Switch Mode

အခန်း (၁၃၈)

ဝေးကွာခြင်းဆေးလုံး

လိုဟဲဂိုဏ်းသားများ ရှိသည့်ဘက်မှ ပိန်ကပ်ကပ် အဘိုးအိုတစ်ယောက်က ထွက်လာပြီး ပြောလိုက်သည်။

“လတိုင်းစီမှာ ရန်သူတွေကို အများဆုံး သတ်နိုင်တဲ့ သူက ဝေးကွာခြင်း ကောင်းကင်ဆေးလုံး တစ်လုံးကို ဆုအဖြစ် ရမယ် … “

ဝေးကွာခြင်း ကောင်းကင်ဆေးလုံး ဆိုသည့်အသံ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အားလုံးကို ဆွဲဆောင်နိုင်သွားသည်ကို သူတို့၏ နှလုံးခုန်သံများက တဖြည်းဖြည်း ကျယ်လာသည်ကို ဝမ်လင်း သတိပြုမိလိုက်သည်။

မိုင်လျန်း မှတ်ဉာဏ်များအရ ဝေးကွာခြင်း ကောင်းကင်ဆေးလုံးသည် ဟိုဖန်နိုင်ငံ တစ်ခုလုံးတွင်တောင်မှ အလုံး ၃၀ မပြည့်ပေ။ ထိုဆေးလုံးသည် အမြုတေ ဖွဲ့တည်ရန်အတွက် အောင်မြင်နှုန်း များစေသည့် အဆင့်မြင့် ဆေးတစ်မျိုး ဖြစ်သည်။ အမြုတေ ဖွဲ့တည်ရန် ကြိုးစားနေသည့် ကျင့်ကြံသူ တစ်ယောက်ကသာ ထိုဆေးလုံးကို သုံးစွဲလိုက်ပါက ထိုလူသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ချက်ချင်း ရောက်ရှိသွားပြီး စိတ်စွမ်းအင်များသည်လည်း အဆင့် တက်ခါစကဲ့သို့ မငြိမ်မသက် မဖြစ်ဘဲ တည်ငြိမ် နေပေလိမ့်မည်။

ဝေးကွာခြင်း ကောင်းကင်းဆေးလုံးမှ အဓိက ပါဝင်ပစ္စည်း တစ်ခုသည် မျိုးတုံးပျောက်ကွယ် သွားပြီ ဖြစ်သောကြောင့် ကျန်ရှိနေသော ဆေးလုံးများကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကျင့်ကြံသူ အယောက် ၅၀၀၀ ကျော်ကို အဖွဲ့များ ခွဲပေးလိုက်ပြီး ကိုယ်ပိုင် မစ်ရှင်များ ချပေးလိုက်သည်။

အဖွဲ့များသည် မြင်သမျှ ကျင့်ကြံသူများကို သတ်ပစ်ရမည် ဖြစ်ပြီး စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက သူတို့ကို လှည့်ပတ် ကြည့်ပေးနေမည် ဖြစ်သည်။ ရန်သူဘက်မှ စဦး စိတ်ဝိညာဉ် အဆင့်များ ပေါ်လာလျှင် သူတို့က ရင်ဆိုင်ပေးမည် ဖြစ်သည်။

ဝမ်လင်းသည် အုပ်စု ၁၀ အဖွဲ့ ၈ တွင် တာဝန်ပေးခြင်း ခံရ၏။ အဖွဲ့ ၈ ရှိ ကျင့်ကြံသူ အယောက် ၃၀ တွင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၅ ယောက်ပါပြီး ကျန်သည့် လူများအားလုံးသည် ချီစုစည်းခြင်း အဆင့် အလွှာ ၁၃ သို့မဟုတ် ၁၄ ကျင့်ကြံသူများ ဖြစ်ကာ အဖွဲ့ခေါင်းဆောင်သည် နတ်ဆိုးမိစ္ဆာ ဂိုဏ်းမှ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ဖြစ်သည်။ တချို့ အကြောင်းအရာများကြောင့် အဖွဲ့ထဲတွင် ဝမ်လင်း တစ်ယောက်တည်းသာ စစ်နတ်ဘုရား ဗိမာန်မှ ဖြစ်၏။

သူတို့၏ မစ်ရှင်သည် အုပ်စု ၁၀ ကို ကူညီပြီး အလယ်အလတ် အရွယ်အစားရှိသော စိတ်ဝိညာဉ် ကြောကို ထိန်းချုပ်ပေးရန် ဖြစ်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ဖြစ်သည့် ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ရတနာတစ်ခုရ၏။ ထိုရတနာသည် အရမ်းကြီး အစွမ်းမထက်သော်လည်း အကြိမ်များစွာ သုံး၍ ရသောကြောင့် တိုက်ခိုက်မှု စွမ်းအားက သိပ်မပြင်းထန်ပေ။ သို့သော်လည်း အစွမ်း မထက်ဘူးဟု မဆိုလိုပေ။

အဖွဲ့များ ခွဲပြီးနောက် ဖန်းလွမ်က ဝမ်လင်းကို ခေါ်ရန် တစ်ယောက်ယောက်ကို စေလွှတ် လိုက်သည်။

ဖန်းလွမ်သည် ပြတင်းပေါက် တစ်ခု၌ မတ်တတ်ရပ်နေပြီး ဟိုဖန်နိုင်ငံ ရှိရာဘက်သို့ ကြည့်နေ လေသည်။ အချိန်တော်တော် ကြာပြီးနောက် သူမက ကျောက်စိမ်းပြား တစ်ပြား ပစ်ပေးပြီး ပြောလိုက်သည်။

“ဟောင်အာက မင်းအကြောင်းကို ပြောပြတယ် … ပြင်ပတိုက်ပွဲ မြေပြင်မှာတုန်းက မင်းက အရမ်း အစွမ်းထက်တယ်တဲ့ … ဒါဆို ဘာလို့ မင်းရဲ့အဆင့်က ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ပဲ ရှိနေသေးရ တာလဲ … “

ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သူ၏ အမူအရာက ထူးဆန်းသွား၏။ ကျောက်စိမ်းပြားထဲတွင် ဟိုဖန်နိုင်ငံ၏ မြောက်ပိုင်းရှိ တိုင်းပြည် ၇ ခု၊ ၈ခုထိ ပါနေသော မြေပုံ အပိုင်းတစ်ပိုင်း ဖြစ်သည်။ နိုင်ငံ တစ်ခုချင်းစီ၏ ကျော်ကြားသော ပစ္စည်းများ တချို့ကိုပင် ဖော်ပြထား၏။

ခဏကြာပြီးနောက် သူမစကား၏ နောက်မှ အဓိပ္ပာယ်ကို ခန့်မှန်းနိုင်သွားပြီး သူ၏ မျက်လုံးက အရောင် လက်သွား၏။

ဖန်းလွမ်က လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်၊

“ဒီမြေပုံမှာ အပိုင်း ၃ ပိုင်းရှိတယ် … မင်းက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အယောက် ၅၀ ကို သတ်နိုင်ရင် ဒုတိယအပိုင်း ထပ်ရမယ် … စစ်ပွဲပြီးတဲ့အချိန် မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် အယောက် ၁၅၀ ကို သတ်နိုင်ခဲ့ရင် နောက်ဆုံးအပိုင်း မင်းကို ပေးမယ် … “

ထိုစကားကို ကြားပြီးနောက် ဝမ်လင်းက ဘာစကားမှ မပြောဘဲ ထွက်သွား၏။ ဖန်းလွမ်၏ ဆိုလိုရင်းကို သူနားလည်ပေသည်။ တစ်ခုခုကို လိုချင်လျှင် အလကားတော့ မရနိုင်ပေ။

ဟိုဖန်နိုင်ငံရှိ တခြားသော စဦး စိတ်ဝိညာဉ် အဆင့်များနှင့် ယှဉ်လျှင် ဖန်းလွမ်သည် အနည်းဆုံးတော့ အကြင်နာတရား ရှိပေသည်။ ကျိုးဇီဟောင်ကြောင့် သူ့အား မိုင်လျန်း၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့် ပေးခဲ့သည်။ မြေပုံကိုပါ ရနိုင်ရန် အတွက်လည်း လမ်းစပေးခဲ့သည်။ မြေပုံကတော့ သူ့ထံတွင် အစွမ်းရှိမှ ရနိုင်မည် ဖြစ်ပြီး သူသာ အစွမ်းမရှိခဲ့လျှင် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။

အမှန်တကယ် အားဖြင့် ဝမ်လင်းသည် စစ်ပွဲကြားတွင် ပါဝင်ရန် စိတ်ကူးမရှိပေ။ သို့သော်လည်း စစ်ပွဲတွင် ပါဝင်ရန် အကြောင်းရင်းတစ်ခု ရှိလာလေပြီ။ မြေပုံသည် သူ၏ အကြောင်းရင်း တစ်ခုဟု ဆိုသော်လည်း အဓိက အကြောင်းရင်းမှ ဝေးကွာခြင်း ကောင်းကင်ဆေးလုံး ဖြစ်သည်။

သူသာ အေးခဲအမြုတေ ၃ ခုကို ဖွဲ့စည်းပြီးပါက အမြုတေ ဖွဲ့တည်ရန်အတွက် အောင်မြင်နှုန်းသည် များလာပေလိမ့်မည်။ ထို့အပြင် ဝေးကွာခြင်းကောင်းကင် ဆေးလုံးကိုပါ ထပ်ပေါင်း လိုက်ပါက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရန် ၈၀ ရာခိုင်နှုန်း သေချာသွားပေလိမ့်မည်။ သူသာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်လျှင် စဦးစိတ်ဝိညာဉ် အဆင့်အောက်တွင် သူ့အား ယှဉ်နိုင်သူ ရှိတော့မည် မဟုတ်ချေ။

ထိုအကြောင်းကို တွေးမိပြီး သူ့မျက်လုံးမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်လာသည်။

ဟိုဖန်နိုင်ငံမှ ကျူးကျော်ရေး အဖွဲ့ကြီးကို ဒုတိယနေ့တွင် လွှတ်လိုက်ပြီး စဦး စိတ်ဝိညာဉ်အဆင့် ၁၀ ယောက်က သူတို့ကို ပတ်လည်ဝိုင်းပြီး လိုက်ပါလာသည်။ ရန်သူဘက်မှ စဦးစိတ်ဝိညာဉ် အဆင့်များ ပေါ်လာပါက သူတို့သည် တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်ဖြင့် ရောက်လာမည် ဖြစ်သည်။

ကျင့်ကြံသူ ၃၀ ပါသော အဖွဲ့တစ်ဖွဲ့သည် ဓားပျံများကို စီးကာ မြောက်အရပ်သို့ ပျံသန်းလာကြပြီး ချောင်ကျသော တောင်တစ်ခုအပေါ်တွင် ရပ်လိုက်ကြသည်။ ဦးဆောင်လာသော အဘိုးအိုက ဂုဏ်မောက်စွာ ပြောလိုက်သည်။

“အုပ်စု ၁၀ က ကျင့်ကြံသူတွေက စိတ်ဝိညာဉ်ကြော ပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေကို စပြီး တိုက်နေကြပြီ … သူတို့ဘက်က အားဖြည့်ပေးဖို့ ကျင့်ကြံသူတွေ လာကြလိမ့်မယ် … ဒါ့ကြောင့် ငါတို့ အလုပ်က ဒီကီလိုမီတာ ၅၀၀ အတွင်းကို ဝင်လာတဲ့ ဘယ်သူကို မဆို တားဆီးဖို့ပဲ … မင်းတို့အားလုံး လူစုခွဲကြတော့ … မင်းတို့အားလုံး တစ်ခုခု တွေ့ရင် ငါ့ကို ချက်ချင်း သတင်းပို့ပါ … “

ပြောပြီးသည်နှင့် အဘိုးအိုသည် ထိုင်ချပြီး မျက်လုံး မှိတ်လိုက်သည်။ ထိုအဘိုးအိုသည် အဖွဲ့ ၈ ကို ဦးဆောင်လာသည့် ကျန်းဇီလီဖြစ်ပြီး အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့်တွင် ရောက်နေသူ ဖြစ်သည်။

ဝမ်လင်းက ခြေလှမ်းတစ်လှမ်း လှမ်းပြီး အဝေးသို့ ပျံသန်းသွား၏။ သူက ကျောက်တုံး တစ်ခုပေါ်တွင် ဆင်းလိုက်ပြီး ထိုင်ချကာ ကျင့်ကြံနေလိုက်သည်။ တခြားသူများသည်လည်း လူစုခွဲပြီး ကျင့်ကြံရန် နေရာများ ရှာနေကြသည်။ မကြာမီ နေရာတစ်ခုလုံးတွင် အသက် ရှူသံများမှ လွဲ၍ တိတ်ဆိတ်သွား၏။

ကျန်းဇီလီသည် မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် သူက ရန်သူများကို တိုက်ခိုက်ရာတွင် အဓိက ကျင့်ကြံသူများ၌ ပါဝင်ခွင့် ရသင့်သည်ဟု ထင်မြင်နေ၏။ သို့သော်လည်း ဤနေရာတွင် ရန်သူဘက်မှ အားဖြည့်သော ကျင့်ကြံသူများအား တားဆီးရန် တာဝန်ပေးခြင်း ခံရ၏။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ရုတ်တရက် ဝမ်လင်း၏ မျက်လုံးက ပွင့်သွားပြီး အဝေးသို့ ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

ထိုအချိန်တွင် ကျန်းဇီလီသည်လည်း ပြောင်းလဲမှုကို သတိပြုမိပြီး ထရပ်လိုက်သည်။ သူက အဝေးသို့ ကြည့်လိုက်ရာ ဓားပျံ ၁၀ ချောင်းကျော်က သူတို့အဖွဲ့ဘက်သို့ ပျံသန်းလာ၏။ သူက နှုတ်ခမ်းကို လျှာဖြင့်လျက်ပြီး အနက်ရောင် အလင်းတစ်ခုကို ထွေးထုတ်လိုက်သည်။ အနက်ရောင် အလင်းသည် ထွက်လာသည်နှင့် ကတ်ကြေး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကတ်ကြေးက ပျံဝဲပြီး ပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက အော်ပြောလိုက်၏။

“သတ် …“

ပြောပြီးသည်နှင့် သူက ခြေတစ်လှမ်း လှမ်းပြီး ဓားတစ်စင်းကဲ့သို့ ပြေးထွက်သွားရာ ကျန်သောအဖွဲ့ ၈ မှ အဖွဲ့သားများသည်လည်း လေထဲသို့ ခုန်တက်ပြီး တစ်ဖက်မှ ကျင့်ကြံသူများအား ပိတ်ဆို့ လိုက်ကြသည်။

နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် မြင်သည်နှင့် ချက်ချင်း တိုက်ခိုက်ကြသည်။ ရွှမ်းဝူနိုင်ငံမှ ကျင့်ကြံသူ ၁၅ ယောက်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်များသာ ဖြစ်ကြပြီး ကျိုးဇီလီကို မြင်သည်နှင့် သူတို့ထဲမှ ၈ ယောက်က ထူးဆန်းသော ဓားတစ်ချောင်းစီကို ကိုင်ကာ ကျိုးဇီလီကို ဝန်းရံ လိုက်ကြသည်။ ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် ကျိုးဇီလီသည် ဝင်္ကပါထဲတွင် ပိတ်ဆို့ ခံလိုက်ရပြီး ထွက်လို့ မရတော့ပေ။

ကျန်သည့် ၇ ယောက်သည် အဖွဲ့ ၈ မှ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြသည်။

ဝမ်လင်းသည် မြေပုံနှင့် ဝေးကွာခြင်းကောင်းကင် ဆေးလုံးကို ရယူရန် ရှိနေသဖြင့် အချိန် ဆွဲမနေတော့ဘဲ ချက်ချင်း ဓားတစ်ချောင်းကဲ့သို့ ပျံသန်းသွားပြီးနောက် သူ၏ဓားက လျှပ်စီး လက်သကဲ့သို့ ကျင့်ကြံသူ တစ်ယောက်၏ ရင်ဘတ်ကို ဖောက်ထွက်သွား၏။

တစ်ချိန်တည်းမှာပင် ကျန်သည့် ၆ ယောက်ဆီသို့ သူ၏ နတ်ဘုရား စိတ်အာရုံကို ပစ်လွှတ်လိုက်၏။ ကျင့်ကြံသူ ၆ ယောက်၏ မျက်လုံးများသည် ချက်ချင်း မှိန်ကျသွားပြီး ဝမ်လင်း၏ ဓားပျံက သူတို့၏ ရင်ဘတ်များကို ဆက်လက် ဖောက်ထွက်သွားလေသည်။

အပြင်ဘက်မှ ကြည့်လျှင် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ၇ ယောက်လုံးသည် ဝမ်လင်း၏ ဓားကြောင့် သေဆုံးရသည်ဟုသာ မြင်သွား ကြပေလိမ့်မည်။ အနည်းငယ်လောက်သာ သူတို့၏ ဝိညာဉ်များ ဖျက်ဆီး ခံလိုက်ရသည်ကို သိကြမည် ဖြစ်သည်။

ကျင့်ကြံသူ ၇ ယောက်လုံး သေသွားသည်နှင့် နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် ထိတ်လန့်သွားပြီး သူတို့၏ အကြည့်များသည် ဝမ်လင်း၏ အပေါ်သို့ ကျရောက်သွား၏။

သတ်ဖြတ်သူ ဓားပျံကတော့ ဝမ်လင်း၏ ဘေးတွင် မျောနေပြီး အေးစက်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

ကျန်းဇီလီကို ဝိုင်းထားသော ကျင့်ကြံသူ ၈ ယောက်၏ မျက်နှာများက ချက်ချင်း ဖြူရော်သွားပြီး တစ်ယောက်က အလျင်အမြန်‌ အော်ပြောလိုက်သည်။

“ဆုတ် … “

ချက်ချင်း သူတို့ ၈ ယောက်လုံးသည် လွတ်မြောက်ရန်အတွက် အပြင်းအထန် ကြိုးစား လိုက်ကြသည်။

ကျန်းဇီလီက ဝမ်လင်းကို အထိတ်တလန့်ဖြင့် ကြည့်လိုက်၏။ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ၇ ယောက်ကို သူတောင်မှ ခဏလေးအတွင်း မသတ်နိုင်ပေ။ ထို့ကြောင့် ဝမ်လင်းက ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားသည်ဟု ယုံကြည်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သို့သော်လည်း ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားခြင်းသည် အလွန်ကောင်းသည့် အကြံတစ်ခု ဖြစ်ကြောင်း အတွေး ပေါက်သွား၏။ ရန်သူများက ကိုယ့်အပေါ် လျှော့တွက်လိုက်သည့် အချိန်သည် ကိုယ့်အတွက် အကောင်းဆုံး အခွင့်အရေး တစ်ခုပင် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၈ ယောက်က သူ့အား ဝင်္ကပါတစ်ခုဖြင့် ပိတ်လှောင်လိုက်ခြင်းဖြင့် သူ့ကို အလွန်အရှက် ရသွားစေသည်။

ကျန်းဇီလီ၏ မျက်နှာသည် သုန်မှုန်နေပြီး သူတို့နောက်သို့ လိုက်သွားလိုက်၏။ သူက မီလုနီးပါး ဖြစ်သည့် အချိန်တွင် ကျင့်ကြံသူ ၈ ယောက်သည် ထူးဆန်းသော နည်းစနစ်ကို တစ်ခုကို အသုံးပြုလိုက်သည့် အတွက် သူတို့၏ ခန္ဓာကိုယ်မှ အဖြူရောင် အငွေ့များ ထွက်လာပြီး ထိုအဖြူရောင် အငွေ့များက သူတို့၏ ခြေထောက်များကို ဝန်းရံသွားကာ သူတို့၏ အမြန်နှုန်းကို တစ်ဆ တိုးမြှင့်သွားစေသည်။

ကျန်းဇီလီက စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးကာ ရင်ဘတ်ပေါ်သို့ အစီအရင်ကို ဖိချလိုက်သည်။ ထို့နောက် သူက စိတ်စွမ်းအင်များ ထုတ်လွှတ်နေသော ရွှေရောင်အမြုတေ တစ်ခုကို အန်ထုတ်ပြီး လက်ဖြင့် ညွှန်လိုက်ရာ ရွှေရောင် အမြုတေသည် လျင်မြန်စွာ ပြေးထွက်သွားပြီး ကျင့်ကြံသူ ၈ ယောက်ကို မီသွား၏။ ထိုအခါ ရွှေရောင် အမြုတေက သူတို့ထဲမှ ၃ ယောက်ကို အပေါ်မှ ရိုက်ချလိုက်သည်။

ထို ၃ ယောက်သည် ရွှေရောင် အမြုတေဖြင့် ရိုက်ခံလိုက်ရပြီး သွေးများ အန်ထုတ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွား၏။

ကျန် ၅ ယောက်က သူတို့၏ ခန္ဓာကိုယ်ကို အဆုံးစွန်ထိ တွန်းအားပေးပြီး လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ကျန်းဇီလီက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ရာ သူတို့ ၅ ယောက်၏ ခန္ဓာကိုယ်များသည် အားပျော့သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားလေသည်။

ကျန်းဇီလီသည် အဝေးမှ ဝမ်လင်းက အလွန် လျင်မြန်စွာ နီးကပ်လာသည်ကို မြင်ပြီး သတိ ထားလိုက်၏။ ထို့နောက် အနည်းငယ် စဉ်းစားပြီး မျက်နှာအမူအရာကို အလျင်အမြန် ပြောင်းကာ စကားပြောရန် ပြင်လိုက်စဉ်တွင် ဝမ်လင်း၏ အသံကို အရင်ကြားလိုက်ရ၏။

“ငါတို့ရဲ့နောက်မှာ ကျင့်ကြံသူ ၁၀၀ ထက်မနည်း လာနေတယ် …“

ထိုအသံကို ကြားပြီးသည်နှင့် ဝမ်လင်းက ကျန်းဇီလီ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကာ အဝေးသို့ ပျံသန်းသွား၏။

တစ်ချိန်တည်းမှာပင် ကျန်းဇီလီသည် အဝေးမှ ဓားပျံ ၁၀၀ ကျော် ပျံသန်းလာသည်ကို သတိပြုမိ သွားပြီး ထွက်ပြေးရန် နောက်သို့ လှည့်လိုက်ရာ ဝမ်လင်းကို မတွေ့ရတော့ချေ။ ထို့ကြောင့် သူက စိတ်ထဲမှ ကျိန်ဆဲပြီး အလျင်အမြန် ထွက်ပြေးလိုက်သည်။

တခြားကျန်သည့် အဖွဲ့ ၈ မှ ကျင့်ကြံသူများသည်လည်း စိတ်ဝိညာဉ်ကြော ရှိရာသို့ ပြန်ဆုတ်သွားကြ၏။

ဝမ်လင်းက အဝေးသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ကာ မြေကြီးထဲသို့ မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် တိုးဝင် ပျောက်ကွယ်သွားပြီး မြောက်အရပ်သို့ ရှေ့ဆက် သွားလေသည်။

ယခုအချိန်တွင် ဝမ်လင်းသည် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၁၂ ယောက် သတ်ပြီးဖြစ်၍ မြေပုံကို ရရန် ၃၈ ယောက် သတ်ရပေဦးမည်။ သူ၏ အဖွဲ့သားများနှင့်သာ သွားလျှင် ၃၈ ယောက်ပြည့်ရန် အလွန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် တစ်ယောက်တည်း ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဓားပျံ ၁၀၀ ကျော်က စိတ်ဝိညာဉ်ကြောဆီသို့ ပျံသန်းနေသည်။ ဝမ်လင်းက သူတို့ကို အေးစက်စွာကြည့်ပြီး သူတို့နောက်မှ လိုက်သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset