နတ်ဆိုးပင်လယ် အတွင်းသို့ ဝင်ပြီး အချိန်တိုလေးအတွင်း၌ ထူထဲနေသော မြူများကြောင့် ဝမ်လင်း၏ အဝတ်အစားများ အားလုံးသည် စိုရွှဲနေပြီး သူ့ကိုယ်တွင် ကပ်နေလေသည်။ ထိုကပ်နေသော အဝတ်အစားများက သူ့ကို အလွန် စိတ်ကသိကအောက် ဖြစ်စေသည်။
လီမူဝမ်၏ မျက်နှာသည် ယခင်ကဲ့သို့ ဖြူရော် မနေတော့ဘဲ အနည်းငယ် နီနေသည်။ သူမ၏ အဝတ်အစား များကလည်း စိုရွှဲပြီး အသားနှင့် ကပ်နေသဖြင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများက အထင်းသား ပေါ်လွင်နေသည်။
ဝမ်လင်းက သူမကို တစ်ချက်သာ ကြည့်ပြီး သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ ထို အလှလောက်ဖြင့် သူ၏နှလုံးကို မလှုပ်ရှား စေနိုင်ပေ။ လီမူဝမ်ကသာ ဝေးကွာခြင်း ကောင်းကင်ဆေးလုံးနှင့် တခြားဆေးလုံးများ မလုပ်တတ်ပါက သူ့နောက်သို့ ခေါ်လာမည်တောင် မဟုတ်ပေ။
နတ်ဆိုး ပင်လယ်သည် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သဖြင့် အောက်ခြေကို မမြင်ရသော်လည်း ရှေ့ဆက်သွားလေ အောက်သို့ ပိုပြီး ရောက်လာလေ ဖြစ်သည်ကို ဝမ်လင်းက သတိပြုမိ၏။ ထို့အတူ ယင်စွမ်းအင်များကလည်း တဖြည်းဖြည်း သိပ်သည်းလာသည်။
မကြာမီ မြူထဲတွင် ထူးဆန်းသည့် သက်ရှိများ စတင်ပေါ်လာသော်လည်း ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် အာရုံခံ နိုင်သောကြောင့် သူတို့နှစ်ယောက်စလုံး အန္တရာယ် မရှိသေးပေ။
လီမူဝမ်က နတ်ဆိုးပင်လယ်၏ ကောလာဟလများကို ကြားခဲ့ဖူးသောကြောင့် အလွန် ထိတ်လန့် နေသည်။ နတ်ဆိုး ပင်လယ်ထဲတွင် အရာရာကို ခွန်အားနှင့်သာ ဆုံးဖြတ်ကြသည် ဖြစ်ပြီး အစွမ်းမဲ့သော အမျိုးသမီး ကျင့်ကြံသူများနှင့် စွမ်းအားကြီးသော နောက်ခံမရှိသည့် မရှိသည့် အမျိုးသမီး ကျင့်ကြံသူများသည် နတ်ဆိုး ပင်လယ်ထဲတွင် အလွန်ဆိုးရွားသည့် အဖြစ်ဆိုးများ ကြုံရနိုင်ပေသည်။
နတ်ဆိုးပင်လယ်တွင် အဓိက အင်အားစုများမှာ နတ်ဆိုးပင်လယ်၏ အလယ်တွင်သာ ရှိပြီး အစွန်အဖျားများရှိ အင်အားစုများသည် အစွမ်းထက်သည့် ကျင့်ကြံသူများ ရှားပါး၏။ သူတို့ နှစ်ယောက်သာ သေချာ ဂရုစိုက်၍ သွားလာမည် ဆိုလျှင် အန္တရာယ် တွေ့နိုင်ချေ အလွန်နည်းပါး လေသည်။
သူတို့ ရပ်တန့်လိုက်သည့် အချိန်တွင် မည်မျှ ပျံသန်းခဲ့သည်ကို ဝမ်လင်း မသိချေ။ လီမူဝမ်က ဝမ်လင်းကဲ့သို့ မမြန်သဖြင့် သူ့နောက်မှသာ ပျံသန်းလိုက်လာလေသည်။ ရုတ်တရက် ဝမ်လင်းက အဝေးတစ်နေရာမှ မြူထဲသို့ ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“အခု ထွက်လာခဲ့ …”
ပိန်ပိန်ပါးပါး ပုံရိပ်၃ခုက မြူထဲမှ ထွက်လာသော်လည်း မြူများက အလွန်ထူထပ်နေသဖြင့် သူတို့၏ ရုပ်ကို သေချာမမြင်ရသေးပေ။ သို့သော်လည်း သူတို့ ၃ ယောက်သည် အမျိုးသားများ ဖြစ်ကြသည်ကိုတော့ သိနိုင်ပြီး သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်…
