Switch Mode

အပိုင်း (၁၄၂)

ဝမ်လင်း၏ အကြည့်သည် လီမူဝမ်ကို ထိတ်လန့်ကြောက်ရွံ့ သွားစေသည်။ သူမသည် ဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် သူမ၏ အသက်ကို ကယ်ရန် ဝေးကွာခြင်း ကောင်းကင်ဆေးလုံး၏ အမည်ကို ထုတ်ပြောမည် မဟုတ်ချေ။

သူမ၏စိတ်ထဲတွင် ဝေးကွာခြင်း ကောင်းကင် ဆေးလုံးကို ရွှမ်းဝူနိုင်ငံမှ ကျင့်ကြံသူ၏ လက်ထဲ ရောက်သွားသည်ထက် ဟိုဖန်နိုင်ငံက ကျင့်ကြံသူ၏လက်ထဲ ရောက်ခြင်းက ပိုကောင်းသည်ဟု တွေးပြီး ဆေးလုံးအကြောင်းကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမက အလျင်အမြန် ပြောလိုက်သည်။

“ငါ့မှာ ရှိတဲ့ ဆေးလုံးက မပြီးသေးတဲ့ ဆေးလုံးပါ … ပြောရမယ် ဆိုရင် တစ်ဝက်တစ်ပျက် ဆေးလုံးလို့ ပြောရမယ် …“

သို့သော်လည်း သူမက ဝမ်လင်း၏ ခက်ထန်သော အကြည့်ကို မြင်ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“လိုဟဲဂိုဏ်းမှာရှိတဲ့ ဝေးကွာခြင်း ကောင်းကင်ဆေးလုံးတွေ အကုန်လုံးက တစ်ဝက်တစ်ပျက် ဆေးလုံးတွေ ချည်းပဲ … ဒါပေမဲ့ နာရီဝက်လောက် သန့်စင်လိုက်ရင် အပြည့်အဝ အောင်မြင်သွားတဲ့ ဆေးလုံးတစ်လုံး ဖြစ်သွားလိမ့်မယ် … အဲဒီလို ဘာလို့ လုပ်ရလဲဆိုတော့ ဆေးလုံးကို ပြီးဆုံးသည်ထိ ဖော်စပ်လိုက်ရင် ဆေးလုံးရဲ့ အစွမ်းအာနိသင်က တစ်နှစ်အတွင်းမှာ လွင့်ပြယ် သွားလိမ့်မယ် …“

မူလက ဝမ်လင်းသည် ဟိုဖန်ကို ပတ်သွားပြီး နတ်ဆိုးပင်လယ်ဆီသို့ သွားရန် ကြံထားသော်လည်း သူမ၏စကားကို ကြားပြီး ဟိုဖန်၏ နယ်နိမိတ်ဆီသို့ ဦးတည်လိုက်၏။

ဝမ်လင်းထံတွင် အမြင် ၂ ခု ရှိ၏။ ပထမတစ်ခုသည် ဟိုဖန် အဖွဲ့အစည်းဆီသို့ ပြန်ရန်ဖြစ်သည်။ သို့သော်လည်း လီမူဝမ်သည် ဟိုဖန်အဖွဲ့အစည်းသို့ ပြန်ရောက်မှ စိတ်ပြောင်းသွားလျှင် ဝေးကွာခြင်း ကောင်းကင်ဆေးလုံးကို ရရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

ဒုတိယတစ်ခုသည် ဟိုဖန်နိုင်ငံ၏ နယ်နိမိတ်သို့ သွားရန်ဖြစ်သည်။ မီးလျှံသားရဲများ နိုင်ငံချိတ်ပိတ် အစီအရင်ကို ဖျက်ဆီးသည့် အချိန်ကို တွက်ကြည့်လျှင် မီးလျှံသားရဲများသည် လမ်း၌သာ ရှိနိုင်သေး၏။

