ဝမ်လင်း၏ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံက ခရမ်းရောင် မီးခိုးအတွင်းသို့ ဝင်လာသည်နှင့် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူက သတိပြုမိပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံသည် လျင်မြန်စွာဖြင့် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ၏ အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်သွား၏။
အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ၏ အသိစိတ် ပင်လယ်ထဲတွင် သူ၏ဝိညာဉ်က ကြီးမားသော လူ့ဘီလူးကြီး တစ်ယောက်အဖြစ် အသွင်ယူပြီး ဝမ်လင်း၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် အနီရောင် တိမ်တိုက်မှ မြောက်မြားလှသော အနီရောင် လျှပ်စီးများ ထွက်လာကာ ကျင့်ကြံသူ၏ ဝိညာဉ်ကို တိုက်ခိုက်လိုက်ကြ၏။
လူ့ဘီလူးကြီး၏ မျက်နှာတွင် နာကျင်သည့် အမူအရာ ပေါ်လာပြီး လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်က ကျုံ့သွား၏။ သူက အလျင်အမြန် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျဆင်းလာသော လျှပ်စီးများက တစ်စစီ ဖြစ်သွားလေသည်။
မကြာမီ အနီရောင် တိမ်တိုက်ကြီးမှ အနီရောင်လျှ ပ်စီးတန်းများကို ပိုပြီး ပစ်လွှတ်လိုက်သည်။ လျှပ်စီးတန်း တစ်ခုက လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ကို ထိသွားသည်နှင့် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်က အနည်ငယ် သေးငယ်သွား၏။ သူ၏ ခန္ဓာကိုယ်က သေးသွားလေ သူ၏ လက်သီးက ပိုမို စွမ်းအား ပြင်းလာလေဖြစ်ပြီး လက်သီးဖြင့် တစ်ချက် ထိုးလိုက်တိုင်း လျှပ်စီး တော်တော်များများကို ဖျက်ဆီးသွားသည်။
ဝမ်လင်း၏ လက်ရှိ ကျင့်စဉ်အဆင့်သည် အမြုတေဖွဲ့တည်ခြင်း အစောပိုင်းအဆင့်ကို ထိန်းချုပ် နိုင်ရုံလောက်သာ အစွမ်း ထက်သေး၏။ သူသာ အယောင်ဆောင်အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်လျှင် အမြုတေဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူကို လွယ်ကူစွာ ရင်ဆိုင် နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဝမ်လင်းက မစဉ်းစားဘဲ လုပ်တတ်သည့် လူတစ်ယောက် မဟုတ်ပေ။ နိုင်ချေရှိ၍သာ တိုက်ခိုက်ခြင်း ဖြစ်သည်။ အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ၏ ဝိညာဉ်နှင့် ဝမ်လင်း၏ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံတို့၏ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်လာသည်နှင့် ဝမ်လင်း၏ အမိန့်အောက်တွင် မကောင်းဆိုးဝါးက အနီရောင် တိမ်တိုက်အတွင်းမှ ထွက်လာပြီး လူ့ဘီလူးကြီးကို တိုက်ခိုက်လိုက်သည်။