“မောက်မာလိုက်တာ … ဒီနေရာက ငါ့တို့ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ ပိုင်နက်ပဲ … မင်းက ဉာဏ်ကောင်းတယ်ဆိုရင် မင်းနောက်က အမျိုးသမီးကို ထားပြီး ထွက်သွားလိုက်တော့ မဟုတ်ရင် …”
ပြော၍ မပြီးသေးခင်မှာတင် ဝမ်လင်းက အေးစက်စွာဖြင့် ဖြတ်ပြောလိုက်သည်။
”နားညီးတယ် … သေလိုက်တော့ …”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လွှတ်လိုက်သည်။ သူတို့ ၃ ယောက်သည် ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်တွင်သာ ရှိသေးသဖြင့် ဝမ်လင်းက သူတို့ကို အလွယ်တကူ သတ်နိုင်ပေသည်။
အနီရောင် လျှပ်စီးတစ်ခုက ရုတ်တရက် လက်သွားသောအခါ သူတို့ ၃ ယောက်စလုံး၏ မျက်လုံးများက မှိန်ကျသွားပြီး ဝိညာဉ် ဖျက်ဆီး ခံလိုက်ရကာ သေဆုံးသွား၏။
ဝမ်လင်းက ရှေ့သို့ လျှောက်သွားပြီး သူတို့၏ သိုလှောင်အိတ်ကို ယူကာ အလောင်းများကို ကန်ထုတ်လိုက်သည်။
လီမူဝမ်သည် သူမ၏ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ကြောက်လန့်နေလေသည်။ ထိုလူ ၃ ယောက်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်များ ဖြစ်ကြသော်လည်း ထူးဆန်းစွာပင် သေဆုံး သွားရသည်။
သူက ဝမ်လင်း၏ နောက်ကျောကို စိုက်ကြည့်ပြီး လွန်ခဲ့သော လဝက်ခန့်က အကြောင်းများကို သတိ ရသွား၏။
စိတ်ဝိညာဉ်ကြောပေါ်တွင် ဖြစ်ခဲ့သော တိုက်ပွဲတွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး တိုက်ပွဲ အစပိုင်းတွင် ထူးဆန်းမှုများ ဖြစ်သွားခဲ့သည်။ ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်များသည် ထူးဆန်းစွာပင် သေဆုံးသွားကြပြီး ကောင်ကင်ပေါ်မှ ပြုတ်ကျသွားကြ၏။ ထိုအကြောင်းကို သူမ၏ အစ်ကို လီချီချင်းမှ ပြောပြခြင်း ဖြစ်သည်။
တစ်ယောက်ဆိုလျှင် ကိစ္စမရှိသော်လည်း ရွှမ်းဝူနိုင်ငံ၌ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သည် အယောက်၂၀၀ခန့်သာ ရှိသဖြင့် တစ်ဝက်နီးပါးသည် ထူးဆန်းစွာ သေဆုံးသွားသောအခါ အားလုံးကို တုန်လှုပ် သွားစေခဲ့သည်။ ထိုအကြောင်းကို သူမ ကြားရသည့်အခါ ကောလာဟလ ဖြစ်မည်ဟု တွေးကာ မယုံကြည်ခဲ့ပေ။ ယခုအခါ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ထိုကောလာဟလကို သတိရသွားခြင်း ဖြစ်သည်။
သူမက ဝမ်လင်း၏ နောက်သို့ လိုက်နေရင်း တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
”စီနီယာအစ်ကို … ဟိုဖန် အဖွဲ့အစည်းထဲမှာ တုန်းက အစ်ကိုက ဘယ်အုပ်စုကလဲ …”
ဝမ်လင်းက ခေါင်းပင် လှည့်မကြည့်ဘဲ အေးစက်စွာ ဖြေလိုက်သည်။
”အုပ်စု ၁၀ …”
‘အုပ်စု ၁၀’ ဆိုသည့် စကားကိုကြာပြီး လီမူဝမ်၏ စိတ်ထဲတွင် တုန်လှုပ် ချောက်ချားသွား၏။ သူ့အစ်ကို၏ ပြောပြချက်အရ စိတ်ဝိညာဉ် ကြောပေါ်မှ တိုက်ပွဲသည် အုပ်စု ၁၀ ၏ တိုက်ပွဲဖြစ်ကြောင်း သိခဲ့ရသည်။ ယခုအခါ သူမ၏ရှေ့မှ အေးစက်စက် လူငယ်လေးသည် တိုက်ပွဲတွင် ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်များ သေဆုံး သွားစေသည့် တရားခံဖြစ်ကြောင်း ယုံကြည်သွား၏။
ထိုအကြောင်းကို တွေးမိပြီး ဝမ်လင်းကို ဆန့်ကျင်ချင်သေးသည့် စိတ်အမျှင်လေးသည် ချက်ချင်း အငွေ့ပျံ သွားလေပြီ။ ရုတ်တရက် ထူးဆန်းသော နည်းစနစ်တစ်ခုကို သတိရသွားပြီး မရေမရာဖြင့် မေးလိုက်သည်။
”စီနီယာအစ်ကို သုံးတဲ့ နည်းစနစ်က သေဆုံးခြင်း မန္တန်လား …”
ဝမ်လင်း၏ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားပြီး တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
”မင်းက သေဆုံးခြင်းမန္တန် အကြောင်းကိုလည်း သိတာပဲလား …”
ဝမ်လင်း၏ စကားကို ကြားလိုက်သည်နှင့် ဝမ်လင်း သုံးလိုက်သည့် နည်းစနစ်သည် သေဆုံးခြင်း မန္တန်ဖြစ်ကြောင်း လီမူဝမ်၏ စိတ်ထဲတွင် သေချာသွား၏။ သေဆုံးခြင်း မန္တန်သည် ရှေးဟောင်း ကျင့်ကြံခြင်း လောကမှ ဆင်းသက်လာသော နည်းစနစ် တစ်ခုဖြစ်ပြီး သေဆုံးခြင်း မန္တန်ကို ကျွမ်းကျင် သွားလျှင် ‘သေ’ ဆိုသည့် စကားလုံးနှင့်တင် အပြော ခံလိုက်ရသည့် လူက သေဆုံး သွားလိမ့်မည် ဖြစ်သည်။
ထိုနည်းစနစ်ကို လေ့ကျင့်ရန်အတွက် စွမ်းအင် ၃ မျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် လိုအပ်သည်။ ပထမစွမ်းအင်က အမျိုးသမီးများ၏ စဦး စိတ်ဝိညာဉ်ဆီမှ ယင်စွမ်းအင် ဖြစ်ပြီး၊ ဒုတိယ စွမ်းအင်က သေပြီးသား အလောင်းများ၏ အရိုးများမှ သေဆုံးခြင်း စွမ်းအင်ဖြစ်၏။ တတိယ စွမ်းအင်သည် သတ်ဖြတ်ခြင်း စွမ်းအင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် လုံလုံလောက်လောက် သတ်ဖြတ် ပြီးပါက သူတို့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်လာပေလိမ့်မည်။ ထိုသတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် ကိုယ်ပိုင် အသိစိတ် ရှိလာသည့်အခါ လိုအပ်သည့် သတ်ဖြတ်ခြင်း စွမ်းအင်ဖြစ်လာသည်။
စွမ်းအင် ၃ ခုကို ပေါင်းစည်းခြင်းသည် စမ်းသပ်မှု တစ်ခုကဲ့သို့ ဖြစ်သည်။ သေဆုံးခြင်း မန္တန်ကို အသုံးပြုသူများသည် ညတိုင်း နာကျင်မှုကို မခံမရပ်နိုင်အောင် ခံစားရသည်။ သူတို့သည် အသက် ရှင်ရန်အတွက် ထိုစမ်းသပ်မှုကို သုံးနှစ်တိုင်း ပြန်လုပ်ရသည်။
ထိုကဲ့သို့ အကြိမ်များစွာ လုပ်ပြီးသည့် နောက်တွင် သေဆုံးခြင်းမန္တန်၏ အစောပိုင်းအဆင့် ပြီးဆုံးသွားပြီဟု သတ်မှတ်နိုင်ပေသည်။ ထို့ထက်ပိုပြီး လေ့ကျင့်လိုလျှင် သေဆုံးရန် ရာခိုင်နှုန်းကလည်း မြင့်လာ ပေလိမ့်မည်။ တွက်ချက်မှုများအရ သေဆုံးမန္တန်ကို ကျွမ်းကျင်ရန် ရာခိုင်နှုန်းသည် သုံည ဖြစ်၏။ သေဆုံးခြင်းမန္တန်သည် အလွန် အစွမ်းထက်သော်လည်း အလွန် အန္တရာယ်များသဖြင့် အလွန်နည်းသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသာ သေဆုံးခြင်းမန္တန်ကို လေ့ကျင့်ကြ၏။
သေဆုံးခြင်း မန္တန်အကြောင်းကို လီမူဝမ်က ရှင်းပြပြီးနောက် ဝမ်လင်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး တိတ်ဆိတ်သွား၏။ ထိုတိတ်ဆိတ်မှုသည် လီမူဝမ်ကို ပိုပြီး ကြောက်ရွံ့ လာစေသည်။
နတ်ဆိုး ပင်လယ်ထဲတွင် အချိန် တော်တော်ကြာအောင် သွားလာပြီးနောက် ပိုင်နက်နယ်မြေ တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်၏။ မြူများကလည်း ပိုထူလာပြီး ယင်စွမ်းအင်များလည်း ပိုမို သိပ်သည်းလာသည်။
ဝမ်လင်းသည် သူ့အောက်မှ မြေပြင်ကို ကြည့်ပြီး အနည်းငယ် စဉ်းစားကာ မျက်လုံးကို ကစားလိုက်သည်။ ထိုအခါ သူက တောင်ထိပ်တစ်ခုကို တွေ့သွား၏။ ဝမ်လင်းက တောင်မှ ငေါထွက်နေသော ကျောက်တုံး တစ်ခုပေါ်တွင် ဝမ်လင်းက ဆင်းသက်လိုက်ပြီး သိုလှောင်အိတ်အတွင်းမှ ဓားပျံတစ်ချောင်းကို ထုတ်ကာ တောင်ဆီသို့ လက်ကို ညွှန်လိုက်သည်။ ဓားပျံက တောင်ဆီသို့ ပျံသန်းသွားပြီး တောင်၌ ဂူတစ်ခု စတင်ထွင်းလေသည်။
သို့သော်လည်း သတ္တုနှင့်ကျောက်တုံး ရိုက်ခတ်သံများကို နားထောင်ပြီး ဝမ်လင်းက မျက်မှောင် ကြုတ်သွား၏။ တောင်မှ ကျောက်များသည် အလွန်မာကျောပြီး ဓားပျံက အလွန် ပျော့နေသောကြောင့် ဖြစ်သည်။
ထို့နောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားပျံအချောင်း ၃၀ ကျော် ထွက်လာသည်။ သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် ဓားများကို ထိန်းချုပ်လိုက်ပြီး တောင်ဆီသို့ ဓားမိုးများ ရွာချလိုက်သည်။
မကြာမီ ဂူတစ်ခုကို လျင်မြန်စွာ ထွင်းပြီးသွား၏။ ဝမ်လင်း၏ သေဆုံးခြင်းမန္တန်နှင့် ဓားအချောင်း ၃၀ ကျော် ထိန်းချုပ် နိုင်မှုတို့က လီမူဝမ်ကို အလွန်အံ့အား သင့်စေသည်။
ဓားပျံအရေအတွက် ထိန်းချုပ်နိုင်မှုသည် ကျင့်ကြံသူ၏ နတ်ဘုရား စိတ်အာရုံပေါ်တွင် မူတည်ကြောင်း သူမ သိထား၏။
အချိန်များက တဖြည်းဖြည်း ကုန်လွန် လာပြီးနောက်တွင် အခန်း ၄ ခန်းပါသော ဂူတစ်ခုကို ထွင်းပြီးသွားပြီ ဖြစ်သည်။ ထို့နောက် ဝမ်လင်းက စိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်ယူပြီး ဂူ၏ ပတ်ပတ်လည်တွင် ဝင်္ကပါ အစီအရင် အများအပြား ချလိုက်၏။
ဝမ်လင်းက ဝင်္ကပါ ချနေသည်ကို မြင်သည့်အခါ သူမ၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအရာက ပေါ်လာသော်လည်း ဝင်္ကပါကိုမြင်မှ ထိုအံအားသင့်သည့် အမူအရာက ပျောက်သွားပြီး အထင်သေးသည့် အရိပ်အယောင် တစွန်းတစက ပေါ်လာသည်။ သို့သော်လည်း ထိုတစွန်းတစ အရိပ်အယောင်လေးကို အလျင်အမြန် ဖုံးကွယ်လိုက်၏။
သို့သော်လည်း ထိုအရိပ်အယောင်ကို ဝမ်လင်းက သတိပြုမိသည်။ သူက ဝင်္ကပါများကို အာရုံ စိုက်နေသော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံက လီမူဝမ်ကို အမြဲတမ်း စောင့်ကြည့်နေ၏။ လမ်းတစ်လျှောက်လုံးတွင်လည်း စောင့်ကြည့်ခဲ့သည်။ သူမကသာ မူမမှန်တာ တစ်ခုခု လုပ်လိုက်ပါက မိန်းကလေးဖြစ်လည်း ချက်ချင်း သတ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
ဝမ်လင်းက အားလုံး လုပ်ပြီးသည့် နောက်တွင် နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။
”ဒီဂူထဲမှာ အချိန်ကြာကြာနေဖို့ ဆုံးဖြတ်ထားတယ် … ဒီဝင်္ကပါ ပျက်စီးသွားရင် ငါက အလွယ်တကူ လွတ်နိုင်တယ်… မင်းက ကိုယ့်ကိုယ်ကို အားကိုးရမယ် …”
ပြောပြီးမှသာ ဝမ်လင်းက လီမူဝမ်ကို ကြည့်လိုက်၏။
လီမူဝမ်က ဘာမှ ပြန်မပြောဘဲ အံကြိတ်ကာ သူမ၏ သိုလှောင်အိတ် အတွင်းမှ အနက်ရောင် အလံများကို ထုတ်ယူလိုက်ပြီး ဂူပတ်ဝန်းကျင်တွင် ချထားလိုက်သည်။ သို့သော်လည်း သူမက စိတ်မချ သေးဟန်ဖြင့် နောက်ထပ် ဝင်္ကပါများ ချလိုက်ပြီး ဝမ်လင်း၏ ဝင်္ကပါများနှင့် ချိတ်ဆက်လိုက်သည်။
အားလုံး လုပ်ပြီးသည့် နောက်တွင် သူမက အံကြိတ်ပြီး အပြာရောင် သလင်းကျောက် သားရဲအရိုး တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူမ၏ ဓားပျံဖြင့် အပိုင်းပိုင်း ဖြတ်တောက်ကာ တစ်ခုပြီးတစ်ခု လိုက်ချလိုက်သည်။
သားရဲအရိုး အပိုင်းအစ ၁၈ ခုလုံးကို ချပြီးသောအခါ ၃ နာရီ ကုန်သွားပြီ ဖြစ်သည်။ ယခု အချိန်တွင် လီမူဝမ်၏ နဖူးပြင်တွင် ချွေးများ စိုရွှဲနေပြီး အလွန် ပင်ပန်းနေသည့် ဟန်ဖြင့် ပြောလိုက်သည်။
“နှစ်ယောက်စလုံးရဲ့ ဝင်္ကပါကို ပေါင်းလိုက်ရင် ဝင်္ကပါ ၂၁၄ ခု ရှိတယ် … ဒါပေမဲ့ အဲဒီ ဝင်္ကပါတွေက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်လောက်ကိုပဲ တားနိုင်လိမ့်မယ် … ငါ သုံးလိုက်တဲ့ သလင်းကျောက် သားရဲအရိုး ဝင်္ကပါက ၉ ခု အရိုးစု ဝင်္ကပါပဲ … သလင်းကျောက် သားရဲအရိုးက အရမ်း နည်းနေတော့ ဝင်္ကပါရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ ထုတ်သုံး နိုင်လိမ့်မယ် … အဲဒီအစွမ်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ၁ နာရီလောက်တော့ ထိန်းထားနိုင်တယ် …”
“ငါ့မှာ သလင်းကျောက် သားရဲအရိုးက အဲဒါပဲ ရှိတယ် … နင်က ဝင်္ကပါကို ဒီထက်ပိုပြီး အစွမ်း ထက်စေချင်ရင် သားရဲအရိုးတွေ ဒီထက်ပိုပြီး များများ လိုလိမ့်မယ် …”
***
ရေးတဲ့လူညံ့တယ်
ဇတ်လမ်း ကြောရိုးမရှိ
အဖြစ်အပျက်တွေကို ရောပြွန်း ပီး
သေးသေးလေးတွေပွစာကျဲနေတာ
တစ်ခုခုကို အေးဆေး အစီစဥ်ကျကျ ဆွဲပီးမရေးဘူး