ဝမ်လင်း၏ မျက်နှာတွင် ပျော်ရွှင်သည့် အမူအရာများ ပေါ်လာပြီး သူက ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။ သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားက ဝမ်လင်းကို ဘာမှ ဆက်မပြောတော့ဘဲ ဖန်းလွမ်နှင့် စကားပြောရန် ငါးရောင်ခြယ် ဖီးနစ် စစ်ရထား အတွင်းသို့ ဝင်သွား၏။
ဝမ်လင်းသည် အခြေအနေကို သင့်တင့် လျောက်ပတ်စွာ နေတတ်သော လူတစ်ယောက် ဖြစ်သည့်အတွက် သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားက ဖီးနစ်စစ် ရထားအတွင်းသို့ ဝင်သွားသည်နှင့် သူက ကျင့်ကြံသူများနှင့် သွားရောက် ပူးပေါင်းလိုက်၏။
ဟိုဖန်နှင့် ရွှမ်းဝူ နယ်နိမိတ်တွင် ကျင့်ကြံသူများနှင့် အတူ သေမျိုးများသည် တစ်ဖက်နိုင်ငံထဲသို့ ရွှေ့ပြောင်း နေကြသည်။ ပြောင်းလဲသွားသော မီးလျှံသားရဲများသည် ယခုအချိန်တွင် သာမန်သေမျိုး များများကို တိုက်ခိုက်သည်မှာ အလွန်ရှားသွားပြီး သူတို့သည် ဝမ်လင်းကိုသာ အဓိက ထားလေတော့သည်။
အချိန်များက ကုန်လာသည်နှင့် မီးလျှံသားရဲများက ကျင့်ကြံသူများအား စတင် မီလာကြသည်။ သားရဲများ တစ်ကောင်ပြီး တစ်ကောင်သည် ကျင့်ကြံသူ အုပ်စုကြီး၏ နောက်တွင် ပေါ်လာပြီး ကျင့်ကြံသူများအပေါ် ဖိအားများ စတင် ပေးလာကြသည်။
ဟိုဖန်နိုင်ငံ၏ နယ်နိမိတ်တွင် ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ရှိ၏။ ကျင့်ကြံသူ အုပ်စုကြီးက ထိုနေရာသို့ ရောက်လာပြီးနောက် များပြားလှသော ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစု ခေါင်းဆောင်များသည် စဦးစိတ်ဝိညာဉ် အဆင့် ၁၉ယောက်နှင့်အတူ လျှို့ဝှက်စွာ တွေ့ဆုံ ဆွေးနွေးနေကြသည်။
ဆွေးနွေးပွဲ ပြီးသွားပြီးနောက် ပုံရိပ် ၁၉ခုသည် လေထဲသို့ ပျံတက်လာပြီး လိုဟဲဂိုဏ်းမှ ကျင့်ကြံသူ တစ်ယောက်က အော်ပြောလိုက်သည်။
“ငါတို့ရဲ့ နှစ်ပေါင်းများစွာ လေ့လာမှုတွေအရ ဒီနေရာက မီးလျှံသားရဲတွေက မွေးရပ်မြေလို့ ငါတို့လိုဟဲဂိုဏ်းမှာ မှတ်တမ်း တင်ထားတယ် … ငါတို့ကသာ ဒီမှာ အစီအရင်တစ်ခုနဲ့ ချိပ်ပိတ်လိုက်မယ် ဆိုရင် အစီအရင်က ဟိုဖန်နိုင်ငံ တစ်ခုလုံးကို အကျိုးသက်ရောက် စေလိမ့်မယ် … လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ကျော်က ငါတို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ နိုင်ငံချိပ်ပိတ် အစီအရင်နဲ့ ဆိုရင် မီးလျှံသားရဲတွေကို ဟိုဖန်နိုင်ငံထဲမှာ ပိတ်ထားနိုင်လိမ့်မယ်…“
နတ်ဆိုးမိစ္ဆာဂိုဏ်းမှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် မြေပြင်ကို ကြည့်ပြီး နှာခေါင်း ရှုံ့လိုက်သည်။
“ငါတို့ရဲ့ ဘိုးဘေးတွေသာ ဒီလိုမျိုး ပြင်ဆင် ပေးထားနိုင်ရန် သူတို့ကို ဘာလို့ ရှင်းမပစ်ဘဲ ဒီအတိုင်း ထားခဲ့တာလဲ…“
အလောင်းကောင်ဂိုဏ်းမှ စဦးစိတ်ဝိညာဉ် အဆင့် ၃ယောက်ကတော့ တည်ငြိမ်နေသည့် မျက်နှာထားဖြင့် ရှိနေပြီး မည်သည့်အရာကိုမျှ စိတ်ဝင်စားသည့်ဟန် မရှိပေ။ သူတို့ ၃ယောက်၏ နောက်တွင် ခေါင်းတလားများ မပါသောကြောင့် သူတို့၏ ခန္ဓာကိုယ်ကို တခြားဝိညာဉ်က အပြည့်အဝ ပိုင်ဆိုင်လုနီးပါး ဖြစ်နေသည့်ကို သိနိုင်သည်။
ဟိုဖန်နိုင်ငံ၏ ပြင်းထန်သော မီးဒြပ်စင် စိတ်စွမ်းအင်များ ကြောင့်သာ မဟုတ်ရင် ဤပြောင်းရွှေ့မှုတွင် သူတို့က ပါဝင်လိမ့်မည် မဟုတ်ပေ။
စစ်နတ်ဘုရား ဗိမာန်မှ ဘိုးဘေးဆောင်က မျက်လုံးကို ဝှေ့ကြည့်ပြီး ပြောလိုက်သည် … “ဘိုးဘေးတွေက ဒီကိစ္စကြီး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းမိမှာ မဟုတ်ဘူး … အဲဒီလို ကြိုတင် ခန့်မှန်းနိုင်ရင်တောင်မှ သူတို့လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး … နှစ်တစ်ထောင်ကျော်မှ ပြောင်းရတယ် ဆိုတော့ ဒါက လုံလောက်ပါတယ်လေ … ရောင်းရင်းတို့ စလိုက်ရအောင် …“
ဘိုးဘေးဆောင်၏ စကား ဆုံးသွားသည်နှင့် သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားနှင့် ဖန်းလွမ်အပါအဝင် စဦးစိတ်ဝိညာဉ် အဆင့် ၆ယောက်သည် ဝင်္ကပါ အစီအရင် တစ်ခုကဲ့သို့ စုစည်း လိုက်ကြပြီး သူတို့၏ လက်ထဲတွင် ထူးဆန်းသော အစီအရင် တစ်ခုစီ ပေါ်လာလေသည်။
သူတို့ ၆ယောက်က ရုတ်တရက် အတူတစ်ကွ အော်ဟစ်လိုက်ရာ ကြာပန်း ခြောက်ပွင့်က ချိုင့်ဝှမ်း၏ အရှေ့ဘက် ထောင့်ဆီသို့ ပျံသန်းသွား၏။ ထိုအခါ ချိုင့်ဝှမ်း တစ်ခုလုံး လှုပ်ခါသွားပြီး အနီရောင်မီးခိုး တိမ်တိုက်ကြီး တစ်ခုက လေထဲသို့ မျောသွားလေသည်။
ထို့နောက် လိုဟဲဂိုဏ်း၊ အလောင်းကောင် ဂိုဏ်းနှင့် နတ်ဆိုး မိစ္ဆာဂိုဏ်းများမှ တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်သို့ ကြာပန်းများ အသီးအသီး ပစ်လွှတ် လိုက်ကြသည်။
ချိုင့်ဝှမ်းက ပိုမို လှုပ်ခါသွားပြီး အနီရောင် မီးခိုးများက ပိုမို ထွက်လာလေသည်။ မီးခိုးများက တစ်နေရာတည်းတွင် စုစည်းသွားပြီး အခေါင်းပေါက်ရှိသော ကွင်းတစ်ခုအဖြစ် ဖွဲ့စည်းသွား၏။
ထိုအချိန်တွင် ကျင့်ကြံခြင်း မိသားစုများမှ စဦးစိတ်ဝိညာဉ် အဆင့်များသည် ခါးသက်စွာ ပြုံးလိုက်ကြပြီး သူတို့၏ နဖူးများကို ရိုက်လိုက်ကြသည်။ သူတို့၏ စဦးစိတ်ဝိညာဉ် များသည် နဖူးမှ ထွက်ပေါ်လာပြီး ကွင်းထဲရှိ လေဟာနယ် နေရာထဲသို့ ဝင်ရောက် သွားကြ၏။
ထိုအချိန်တွင် လိုဟဲဂိုဏ်းမှ ကျင့်ကြံသူ တစ်ယောက်က အော်ပြောလိုက်သည် … “တစ်ကိုယ်တော် ကျင့်ကြံသူ ရောင်းရင်း … အခု လုပ်တော့ … ဘာကို စောင့်နေတာလဲ …“
ကွင်းထဲရှိ စဦးစိတ်ဝိညာဉ် တစ်ခုက ခပ်ပြတ်ပြတ် အသံဖြင့် ပြန်ပြောလိုက်သည် … “ဂိုဏ်းကြီး ၄ဂိုဏ်းက ငါတို့ကို စဦးဆေးလုံးနဲ့ ပြန်ပေးဖို့ ဆုံးဖြတ်ထားမှတော့ ငါ လုပ်ပါ့မယ် …“
ပြောပြီးသည်နှင့် စဦးစိတ်ဝိညာဉ်က အစီအရင် တစ်ခုကို ပြုလုပ်ပြီး မီးခိုးအတွင်းသို့ တဟုန်ထိုး ပြေးဝင်သွား၏။ ထိုစဦးစိတ်ဝိညာဉ်က မီးခိုးထဲသို့ ဝင်ရောက် သွားသည်နှင့် သူ၏ စဦးစိတ်ဝိညာဉ်သည် မီးခိုးနှင့် ပေါင်းစပ် သွားသကဲ့သို့ ပျောက်ကွယ် သွားလေသည်။
ကျန်ရှိနေသော စဦးစိတ်ဝိညာဉ် များသည် အံကြိတ်ပြီး မီးခိုးထဲသို့ ဝင်သွားကြ၏။ မီးခိုးအကွင်းကြီးသည် အရွယ်အစား မပြောင်းလဲသော်လည်း မီးခိုးများ အတွင်း၌ စိတ်စွမ်းအင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
နိုင်ငံချိတ်ပိတ် အစီအရင်သည် ဂိုဏ်းကြီး ၄ဂိုဏ်းမှ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများ လိုအပ်ရုံတင် မဟုတ်ဘဲ အစီအရင်ကို တာရှည်ခံစေရန် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများ၏ စဦးစိတ်ဝိညာဉ်များကိုပါ လိုအပ်ပေသည်။
မီးခိုးအကွင်းကြီးသည် တဖြည်းဖြည်း လေထဲသို့ ပိုမိုမြင့်တက် သွားပြီးနောက် ဟိုဖန်နိုင်ငံ၏ နယ်နိမိတ် ထောင့် ၄ထောင့်အထိ လျင်မြန်စွာ ကြီးထွားလာသည်။
မီးတောင်များကို အနီရောင် မီးခိုးကွင်းကြီး ဖြတ်သွားသည့်အခါ မီးတောင်များမှ မီးခိုးများက အနီရောင် မီးခိုးကွင်းကြီးနှင့် ပေါင်းသွားပြီး ကြီးမား ပြန့်ကျဲလာမှုကို ပိုမို မြန်ဆန် သွားစေသည်။
တစ်နာရီ ကြာပြီးနောက်တွင် မီးခိုးအကွင်းကြီးသည် ဟိုဖန်နိုင်ငံ တစ်ခုလုံးကို ပန်းကန်လုံးဖြင့် အုပ်လိုက်သကဲ့သို့ ဖုံးအုပ်သွားပြီး နိုင်ငံချိတ်ပိတ် အစီအရင်ကို အောင်မြင်စွာ ပြုလုပ် ဖန်တီးခဲ့၏။
နိုင်ငံချိတ်ပိတ် အစီအရင်ကို အသက် သွင်းလိုက်သည်နှင့် သာမန် သေမျိုးများသည် လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်တော့မည် ဖြစ်သည်။ စိတ်စွမ်းအင်များ ရှိနေသည့် အရာများနှင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်အောက် ကျင့်ကြံသူများသည် အစီအရင်ကို ဖြတ်ပြီး သွားလာနိုင်တော့မည် မဟုတ်ချေ။
အစီအရင်ကို အသက် သွင်းပြီး သွားသည်နှင့် ဂိုဏ်းကြီး ၄ဂိုဏ်းမှ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများသည် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ဆွဲယူသွားကာ မိသားစုရှိသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကိုတော့ မိသားစုဝင်များထံ အပ်နှံလိုက်ပြီး မိသားစုမရှိသည့် သူများ၏ ခန္ဓာကိုယ်ကိုတော့ လိုဟဲဂိုဏ်းဆီသို့ အပ်လိုက်၏။
လိုဟဲဂိုဏ်းမှ ကျင့်ကြံသူများသည် အစီအရင် အပြင်ဘက်တွင် ရပ်ပြီး အရိုအသေ ပေးလိုက်ကာ အော်ပြောလိုက်သည် … “ရောင်းရင်း ကျင့်ကြံသူတို့ … ကျေးဇူးပြုပြီး ဒီအစီအရင်ကို ကောင်းကောင်း ထိန်းသိမ်းပေးပါ … ငါတို့ဘက်ကလည်း မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို ထိန်းသိမ်း ပေးထားပါမယ် … ဒီအစီအရင်ကို ၃လလောက်တော့ အနည်းဆုံး ခိုင်အောင် လုပ်ပေးပါ … ငါတို့က ရွှမ်းဝူနိုင်ငံမှာ နေရာတစ်ခုတော့ ရမှာ သေချာပါတယ် … ပြီးတော့ အဆင့်မြင့် နိုင်ငံတွေက နေပြီး သားရဲတွေကို လာရှင်းပေးတဲ့အခါ ငါတို့က မင်းတို့ကို ပြန်ပြီး လာခေါ်ပါ့မယ် …“
ထိုစကားများကို ပြောပြီးသည်နှင့် တခြားဂိုဏ်း ၃ဂိုဏ်းမှ ကျင့်ကြံသူများ သည်လည်း အရိုအသေ ပေးလိုက်ကြ၏။
နိုင်ငံချိတ်ပိတ် အစီအရင်ကို ဖွင့်ပြီးနောက် မီးလျှံသားရဲများသည် ဒေါသတကြီး အော်ဟစ်ပြီး အနီရောင် အကာအကွယ်ကို တဖုန်းဖုန်း ထုရိုက် နေကြသည်။ သူတို့က အကာအကွယ်ကို ထုရိုက်သည့် အချိန်တွင် အကာအကွယ်က တုန်ခါသွားသော်လည်း မည်သည့် မီးလျှံသားရဲကမှ အကာအကွယ်ကို မဖျက်ဆီးနိုင်ကြချေ။
မီးလျှံသားရဲများကို တားဆီးနိုင်လိုက်ပြီ ဖြစ်သောကြောင့် ကျင့်ကြံသူများသည် ရွှမ်းဝူနိုင်ငံဆီသို့ ပျံသန်းသွားကြ၏။
ရွှမ်းဝူနိုင်ငံ၏ နယ်နိမိတ်တွင် သာမန်သေမျိုး စစ်သား တချို့သာ ရှိ၏။ ထိုစစ်သားများသည် ကောင်းကင်ပေါ်မှ များပြားလှသော ဓားပျံများကို ကြည့်ပြီး ငေးမော နေကြသည်။ ထိုအခါ တစ်ယောက်က အော်ဟစ်ပြီး ဒူးထောက်ကာ စတင်၍ ဆုတောင်းလိုက်ရာ မကြာမီ အားလုံးသည်လည်း ဒူးထောက်ပြီး ဆုတောင်းလိုက်ကြ၏။
သို့သော်လည်း စစ်သားများကြားထဲမှ ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ ဝတ်စားထားသော လူတစ်ယောက်၏ မျက်နှာက ဖြူရော်သွားပြီး ရေရွတ်လိုက်သည် … “သူတို့က ဟိုဖန်နိုင်ငံက ကျင့်ကြံသူတွေ …“
သူက လေအေးများကို ရှူသွင်းပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ကောင်းကင်ကြီးကို ကြည့်ကာ ကျောချမ်းဖွယ် အသံကြီးဖြင့် ရယ်မောလိုက်သည်။
ထိုအခိုက်တွင် နတ်ဆိုးမိစ္ဆာဂိုဏ်းမှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်က ဓားပျံကို စီးပြီး ရောက်လာသည်။ ထို့နောက် ဓားပျံ ၃ချောင်းက အောက်မှ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွား၏။
သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ တစ်ကိုယ်လုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသည်။
သေမျိုးစစ်သားများသည် ချက်ချင်း လူစုခွဲပြီး ထွက်ပြေးကြ၏။ စစ်သားများ၏ သေမျိုး ဗိုလ်မှူးတောင်မှ ကျင့်ကြံသူများ ကြားထဲတွင် မြေစာပင် ဖြစ်မှာစိုး၍ ပုန်းနေလေသည်။
ဓားပျံပေါင်း တစ်သောင်းကျော်သည် ရွှမ်းဝူနိုင်ငံ အတွင်းသို့ ရောက်လာပြီး မြူများ ဖုံးလွှမ်းနေသော တောင်တစ်ခု၌ ရပ်တန့် လိုက်ကြသည်။ ကျင့်ကြံသူများ၏ ရှေ့မှ သုန်မှုန်နေသော မျက်နှာထားနှင့် အဘိုးအိုသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော အားတစ်ခုက တောင်ပေါ်သို့ ကျရောက်သွား၏။
ထိုအခါ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းမျက်နှာပြင် အကာအကွယ် တစ်ခု ဖြစ်သွားကာ ကျဆင်းလာသော အားကို တားဆီးလိုက်သည်။
အလင်း အကာအကွယ်၏ အောက်တွင် ကျင့်ကြံသူများ တစ်ထောင်ကျော်နေပြီး သူတို့က ကောင်းကင်ပေါ်သို့ ကြောက်ရွံ့နေသော မျက်နှာထားဖြင့် ကြည့်နေကြသည်။ အဘွားအို တစ်ယောက်က ထွက်လာပြီး အော်ပြောလိုက်သည် … “ဟိုဖန်နိုင်ငံရဲ့ ရောင်းရင်း ကျင့်ကြံသူတို့ … ဒီအဓိပ္ပာယ်က ဘာလဲ …“
စစ်နတ်ဘုရား ဗိမာန်မှ ယန်စန်းက ညင်သာစွာ လှုပ်ရှားလိုက်ရာ သူ၏ ခန္ဓာကိုယ်က အလင်း အကာအကွယ်ပေါ်တွင် ပေါ်လာသည်။ သူက ညာလက်ဖြင့် အလင်း အကာအကွယ်ကို ကုတ်ဆွဲလိုက်ရာ အလင်း အကာအကွယ်သည် ချက်ချင်း အက်ရာများ ပေါ်လာပြီး ကွဲကြေသွား၏။
အဘွားအို၏ သူငယ်အိမ်က ကျုံ့သွားပြီး သူမက မည်သည့် စကားမှ မဆိုဘဲ လှည့်ထွက်သွား၏။ သူမ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး ကီလိုမီတာ ၁၀ကျော်တွင် ပြန်ပေါ်လာသည်။ သို့သော်လည်း သူမ၏ရှေ့တွင် တိမ်များက ယန်စန်း၏ ပုံစံအတိုင်း ဖွဲ့စည်း ဖြစ်ပေါ်လာသည်။ သူက သူမကို အေးစက်စွာ ကြည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ အဘွားအိုက အော်ဟစ်ပြီး သူမ၏ခေါင်းကို ရိုက်လိုက်ရာ သူမ၏ စဦးစိတ်ဝိညာဉ်က ထွက်လာသည်။
စဦးစိတ်ဝိညာဉ် ထွက်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်က ဖျက်ဆီးခြင်း စွမ်းအား တစ်ခုကြောင့် တစ်စစီ ကွဲကြေသွား၏။
အဘွားအိုသည် အလွန် ကြောက်လန့်သွား၏။ သူမသည် စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်သာ ရှိသေးသော်လည်း သူမ၏ ပြိုင်ဘက်သည် စဦးစိတ်ဝိညာဉ် အလယ်အဆင့် အထွတ်အထိပ်ကို ရောက်နေသော လူတစ်ယောက်ဖြစ်သည်။ ရွှမ်းဝူနိုင်ငံတွင် တောင်မှ ထိုအဆင့်ကို ရောက်နေသူ ၃ယောက်သာ ရှိ၏။ သူမသည် ယခုအချိန်တွင် လွတ်မြောက်ချင်သည့် စိတ်သာ ရှိလေတော့သည်။
ယန်စန်းက အေးစက်စွာ အော်ပြောလိုက်သည် … “မင်း ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး …“
အလင်းအကာအကွယ် ပျက်စီး သွားကတည်းက တခြားကျင့်ကြံ သူများသည်လည်း ဟိုဖန်နိုင်ငံ၏ ကျင့်ကြံသူများ လက်ချက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေကာ တောင်ထိပ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားပြီး တစ်ယောက်မှ အသက်ရှင် ကျန်ရစ်ခြင်း မရှိချေ။
ဤကြီးမားသော တောင်ကြီးကို ယခုအချိန်တွင် ဂိုဏ်းကြီး ၄ဂိုဏ်းက ပိုင်ဆိုင်ပြီး ကျင့်ကြံသူ တစ်သောင်းကျော်က တောင်ထိပ်ပေါ်တွင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများနှင့်အတူ ရပ်နေကြ၏။
စစ်နတ်ဘုရားဗိမာန်မှ ဘိုးဘေးဆောင်၏ မျက်လုံးများသည် တောက်ပနေပြီး သူ၏ အသံကလည်း သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့် ပြည့်နေသည်။
“စစ်ပွဲမှာ မှားတယ်၊ မှန်တယ် မရှိဘူး … သုံးလအတွင်းမှာ ငါတို့သာ ရွှမ်းဝူနိုင်ငံမှာ ခြေကုပ် မယူနိုင်ရင် မီးလျှံသားရဲတွေနဲ့ ငါတို့ ရင်ဆိုင်ရလိမ့်မယ် … မီးလျှံသားရဲတွေက ကြောက်ဖို့ မကောင်းပါဘူး … ကြောက်ဖို့ တကယ်ကောင်းတာက ကျင့်ကြံဖိုအတွက် စိတ်စွမ်းအင် မရှိမှာကိုပဲ …“
“ဒီနေကစပြီး စစ်နတ်ဘုရားဗိမာန်၊ နတ်ဆိုးမိစ္ဆာဂိုဏ်း၊ လိုဟဲဂိုဏ်းနဲ့ အလောင်းကောင်ဂိုဏ်းက ဟိုဖန်အဖွဲ့အစည်း ဖြစ်လာလိမ့်မယ် … ဟိုဖန်အဖွဲ့အစည်းရဲ့ တပည့်တိုင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ရတနာ တစ်ခုစီရမယ် … အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံ သူတိုင်းက စဦးစိတ်ဝိညာဉ် အဆင့် ရတနာတစ်ခုစီ ရမယ် …“
“စစ်ပွဲဖြစ်နေစဉ် အတွင်းမှာ ရတဲ့ပစ္စည်း အားလုံးက မင်းတို့ဟာပဲ … အဖွဲ့အစည်းကနေ ပြန်သိမ်းမှာ မဟုတ်ဘူး …“
ဘေးတွင်ရှိသော လိုဟဲဂိုဏ်းမှ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူက ချောင်းဟန့်ပြီး ဝင်ပြောလိုက်သည် … “မင်းတို့အားလုံးကို မင်းတို့သတ်ခဲ့တဲ့ အရေအတွက်ကို မှတ်သားနိုင်ဖို့ ကျောက်စိမ်းပြား တစ်ခုစီပေးမယ် … ချီစုစည်းခြင်း အလွှာ၅ အထက်ရှိသည့် ကျင့်ကြံသူ အယောက် ၁၀၀ ဒါမှမဟုတ် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ၁၀ယောက်ကို သတ်နိုင်တဲ့ ဘယ်သူမဆို အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံး ရမယ် … ချီစုစည်းခြင်း အလွှာ ၅အထက် အယောက် ၂၀၀ ဒါမှမဟုတ် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အယောက်၂၀ ဒါမှမဟုတ် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၁ယောက်ကို သတ်နိုင်တဲ့ ဘယ်သူမဆို စိတ်ဝိညာဉ် ဆေးလုံး ၁၀ပုလင်း ဆုချခြင်း ခံရမယ် …“
***
Good