Switch Mode

အခန်း (၅)

ငွေကြေးနှင့်ဂုဏ်ပကာသန

အပိုင်း (၅) ငွေကြေးနှင့်ဂုဏ်ပကာသန

ဆန်းချင်းစန်းက ထိုသို့ တွေးခဲ့သော်လည်း သူ၏ သမီးအရင်းများ ထက်ပင် ဆန်းလျန်နှင့် ပိုပြီး ရင်းနှီး ခင်မင်သူ ဖြစ်လေ သည်။

ဆန်းလျန်က သူ့ကို ထိလိုက်တော့မှ သူက ဆန်းလျန်ကို ကြည့်လိုက်မိသည်။ သူဆန်းလျန်ကို အ တော်ကြာအောင် ငေးကြည့်နေမိ ပုံရလေသည်။

“လာ ကလေး… အထဲကိုဝင်ရအောင်”

ဆန်းချင်းစန်းက ဆန်းလျန်ကို တင်းကျပ်စွာ ဖက်လိုက်ပြီး…

“မင်းရဲ့ အစ်ကိုဝမ်းကွဲတွေကို သွားကြည့်ကြမယ်”

သက်ပြင်းချရင်း ပြောလိုက် လေသည်။

ဆန်းချင်းစန်းမှာ သူ၏ တူများနှင့် သိပ်ပြီး ရင်းနှီးခြင်း မရှိသည့်တိုင် သူတို့ လူ့လောကမှ ရုတ်တရက် ထွက်ခွာသွားခြင်း အတွက်တော့ အမှန်တကယ် စိတ်မကောင်းဖြစ်နေမိလေသည်။

ဆန်းလျန်မှာ ဆန်းချင်းစန်းနှင့် ဦးလေး တော်စပ်သော်လည်း ခေတ်ပေါ် ကမ္ဘာတွင်တော့ သူက ဦးလေး ရှိခဲ့သူ မဟုတ်ခဲ့။ ဆန်းလျန်ဘဝဖြင့် အသက်ရှင်ရန် ဆုံးဖြတ်ခဲ့ပြီးသည့်နောက် တကယ့် ဆန်းလျန်အစစ်၏ ခန္ဓာကိုယ်ကို ရယူ ထားရခြင်းအတွက် အပြစ်ရှိသလို မခံစားရ သော်လည်း သူက စိတ်ပိုင်းဆိုင်ရာတွင် အရွယ်ရောက်နေသူ တစ်ယောက် ဖြစ်သည့်အတွက် ပြောင်းလဲမှုကိုတော့ ချက်ချင်း လက်ခံ၍ မရပေ။

ထို့ပြင် ဆန်းချင်းစန်းမှာ ကြံ့ခိုင်သူ တစ်ယောက် ဖြစ်သောကြောင့် အားနည်းနေသည့် ဆန်းလျန်အတွက် သူ၏ ပွေ့ဖက် ခြင်းမှာ မွန်းကျပ်ပြီး စိတ်မသက်မသာ ဖြစ်စေလေသည်။

ဆန်းလျန် အသက်မရှူနိုင်တော့ဘဲ ချောင်းများ ဆိုးလာလေတော့သည်။ ဆန်းချင်းစန်း ယခုမှ သတိပြုမိပြီး သံလိုမာကျောသည့် ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်လေသည်။

“မင်းကြည့်ရတာ ပိန်သွားလိုက်တာ မင်းတောင်ပေါ်မှာ နေမကောင်းဖြစ်နေတာ ဖြစ်ရမယ်… မင်းဆီကို တစ်ခေါက်မှ လာမကြည့်မိတာ ဦးလေးအပြစ်ပါပဲ … ဦးလေးလည်း တခြား ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ”

ဆန်းချင်းစန်းက တောင်းပန်စကား ပြောလိုက်သည်။

ဆန်းလျန်ကတော့ ဘာပြန်ပြောရမှန်း မသိဖြစ်နေလေသည်။ သူအားနည်းနေသည်ကို ဖြစ်နိုင်လျှင် သူဝန်မခံချင်ပါ။ သူ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် အားပြည့်လာအောင် လုပ်ဖို့ ဆုံးဖြတ်ထားသည်။ ယခု သူ၏ဝိညာဉ်၊ ဉာဏ်စွမ်းရည်နှင့် မှတ်ဉာဏ်များမှာ မည်မျှ အားပြည့်နေကြောင်း သိနိုင်လေသည်။ ကျန်းကျော့မေလန်လို လူမျိုးနှင်ပင် ပြိုင်ပြီး ငြင်းခုံနိုင်သည့် အနေအထားတွင် ရှိနေ လေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ် အားနည်း နေခြင်းကိုတော့ အလွန်မုန်းတီး မိလေသည်။

ဆန်းချင်းစန်းနောက်မှ သူလိုက်သွားပြီးနောက် သတိပြုမိသည်က ဆန်းအိမ်တော် အတွင်းပိုင်းမှာ မည်မျှ ရိုးရှင်းသည် ဆိုသည်ကိုပင်။ ခမ်းနားကြီးကျယ်ခြင်း အလျဉ်းမရှိဘဲ သပ်သပ်ရပ်ရပ် ရှိရုံမျှသာ ဖြစ်လေသည်။ ဆန်းအိမ်တော်မှာ နန်းတော်ကြီး တစ်ဆောင်အလား ကြီးကျယ် ခမ်းနားနေမည် ဆိုလျှင်တောင်မှ ဆန်းလျန်က အထင်ကြီးမိမည် မဟုတ်ပေ။ ခေတ်ပေါ် လောကတွင် အရွယ် ရောက်ပြီးသော သူတစ်ယောက် ဖြစ်သည့် ဆန်းလျန်မှာ သူ့ဟာနှင့် သူတော့ အတွေ့အကြုံများသူ ဖြစ်လေသည်။

ဆန်းလျန်၏ တည်ငြိမ်မှုကို ဆန်းချင်းစန်းက သတိမထားမိဘဲ မနေနိုင်။ ဆန်းလျန်သည် ပတ်ဝန်းကျင်ကို ယောက်ယက်ခတ်အောင် လိုက်ကြည့်နေခြင်း မရှိဘဲ ဆန်းချင်းစန်းနောက်မှ ဣန္ဒြေရရနှင့်လိုက်ပါလာလေသည်။

ဆန်းလျန် ဤမျှလောက် တည်ငြိမ်နေသည်ကို ဆန်းချင်းစန်းမှာ မလေးစားဘဲ မနေနိုင်။ တာအိုကျင့်စဉ်ကို လေ့ကျင့်နေသည့်အတွက် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။ သို့သော် သူ့အသက် အရွယ်လောက်နှင့် ယခုလောက် တည်ငြိမ်သည့်အဆင့် ရောက်နေသည်ကတော့ ရှာမှရှားပင် ဖြစ်လေသည်။

“အဘိုးကြီးရဲ့ အရူးထတဲ့ အကြံက နောက်ဆုံးတော့ အကြံကောင်း ဖြစ်သွားတယ်”

သူက တွေးလိုက်မိသည်။

ဆန်းလျန်နှင့် ဆန်းချင်းစန်းတို့ ခန်းမကြီးအတိုင်း လမ်းလျှောက်လာကြသည်။ သူတို့ကို ဆံပင်များ တစ်ခေါင်းလုံး ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးက အကြည့်ဖြင့် နှုတ်ဆက်လိုက်သည်။ အဖိုးအိုမှာ ထက်မြက်သည့် ပုံသဏ္ဌာန်ရှိပြီး နွမ်းလျနေသည့်ပုံ လုံးဝမပေါက်ပေ။ ဆန်းလျန်၏ အဘွားဖြစ်သူ ဆန်းသခင်ကြီး၏ ဇနီး ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်လေသည်။ ဆန်းသခင်ကြီး၏ ပုံစံမှာ အာဏာ ရှိမှုတွင် အထီးကျန်မှုများ ထပ်လောင်း ထားသလို ဖြစ်နေလေသည်။

ဆန်းလျန်မှာ ဆန်းသခင်ကြီး၏ တည်ကြည် သမာဓိ ရှိမှုကို လေးစားမိသည်။ မြေးနှစ်ယောက် လုံးကို ဆုံးရှုံးထားသည့်တိုင် ဝမ်းနည်း ပူဆွေးနေသော အမူအရာ လုံးဝမရှိ။ ကျောက်သားလို မာကျော သော နှလုံးသားပိုင်ရှင် ဖြစ်လေသည်။

ဆန်းလျန်မှာ သူ၏မိခင်နှင့် ရုပ်ချင်း ဆင်သောကြောင့်လား မသိ…

ဆန်းသခင်ကြီးမှာ ခန်းမထဲတွင် ဆန်းလျန်ကို တွေ့သည့်အခါ အနည်းငယ် သက်သောင့်သက်သာ ရှိသည့်ပုံ ဖြစ်နေလေသည်။

“ဒီကလေးက သူ့အမေနဲ့ သိပ်တူတာပဲကိုး”

ဟု ဆန်းသခင်ကြီးက မှတ်ချက် ပြုလိုက်သည်။

ဆန်းသခင်ကြီးကို ဦးညွတ် အရိုအသေ ပေးပြီးနောက် ဆန်းလျန်က ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။ ဆန်းသခင်ကြီး၏ ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ ဆန်းလျန်၏ ဦးလေးအကြီး ဖြစ်သူ ဆန်းချင်းရှိ ဖြစ်လေသည်။ ဆန်းချင်းရှိ၏ မျက်နှာတစ်ခုလုံးမှာ ဝမ်းနည်း ပူဆွေးမှုများဖြင့် ပြည့်နှက် နေလေသည်။ သူ၏ မျက်လုံး များမှာ နီရဲနေပြီး သူ၏ ပုံစံမှာ အလွန်ပင် အားနည်းသည့် ပုံပေါက်နေရာ ဆန်းလျန်မှာ သူ့ထက်ပင် အား နည်းနေသည်လား ဟုပင် ထင်မှားမိသည်အထိ ဖြစ်ရလေသည်။ ဆန်းချင်းရှိမှာ ကောင်းစွာ အနားယူ ရသည့်ပုံ မပေါ်သေးပေ။

ဆန်းချင်းရှိ၏ ဘေးတွင်တော့ လှပသည့် အမျိုးသမီးတစ်ဦး ရပ်နေလေသည်။ နှုတ်ခမ်း ပါးများကို တင်းတင်းစေ့ထားသော သူမ၏ ပုံစံမှာ သဘောထားသေးသည့် ပုံပေါက်သည်ဟု ဆန်းလျန် တွေးလိုက်မိသည်။ ထိုအမျိုးသမီးက ဆန်းလျန်ကို အထင်မကြီး အရေး မစိုက်သည့်ပုံနှင့် ရပ်နေလေသည်။ သူမသည် ဆန်းချင်းရှိ၏ ဇနီးဖြစ်သူ ဆန်းလျန်၏အဒေါ်  ရွှီသခင်မပင် ဖြစ်လေသည်။

သူမကို ကြည့်ရသည်မှာ ဝမ်းနည်းသည့်ပုံတော့ သိပ်မပေါက်ပေ။ အဘယ်ကြောင့်ဆိုသော် ဆုံးပါးသွားသည့် ဆန်းလျန်၏ အစ်ကိုဝမ်းကွဲ နှစ်ယောက်မှာ သူမ၏ သားအရင်းများ မဟုတ်သော ကြောင့်ပင်။

ခန်းမ၏ တစ်ဖက်တွင်တော့ သားအမိနှစ်ယောက် ရပ်နေကြလေသည်။ အမေဖြစ်သူမှာ အသက် အရွယ် ကြီးရင့်ပုံရပြီး ရိုးရှင်းစွာပင် ဝတ်ဆင်ထားသည်။ သူမ၏ မျက်ခုံးမွေးများမှာ ပါးလျားပြီး သူမပုံစံမှာ မိခင်တစ်ယောက်နှင့် တူလေသည်။ သူမ၏ မျက်လုံးထောင့်တွင် အရေးအကြောင်းလေး များရှိနေပြီး သက်ကြီးပိုင်း အမျိုးသမီး တစ်ယောက်၏ ရင့်ကျက်မှုကို တွေ့ရလေသည်။

သူမက မိန်းကလေးတစ်ယောက်၏ လက်ကို ကိုင်ထားသည်။ မိန်းကလေးမှာ ဆန်းလျန်ထက် အသက် အနည်းငယ် ကြီးပုံရသည်။ သူမက ရိုးရှင်းသည့် အစိမ်းနုရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။ ပွင့်လုဆဲဆဲ ကြာပန်းလေးကဲ့သို့ မိန်းမပျို၏ ပုံစံမှာ လန်းဆန်းပြီး ဆွဲဆောင်မှုရှိနေလေသည်။ သူမကို မြင်လိုက်သည်နှင့် ဆန်းလျန် ဒိတ်ခနဲ ရင်ခုန်သွားမိ သည်။ မိန်းမလှလေးတွေ အများကြီးကို မြင်ဖူး ခဲ့ပါသော်လည်း ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျို၏ ပုံစံလေးမှာ သူ့ကို ဖမ်းစားထား လေတော့သည်။

ခေတ်ပေါ် လောကတွင် လှပသော မိန်းကလေး အများစုမှာ ခွဲစိတ် ပြုပြင်ထားသည့် သူများဖြစ် လေသည်။

နှိုင်းယှဉ် ကြည့်ရလျှင် မိန်းကလေး၏ ပုံစံမှာ အရမ်း ထက်မြက်လှပသည့် ပုံစံမရှိသလို လက်ရှိ ခေတ် မိန်းကလေးများကဲ့သို့ ကြွေရုပ်လေးလို ပြည့်စုံစွာ လှပနေသည့် ပုံစံလည်း မရှိပေ။ သို့သော် သူမကို မြင်ရသည်မှာ လတ်ဆတ်သော လေပြေလေးကို ရှူရှိုက် လိုက်ရသလို ခံစား လိုက်ရလေသည်။ ချမ်းသာ ကြွယ်ဝသည့် မိသားစုတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည့်အတွက် သူမတွင် ဖြူစင်သော အသား အရေ ရှိလေသည်။ ခြေဆုံး ခေါင်းဆုံး ငေးကြည့်ချင်စဖွယ်ပင်။

သူမသည် ခေတ်ပေါ် မိန်းကလေးများနှင့် ကွာခြားသော်လည်း သူ့ခေတ် သူ့အခါနှင့် ဆိုလျှင် အဆင့်အတန်းမြင့်သူ တစ်ယောက် ဖြစ်လေသည်။ သူမ အသက်အရွယ်က လက်ထပ်ရမည့် အသက်အရွယ်သို့  ရောက်နေပြီ ဖြစ်သည်။ ဆန်းသခင်ကြီးကသာ ဆန်းလျန်၏ မိခင်ကို တုန်နေအောင် မချစ်ခဲ့လျှင် သူ၏မိခင်မှာလည်း အသက် ဆယ့်ခုနစ်နှစ်အထိ လက်မထပ်ဘဲ နေရမည် မဟုတ်ပေ။

ထိုသားအမိ နှစ်ယောက်မှာ ဆန်းလျန်၏ ဒုတိယအဒေါ် ချန်သခင်မနှင့် သူ၏ ဝမ်းကွဲအစ်မ ဆန်းရော့ရှီ ဖြစ်လေသည်။

နှစ်ပေါင်းများစွာ ဝေးကွာ နေကြသည့်အတွက် ဆန်းမိသားစုမှာ ဆန်းလျန်ကို မည်သို့ ဆက်ဆံ ရမှန်း မသိဖြစ်နေလေ သည်။ သူ့ကို မွေးဖွားခဲ့သည့် အခြေအနေကလည်း အကဲဆတ်သည့် အခြေအနေ ဖြစ်ခဲ့သောကြောင့် ဖြစ်လေသည်။

ဆန်းသခင်ကြီးက အဘယ်ကြောင့် ဆန်းလျန်ကို ပြန်လာရန် ခေါ်ခဲ့ရသနည်း။ သူ့တွင် အကြံ အစည် ရှိရမည်မှာ မလွဲပေ။ ဆန်းချင်းရှိမှာလည်း ဆန်းချင်းစန်းကဲ့သို့ပင် သားသမီး မရနိုင်သောကြောင့် ဆန်းအိမ်တော်တွင် အမွေဆက်ခံမည့်သူ မရှိတော့။ ဆန်းလျန်မှာ ဆန်းအိမ်တော်နှင့် ဖခင်မျိုးရိုး ဘက်မှ ပတ်သက်မှု မရှိသလို ဆန်းရော့ရှီမှာလည်း ယောက်ျားလေး မဟုတ်သောကြောင့် ဆန်းသခင်ကြီးမှာ အခက် တွေ့နေပုံ ရလေသည်။

အရွယ်ရောက်ပြီးသူ တစ်ယောက် ဖြစ်သည့် ဆန်းလျန်မှာ သူ၏ အပြုအမူများကို အထူး သတိထားနေရလေသည်။

ဆန်းသခင်ကြီးက ဆန်းလျန်အပေါ် ဂရုစိုက် ချစ်ခင်မှု သိပ်မပြပေ။ သူက အစတည်းက ခပ် တည်တည် နေတတ်သူ ဖြစ်သောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သလို သူ၏ မြေးများကို ဆုံးရှုံးထားရသည့် အတွက်လည်း ဖြစ်နိုင်လေသည်။