လူ့ဘီဘူးကြီးသည် ထိတ်လန့်သွားပြီး မကောင်းဆိုးဝါးကို လက်သီးဖြင့် ထိုးလိုက်ရာ မကောင်းဆိုးဝါးက တစ်စစီ ဖြစ်သွား၏။ သို့သော်လည်း လူ့ဘီလူးကြီး၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာက ပြန်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော မကောင်းဆိုးဝါးက သူ၏ လက်ပေါ်တွင် ပြန်ပေါ်လာသောကြောင့် ဖြစ်၏။ မကောင်းဆိုးဝါးက ချက်ချင်း ကျင့်ကြံသူ၏ ဝိညာဉ်ကို ကိုက်ချ လိုက်သည်။
လူ့ဘီလူးကြီးက မည်သို့ပင် လက်ကို လွှဲယမ်းပြီး ခါချသော်လည်း မကောင်းဆိုးဝါးက သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းကဲ့သို့ မြဲမြံစွာ ကိုက်ထားလေသည်။ ထိုအခါ လူ့ဘီလူးကြီးသည် အနီရောင် လျှပ်စီးများကို မတိုက်ခိုက်တော့ဘဲ သူ၏ တခြားလက်ဖြင့် မကောင်းဆိုးဝါးကို ရိုက်ချလေသည်။ သူ၏ ရိုက်ချက်တိုင်းက မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို မှိန်သွားစေသော်လည်း မကောင်းဆိုးဝါးက အတင်းတွယ်ကပ်ပြီး ကိုက်ထား၏။ တဖြည်းဖြည်းနှင့် မကောင်းဆိုးဝါး၏ ဝါးမျိုနှုန်းက မြန်ဆန်လာသည်။
အမှန်ကား မကောင်းဆိုးဝါးသည်လည်း အလွန်သနားစရာ ကောင်းလှပေသည်။ သူကသာ လွှတ်လိုက်ပါက ဝမ်လင်းက သူ့ကို ကျိန်းသေ သတ်ပစ်လိမ့်မည် ဖြစ်သည်။ သူက မလွှတ်ဘဲ ဆက်လက် ကိုက်ထားလျှင် အသက်ရှင်နိုင်ချေ ရှိသေး၏။ ထို့အပြင် ကျင့်ကြံသူကို ဝါးမျိုလိုက်ပါက သူ၏ အစွမ်းကလည်း တိုးလာပေလိမ့်မည်။ သူက ဝမ်လင်းကို ကူညီပေးခဲ့သည်အတွက် ဝမ်လင်းကို အနည်းငယ် တောင်းပန်လိုက်လျှင် ဝမ်လင်းက သူ့ကို လွှတ်ပေးရန် အခွင့်အရေးလည်း ရနိုင်ပေသည်။
ထို့ကြောင့် မကောင်းဆိုးဝါးက မလွှတ်ပေးဘဲ သူ၏ စွမ်းအားများ အားလုံးကို ဝါးမျိုရန် အတွက်သာ အားစိုက်လိုက်လေသည်။
လူ့ဘီလူးကြီးသည် စတင်၍ အားနည်းလာပြီး သူ၏ ရိုက်ချက်များကလည်း အားနည်းသည်ထက် အားနည်းလာလေပြီ။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း ဝါးမျိုခံရပြီး နောက်ဆုံးတွင် သေးငယ်သော ရွှေရောင်ဝိညာဉ် တစ်ခုသာ ကျန်ခဲ့၏။ ထိုရွှေရောင် ဝိညာဉ်ကို မကောင်းဆိုးဝါးက ဝါးမျိုရန် ကြိုးစားလိုက်သည့် အချိန်တွင် အနီရောင် တိမ်တိုက်ကြီးက မကောင်းဆိုးဝါးကို ဝိုင်းရံလာသည်။ ထိုအခါ မကောင်းဆိုးဝါးက မချင့်မရဲဖြင့် အော်ဟစ်လိုက်ပြီး ရွှေရောင်ဝိညာဉ်ကို ထွေးထုတ်လိုက်၏။
မကောင်းဆိုးဝါး ထွေးထုတ်လိုက်သော အမြုတေဖွဲ့တည်ခြင်း အဆင့်၏ ကျင့်ကြံသူ၏ ဝိညာဉ်မှ အသိစိတ်ကို ဝမ်လင်းက ရှင်းပစ်လိုက်ရာ ထိုရွှေရောင် ဝိညာဉ်သည် ပိုင်ရှင်မဲ့ နတ်ဘုရား စိတ်အာရုံ ဖြစ်သွား၏။ ထို့နောက် ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံက ပိုင်ရှင်မဲ့ နတ်ဘုရား စိတ်အာရုံကို အပါခေါ်လာပြီး ကျင့်ကြံသူ၏ အသိစိတ် ပင်လယ်ထဲမှ ထွက်ကာ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်ပြီး အေးစက်သော အပြုံးတစ်ခုကို ပြုံးလိုက်၏။ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ၏ နတ်ဘုရား စိတ်အာရုံသည် သူ၏ အသိစိတ် ပင်လယ်ထဲတွင် မျောနေရာ ဝမ်လင်းက ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံဖြင့် ပိုင်ရှင်မဲ့ နတ်ဘုရား စိတ်အာရုံကို တဖြည်းဖြည်း ဝါးမျိုလိုက်သည်။
ဝမ်လင်းကို တိုက်ခိုက်နေသည့် ရွှေစူးသည် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် အရောင်က မှိန်ကျသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။ ထိုအခါ ဝမ်လင်းက သူ့ကို ကာကွယ်ပေးနေသည့် စဦး စိတ်ဝိညာဉ်အဆင့် မှော်ရတနာကို သိမ်းလိုက်သည်။ ဝမ်လင်းက ရွှေစူးကို ကောက်ယူပြီး အနည်းငယ် စစ်ဆေး ကြည့်ပြီးနောက် သိုလှောင်အိတ်ထဲသို့ သိမ်းထားလိုက်သည်။
ထို့နောက် သူက ဝင်္ကပါ အစီအရင်၏ ထောင့်တစ်ခုဆီသို့ သွားကာ မြေအောက်၌ မြှုပ်ထားသည့် စိတ်ဝိညာဉ် ကျောက်တုံးကို တူးယူပြီး ချေမွလိုက်ရာ ခရမ်းရောင် မီးခိုးများက ပျောက်ကွယ်သွားပြီး အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုတည်းသာ ကျန်ရစ်တော့၏။
ဝမ်လင်းက အလောင်းဘေးနားတွင် ရပ်လိုက်ပြီး အလောင်း၏ နဖူးကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
“အခု ထွက်ခဲ့ … မထွက်လာရင် မင်းကို အခု ချက်ချင်း သတ်ပစ်မယ် …“
မကောင်းဆိုးဝါးက မထွက်လာချင်သည့် အမူအရာဖြင့် အလောင်း၏ ဦးခေါင်းမှ ထွက်လာသည်။ သူ၏ မျက်လုံးထဲတွင် အမုန်းများနှင့် ပြည့်နေပြီး ဝမ်လင်း၏ သိုလှောင်အိတ် အတွင်းရှိ ဓားပျံထဲသို့ ပြန်ဝင်သွား၏။
ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ၏ သိုလှောင်အိတ်ကို ယူလိုက်ပြီးနောက် အလောင်းကို ကြည့်ပြီး သူ၏ အတွေးထဲတွင် အလင်းရောင်တစ်ချက် လက်သွား၏။ ထို့နောက် သူက အလောင်းအား မီးရှို့ပြာချလိုက်ရာ ပြာထဲတွင် ရွှေရောင်တောက်နေသော ရွှေအမြုတေတစ်ခု ကျန်ခဲ့လေသည်။ ရွှေအမြုတေက လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အရောင်ကလည်း ချက်ချင်း မှိန်လာသည်။
ဝမ်လင်းက ရွှေအမြုတေကို ချက်ချင်း ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် နောက်သို့ တစ်ချက်ဆုတ်ပြီး မြေအောက်ထဲသို့ တိုးဝင်သွား၏။
ဝမ်လင်းက မြေအောက် ပေ ၁၀၀၀ ခန့်သို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး ခြေချိတ်ထိုင်ကာ ရွှေအမြုတေကို စုပ်ယူလိုက်သည်။ သူ၏ ဝမ်းဗိုက်အတွင်းမှ ရွှေအမြုတေက ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်စွမ်းအင်များက ခန္ဓာကိုယ်တွင်းတွင် ဒီရေအလား တိုးပွားလာသည်။
ရွှေအမြုတေမှ စိတ်စွမ်းအင်များက ဝမ်လင်း၏ ခံနိုင်ရည်ထက် ကျော်လွန်နေသဖြင့် သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။ ထိုအခါ ဝမ်လင်းက မျက်ခုံး နှစ်ခုကြားသို့ လက်ညှိုး ထိုးလိုက်ရာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ပေါ်ထွက်လာသည်။ ဝမ်လင်းက ပုတီးစေ့ကို ဆွဲယူလိုက်ပြီး အိပ်မက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားလိုက်၏။
