လီမူဝမ်က ပြောပြီးသည်နှင့် ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးလိုက်သည်။ ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူပြီး စစ်ဆေးကြည့်ရာ အထဲတွင် ဝင်္ကပါ အတွင်းသို့ ဝင်ရန် နည်းလမ်းကို တွေ့လိုက်ရသည်။ သူက အားလုံးကို ဖတ်ပြီးသည်နှင့် ကျောက်စိမ်းပြားကို ချေမွပြီး လီမူဝမ်ကို ကြည့်ကာ ရှေ့သို့ ညွန်ပြလိုက်သည်။
ဝမ်လင်းက သူမအား မယုံကြည်သည်ကို သူမ သိနေသည်။ သို့သော်လည်း သူမ လုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ ထို့ကြောင့် သူမက ဝင်္ကပါ အတွင်းသို့ ဝင်သွားလိုက်သည်။ ဝမ်လင်းကလည်း သူမ၏ ကိုယ်ပေါ်တွင် နတ်ဘုရားစိတ်အာရုံ အမျှင်တန်းလေး တစ်ခုကို ချန်ထား လိုက်ပြီး သူမ၏ နောက်မှ လိုက်သွားလိုက်၏။
ဝင်္ကပါ အလွှာများကို ဖြတ်ကျော် ဝင်ရောက်လာပြီး ဂူထဲသို့ ဝင်လာပြီးနောက် သူမက နောက်ထပ် အလံအသေး တစ်ခုကို ထုတ်ယူကာ ညင်သာစွာဖြင့် ဝှေ့ယမ်းလိုက်ရာ ဝင်္ကပါများက ထူထဲသော မြူများကို ထုတ်လွှတ်ပြီး အသက်ဝင်လာသည်။
အဝေးမှ တစ်ယောက်ယောက် လှမ်းကြည့်လျှင် မည်သည့် အရာကိုမှ မြင်ရမည် မဟုတ်ဘဲ အနီးကပ် ကြည့်မှသာ တောင်ကို မြင်ရပေလိမ့်မည်။
ဂူအတွင်းထဲတွင် ဝမ်လင်းက လီမူဝမ်အား သေချာကြည့်နေလေရာ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို … ငါအခု ဝေးကွာခြင်း ကောင်းကင်ဆေးလုံးကို သန့်စင်သင့်လား …”
ဝမ်လင်းက ခေါင်းကို ခါပြီး ပြောလိုက်သည်။
”မင်း သန့်စင်တဲ့ ဆေးလုံးကို ငါ မစားရဲဘူး …”
လီမူဝမ်၏ မျက်လုံးများက ချက်ချင်း နီရဲသွားပြီး ခေါင်းကို မသိမသာ ငုံ့ထားလိုက်သည်။ အချိန်တော်တော် ကြာပြီးနောက် သူမက ခေါင်းကို ပြန်မော့ပြီး ငိုချင်နေသည့် မျက်နှာထားဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
”စီနီယာအစ်ကိုက ငါ့ဘဝကို ကယ်ထားတာပါ … ပြောပါ … စီနီယာအစ်ကို ယုံအောင် ငါ ဘယ်လို လုပ်ပေးရမလဲ …”
ယခုအချိန်တွင် လီမူဝမ်၏ မျက်နှာလေးသည် ဆွဲဆောင်မှု အပြည့်ဖြင့် အလွန် လှပနေလေသည်။
သို့သော်လည်း သူမ၏ အလှအပများက ဝမ်လင်း၏ အပေါ်တွင် မသက်ရောက်ပေ။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
”ငါက ဖိအားပေးရတာကို မကြိုက်ဘူး … ဒါ့ကြောင့် ငါ မင်းကို အများကြီး မတောင်းဆိုဘူး … ငါ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ရောက်တဲ့အထိ ငါ့အတွက် ဆေးလုံးတွေ သန့်စင်ဖော်စပ်ပေးပါ … ငါ အမြုတေ ဖွဲ့တည်ခြင်းအဆင့်ကို ရောက်တာနဲ့ မင်းကို နတ်ဆိုးပင်လယ် အပြင်ဘက်ထိ ငါကိုယ်တိုင် စောင့်ရှောက်ပြီး လိုက်ပို့ပေးမယ် … ဒီအတောအတွင်းမှာ မင်းရဲ့ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ငါ ယူထားဖို့ လိုတယ် …”
လီမူဝမ်က အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သူမ၏ လက်ချောင်းက မျက်ခုံးနှစ်ခုကြားသို့ ရောက်လာပြီး ဖိလိုက်ရာ သူမ၏ ဝိညာဉ်အဆီအနှစ် သွေးစက်က ထွက်လာပြီး ဝမ်လင်းဆီသို့ ပျံသန်းသွား၏။
ဝမ်လင်းက သွေးစက်ကို လက်ခံယူပြီးသည်နှင့် သိုလှောင်အိတ် တော်တော်များများကို ပစ်ပေးပြီး ပြောလိုက်သည်။
”အဲဒီထဲမှာ ပစ္စည်းတွေ အများကြီး ရှိတယ် … ဘာဆေးလုံးတွေ ဖော်စပ်လို့ရလဲ ကြည့်လိုက်ပါဦး …”
လီမူဝမ်က နတ်ဘုရား စိတ်အာရုံဖြင့် သိုလှောင်အိတ်များကို စစ်ဆေးကြည့်ပြီး အံအားသင့်စွာ ပြောလိုက်သည်။
”ဒါ … ဒါက ပျက်စီးခြင်း သစ်မြစ် … ပြီးတော့ အဝါရောင် အမြုတေမြက်လည်း ရှိတယ် … လောင်ကျွမ်း ရွှေသစ်မြစ်ရော ပြီးတော့ ကောင်းကင် စိတ်ဝိညာဉ်မြက်ရော …”
သူမက သိုလှောင်အိတ်များကို ကြည့်ရင်း ပိုပိုပြီး အံ့ဩလာသည်။ ပစ္စည်း အများစုသည် သန်စင်ခြင်း ဆေးလုံးများအတွက် ဖြစ်နေပြီး အချို့ ပစ္စည်းများဆိုလျှင် ဟိုဖန်နိုင်ငံ၌ ယခင်ကတည်းက မရှိတော့သော ပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းများသည် နှစ် ၁၀၀ တိုင်း ပြင်ပတိုက်ပွဲ မြေပြင်မှ ပြန်လာသည့် သူများတွင်သာ ရှိတတ်၏။
ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး နောက်ထပ် သိုလှောင်အိတ် ၁၀ ခုကျော် ပစ်ပေးလိုက်သည်။ ထို သိုလှောင်အိတ်များသည် လတ်တလောကမှ ရရှိထားသော သိုလှောင်အိတ်များ ဖြစ်သည်။ မှော်ရတနာများနှင့် စိတ်ဝိညာဉ် ကျောက်တုံးကို ဖယ်လိုက်ပြီးနောက် သူမသိသော ပစ္စည်းများ ကျန်နေသေး၏။ ထို့ကြောင့် ထိုပစ္စည်းများကို လီမူဝမ်အား ကြည့်ခိုင်းလိုက်ခြင်း ကသာ အကောင်းဆုံး ဖြစ်သည်။
သိုလှောင်အိတ် အားလုံးကို စစ်ဆေးပြီးနောက် ယခင်က ရှိနေသော ပူဆွေး သောကများက သူမ၏ မျက်နှာတွင် ပျောက်ကွယ်သွားပြီး မျက်နှာလေးက တောက်ပနေသည်။ သူမက စိတ်လှုပ်ရှားမှု အပြည့်နှင့် ခေါင်းကိုမော့ပြီး မေးလိုက်သည်။
”စီနီယာအစ်ကို … ဒီပစ္စည်းတွေ အားလုံးကို ငါ ကြိုက်သလို သုံးလို့ရလား …”
ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။
”ငါလိုတဲ့ ဆေးလုံးတွေ အတွက်ကလွဲလို့ ကျန်တာ နင်ကြိုက်သလို လုပ်နိုင်တယ် …”
လီမူဝမ်သည် ဝမ်လင်းကို ပထမဆုံး အကြိမ်အဖြစ် ပြုံးပြပြီး ပြောလိုက်သည်။
”စီနီယာအစ်ကို စိတ်ချလက်ချ နေပါ … ငါတွက်လို့ ရသလောက်ကတော့ ကျင့်ကြံခြင်းကို မြှင့်ပေးနိုင်တဲ့ အဝါရောင် စိတ်ဝိညာဉ် ဆေးလုံး ၃၀၀ နဲ့ အဆိပ်ပြယ် ဆေးလုံး ၅၀ လုပ်လို့ရတယ် … ကျန်တဲ့ ဆေးလုံးတွေလည်း အများကြီး လုပ်လို့ရသေးတယ် … ဆေးလုံးတွေ လုပ်ပြီးတာနဲ့ စီနီယာအစ်ကိုရဲ့ လက်ထဲ ပေးပါ့မယ် … စီနီယာအစ်ကိုရဲ့ ပစ္စည်းတွေထဲမှာ တန်ဖိုး အရှိဆုံးကတော့ ဒီမိစ္ဆာ သွေးနွယ်ပဲ …”
သူမက ပြောရင်းနှင့် သာမန်ကဲ့သို့ အနီရောင် သစ်အမြှောင်းလေး တစ်ခုကို ကိုင်ပြလိုက်သည်။
“ဒီအနီရောင် သစ်အမြှောင်းလေးက ဝေးကွာခြင်းကောင်းကင် ဆေးလုံးလုပ်တဲ့ နေရာမှာ သုံးတဲ့ အဓိက ပါဝင်ပစ္စည်း တစ်ခုပဲ … ဒီသစ်အမြှောင်းလေးကို ရှေးဟောင်း မှတ်တမ်းတွေ ထဲမှာပဲ မြင်ဖူးတာ … ဒီဟာနဲ့ဆိုရင် ဝေးကွာခြင်းကောင်းကင် ဆေးလုံးကို သန့်စင်ဖို့ ယုံကြည်ချက် ပိုရှိသွားပြီ … ဒါပေမဲ့ အာနိသင်ကတော့ နည်းနည်းလောက် လျော့သွားလိမ့်မယ် …”
ဝမ်လင်းက ငြိမ်သက်လျက် နားထောင်နေရာမှ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။
”ဆေးလုံး သန့်စင်တာနဲ့ ပတ်သက်ပြီး ငါ မမေးတော့ဘူး … ငါ ခရီးတစ်ခု သွားဖို့ရှိတယ် … အနည်းဆုံး ၃ ရက်ကြာမယ် … အများဆုံး လဝက်ကြာမယ် … ဒီအတောအတွင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ …”
ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်စဉ်တွင် လီမူဝမ်က ချီတုံချီချ ဖြစ်နေသည့် ဟန်ဖြင့် အလျင်အမြန် ပြောလိုက်သည်။
”စီနီယာအစ်ကို အပြင်ရောက်ရင် … ဆေးမီးဖို တစ်ခုလောက် ရှာခဲ့ပေးပါလား … ငါ သယ်လာတဲ့ ဆေးမီးဖိုက သာမန်ဆေးမီးဖို တစ်ခုဆိုတော့ ငါ့ရဲ့ ဆေးမီးဖိုနဲ့ ဆေးလုံးကို သန့်စင်ရင် ၅၀ ရာခိုင်နှုန်းပဲ အောင်မြင်နိုင်ချေ ရှိတယ် … ပုံမှန်ဆိုရင် ဝေးကွာခြင်းကောင်ကင် ဆေးလုံးကို သန့်စင်တဲ့အခါ ဂိုဏ်းကပေးတဲ့ ကောင်းကင် ပေါင်းစပ်ခြင်း မီးဖိုနဲ့ပဲ သန့်စင်ကြတာ …”
ဝမ်လင်း အနည်းငယ် မျက်မှောင်ကြုတ်ပြီး လီမူဝမ်ကို ကြည့်ကာ ဘာမှ မပြောတော့ဘဲ ထွက်သွား၏။
လီမူဝမ်သည် မသိမသာ သက်ပြင်း ချလိုက်သည်။ သူမက အမှန်ဆိုလျှင် မလိမ်ချင်ပေ။ သို့သော်လည်း သူမက အမှန်ကို ပြောလိုက်လျှင် သူက ထားသွားမှာကို ကြောက်နေသည်။ သို့သော်လည်း သူမ၏ ဝိညာဉ်အဆီအနှစ် သွေးစက်က သူ့လက်ထဲတွင် ရောက်နေသည့်အတွက် ဝေးကွာခြင်းကောင်းကင် ဆေးလုံး၏ အောင်မြင်နှုန်းကို တတ်နိုင်သလောက် မြှင့်ရပေမည်။
ဂူထဲမှ ထွက်လာပြီးနောက် ဝမ်လင်းသည် သူရောက်နေသည့် နေရာကို တွက်ချက်ကြည့်ပြီး ကျောင်းနိုင်ငံရှိသည့် အရပ်ဆီသို့ ကြည်ကာ အေးစက်စွာဖြင့် ရေရွတ်လိုက်သည်။
”ထန်းဟွယွမ် … ငါအခု အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ရောက်တော့မယ် … ငါ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်တဲ့အခါကျရင် ကျောင်းနိုင်ငံကို ပြန်လာပြီး မင်းရဲ့ မိသားစု တစ်ခုလုံးကို အမြစ်ကစ မြေလှန်ပြီး နှုတ်ပစ်မယ် … ထန်းဟွယွမ် စောစော မသေနဲ့ဦး … ငါ ပြန်လာပြီး သတ်တာကို စောင့်နေဦး …”
ထို့နောက် ခြေလှမ်းတစ်လှမ်း လှမ်းကာ မြေလွတ်မြောက်ခြင်း နည်းစနစ်ကို သုံးပြီး ထွက်သွား၏။ သူအပြင် ထွက်လာရသည့် အကြောင်းရင်းမှာ စိတ်ဝိညာဉ်သားရဲ အရိုးများကို ရှာချင်၍ ဖြစ်သည်။ လီမူဝမ်၏ စကားအရ စိတ်ဝိညာဉ်သားရဲ အရိုးများကို များများရနိုင်လျှင် ၉ ခုအရိုးစု ဝင်္ကပါကို စွမ်းအားအပြည့် သုံးနိုင်မည်ဖြစ်သည်။ သူက အမြုတေ ဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရန် အလျင် လိုနေသော်လည်း အန္တရာယ် များလှသော နတ်ဆိုး ပင်လယ်ထဲတွင် လုံခြုံသည့် နေရာ တစ်ခုတော့ လိုအပ်ပေသည်။
နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ စိတ်ဝိညာဉ်သားရဲ၏ ဦးခေါင်းခွံကို လိုအပ် နေသောကြောင့် ဖြစ်သည်။
မြေပုံထဲတွင် ဖော်ပြထားမှုအရ စိတ်ဝိညာဉ် သားရဲများသည် နတ်ဆိုးပင်လယ်၏ အောက်ခြေတွင် ရှိသည်ဟု ဖော်ပြထား၏။
သို့သော်လည်း စိတ်ဝိညာဉ်သားရဲ အများစုသည် တခြားသူများ၏ အမဲလိုက်ခြင်းကို ခံထားရပြီး ဖြစ်သည်။ ထွက်လာသည်မှာ အချိန်တော်တော် ကြာပြီ ဖြစ်သော်လည်း မည်သည့် အရာကိုမှ မတွေ့သေးချေ။ နတ်ဆိုးပင်လယ်၏ အောက်ခြေတွင် မြူများက အလွန် ထူသောကြောင့် မျက်လုံးက ဘာကိုမှ မမြင်နိုင်ချေ။ ထို့ကြောင့် နတ်ဘုရား စိတ်အာရုံကိုသာ အသုံးပြု နေရ၏။
ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ထိုစဉ် ဓားပျံတစ်ချောင်းက ဝေ့ဝိုက်ပြီး သူ့အပေါ်မှ ဖြတ်သွား၏။
ဓားပေါ်ရှိလူသည် ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်းအဆင့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပြီး သူ၏ မျက်နှာက ခရမ်းရင့်ရောင် သန်းနေကာ အသက်ရှူသံကလည်း ကြမ်းတမ်းနေသည်။
ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် အလွန်ပြင်းထန်သော အဆိပ် မိထားသည်ကို သိနိုင်သည်။ ထို့ကြောင့် သူက ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်များကို အပြည့်အဝ မထိန်းချုပ် နိုင်တော့ခြင်း ဖြစ်၏။
ထိုဓားပျံ၏ နောက်တွင် အလင်းတန်း တစ်ခုက နီးကပ်စွာ လိုက်နေသည်။
ထိုအခါ ဝမ်လင်း၏ မျက်နှာက အလွန်ထူးဆန်းသွား၏။ နောက်မှလိုက်နေသော လူသည် ချီစုစည်းခြင်း အလွှာ ၁၅ အထွတ်အထိပ်သာ ရောက်သေးသည့် ကောက်ကျစ်သည့် အမူအရာနှင့် လူငယ်တစ်ယောက် ဖြစ်သည်။
ထိုလူငယ်၏ လက်ထဲတွင် အနက်ရောင် သားရဲအရိုးတစ်ချောင်း ရှိနေ၏။ လူငယ်က သက်လတ်ပိုင်း လူကြီး၏ နောက်သို့ အေးအေးဆေးဆေးဖြင့် လိုက်နေရင်း အရိုးကို လေဖြင့် မှုတ်နေသည်။ အရိုးကို လေဖြင့် မှုတ်လိုက်တိုင်း အနက်ရောင် မီးခိုးများက ထွက်လာသည်။
အနက်ရောင်မီးခိုးက ထွက်လာသည်နှင့် သက်လတ်ပိုင်း လူကြီးထံသို့ လျင်မြန်စွာ ရောက်သွားပြီး ခန္ဓာကိုယ် အတွင်းသို့ ဝင်သွား၏။
“စီနီယာအစ်ကို မြန်မြန်ပြေးပါ … သေခြင်းအဆိပ် ၁၆ မျိုးကို အစ်ကို ဘယ်လောက် တောင့်ခံနိုင်ဦးမလဲ မြင်ချင်သေးတယ် … ဂျူနီယာ ညီလေးက ဒီအဆိပ်ကို အစ်ကို့အတွက် အချိန်အကြာကြီး ပြင်ဆင် ထားခဲ့ရတယ် … မဟုတ်ရင် ဘယ်လိုလုပ်ပြီး အစ်ကို့ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို လုယူ ရဲပါ့မလဲ …”
သက်လတ်ပိုင်း လူကြီးသည် အံကြိတ်ပြီး လူငယ်၏ စကားများကို လျစ်လျူရှုကာ ရှေ့ဆက် ပျံသန်းသွား၏။
“စီနီယာအစ်ကိုက တစ်ကယ်ကို အိုနေပြီပဲ … ဘာလို့ သေဆုံးရမှာကို လက်မခံချင် သေးရတာလဲ … ကျွန်တော်က အခြေခံ ခိုးယူခြင်း နည်းစနည်းလေးပဲ သုံးပြီး အစ်ကို့ကို ဝါးမျိုမှာပါ …”
လူငယ်က နောက်မှ စကားများ အဆက်မပြတ် ပြောလာသည်။
ဝမ်လင်းသည် လူငယ်၏ လက်ထဲမှ သားရဲအရိုးကို စိတ်ဝင်စားနေသည့် အတွက် နောက်မှ အသာလေး လိုက်သွားလိုက်သည်။
သက်လတ်ပိုင်းလူကြီးသည် လူငယ်၏ စကားကို ကြားပြီး ပြန်ပြောလိုက်သည်။
”စန်းမူရ … သေချင်းဆိုးကောင် … ငါကသာ မင်းအတွက် အသနား မခံပေးခဲ့ရင် မင်းကို ဆရာက တပည့်အဖြစ်တောင် လက်ခံမှာ မဟုတ်ဘူး … မင်းရဲ့ စီနီယာ အစ်ကိုကိုတောင် ဒီလိုအဆိပ်နဲ့ လုပ်ကြံရဲတယ် … ဆရာသိသွားမှာ မင်း မကြောက်ဖူးလား …”
လူငယ်က အူလိုက်သည်းလိုက် ရယ်ပြီး ပြန်ပြောလိုက်သည်။
”ဆရာလား … ဆရာကသာ ဒါကို ခွင့်မပြုရင် ငါက လုပ်ရဲမယ် ထင်နေလား …”
ထိုအခါ သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်က တုန်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်က အားနည်းသွားပြီး ဓားပျံပေါ်မှ ပြုတ်ကျသွား၏။ လူငယ်က သက်လတ်ပိုင်းလူကြီး၏ ၃ ပေ အကွာတွင် ရပ်လိုက်ပြီး သေမသေကို သေချာစေရန် အလောင်းကို အကြိမ်များစွာ ဓားဖြင့် ထိုးကြည့် လိုက်သည်။ ထို့နောက် အလောင်းကို ဆွဲယူပြီး ထွက်သွားရန် ပြင်လိုက်၏။
သို့သော်လည်း သူက ရုတ်တရက် ရပ်လိုက်ပြီး မြူထဲမှ အနက်ရောင် ပုံရိပ်ကို ကြည့်ကာ နဖူးမှ ချွေးများ စို့လာသည်။ သူက စီနီယာအစ်ကိုကို လိုက်ဖမ်းစဉ် ကတည်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် ထားသော်လည်း မည်သည့် အရာကိုမှ အာရုံမခံမိပေ။ သို့သော်လည်း ထိုလူက သူ၏ရှေ့တွင် လျှို့ဝှက်စွာ ပေါ်လာခြင်းကို ကြည့်ခြင်းအားဖြင့် ထိုလူ၏ ကျင့်စဉ်အဆင့်သည် သူ့ထက် အလွန် မြင့်နေကြောင်း သိသာနေသည်။
သူက အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်မှ ကောက်ကျစ်သည့် အမူအရာက ပျောက်သွားကာ ရိုးသားသည့် အမူအရာက အစားထိုး ပေါ်လာပြီး ပြောလိုက်သည်။
“ဂျူနီယာက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ တပည့် စန်းမူရပါ … စီနီယာက ဘယ်လို အကြောင်းကြောင့် ဂျူနီယာရဲ့ လမ်းကို ပိတ်ရတာလဲ မသိဘူး … ဂျူနီယာ လုပ်ပေးနိုင်တာ ရှိရင် အကောင်းဆုံး လုပ်ပေးပါ့မယ် …”
ဝမ်လင်းက မြူထဲမှ တဖြည်းဖြည်း လမ်းလျှောက်ထွက်လာပြီး လူငယ်ကို အေးစက်စွာ ကြည့်လိုက်သည်။
လူငယ်က ဝမ်လင်း၏ အကြည့်ကို မြင်ပြီး စိတ်ထဲတွင် အလွန် ထိတ်လန့်သွား၏။
ထိုခံစားချက်ကို သူ့ဆရာနှင့် တွေ့သည့် အခါမှသာ ခံစားဖူးခဲ့သည်။ သို့သော်လည်း သူ၏ ဆရာက ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်၏။ သူ့ရှေ့မှ လူငယ်ကတော့ သူ၏ ဆရာထက် အသက်ကြီးမည့်ပုံ မပေါ်သော်လည်း အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်းအဆင့်သို့ ရောက်နေ လေသည်။
ထို့ကြောင့် လူငယ်၏ နှလုံးသည် တဒုန်းဒုန်း ခုန်လာပြီး သူ၏ မျက်နှာတွင်လည်း အလွန် လေးစားသည့် အမူအရာက ပေါ်လွှင်လာသည်။
“မင်းရဲ့ သားရဲအရိုးကို ဒီယူခဲ့ …”
ဝမ်လင်း၏ အသံက အလွန် အေးစက်နေပြီး ခံစားချက် ကင်းမဲ့နေသည်။
လူငယ်သည် နတ်ဆိုးပင်လယ်တွင် ကြီးပြင်း လာခဲ့သူတစ်ဦး ဖြစ်၏။ သူ၏ ကျင့်ကြံခြင်း အဆင့်က နိမ့်သော်လည်း မိစ္ဆာအသိ မျက်လုံးတစ်စုံ နည်းစနစ်ကို ကျင့်ကြံထားနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူ့ရှေ့မှ ကျင့်ကြံသူသည် အလွန်အေးစက်ပြီး ရက်စက်မည့်သူ ဖြစ်ကြောင်း မြင်နိုင်၏။ သူက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အများကြီးကို တွေ့ခဲ့ဖူးသော်လည်း သူ့ရှေ့မှ လူငယ်လောက် သူ၏ ဝိညာဉ်ကို အေးစက် သွားစေသည်အထိ ခံစားရ စေသည့်လူကို မတွေ့ခဲ့ဖူးပေ။ အထူးသဖြင့် သူ့နှလုံးကို အေးခဲ သွားသကဲ့သို့ ခံစားရစေသော အေးစက်နေသည့် မျက်လုံးတစ်စုံ ဖြစ်သည်။
လူငယ်က တုံ့ဆိုင်း မနေရဲဘဲ သားရဲအရိုးကို အလျင်အမြန် ပေးလိုက်သည်။
***