ထို့ကြောင့် ဝမ်လင်းက ဒုတိယတစ်ခုကို တွေးလိုက်ခြင်း ဖြစ်သည်။

လူငယ်သည် ဝမ်လင်းတို့၏ နောက်မှ ဆက်လိုက်လာသည်။ သူ၏သားကောင်က တဖြည်းဖြည်း ဝေးသွားသည်ကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်ကာ သိုလှောင်အိတ် အတွင်းမှ သလင်းကျောက် သစ်ရွက်တစ်ခုကို ထုတ်ယူလိုက်သည်။ လူငယ်က သစ်ရွက်ကို ခဏလောက် စိုက်ကြည့်ပြီး ရှေ့သို့ ပစ်လိုက်ရာ သစ်ရွက်က ချက်ချင်း ၁၀ ပေခန့်ထိ ကြီးမားလာ၏။ လူငယ်က သစ်ရွက်ပေါ်သို့ ချက်ချင်း ခုန်တက်ပြီး အစီအရင် တစ်ခုကို ဖန်တီးကာ အော်လိုက်သည်။

“သွား …“

ထိုအခါ သစ်ရွက်က အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရှေ့သို့ ပျံသန်းသွား၏။

တဖြည်းဖြည်းနှင့် သူတို့ကြားမှ အကွာအဝေးက နီးကပ် လာသောအခါ လီမူဝမ်၏ မျက်နှာက ဖြူရော်သွား၏။ လူငယ်ကသာ သူတို့ကို မိသွားလျှင် ဖြစ်ပျက်လာမည့် အရာများကို သူမအနေဖြင့် စဉ်းတောင် မစဉ်းစားရဲပေ။ ဝမ်လင်းက ဟိုဖန် အဖွဲ့အစည်းဆီသို့ မသွားသည့်အတွက် သူမက ဒေါသ အလွန်ထွက်ရသည်။ သို့သော်လည်း စိတ်ထဲတွင်သာ ထားပြီး မျက်နှာပေါ်တွင် ဒေါသများ ပေါ်မလာစေရဲပေ။

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေပြီး အချိန်ကို တွက်ကြည့်လိုက်သည်။ နိုင်ငံချိတ်ပိတ် အစီအရင် ပျက်စီးသွားသည့် သတင်း ရောက်လာသည့် အချိန်မှစ၍ ၃ နာရီ ကြာသွားပြီ ဖြစ်သည်။ ထို့ကြောင့် မီးလျှံသားရဲ များသည်လည်း ရွှမ်းဝူနိုင်ငံ၏ နယ်နိမိတ်ကို ရောက်နေလောက်ပြီ ဖြစ်သည်။

တွက်ချက်နေစဉ် ဝမ်လင်းသည် အဝေးတစ်နေရာမှ အနီရောင် တိမ်တိုက်ကြီး တစ်ခုက ရွေ့လျားလာသည်ကို နတ်ဘုရား စိတ်အာရုံမှ တစ်ဆင့် အာရုံခံမိလိုက်သည်။

လူငယ်သည် အနီရောင် တိမ်တိုက်ကြီးကို မြင်ပြီး ချက်ချင်း ရပ်တန့်ကာ သူတို့နောက်အား လိုက်နေခြင်းကို လက်လျှော့လိုက်သည်။ ဟိုဖန်နိုင်ငံက ရွှမ်းဝူနိုင်ငံကို ကျူးကျော်ရသည့် အကြောင်းရင်းကို သူ သိနေ၏။ ထိုတိမ်တိုက်ကြီး သည်လည်း မီးလျှံသားရဲများကြောင့် ဖြစ်ပေါ်လာသည်ကိုလည်း သိထားလေသည်။

မီးလျှံသားရဲအုပ်ကြီးက အလွန် လျင်မြန်သကဲ့သို့ ဝမ်လင်း၏ မြေလွတ်မြောက်ခြင်း နည်းစနစ်ကလည်း အလွန် လျင်မြန်လှပေသည်။

အနီရောင် တိမ်တိုက်ကို ကြည့်ပြီး လီမူဝမ်၏ နှလုံး၏ အလွန် မြန်သည့်နှုန်းသည့် ခုန်လာသည်။ သို့သော် သူတို့ဆီသို့ လာနေခြင်း မဟုတ်သည့်အတွက် စိတ်သက်သာရာ ရသွားသော်လည်း ရုတ်တရက် သူမက တစ်ခုခုကို သတိရပြီး‌ အော်ပြောလိုက်သည်။

“မြန်မြန်ရပ် … ငါတို့တွေ ဟိုဖန် အဖွဲ့အစည်းဆီကို သွားပြီး‌ ပြောသင့်တယ် … မီးလျှံသားရဲတွေက နိုင်ငံချိတ်ပိတ် အစီအရင်ထဲမှာ ပိတ်ခံထားရတာ မဟုတ်ဘူးလား …“

ဝမ်လင်းက သူမကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

“သူတို့ သိပြီးပြီ … အဲဒီအတွက် မင်း စိုးရိမ်နေစရာ မလိုဘူး …“

ထိုအချိန်တွင် အားကောင်းသော နတ်ဘုရား စိတ်အာရုံတစ်ခုက ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသဖြင့် ဝမ်လင်းသည် စိတ်ဝိညာဉ် အရည်များ ဖြည့်ထားသည့် ပုလင်းတစ်ခုကို ချက်ချင်း ထုတ်ယူပြီး အကုန် မော့သောက်လိုက်ရာ သူ၏အမြန်နှုန်းက ၁၂၀ရာခိုင်နှုန်းထိ တိုးသွား၏။

မီးလျှံသားရဲများသည် ရုတ်တရက် ရွှမ်းဝူနိုင်ငံဘက်သို့ ပျံသန်းနေခြင်းမှ ရပ်တန့်လိုက်ပြီး ဟိန်းဟောက်ကာ ဝမ်လင်းရှိသည့်အရပ်ဆီသို့ ဦးတည်၍ ဒေါသတကြီး ပျံသန်း လာကြသည်။

သို့သော်လည်း သူတို့ကြားမှ အကွာအဝေးသည် အလွန် ဝေးကွာနေသည့် အပြင် ဝမ်လင်း၏ အမြန်နှုန်းကလည်း အလွန် လျင်မြန်နေသည်။

လီမူဝမ်သည် မီးလျှံသားရဲများ၏ ထူးခြားမှုကို သတိပြုမိသွားပြီး စိတ်ထဲတွင် ထူးဆန်းသွားသည်။ မီးလျှံသားရဲများသည် ဟိုဖန်နိုင်ငံကို ဖျက်ဆီးရန် ထွက်လာခြင်း မဟုတ်ဘဲ အေးစက်သော ဤလူငယ်လေးကို သတ်ဖြတ်ရန် ထွက်လာသည်ဟုပင် စိတ်ထဲ၌ ခံစားလိုက်ရသည်။

မြေလွတ်မြောက်ခြင်း နည်းစနစ်သည် အလွန် လျင်မြန်သော်လည်း စိတ်စွမ်းအင် ကုန်ဆုံးမှုက အလွန် လျင်မြန်ပေသည်။ ထို့ကြောင့် ဝမ်လင်းသည် စိတ်စွမ်းအင်များ ကုန်ဆုံးသွားမည့် အဖြစ်ကို အလွန်စိုးရိမ်နေသည်။

ဝမ်လင်းသည် လီမူဝမ်ကို သယ်ပြီး မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် ၃ ရက်တိုင်တိုင် မရပ်မနား ထွက်ပြေးနေခဲ့သည်။ မီးလျှံသားရဲများက တဖြည်းဖြည်း နီးကပ်လာပြီး ဟိန်းဟောက်သံများပင် ကြားလာရသည်။ ဟိုဖန်နိုင်ငံ၏ နယ်နိမိတ်သို့ ရောက်သောအခါ ဝမ်လင်းက မြေအောက်မှ ထွက်ပြီး နတ်ဆိုးပင်လယ်ကို ကြည့်လိုက်သည်။ ထို့နောက် လီမူဝမ်ကို ကြည့်ကာ မေးလိုက်သည်။

“သားရဲတွေ မမီခင် ဆေးလုံးကို ပြီးအောင် သန့်စင်ပေးနိုင်လား …“

ထိုအခိုက်တွင် လီမူဝမ်သည် ဝမ်လင်းကို အလွန် ကြောက်လန့်သွား၏။ ယခုအချိန်တွင် မီးလျှံသားရဲများ၏ ပစ်မှတ်သည် သူမ၏ရှေ့မှ လူငယ်လေး ဖြစ်ကြောင်း သေချာသွားလေပြီ။ သားရဲများက ဟိုဖန်အဖွဲ့အစည်း တစ်ခုလုံးကို လျစ်လျူရှုပြီး အားလုံးက ဝမ်လင်းနောက်သို့ မည်သည့် အတွက်ကြောင့် လိုက်လာကြသနည်း။ မီးလျှံသားရဲများ၏ အပြုအမူကို ကြည့်လျှင် သူမရှေ့မှ လူငယ်လေးကို အလွန် မုန်းတီးနေကြောင်း သိသာလွန်းလှပေသည်။

ပိုပြီး ထူးဆန်းသည်က အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ မရောက်သေးလျှင် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို သုံးရက်တိုင်တိုင် အသုံးမပြုနိုင်ကြောင်းကို သူမ သိထား၏။ ထို့အပြင့် ဝမ်လင်း၏ ကိုယ်ထဲမှ စိတ်စွမ်းအင်များ လျှော့နည်းလာတိုင်း ထုတ်သောက်သည့် အရည်များကိုလည်း သိချင်စိတ် ပြင်းပြနေသည်။

ယခု ဝမ်လင်းစကားကို ကြားလိုက်ရသည့် အချိန်တွင် သူမ၏မျက်နှာက ပိုမို ဖြူရော်သွား၏။ ထိုစကား၏ နောက်မှ အဓိပ္ပာယ်ကို သူမ နားလည်ပေသည်။ သူမသာ လုပ်နိုင်လျှင် ဝမ်လင်းက သူမကို အခွင့်အရေး ပေးလိမ့်မည် ဖြစ်သည်။ ဥပမာ = သားရဲများကို ဆွဲဆောင် ခေါ်သွားခြင်းတို့ လုပ်ပေးမည် ဖြစ်သည်။

သို့သော် သူမက မလုပ်နိုင်လျှင် သူမ၏ ဆေးလုံးကို ယူပြီး ထားခဲ့မည်မှာ ကျိန်းသေလှသည်။

ထိုအကြောင်းကို တွေးမိပြီး လီမူဝမ်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ မီးလျှံသားရဲများကြောင့် တစ်စစီ ဖြစ်သွားရသည့် ကျင့်ကြံသူ အများအပြားကို သူမ မြင်ဖူးသည့်အတွက် သူ၏စိတ်ထဲတွင် အလွန် ကြောက်လန့်သွားခြင်း ဖြစ်၏။

ဝမ်လင်းသည် မျက်မှောင် ကြုတ်လိုက်၏။ ယခုအချိန်တွင် အချိန်သည် အရေးပါသည့်အရာ ဖြစ်သည်။ လီမူဝမ်၏ အတွေးများကိုလည်း သူက ရိပ်မိလေသည်။ သူမ မလုပ်နိုင်ခဲ့လျှင် တောင်မှ ဝမ်လင်းက သူမ၏ ဆေးလုံးကို ယူပြီး အသက်ကယ် ရတနာတစ်ခု ပေးထားခဲ့မည် ဖြစ်သည်။ သားရဲများက သူ့နောက်ကို လိုက်လာကြသည့် အချိန်တွင် သူမသည်လည်း လွတ်မြောက် သွားလိမ့်မည်ဟု သူ့စိတ်ထဲတွင် မှန်းထား၏။

လီမူဝမ်သည် ဝမ်လင်းက မျက်မှောင် ကြုတ်လိုက်သည်ကို မြင်ပြီး နှုတ်ခမ်းကို ကိုက်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“စီနီယာအစ်ကို … ဆေးလုံးလုပ်ဖို့ အချိန်က အရမ်းကို တိုလွန်းတယ် … ဒါပေမဲ့ ဆေးလုံးကို ငါ့ သန့်စင်နိုင်ပါတယ် … လိုဟဲဂိုဏ်းက ဆေးလုံးသန့်စင်တဲ့ နည်းစနစ် အများစုကို ငါ သိပါတယ် … ပြီးတော့ ရှေးခေတ်က ဆေးဖော်စပ်နည်းတွေလည်း သိပါတယ် … လိုအပ်တဲ့ ပစ္စည်းတွေသာ ရှိရင် ငါ သူတို့ကို သန့်စင် ပေးနိုင်ပါတယ် …“

ဝမ်လင်းက လီမူဝမ်ကို အံ့ဩသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် အဝေးမှ အနီရောင်အလင်းကို မြင်လိုက်ရသည့်အတွက် လီမူဝမ်ကို ဆွဲခေါ်ပြီး နတ်ဆိုးပင်လယ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။

လီမူဝမ်သည် သူမ၏စကားက ဝမ်လင်းကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်မထားမိချေ။ ဝမ်လင်း၏အမြင်တွင် လီမူဝမ်သည် ဆေးမီးဖိုအိုကြီးကဲ့သို့ မြင်နေလေသည်။ သူမကိုသာ ကောင်းကောင်း အသုံးချနိုင်လျှင် သူ၏ကျင့်ကြံခြင်း အဆင့်က အလျင်အမြန် တိုးတက် လာပေလိမ့်မည်။

နတ်ဆိုးပင်လယ်သည် အလွန်ကြီးမာသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပြီး များပြားလှသော‌ တောင်တန်းများ၊ တောအုပ်များ ရှိ၏။ တောအုပ်များထဲတွင် ထူးဆန်းသော အပင်များလည်း ရှိ၏။

ဝမ်လင်းတို့ နတ်ဆိုးပင်လယ် အတွင်းသို့ ဝင်လာသည့် ရာသီဥတုအချိန်သည် မြူများ အထူဆုံးအချိန် ဖြစ်သည်။ ထိုရာသီဥတု၌ မြူများက ရေအဖြစ် ငွေ့ရည်ဖွဲ့ သွားကြပြီး တစ်လကြာပြီး နောက်တွင် ရေများအားလုံးက မြူများအဖြစ် အငွေ့ပျံသွားကြသည်။

ဝမ်လင်း၏ ဆွဲခေါ်မှုကြောင့် မြူများထဲသို့ ရောက်လာသော လီမူဝမ်၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူမက တိုးတိုးလေး ပြောလိုက်သည်။

“စီနီယာအစ်ကို … ဒီနေရာက နတ်ဆိုးပင်လယ်နော် …“

ဝမ်လင်းက အေးစက်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ငါ သိတယ် …“

လီမူဝမ်က ဘာမှမပြောတော့ဘဲ မသိမသာ သက်ပြင်းချလိုက်၏။

နတ်ဆိုးပင်လယ်ထဲသို့ ဝင်လာသည်နှင့် ပါးလွှာသော ယင်စိတ် စွမ်းအင်များက သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်လာကြသည်။ ထို့အချက်က ဝမ်လင်းကို ရုတ်တရက် ပျော်ရွှင်သွားစေသည်။

ဟိုဖန်နိုင်ငံနှင့် နတ်ဆိုးပင်လယ်ကိုသာ နှိုင်းယှဉ်လိုက်လျှင် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သည်။

ယခုအချိန်၌ လီမူဝမ်သည် နတ်ဆိုးပင်လယ်မှ ပုံပြင်များကို ကြားဖူးထားသဖြင့် သူ့မျက်နှာသည် အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ကြောက်လန့် နေလေသည်။

ဝမ်လင်းက မြူထဲတွင် ရပ်လိုက်သည်။ သူရပ်နေသည့် နေရာရှိ မြူများက သိပ်မထူပေ။ ထို့ကြောင့် ရပ်နေသည့် နေရာမှ ဟိုဖန်နိုင်ငံ၏ နယ်နိမိတ်ကို မြင်နိုင်သည်။ အနီရောင် တိမ်တိုက်ကြီးသည် တဖြည်းဖြည်း နီးကပ်လာပြီး နယ်နိမိတ်သို့ ရောက်လာ၏။ သို့သော်လည်း မည်သည့်သားရဲကမှ နယ်နိမိတ်ကို ကျော်မလာကြဘဲ ဝမ်လင်းကိုသာ စိုက်ကြည့်ပြီး ဟိန်းဟောက် နေကြသည်။

တဖြည်းဖြည်းနှင့် သားရဲများက ပိုမိုများပြား စုစည်းလာသော်လည်း မည်သည့် မီးလျှံသားရဲကမှ နတ်ဆိုးပင်လယ် အတွင်းသို့ ဝင်မလာကြပေ။

အချိန်တော်တော်ကြာပြီးနောက် သားရဲတစ်ကောင်သည် စိတ်မထိန်းနိုင်ဟန်ဖြင့် ပြေးထွက်လာရာ သူ၏ခန္ဓာကိုယ်က မြူများနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ထိုမီးလျှံသားရဲသည် အလွန်နာကျင် ခံစားနေရသည့် အသံဖြင့် အော်ဟစ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်က ကျုံ့ဝင်သွား၏။ သူ၏ အရေပြားကလည်း အဖြူရောင်မှ အနီရောင်၊ အနီရောင်မှ မီးခိုးရောင်သို့ ပြောင်းသွား၏။ ထိုမြင်ကွင်းသည် နီရဲနေသည့် ကျောက်မီးသွေးကို ရေခဲရေထဲ ပစ်ထည့်လိုက်သည့် မြင်ကွင်းနှင့် ဆင်တူပေသည်။

ထိုမြင်ကွင်းကို မြင်ပြီး ဝမ်လင်းသည် စိတ်သက်သာရာ ရသွား၏။ သူ၏ အစီအစဉ်ထဲတွင် သားရဲများက နတ်ဆိုးပင်လယ်ထဲသို့ တိုးဝင်လာလျှင် ဤနေရာရှိ ကျင့်ကြံသူများနှင့် သားရဲများက မီးလျှံသားရဲများကို တားဆီးကြမည်ဟု တွက်ချက်ထားခြင်း ဖြစ်သည်။

နတ်ဆိုးပင်လယ်၏ အရွယ်အစားသည် ဟိုဖန်နိုင်ငံထက် အဆပေါင်းများစွာ ကျယ်ပြန့်ပေသည်။

ထို့နောက် ဝမ်လင်းက လီမူဝမ်ကို ဆွဲခေါ်ပြီး ထိုနေရာမှ ပျံသန်း ထွက်ခွာသွား၏။ ဝမ်လင်းက ပျံသန်းရင်း ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် ပတ်ဝန်းကျင့်ကို အဆက်မပြတ် ထောက်လှမ်းနေသည်။

သူသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ အမြန်ရောက်အောင် လုပ်ရပေမည်။ သူသာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်သွားလျှင် စဦးစိတ်ဝိညာဉ်အဆင့် အောက်တွင် သူ့ကို ယှဉ်နိုင်မည့်သူ မရှိချေ။ ထိုအခါ နတ်ဆိုးပင်လယ် အတွင်း၌ အသက်ရှင်ရန် ယုံကြည်ချက် ပိုရှိလာမည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset