Switch Mode

အခန်း (၁၃၆)

သက်လတ်ပိုင်းအရွယ် ကျောင်းတော်သား

ချင်းရွှမ်၏စကားသံ ဆုံးသွားသည်နှင့် ဓားပျံပေါ်တွင် ရပ်နေသော အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်၏ အမူအရာသည် မည်းမှောင်သွားပြီး ပါးစပ်မှ ကြားလိုက်ရသည့် နာမည်ကို ရေရွတ်လိုက်သည်။

”မိုင်လျန်း …”

သူမက အံကြိတ်ပြီး လှည့်ကာ ကြည့်လိုက်သည်။ သူမက အလွန် လှပသော်လည်း သူမ၏ မျက်နှာက ယခုအချိန်တွင် အလွန်အရုပ်ဆိုး အကျည်းတန်နေသည်။

ထိုမိန်းကလေးသည် မိုင်လျန်း၏ ရင်ထဲမှ မေ့မရနိုင် ဖြစ်နေသော ရှုစီဆိုသည့် ကောင်မလေးပင် ဖြစ်သည်။

သူမက ချင်းရွှမ်ကို နှုတ်ဆက်လိုက်ပြီး ဝမ်လင်းကို ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

”ဘယ်က မိစ္ဆာတစ်ကောင်လဲ … စစ်နတ်ဘုရားဗိမာန်က တပည့်တစ်ယောက် ဆိုပြီးတော့တောင် ဟန်ဆောင်လိုက်သေးတယ် … အစ်ကိုချင်းရွှမ် ငါ့ကို ကူညီပြီး သူ့ကို သတ်ပေးစမ်းပါ …”

သူမက ပြောပြီးသည်နှင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ၂ လက်မအရွယ် ရှိသည့် အနက်ရောင် အပ်တစ်ချောင်းက သူမ၏ လက်ထဲတွင် ပေါ်လာသည်။ သူမက လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ အပ်က ဝမ်လင်းဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

အပ်မှ မီးခိုးရောင် အမျှင်များ ထွက်ပေါ်လာပြီး အပ်များစွာ ဖြစ်ပေါ်လာသည်။ အပ်များက ကောင်းကင်ပေါ်ကို ဖုံးလွှမ်းသွားပြီး ဝမ်လင်း၏ အပေါ်သို့ မိုးများ ရွာချလိုက်သကဲ့သို့ ကျဆင်းလာသည်။

ချင်းရွှမ်သည် ထိတ်လန့်သွား၏။ သူက မည့်သည့် လှုပ်ရှားမှုမှ မလုပ်သေးဘဲ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်သည်။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဆွဲငင်အား နည်းစနစ်ကို သုံးပြီး ကြီးမားသော လက်တစ်ခုကို ဖန်တီးကာ အပ်များအားလုံးကို လွယ်ကူစွာ ဖမ်းယူလိုက်၏။ ထို့နောက် အပ်များပေါ်မှ နတ်ဘုရားစိတ်အာရုံကို ရှင်းထုတ်ပစ်ပြီး သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်လေသည်။

ရှုစီ၏ မျက်နှာသည် ရုတ်တရက် ဖြူရော်သွားပြီး သူမ၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူမ၏ ခြေထောက်အောက်မှ ဓားပျံတောင်မှ အရောင်မှိန်ကျသွား၏။ သူမက ဝမ်လင်းကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် မိုင်လျန်းထံ၌ ဤကဲ့သို့ စွမ်းအားမျိုး မရှိချေ။ ယခုမူ သူမ၏ ရတနာကို တားဆီးနိုင်ရုံတင် မဟုတ်ဘဲ အပ်များပေါ်မှ သူမ၏ နတ်ဘုရား စိတ်အာရုံကိုပင် မိုင်လျန်းက ရှင်းပစ်ခဲ့လေသည်။

ထိုအချိန်တွင် ဓားအလင်း ၃ ခုလက်သွားပြီး လူ ၃ ယောက် ရောက်လာသည်။ သူတို့ထဲမှ တစ်ယောက်က ယန်ရှုံးဖြစ်၏။

သူက ရှုစီကို ကြည့်ပြီးနောက် ချင်းရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

”သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ် … ဂျူနီယာ မိုင်လျန်းက စစ်နတ်ဘုရား ဗိမာန်က တပည့်တစ်ယောက်ပါ… သူ့ကို ဒီရောက်အောင် ပို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…”

ချင်းရွှမ်က သူတို့ကို အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး တခစ်ခစ်ရယ်ကာ ခေါင်းကို ခါယမ်းပြီး ထွက်သွား၏။ သူက အဝေးသို့ ရောက်သွားသည်နှင့် ပြန်လှည့်ကြည့်လိုက်ရာ ယန်ရှုံးက မိုင်လျန်းဆိုသည့် လူငယ်လေးကို အလွန် လေးလေးစားစား ရှိနေသည့်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက အနည်းငယ် စဉ်းစားပြီး ဟဲတုဂိုဏ်းရှိရာသို့ ပျံသန်းသွားလိုက်၏။

ယန်ရှုံးသည် ဘေးနားရှိလူများ အားလုံးကို လျစ်လျူရှုပြီး ဝမ်လင်းကို တိုးတိုးလေး ပြောလိုက်သည်။

”သခင် … ဘိုးဘေးဖန်းလွမ်ကို သိလား … ငါးရောင်ခြယ်ဖီးနစ် စစ်ရထားပေါ်မှာ ရှိနေတဲ့သူက ဘိုးဘေးဖန်းလွမ်ပဲ … ဘိုးဘေးက သခင့်ကို ခေါ်ခဲ့ဖို့ သူမပဲ စေခိုင်းလိုက်တာ …”

ဝမ်လင်းက ခေါင်းကို မော့ပြီး ကြည့်လိုက်ရာ ကျင့်ကြံသူ အုပ်စုကြီး၏ အလယ်တွင် တရားသူကြီးကဲ့သို့ ဝတ်ရုံမျိုး ဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်သည် ငါးရောင်ခြယ်ဖီးနစ် စစ်ရထားပေါ်တွင် ရှိနေလေသည်။ သူမက ဝမ်လင်း၏ အကြည့်ကို သတိပြုမိပြီး သူ့ကို ဝေ့ကြည့်လိုက်သည်။

သူမကို မြင်လိုက်ရသောအခါ အကြောင်းရင်းကို နားလည်သွား၏။ ဘိုးဘေး ဖန်းလွမ်သည် သူ့ဆီမှ ကျိုးဇီဟောင်၏ ဝိညာဉ်အဆီအနှစ် သွေးစက်ကို လာရောက် တောင်းယူသွားသော သက်လတ်ပိုင်းအရွယ် မိန်းမကြီးဖြစ်သည်။ သူက အနည်းငယ် စဉ်းစားပြီး ဘိုးဘေး ဖန်းလွမ်ဆီသို့ ယန်ရှုံးနှင့်အတူ ပျံသန်းသွားကြ၏။ သူတို့နှစ်ယောက်က ရှုစီကို ဖြတ်ကျော်လာသည့် အချိန်တွင် ဝမ်လင်းက သူမ၏ အပေါ်သို့ နတ်ဘုရားစိတ်အာရုံ အမျှင်လေးတစ်ခု ချန်ထားခဲ့လိုက်သည်။

ထိုနတ်ဘုရား စိတ်အာရုံသည် တစ်လကြာပြီးမှသာ အသက်ဝင်မည် ဖြစ်ပြီး အသက် ဝင်လာသည်နှင့် ရှုစီလည်း သေလိမ့်မည် ဖြစ်သည်။

ယန်ရှုံးက ဝမ်လင်းကို ဦးဆောင်ခေါ်သွားရင်း တိုးတိုးလေး ပြောလိုက်သည်။

”လင်းတောက်က မြေပုံကို ကူးယူတဲ့ အချိန်မှာ ဘိုးဘေးဖန်းလွမ်က မိသွားတယ် … ဒါ့ကြောင့် လင်းတောက်က အပြစ်ပေး ခံလိုက်ရတယ် … ပြီးတော့ မြေပုံက အခု သူမရဲ့ လက်ထဲမှာ ရှိတယ် … ဒီကိစ္စကြီးသာ ဖြစ်မလာခဲ့ရင် လင်းတောက်က ၁၀ ကျော်လောက် ဖမ်းချုပ် ခံထားရနိုင်တယ် …”

ဝမ်လင်း၏ အမူအရာက သာမန်အတိုင်းသာ ဖြစ်နေသော်လည်း သူ့စိတ်ထဲတွင် ပိုပြီး သတိ ထားလာသည်။ ယန်ရှုံးက ငါးရောင်ခြယ်ဖီးနစ် စစ်ရထား အနီးသို့ ရောက်သောအခါ ရပ်လိုက်သော်လည်း ဝမ်လင်းက သူ့ကို ဖြတ်ကျော်သွားပြီး ဘိုးဘေးဖန်းလွမ်ကို လက်နှစ်ဖက် ဆုပ်ကာဖြင့် လေးစားစွာ အရိုအသေ ပေးလိုက်သည်။

”ဝမ်လင်းက စီနီယာကို နှုတ်ဆက်ပါတယ် …”

ဘိုးဘေးဖန်းလွမ်က တိုက်ပွဲများကို ကြည့်နေသည့် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။

”ဝမ်လင်းက မင်းရဲ့နာမည် အစစ်အမှန်လား …”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ ဝမ်လင်းဆိုသည့် နာမည်သည် လူတော်တော် များများတွင် တွေ့ရတတ်သော နာမည်တစ်ခုလည်း ဖြစ်၏။ နာမည်ကို လိမ်ပြောလိုက်၍ သူမက သိသွားခဲ့လျှင် သူ၏ အခြေအနေက မကောင်းနိုင်ပေ။ ထို့ကြောင့် အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

ဘိုးဘေးဖန်းလွမ်သည် ကျင့်ကြံသူများကို ကြည့်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

”အခုအချိန်မှာ ဟိုဖန်နိုင်ငံက အရမ်းကို အန္တရာယ်ရှိနေတယ် … ရွှမ်းဝူနိုင်ငံကို ရောက်ရင်လည်း တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရဦးမယ် … ဒါ့ကြောင့် ဒီကိစ္စကို မေ့ထားလိုက်မယ် … မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး … တစ်ယောက်ယောက်က မင်းကို ပြဿနာ လာရှာရင်တောင်မှ ငါ ကာကွယ်ပေးမယ် … ဒါပေမဲ့ တစ်ကြိမ်ပဲနော် … ငါ မင်းကို ကူညီပေးပြီးတာနဲ့ ကျိုးဇီဟောင်ကို ကယ်ပေးထားတဲ့ မင်းရဲ့ကျေးဇူးတွေ မရှိတော့ဘူး…”

ဖန်းလွမ်၏စကား ဆုံးသွားသည်နှင့် ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မဲသွား၏။ အဝေးရှိ တိုက်ပွဲတစ်ခုတွင် ကြီးမားသော မီးတောင်ကြီး ၁၀ လုံးသည် စဦးစိတ်ဝိညာဉ် အဆင့် ၁၀ ယောက်၏ လက်ချက်ဖြင့် တစ်လုံးပြီးတစ်လုံး ဖောက်ခွဲပြီး ဖယ်ရှား ခံလိုက်ရသည်။ ထိုအခါ မီးလျှံ သားရဲများသည် တကွဲတပြား ထွက်ပြေးကြသော်လည်း တချို့ မီးလျှံသားရဲများသည် အပိုင်းအစများ ထိမှန်ကုန်ပြီး သေဆုံးသွားကြ၏။

ထိုအရာကို အခွင့်ကောင်းယူပြီး ကျင့်ကြံသူများသည် ဝမ်လင်းနောက်မှ လိုက်လာသော သားရဲများကို ဖောက်ထွက်ကြသည်။

ဓားပျံများသည် ဟသွားသော နေရာတစ်ခုဆီသို့ တစ်ချောင်းပြီး တစ်ချောင်း ဦးတည် လာကြသည်။ ထိုဟသွားသည့် နေရာကိုသာ ဖွင့်လိုက်နိုင်လျှင် ကျင့်ကြံသူများသည် မီးလျှံသားရဲများကို ဖောက်ထွက်နိုင်ပြီ ဖြစ်သည်။

ဖန်းလွမ်သည် တိုက်ပွဲနေရာကို စိုက်ကြည့်နေရင်းက ဖီးနစ် စစ်ရထားသည် ရုတ်တရက် ထိုနေရာသို့ တစ်ဟုန်ထိုး ပြေးထွက်သွားပြီး သားရဲများကို ဖောက်ထွက်သွား၏။ ထို့နောက် ကျင့်ကြံသူများသည် ထိုနေရာမှ ဖောက်ထွက်ကာ လွတ်မြောက် သွားကြလေသည်။

မီးလျှံသားရဲကြီး ၁၆ ကောင်သည် စဦးစိတ်ဝိညာဉ် အဆင့်များ၏ ထိန်းထားခြင်းကို ခံနေရင်းက အဆက်မပြတ် ဟိန်းဟောက်လိုက်ကြသည်။ ထို့နောက် သူတို့က လွတ်မြောက်သွားသော ကျင့်ကြံသူများကို အေးစက်စွာ ကြည့်ပြီး သူတို့၏ လက်များကို ချိတ်ဆက်လိုက်ကြရာ ထူးဆန်သော အားလှိုင်းများ ထွက်ပေါ်လာသည်။

တိုတောင်းလှသော အချိန်လေး အတွင်းတွင် သူတို့၏ နဖူးမှ ထွက်လာသော အနီရောင် ကြိုးများက မီးကွင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး နောက်တွင် သားရဲကြီး ၁၆ ကောင်၏ မျက်လုံးများထဲ၌ လေးစားချစ်ခင်သော အကြည့်များ ပေါ်လာပြီး ဝမ်းနည်းနေသည့် ဟန်ဖြင့် ဟိန်းဟောက်လိုက်ကြသည်။

သူတို့၏ ခန္ဓာကိုယ်များသည် လျင်မြန်စွာ ကျုံ့သွားပြီး အနီရင့်ရောင် စွမ်းအင်များက ထွက်ပေါ်လာကာ မီးကွင်းထဲသို့ ဝင်သွားကြ၏။

ထိုဖြစ်စဉ်သည် တစ်နာရီကျော်ကြာ၏။ ကျင့်ကြံသူ တချို့သည် ပြောင်းလဲမှုကို သတိထားမိပြီး သားရဲကြီး ၁၆ ကောင်ကို ရပ်တန့်ရန် ကြိုးစားကြ၏။ သို့သော်လည်း သူတို့က အနီးသို့ ရောက်သွားသည်နှင့် ဖျက်ဆီးခြင်းအား တစ်ခုကြောင့် ချက်ချင်း အမှုန့်များ ဖြစ်သွား၏။ ထိုမြင်ကွင်းကို မြင်တွေ့သွားပြီးနောက် မည်သူကမှ အနားသို့ မကပ်ရဲကြတော့ပေ။

တစ်နာရီကျော် ကြာပြီးနောက် သားရဲကြီး ၁၆ ကောင်၏ ခန္ဓာကိုယ်များသည် လုံးဝ ပျောက်ကွယ်သွားပြီး မီးကွင်းနှင့် ပေါင်းစပ်သွား၏။ မီးကွင်းက နည်းနည်းမျှ ကြီးမလာသော်လည်း အရောင်သည် အနီရင့်ရောင်သို့ ပြောင်းသွားခဲ့သည်။ နောက်ဆုံးတွင် မီးကွင်းသည်လည်း အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားကာ မီးပွားများ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် ဟိုဖန်နိုင်ငံ အတွင်းရှိ မီးလျှံသားရဲများ အားလုံးသည် ချက်ချင်း ဒူးထောက် လိုက်ကြပြီး ဝမ်းနည်းစွာ ဟိန်းဟောက်လိုက်ကြသည်။

ထို့နောက် သားရဲတစ်ကောင်က ရုတ်တရက် မြေပေါ်သို့ ပစ်လဲကျသွားပြီး သူ၏ ခန္ဓာကိုယ်က ဆန့်တငင်ငင် ဖြစ်လာသည်။ တစ်ယောက်ယောက်ကသာ သေချာကြည့်လျှင် သူ၏ နဖူး၌ မီးပွားလေး တစ်ခုကို တွေ့ရပေမည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ကြီးမားလာပြီး တစ်နာရီနီပါးခန့် ကြာမြင့်ပြီးနောက် သူ၏ခန္ဓာကိုယ်က ၁၀ ခန့်ထိ ရှည်သွား၏။

မကြာမီ သားရဲတစ်ကောင်ပြီးတစ်ကောင် မီးပွားများ ထိမှန် ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များသည် အဆမတန် ကြီးထားလာကြ၏။ ၂ နာရီနီးပါးခန့် ကြာပြီးနောက်တွင် ဟိုဖန်နိုင်ငံရှိ မီးလျှံသားရဲများ အားလုံးသည် ပြောင်းလဲသွားကြပြီး သူတို့၏ စွမ်းအားများကလည်း ၁၀ ဆခန့် တိုးပွားသွား၏။

ပြောင်းလဲသွားသော သားရဲများသည် လေထဲသို့ ပျံတက်ပြီး လွတ်မြောက်သွားသော ကျင့်ကြံသူများ၏ နောက်သို့ လိုက်ကြသည်။ ထို့နောက် သားရဲများသည် တစ်ကောင်ပြီး တစ်ကောင်က ကျင့်ကြံသူများ၏ နောက်သို့ လိုက်သွားကြ၏။

ထိုအခါ တိုက်ပွဲမှ ပြန်လာကြသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ၁၀ ယောက်ထဲမှ ၄ ယောက်သည် စစ်နတ်ဘုရား ဗိမာန်မှ ကျင့်ကြံသူများ ရှိရာသို့ ရောက်လာပြီး မျက်နှာ ဖြူရော်နေသော အဘိုးအို တစ်ယောက်က စစ်ရထားကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းကို ကြည့်ကာ အေးစက်စွာဖြင့် မေးလိုက်သည်။

”ဒီမီးလျှံ သားရဲတွေကို ဒီနေရာ ခေါ်လာတာ မင်းလား …”

ဝမ်လင်းက ထိုအဘိုးအိုကို စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

အဘိုးအိုက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ပြီးနောက် ကြီးမားသော လက်ကြီးတစ်ဖက်သည် ဝမ်လင်းဆီသို့ ရောက်လာသည်။ ထိုအခါ ဖန်းလွမ်၏ မျက်နှာသည် သုန်မှုန်သွားပြီး ငါးရောင်ခြယ်ဖီးနစ် စစ်ရထားကို ပုတ်လိုက်သည်။ ထိုအခါ အရောင်ငါးမျိုး ဖီးနစ်တစ်ကောင် ထွက်လာပြီး အတောင်များကို ခတ်လိုက်ရာ အရောင်ငါးမျိုးပါသော အလင်းတစ်ခု ထွက်လာသည်။

အဘိုးအိုသည် သူ၏လက်ကို ပြန်ရုပ်ပြီး ဖန်းလွမ်ကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

”ဖန်းလွမ် … မင်း ဘာလုပ်တာလဲ … ဒီကောင်က စစ်နတ်ဘုရားဗိမာန်က တပည့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလည်း ယူထားသေးတယ်… မီးလျှံ သားရဲတွေကိုလည်း ဒီနေရာကို ခေါ်လာသေးတယ် … စောစောက တိုက်ပွဲမှာ ဟိုဖန်နိုင်ငံရဲ့ ကျင့်ကြံသူ ၁၀၀၀ ကျော် သေသွားတာ မင်း သိလား …”

ဖန်းလွမ်က ဆုံးဖြတ်ထားသည့် ဟန်ဖြင့် ပြန်ပြောလိုက်သည်။

”ငါ ဒီမှာ ရှိနေသမျှ မင်း သူ့ကို သတ်လို့မရဘူး …”

ကျိုးကျင်းက ဖန်းလွမ်ကို သုန်မှုန်နေသော မျက်နှာထားဖြင့် စိုက်ကြည့်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

”ဒီကောင်က မိုင်လျန်း မဟုတ်ဘူး … ဒါ့ကြောင့် သူက ငါတို့ စစ်နတ်ဘုရားဗိမာန်က တပည့်လည်း မဟုတ်ဘူး … ဒါ့ကြောင့် သူ့ကို ဒီမှာနေခွင့် မပြုနိုင်ဘူး …”

ဖန်းလွမ်က ဝမ်လင်းဘက်ကို လှည့်ပြီး မေးလိုက်သည်။

”ဝမ်လင်း … မင်း ငါ့ရဲ့တပည့်ဖြစ်ဖို့ ဆန္ဒရှိလား …”

“ဝမ်လင်းက ဆရာ့ကို ဂါရဝပြုပါတယ် …”

ဝမ်လင်းသည် သူမကို စိတ်ထဲတွင် အလွန် ကျေးဇူးတင်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

ကျိုးကျင်းက မျက်မှောင် ကြုတ်သွားပြီး သူ၏ မျက်လုံးများက အေးစက်သွား၏။ ဖန်းလွမ်၏ ကျင့်စဉ်အဆင့်သည် သူနှင့် အတူတူသာ ရှိသော်လည်း သူ၏ကျင့်ကြံခြင်း လက်တွဲဖော် ဖြစ်သူ ယန်စန်းသည် စဦးစိတ်ဝိညာဉ် အလယ်အဆင့်သို့ ရောက်ရှိနေသည်။ စဦး စိတ်ဝိညာဉ်အဆင့် ၂ ယောက်အား ဝမ်လင်းလို လူမျိုးအတွက်နှင့် ဆန့်ကျင်ရမှာ မတန်ပေ။ ထို့ကြောင့် သူက အေးစက်စွာ ပြောလိုက်သည်။

”ဂျူနီယာ ညီမလေးဖန်းလွမ်က သူ့ကို တပည့်အဖြစ် လိုချင်နေမှတော့ ငါလည်း မတားတော့ပါဘူး … ဒါပေမဲ့ နောက်ထပ် တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာ သူ့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်လောက်နဲ့ သူက အသက်ရှင်ဖို့ သိပ်မသေချာဘူးနော် …”

ကျိုးကျင်းက ပြောပြီးသည်နှင့် အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ထွက်သွားလေသည်။

ကျန်နေသော ကျင့်ကြံသူ ၃ ယောက်မှ တစ်ယောက်သည် ဖန်းလွမ်ဆီသို့ ပျံသန်းသွားပြီး ကျန်နှစ်ယောက်ကတော့ မဲ့ပြုံးပြုံးပြီး တခြားနေရာသို့ ပျံသန်းသွား၏။ ဖန်းလွမ်ဆီသို့ ပျံသန်းလာသော သူသည် သက်လတ်ပိုင်းအရွယ် ကျောင်းတော်သား တစ်ဦးကဲ့သို့ ဟန်ပန်ရှိပြီး ကျိုးကျင်းကပင် လန့်ရသော ယန်စန်းပင် ဖြစ်သည်။

သူက ဝမ်လင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ဖန်းလွမ်ဘက်သို့ လှည့်ပြီး မေးလိုက်သည်။

”ဂျူနီယာညီမ ဖန်းလွမ် … ဘာလို့ ဒီလိုလုပ်ရတာလဲ …”

ဖန်းလွမ်က သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

”သူ့ကြောင့်သာ မဟုတ်ရင် ဟောင်အာက ပြင်ပတိုက်ပွဲ မြေပြင်မှာ သေသွားခဲ့လိမ့်မယ် … ပြီးတော့ နင်သာ ဟောင်အာကို သွားဖို့ ဆေးမထိုးရင် ဟောင်အာက ဘယ်လိုလုပ်ပြီး ပြင်ပတိုက်ပွဲ မြေပြင်လို အန္တရာယ်ရှိတဲ့ နေရာကို သွားမှာလဲ …”

သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားသည် ဝမ်လင်းကို လေးနက်သည့် အမူအရာဖြင့် ဦးညွတ်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး သူ၏ နတ်ဘုရား စိတ်အာရုံကို ဖယ်ရှားကာ ဝမ်လင်းဆီသို့ ပစ်ပေးလိုက်သည်။

”အဲ့ဒီကျောက်စိမ်းပြားက ငါလုပ်ထားတဲ့ စဦး စိတ်ဝိညာဉ်အဆင့် မှော်ရတနာပဲ… ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံကိုလည်း ဖယ်ထားပေးပြီးပြီ … မင်းရဲ့ နတ်ဘုရားစိတ်အာရုံ ထည့်လိုက်တာနဲ့ လာမယ့် တိုက်ပွဲတွေမှာ ကျောက်စိမ်းပြားကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ် …”

***

Comment

Leave a Reply

Options

not work with dark mode
Reset