အိပ်မက်နယ်မြေ အတွင်းတွင် ဝမ်လင်းက စစ်ထူနန်၏ စဦး စိတ်ဝိညာဉ်ဆီသို့ သွားပြီး ထိုနေရာ၌ ကျင့်ကြံလိုက်သည်။ မကြာမီ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများက တစ်ကိုယ်လုံးမှ ထွက်လာပြီး သွေးကြောများကလည်း အရေပြားအောက်တွင် ထင်ရှားစွာ ပေါ်လာသည်။
ဝမ်လင်းက လက်နှစ်ဖက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးပြီး လက်တစ်ဖက်ကို နဖူးပေါ် တင်ကာ နောက်လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်သို့ တင်လိုက်၏။ ထိုအခါ သူ၏ အစီအရင်က အသက် ဝင်သွားပြီး ခန္ဓာကိုယ်အတွင်းမှ များပြားလှသော စိတ်စွမ်းအင်များသည် လျင်မြန်စွာဖြင့် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး စက်ဝိုင်းကဲ့သို့ စီးဆင်းသွား၏။ တစ်ပတ်ပြည့်တိုင်း ဝမ်လင်း၏ ခန္ဓာကိုယ်ကလည်း သန်မာလာသည်။
အိပ်မက် နယ်မြေထဲတွင် ၂ လကြာပြီးနောက် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်သည်။
“နတ်ဆိုးမိစ္ဆာဂိုဏ်းက ကျောက်စိမ်းပြားထဲမှ ပြောထားတာ အမြုတေကို ဝါးမျိုပြီး ကျင့်ကြံခြင်း အဆင့်ကို တိုးမြှင့်နိုင်တယ်လို့ ပြောထားတယ် … ကံမကောင်းလိုက်တာ ငါသာ တူညီတဲ့ ကျင့်စဉ်ကို ကျင့်ထားမယ်ဆိုရင် အမြုတေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို စုပ်ယူနိုင်လိမ့်မယ် … အခုတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ စုပ်ယူနိုင်ခဲ့တယ် …“
ဝမ်လင်းက မတ်တတ်ရပ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို စစ်ဆေးကြည့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
“ငါက အမြုတေရဲ့ ၁၀ ရာခိုင်နှုန်းကို စုပ်ယူနိုင်ခဲ့ပေမဲ့ အဲဒီ စိတ်စွမ်းအင် ၁၀ ရာခိုင်နှုန်းက ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်ကို ချိုးဖြတ်ပြီး နှောင်းပိုင်းအဆင့်ကို ရောက်သွားစေတဲ့အပြင် အယောင်ဆောင်အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကိုတောင် ရောက်သွားစေတာပဲ …“
ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲတွင် ၂ လကုန်သွားသော်လည်း အပြင်ဘက်တွင် ၁၀ ရက်သာ ကုန်သေး၏။ ဝမ်လင်းသည် အိပ်မက်နယ်မြေထဲမှ ထွက်လာပြီး မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် တိုက်ပွဲဖြစ်ရာ နေရာသို့ သွားသည့် အချိန်သည် ညအချိန်တောင် ရောက်နေလေပြီ။
ဝမ်လင်းက တိုက်ပွဲဖြစ်ရာ နေရာသို့ ရောက်သောအခါ အလောင်းများက ပြန့်ကျဲနေပြီး စိတ်ဝိညာဉ်ကြောသည်လည်း တစ်စုံတစ်ယောက်၏ ဆွဲထုတ်ခြင်းကို ခံရကာ ချောက်နက်ကြီးတစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့တော့၏။
အနည်းငယ် စစ်ဆေးလိုက်ပြီးနောက် ဝမ်လင်းက ဟိုဖန်အဖွဲ့အစည်းကြီး ရှိသည့် နေရာသို့ မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် ရွှေ့လျားလိုက်သည်။ သူက တောင်ခြေသို့ ရောက်သောအခါ မြေအောက်မှ ထွက်ပြီး သူ၏ ဓားပျံပေါ်သို့ ခုန်တက်လိုက်၏။
တောင်၏ ပတ်ဝန်းကျင် တစ်ခုလုံးကို ကျင့်ကြံသူ တော်တော်များများက ကင်းလှည့် နေကြသည်။ သူတို့က ဝမ်လင်း၏ သတ်ဖြတ်ခြင်း မှတ်တမ်းကို မြင်တွေ့သွားပြီးနောက် ဝမ်လင်း၏ ရှေ့ကို တစ်ယောက်မှ သွားမတားကြတော့ပေ။ ဝမ်လင်းက တောင်ထိပ်ရှိ ဘေးဘက် အဆောက်အဦများဆီသို့ ဦးတည် ပျံသန်းသွားလိုက်၏။ ထိုနေရာမှ အဆောက်အဦတစ်ခုသည် ယခင်က သူ့အား ဖန်းလွမ်ခေါ်လိုက်သည့် အဆောက်အဦ ဖြစ်သည်။
အဆောက်အဦ၏ အပြင်ဘက်တွင် ကျင့်ကြံနေသော အမြုတေ ဖွဲ့တည်ခြင်းအဆင့် အမျိုးသမီး ၂ ယောက်က မျက်လုံး ဖွင့်ကြည့်လိုက်ရာ ဝမ်လင်းက သူတို့ဆီသို့ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရ၏။ သို့သော်လည်း လာနေသည့်လူက ဝမ်လင်း ဖြစ်နေသည့်အတွက် သူတို့က မျက်လုံးကို ပြန်မှိတ်လိုက်ကြသည်။
ဝမ်လင်းက အဆောက်အဦ၏ အပြင်ဘက်တွင် ရပ်ပြီး အော်ပြောလိုက်သည်။
“ဆရာ့ကို တပည့်ဝမ်လင်းက လာရောက် နှုတ်ဆက်ပါတယ် …“
“အထဲဝင်ခဲ့ …“
ဖန်းလွမ်၏ နူးညံ့သောအသံက အဆောက်အဦထဲမှ ထွက်လာသည်။
ဝမ်လင်းက အထဲသို့ ဝင်လိုက်ပြီးနောက် ကျောက်တုံး ခုံရှည်ပေါ်တွင် ထိုင်နေသော ဖန်းလွမ်ကို မြင်လိုက်ရသည်။ သူမ၏ ဘေးတွင် ယန်စန်းရှိနေပြီး သူက ဝမ်လင်းကို ခေါင်းညိတ် ပြလိုက်သည်။
ဖန်းလွမ်၏ အမူအရာသည် မောပန်းနေသည့် ဟန်ရှိပြီး သူမက ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။
“ဘာကိစ္စလဲ …“
ဝမ်လင်းက ဘာမှမပြောဘဲ ကျောက်စိမ်းပြားကိုသာ ပစ်ပေးလိုက်သည်။ သူမက ကျောက်စိမ်းပြားကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အနည်းငယ် အံ့ဩသွား၏။
ယန်စန်းက ဖန်းလွမ်ဆီမှ ကျောက်စိမ်းပြားကို ယူကာ စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာက တောက်ပသွားပြီး ဝမ်လင်းကို ပြုံးပြုလိုက်သည်။
“မဆိုးဘူး … ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၆၁ ယောက်နဲ့ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ၁ ယောက် … မင်း ဒီအတိုင်းသာ ဆက်ပြီး သတ်သွားနိုင်ရင် ဝေးကွာခြင်း ကောင်းကင်ဆေးလုံးကို မင်းရနိုင်တယ် … ဒါပေမဲ့ ငါ သိချင်တာက မင်း ထွက်သွားတုန်းက ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်ပဲ ရှိသေးတာ … အခု အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်သွားပြီ … မြန်လှချည်လား … ပြီးတော့ အမြုတေဖွဲ့တည်ခြင်း အဆင့်ကို သတ်ဖို့က မဖြစ်နိုင်ဘူး … ဒါကိုတောင် မင်းက သတ်နိုင်ခဲ့တယ် … မင်း အဲဒါတွေကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ …“
စကားဆုံး သွားသည့် အချိန်တွင် ယန်စန်း၏ အမူအရာသည် အလွန် လေးနက်နေသည်။
ဝမ်လင်းက ဒီမေးခွန်းကို အစောကြီးကတည်းက ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။
“အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူက အစောကြီးကတည်းက ဒဏ်ရာ ရနေတာပါ … ကျွန်တော်က ကံကောင်းပြီး သူ့ကို တွေ့သွားတာ … သူ သတိလက်လွတ် ဖြစ်နေတဲ့ အချိန်မှာ သတ်ပြီး သူ့ရဲ့ အမြုတေကို ယူလိုက်တယ် … ပြီးတော့ နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ သူ့ရဲ့ အမြုတေကို စုပ်ယူလိုက်တဲ့အတွက် အယောင်ဆောင် အမြုတေ အဆင့်ကို ရောက်သွားတာပါ …“
“ဝါးမျိုခြင်း နည်းစနစ် …“
ယန်စန်း၏ မျက်လုံးများက ဝမ်လင်းကို ထွင်းဖောက်မတတ် ကြည့်လိုက်သည်။ ထိုအခါ ဝမ်လင်း၏ ခန္ဓာကိုယ်တွင်းမှ အမြုတေ၏ အငွေ့အသက်ကို ခံစားမိလိုက်၏။ ထိုအချက်က ဝမ်လင်း၏ ပုံပြင်ကို ယန်စန်းအား ယုံကြည်သွားစေသည်။
ဖန်းလွမ်က ဝမ်လင်းကို အဓိပ္ပာယ်ပါပါ ကြည့်ပြီး ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးကာ ပြောလိုက်သည်။
“ဒါက မြေပုံ ဒုတိယအပိုင်းပဲ … အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၁၀ ယောက်လို့ သတ်မှတ်လိုက်မယ် … မင်းက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အယောက် ၁၅၀ ကို သတ်နိုင်ရင် မြေပုံ တတိယအပိုင်းကို ရမယ် …“
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် မြေပုံကို စစ်ဆေးကြည့်ရာ ဟိုဖန်နိုင်ငံ၏ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ နားလည်သွား၏။
ဟိုဖန်နိုင်ငံ၏ နတ်ဆိုးပင်လယ်နှင့် ထိစပ်နေပြီး မြေပုံထဲတွင် ဟိုဖန်နိုင်ငံ၏ ပတ်ဝန်းကျင်တွင် ကျောင်းနိုင်ငံ မပါသေးချေ။ နတ်ဆိုး ပင်လယ်၏ တခြားတစ်ဖက်တွင် နောက်ထပ် ကုန်းမြေတစ်ခု ရှိသေး၏။ မြေပုံ တတိယအပိုင်းတွင် ထိုကုန်းမြေ၏ သတင်း အချက်အလက်များ ပါလာလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
မြေပုံထဲတွင် နတ်ဆိုး ပင်လယ်အကြောင်း ဖော်ပြထားသော်လည်း မဖတ်တော့ဘဲ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်၏။
ယန်စန်းက ဝမ်လင်းကို အလေးထားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ရွှမ်းဝူက ကျင့်ကြံသူတွေက စုပေါင်းပြီး ငါတို့နဲ့ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲတော့မယ် … အဲ့ဒီမှာ မင်းအတွက် အကောင်းဆုံး အခွင့်အရေးတွေ ရှိနိုင်တယ် …“
ဝမ်လင်းက တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် အပြင်ဘက်မှ စူးရှသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ ယန်စန်းနှင့် ဖန်းလွမ်သည် အဆောက်အဦထဲမှ ချက်ချင်း ပျောက်ကွယ်သွားပြီး အပြင်ဘက်သို့ ရောက်ရှိသွား၏။
ဝမ်လင်းကလည်း အပြင်ဘက်သို့ အလျင်အမြန် ထွက်လိုက်ရာ ဒဏ်ရာများစွာနှင့် စဦး စိတ်ဝိညာဉ်အဆင့် တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုစဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူက ပြောလိုက်သည်။
“ရောင်းရင်းတို့ … နိုင်ငံချိပ်ပိတ် အစီအရင်က ပျက်စီးသွားပြီးတော့ မီးလျှံသားရဲတွေ ထွက်လာကြပြီ …“
***
우와