ဆန်းသခင်ကြီး သူ့အခန်းသို့ အနားယူရန် ပြန်သွားသည့်အခါ ဆန်းလျန်၏ အဒေါ်ဖြစ်သူ ရွှီ သခင်မက ဆန်းလျန်ကို မုန်းတီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဆန်းလျန်သာ ပြန်မလာခဲ့လျှင် ရွှီသခင်မ သဘော ကျလိမ့်မည် ဖြစ်သည်။ သူသာ ပြန်မလာ ခဲ့လျှင် ဆန်းသခင်ကြီးကလည်း သူ့ကိုများစွာ အရေး စိုက်တော့မည် မဟုတ်ပေ။

ထို့ပြင် ဆန်းလျန်၏ ဦးလေးအကြီးမှာ သားများအားလုံး ဆုံးရှုံးသွားရသည့်အတွက် သူ၏ မျိုးဆက်တွင် အမွေဆက်ခံမည့်သူ လုံးဝမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။ သူတို့ ၏ အမွေများ အားလုံးကို ဆန်းလျန်ကသာ ဆက်ခံ နိုင်ဖွယ်ရာ ရှိလေသည်။

အစေခံ တစ်ယောက်က ဆန်းလျန်ကို သူ့အခန်းဆီသို့ ခေါ်သွားသည်။ နှစ်ပေါင်း ဒီလောက်ကြာခဲ့သည့်တိုင် သူ့အခန်းမှာ အရင်အတိုင်း ရှိနေသည့်အတွက် ဆန်းလျန်မှာ အံ့သြနေမိ လေသည်။

အစေခံ တစ်ယောက်က သူ့ကို ဂျင်ဆင်း လက်ဖက်ရည် တစ်ခွက် လာပေးလေသည်။ သူက ခန္ဓကိုယ် အလေးချိန် တက်လာစေရန် သွေးပူလေ့ကျင့်ခန်း လုပ်ရန်စဉ်းစားလိုက်သည်။

ကိုယ်ခန္ဓာ အလေးချိန် တက်ရန် လေ့ကျင့်ခန်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး လှုပ်ရှားရသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမျိုး ဖြစ်လေသည်။ စက်ပစ္စည်း အလုပ်လုပ်လျှင် စက် အစိတ်အပိုင်း အားလုံး အလုပ်လုပ်သကဲ့သို့  ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း အားလုံး တစ်ချိန်တည်းမှာပင် လှုပ်ရှားရမည် ဖြစ်လေသည်။

တစ်စုံတစ်ယောက်သာ အခန်းထဲ ဝင်လာမည်ဆိုလျှင် ဆန်းလျန်လေ့ကျင့်ခန်း လုပ်နေသည်ကို တွေ့ရမည် ဖြစ်လေသည်။ သူ့လက်များက အိပ်ရာကို မြဲမြံစွာကိုင်ထားပြီး လက်မောင်းများကို ကွေးနိုင် သမျှကွေးလိုက် ဆန့်လိုက် လုပ်နေသည်။ ဝမ်းဗိုက်ကို အိပ်ရာအစွန်းနှင့် ထိသည်အထိ တွန်းကန် လိုက်သည်။ ထို့နောက် သူ့လက်မောင်းများကို ပြန်လည် ဆန့်တန်းလိုက်ပြီး ပုံမှန် အနေအထားသို့ ပြန်ရောက်သွားသည်။ ထိုလေ့ကျင့်ခန်းမှာ လူပြောများသည့် လေ့ကျင့်ခန်းတစ်ခု ဖြစ်လေသည်။

ဤလေ့ကျင့်ခန်းမှာ ခေတ်ပေါ် ကမ္ဘာတွင် ဆန်းလျန်နေခဲ့စဉ်က ကိုယ်အလေးချိန် တက်ပြီး ကြွက်သားများ သန်မာစေရန် ပြုလုပ်လေ့ရှိသည့် လေ့ကျင့်ခန်း ဖြစ်သည်။ ထိုလေ့ကျင့်ခန်း ပြီးသွားသည့် အခါတွင်တော့ နောက်ထပ် လေ့ကျင့်ခန်းတစ်ခု ထပ်လုပ်သည်။

လေ့ကျင့်ခန်း လုပ်ပြီးသွားသည့်အခါ သူ့ခန္ဓာကိုယ်မှ သွေးများ ပူနွေးလာပြီး ကိုယ်ခန္ဓာ တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ခုန သူသောက်ခဲ့သည့် ဂျင်ဆင်း လက်ဖက်ရည်၏ အစွမ်းကြောင့်ပင် ဖြစ်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset