
သူ၏နေရာမှ တောင်ကြား၁၄ကို ကြည့်လိုက်လျှင် တောင်ကြား၁၄၏ တစ်ဝက်လောက်ကိုသာ မြင်နိုင်သော်လည်း တောင်ကြား၁၄သည် ရှေ့မှ တောင်ကြား ၁၃ခုပေါင်း၏ အရွယ်အစားခန့် ရှိသည်ကို ခန့်မှန်းနိုင်သည်။
ထို့အပြင် တောင်ကြား၁၄ထဲသို့ လှမ်းကြည့်လိုက်ပါက သားရဲ အလောင်များကို မမြင်ရပေ။ မြေပြင်တစ်ခုလုံးကို တောက်ပနေသော အပြာရောင်မြူများက ဖုံးကွယ်ထား၏။
ထို့ကြောင့် ဝမ်လင်းက ခေါင်းကို ခါယမ်းပြီး နောက်ကြောင်း ပြန်လှည့်ရန် ဆုံးဖြတ်လိုက်သည်။
ထွက်သွားရန် ပြင်လိုက်စဉ်တွင် အဝေးမှ ဟိန်းဟောက်သံတစ်ခု ထွက်လာပြီး မြူထဲမှ ပေ၁၀၀၀ခန့် ရှည်သော နဂါးကြီး တစ်ကောင်ကို မြင်လိုက်ရသည်။
ဝမ်လင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး မြေအောက်ထဲသို့ ချက်ချင်း တိုးဝင်သွား၏။ သို့သော်လည်း သူက နတ်ဘုရား စိတ်အာရုံဖြင့် နဂါးကြီးကို သေချာ စောင့်ကြည့် နေလေသည်။
နဂါးကြီး၏ ခန္ဓာကိုယ်က အလွန်ကြီးမားသဖြင့် နဂါးကြီး လှုပ်ရှားလိုက်တိုင်း ပတ်ဝန်းကျင်ကို လေပြင်းများ တိုက်ခတ် သွားစေသည်။ နဂါးကြီးက တစ်ချက် ခုန်လိုက်ပြီး တောင်ကြား၁၃ကို ဖြတ်ကျော်ကာ တောင်ကြား၁၄ထဲသို့ ဝင်ရောက်သွား၏။
နဂါးကြီးက ဝမ်လင်း၏အပေါ်မှ ဖြတ်ကျော် သွားသည့်အချိန်တွင် လတ်ဆတ်သော သွေးများက ကောင်းကင်ပေါ်မှ ကျလာသည်။ နဂါးကြီး၏ ဝမ်းဗိုက်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုဒဏ်ရာကြီးသည် နဂါးကြီး၏ခန္ဓာကိုယ် တစ်ဝက်ခန့် ရှိ၏။
ဝမ်လင်းက နဂါး ထွက်ပေါ်လာသည့် အရပ်ကို ကြည့်လိုက်ရာ သွေးကြောင်းကြီးကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး နဂါးကြီးက မရပ်မနား ပြေးလာကြောင်း ကိုလည်း သိလိုက်၏။
နဂါးကြီးက တောင်ကြား၁၄ပေါ်တွင် ရပ်တန့်သွားပြီး သူ၏နောက်ဆုံး ဟိန်းဟောက်မှုကို ပြုလုပ်လိုက်သည်။ ထိုဟိန်းသံကြီး ထွက်ပေါ်လာသည်နှင့် သမုဒ္ဒရာထဲတွင် လှိုင်းထသွားသကဲ့သို့ ဘေးနားရှိ လေထုက လှိုင်းထပြီး အဘက်ဘက်သို့ ပျံ့နှံ့သွား၏။
ထိုအခါ တခြား တောင်ကြားများထဲရှိ သားရဲအရိုးများမှာ အမှုန့်ဖြစ်သွားပြီး လေနှင့်အတူ လွင့်သွားကြ၏။
မြေပြင်တောင်မှ အနက်၃လက်မအထိ အလွှာလိုက် ကွာသွား၏။ ထိုအခါ ဝမ်လင်းသည် အလွန် အံ့အားသင့် သွားသည်။ ထိုနဂါးကြီးသည် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများ ထက်တောင်မှ အစွမ်းထက် နေလေသည်။
နဂါးကြီး၏ ဟိန်းသံသည် တစ်နာရီကျော် ကြာပြီးနောက် နဂါးကြီး၏ မျက်လုံးများက မှိန်သွား၏။ ထိုဟိန်းသံသည် မြေပြင်ပေါ်ရှိ အပြာရောင် ရေခဲပြင်ကို ရိုက်ခွဲရန်အတွက် သုံးခဲ့သော နောက်ဆုံးခွန်အား ဖြစ်သည်။ ထို့နောက် နဂါးကြီးက မြေကြီးထဲသို့ တိုးဝင်သွား၏။
ထိုအချိန်တွင် ဝမ်လင်းက မြေအောက်မှ ခုန်ထွက်ပြီး နဂါးကြီးဆီသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာတင် သူက တောင်ကြား၁၄ထဲသို့ ရောက်ရှိသွားပြီး လေထဲသို့ ခုန်တက်ကာ နဂါးအမြီးကို ကိုင်ကာ အားကုန်သုံး၍ မြေကြီးထဲသို့ တိုးဝင်နေသည့်နဂါးကို ဆွဲထုတ်လိုက်သည်။
နဂါးကို ဆွဲထုတ်နေစဉ် နဂါး၏ခန္ဓာကိုယ် အတွင်းမှ အက်ကွဲသံများကို ကြားလိုက်ရသည်။ သူက ကြီးမားလှသည့် နဂါးကြီးကို ဆွဲယူပြီး တောင်ကြား၁၄ထဲမှ ပျံသန်း ထွက်လာသည်။
နဂါးကြီးက အလွန် လေးလွန်းလှသဖြင့် သူ၏ စိတ်စွမ်းအင်အားလုံး သုံးတာတောင်မှ နဂါးကို သယ်နိုင်ရုံမျှသာ ရှိ၏။ ထို့အတူ သူ၏ ခန္ဓာကိုယ်တွင်းမှ အရိုးများတောင်မှ နဂါးကြီ၏ ခန္ဓာကိုယ်ဖိအားကြောင့် နာကျင်လာသည်။ သို့သော်လည်း လောလောလတ်လတ် သေဆုံးသွားသည့် နဂါးကြီးကို ရလိုက်သောကြောင့် ထိုနာကျင်မှုလောက်ကို လျစ်လျစ်ရှု ထားနိုင်ပေသည်။
ယိုင်ထိုးစွာဖြင့် တောင်ကြား၁၄ထဲမှ ပျံသန်း ထွက်လာပြီးနောက် သားရဲအရိုးများ လိုက်ရှာနေသည့် ကျင့်ကြံသူများကို တွေ့လိုက်ရသည်။ ထိုကျင့်ကြံသူများ အားလုံးသည် အကာအကွယ် ရတနာများကို အသက်သွင်း ထားကြပြီး သူ့ကို မှင်တက်စွာ ကြည့်နေကြ၏။
ကျင့်ကြံသူများက အစက သားရဲအရိုးများ လိုက်ရှာ နေကြသော်လည်း ရုတ်တရက် နဂါးကြီး ပေါ်ထွက် လာမှုကြောင့် သူတို့က လူစုခွဲပြီး ထွက်ပြေးသွားပြီး အကာအကွယ် ရတနာများကို အသက်သွင်းကာ ပုန်းရန်နေရာများ ရှာနေကြခြင်း ဖြစ်သည်။
ထိုကျင့်ကြံသူများသည် တစ်နှစ်ပတ်လုံး အလောင်းတောင်ကြားမှ သားရဲအရိုးများကို ရှာပြီး ရောင်းစားကာ အသက်ရှင်နေကြသည့် ကျင့်ကြံသူများ ဖြစ်၏။
ယခုအချိန်တွင် ပထမဆုံး အနေဖြင့် သူတို့သည် လောလောလတ်လတ် သေထားသည့် နဂါးကြီး၏ ခန္ဓာကိုယ်ကို သယ်လာသည့် လူငယ်လေးကို တွေ့ဖူးသွား၏။
သူတို့သည် အလောင်း တောင်ကြားမှ ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်ရုံပင် မဆိုထားနှင့် ကြားပင် မကြားဖူးကြပေ။ ထို့အပြင် လူငယ်လေး သယ်ထားသည့် နဂါးကြီးသည် ခန္ဓာကိုယ် အပြည့်အစုံဖြင့် နဂါးကြီး ဖြစ်သည်။
ထိုနဂါးကြီးကို ကြည့်ပြီး ကျင့်ကြံသူ အများစုသည် သူတို့၏ လိုချင်တပ်မက် စိတ်များကို သိသာစွာပင် ဖော်ပြလာကြသည်။
သူ့ကို မျက်လုံးများစွာ စိုက်ကြည့်နေသည်ကို မြင်ပြီး ဝမ်လင်းက နှာခေါင်းရှုံ့ကာ မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် မြေအောက်ထဲသို့ နဂါးကြီးနှင့်အတူ တိုးဝင်သွား၏။
သူက မြေအောက်ထဲသို့ တိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လွှတ်ခဲ့ရာ အမြုတေဖွဲ့တည်ခြင်း အဆင့်အောက် ကျင့်ကြံသူ အားလုံးက တစ်ချက်တည်းနှင့် သေဆုံး သွား၏။
နဂါးကြီး၏ ခန္ဓာကိုယ်က အလွန် ကြီးမားနေသဖြင့် စိတ်ဝိညာဉ် အရည်များကို သောက်သုံး နေသော်လည်း မြေအောက်ထဲတွင် လျင်မြန်စွာ သွားလာခြင်း မပြုနိုင်ပေ။ ထို့ကြောင့် သူက လီမူဝမ် ရှိသည့်ဂူဆီသို့ တဖြည်းဖြည်းဖြင့်သာ နဂါးကြီးကို သယ်ပြီး သွားရတော့၏။
***