Switch Mode

အခန်း ( ၉ )

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည် ( ၃ )

အသက်ရှူသံတိုးတိုးသဲ့သဲ့က စည်းချက်မှန်စွာ သူ့နားထဲ တိုးဝင်လာပြီး ၎င်းက အတုအယောင် မဟုတ်ကြောင်း အတည်ပြုပြီးနောက် သူ့မျက်ဝန်းများ မှေးသွားပြီး သံတုတ်ကို ခပ်ဖွဖွကလေး ဆွဲယူလိုက်သည်။ ထို့နောက် သူသည် ရွက်ဖျင်တဲကို ညင်သာစွာ ဟကာ တဖြည်းဖြည်း တိုးဝင်သွားသည်။

ရွက်ဖျင်တဲ၏အတွင်းပိုင်း၌ အလင်းဖျော့ဖျော့ရှိနေပြီး နှစ်ခြိုက်စွာ အိပ်မောကျနေသော နွားရိုင်းကြီးကို ရွှီချင်း ဝိုးတဝါး မြင်လိုက်ရသည်။ နွားရိုင်းကြီးသည် တစ်နေ့ခင်းလုံး လျှောက်ပတ်သွားခဲ့သည့်အပြင် ဒဏ်ရာပါ ရထားသည်ဖြစ်၍ သည်းမခံနိုင်လောက်အောင် မောပန်းနွမ်းနယ်သွားခဲ့သည်မှာ ထင်ရှားသည်။

ရွှီချင်း၏စိတ်နေသဘောထားက ရင့်ကျက်နေသည်ဖြစ်ပြီး ယင်းစိတ်ဓာတ်ကြောင့် နွားရိုင်းကြီးအား တစ်နေ့ခင်းလုံး အတူပူးပေါင်းခဲ့သော လူငယ်လေးက တခြားရတနာမုဆိုးများ ရှိနေသည့်ကြားမှပင် သက်စွန့်ဆံဖျားဖြင့် သူ့တဲထဲဝင်လာလိမ့်မည်ဟု သူ၏ အဆိုးဝါးဆုံး အိပ်မက်များထဲမှာပင် မကြုံတွေ့ဖူးလောက်အောင် ဖြစ်သွားစေခဲ့သည်။

သို့ဖြစ်၍ သူ့ရွက်ဖျင်တဲထဲကို မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက် ရောက်ရှိလာသည်ကို သူ မသိချေ။

ရွှီချင်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော နွားရိုင်းကြီးအား စူးစိုက်ကြည့်လိုက်သည်။ သူ၏ သွေးအေးသော အကြည့်က နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာအလား တည်ငြိမ်နေကာ သူက ညင်သာစွာ ချဉ်းကပ်သွားလေသည်။ နောက်ဆုံး၌ ပစ်မှတ်၏ဘေးသို့ ရောက်သွားသောအခါ ရွှီချင်းက တွေဝေတွန့်ဆုတ်မနေချေ။ သူ့ညာဖက်လက်ထဲရှိ ဓားမြှောင်က အေးစိမ့်စိမ့်အလင်း ဝင်းလက်သွားကာ လုံးလုံးလျားလျား သတိမဲ့နေသော နွားရိုင်းကြီး၏ လည်ပင်းကို ပိုင်းဖြတ်သွားသည်။

သူ့ခွန်အားက ကြီးမားပြီး သူ့ရန်သူ၏ခေါင်းက ခန္ဓာကိုယ်မှ ပြတ်လုနီးပါးဖြစ်သွားသည်။

လတ်ဆတ်သော သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။

ပြင်းထန်သော နာကျင်မှုကြောင့် နွားရိုင်းကြီး၏ မျက်လုံးများ ပွင့်လာသည်။ အသက်မဲ့နေသော ရွှီချင်း၏ မျက်နှာကို မြင်သောအခါ သူသည် မယုံကြည်နိုင်ဟန်ဖြစ်သွားကာ သွေးရူးသွေးတန်း ဖြစ်လာသည်။ သူသည် ရုန်းကန်ရန် ပြင်လိုက်သည့်အခါ ရွှီချင်း၏ ဘယ်လက်က သူ့ပါးစပ်ကို ဆတ်ခနဲ ပိတ်ထားလိုက်ရာ အသံစိုးစဉ်းမျှ မထွက်လာနိုင်တော့ပေ။

သူ၏ရုန်းကန်မှုများက တစတစ ပြင်းထန်လာသည်။ သူ၏ မျက်လုံးများ ပြူးကျယ်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး အရူးအမူး လူးလွန့်နေသည်။

သို့သော်လည်း ရွှီချင်း၏ လက်က သံမဏိဖြင့် သွန်းလုပ်ထားသည့်အလား သူ့ရန်သူကို ကြောက်မက်ဖွယ် အားကြီးဖြင့် ဖိထားလေသည်။ သူက ညာခြေထောက်ကို မြှောက်ကာ နွားရိုင်းကြီး၏ ဗိုက်ပေါ် ဆောင့်နင်းလိုက်သည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် လေးညှို့အလား ဖြစ်နေကာ သူ့ခွန်အားများကို ဟန်ချက်ထိန်းညှိ၍ နွားရိုင်းကြီးကို အားပျော့လာအောင် လုပ်နေလေသည်။

သွေးများ တရစပ် ပန်းထွက်နေသည်နှင့်အမျှ နွားရိုင်းကြီးသည်လည်း ရေများထုတ်နေသော ငါးတစ်ကောင်အလား ဖြစ်နေသည်။ သူ့မျက်ဝန်းများထဲတွင် စိတ်ပျက်အားလျော့သော အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာပြီး အသနားခံနေသည့် အရိပ်အယောင်များပင် ရှိနေသည်။

သို့သော်လည်း သူမြင်နေရသည်မှာ ရွှီချင်း၏ သွေးအေးသော မျက်နှာပင် ဖြစ်သည်။ သူရုန်းကန်ရာမှ ထွက်ပေါ်လာသော အသံများသည်လည်း ပြင်ပကမ္ဘာမှ မာန်ဖီသံများနှင့် စူးစူးရှရှ ညည်းသံများအောက် တိမ်မြှုပ်ပျောက်ကွယ်သွားလေသည်။

အချိန်က နှေးကွေးစွာ လည်ပတ်နေပြီး အသက်ရှူချိန်ဆယ်ကြိမ်ကြာပြီးနောက် နွားရိုင်းကြီး၏ လှုပ်ရှားမှုများ တစတစ အားပျော့လာသည်။ နောက်ဆုံး၌ သူ့ခန္ဓာကိုယ် တုန်ရီသွားကာ မလှုပ်ရှားတော့သည့်အနေအထားသို့ ရောက်သွားသည်။ သူ့မျက်ဝန်းများသည်သာ ပွင့်နေဆဲဖြစ်ပြီး မသေခင် သူ ခံစားခဲ့ရသည့် ကြောက်လန့်တုန်လှုပ်မှုနှင့် အမျက်ဒေါသတို့ကို လှစ်ဟပြနေသည်။

ရွှီချင်းသည် ညှစ်ထားသော လက်အား ချက်ချင်း မဖြေလျော့သေးပေ။ နွားရိုင်းကြီး အမှန်တကယ် သေသွားပြီကို အတည်ပြုပြီးသောအခါမှသာ သူ့လက်များအား လွှတ်လိုက်သည်။ သူ့လက်များပေါ်ရှိ သွေးများကို ဖယ်ရှားပြီးနောက် သားရေအိတ်ရှုံ့ကို ဖွင့်လိုက်သည်။

ထို့နောက် သူသည် အိတ်ထဲတွင် ရစ်ခွေထားခဲ့သော မြွေခေါင်းအား ထုတ်ကာ မြွေခေါင်း၏ အစွယ်များကို ဂရုတစိုက် အသုံးပြု၍ နွားရိုင်းကြီး၏အသားကို ထိုးဖောက်လိုက်သည်။

ထို့နောက် အဆိပ်များ ပျံ့နှံ့သွားပြီး နွားရိုင်းကြီး၏ အလောင်းမှ အစိမ်းရောင်အမြှုပ်ကလေးများ တပွက်ပွက် ထလာပြီး တဖြည်းဖြည်း အရည်ပျော်ကျသွားလေသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် အလောင်းသည် သွေးအိုင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားကာ ရွှံ့ထဲ စိမ့်ဝင်သွားလေသည်။

ရွှီချင်းသည် ဖြစ်ပျက်နေသမျှကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထို့နောက် နွားရိုင်းကြီး ပျောက်နေသည့်ပုံစံ ဖြစ်သွားစေရန် နွားရိုင်းကြီး၏ ပစ္စည်းများအားလုံးကို ရှင်းလင်းလိုက်သည်။ ကိစ္စများအားလုံး ပြီးမှသာ ရွက်ဖျင်တဲထဲမှ သူ ထွက်ခွာလာခဲ့သည်။

လေအေးတစ်ချက်က သူ့မျက်နှာကို ပွတ်သပ်တိုက်ခတ်သွားပြီး သူ့ခန္ဓာကိုယ်မှ သွေးညှီနံ့တချို့ကို အဝေးသို့ ဆောင်ယူသွားသည်။ ရွှီချင်းသည် မှောင်မည်းနေသော ကောင်းကင်ကြီးအား မော့ကြည့်၍ လေအေးတစ်ချက် ရှူသွင်းကာ သူ့အိပ်စက်ရာအိတ်ထဲ ပြန်သွားလေသည်။

အိပ်စက်ရာအိတ်ထဲ သူ လှဲချလိုက်သည့်အခါမှသာ သူ့နှလုံးသားက ကျောက်စိုင်ကျောက်သားအလား ငြိမ်သက်သွားတော့သည်။ ယင်းမှာ လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားပြီးသောအခါ ဘေးကင်းလုံခြုမှုကို ခံစားရသည့်အာရုံတစ်ခုဖြစ်ပြီး သူ့ကို စိတ်အေးချမ်းသာစွာ အနားယူစေနိုင်တော့သည်။ သို့သော်လည်း သူ့လက်ထဲတွင်မူ သံတုတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။

ညသည် ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏။

နောက်တစ်နေ့ မနက်ခင်း၌ နေရောင်ခြည်တန်းလေးများ ကျဆင်းလာပြီး လောကကို အလင်းဆောင်သောအခါ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ ထို့နောက် သူသည် အိပ်စက်ရာအိတ်ထဲမှ လူးလဲထွက်လာပြီး နွားရိုင်းကြီး၏ ရွက်ဖျင်တဲရှိရာကို သာမန်ကာလျှံကာ ကြည့်လိုက်လေသည်။

ထိုတဒင်္ဂတွင် သူ့မျက်လုံးများ အတန်ငယ် ကျဉ်းမြောင်းသွား၏။

အမှန်တကယ်တော့ နွားရိုင်းကြီး၏ ရွက်ဖျင်တဲ ပျောက်ကွယ်သွားခဲ့လေပြီ။

သို့ဖြစ်၍ ရွှီချင်း၏နှလုံးသားတစ်ခုလုံး လေးလံလာကာ သူ့ရင်ထဲ စိုးရိမ်စိတ်များ ကြီးစိုးလာသည်။

မကြာခင် မနက်စောစောတွင် တခြားရတနာမုဆိုးများသည်လည်း သူတို့ရွက်ဖျင်တဲအသီးသီးမှ ထွက်လာကာ ထိုကိစ္စကို တွေ့ရှိသွားသည်။ သူတို့အားလုံး စဉ်းစားရကြပ်သွားပြီး ဘေးဘီဝဲယာကို သဲလွန်စများ ရှာကြည့်လိုက်သည်။

သို့သော်လည်း နွားရိုင်းကြီးမှာ အစအနရှာမရအောင် ပျောက်သွားသည်သာမက သူ့ရွက်ဖျင်တဲသည်လည်း ပျောက်သွားသည်ဖြစ်၍ မြို့ထဲတွင် ပစ္စည်းများ ရှာဖွေလိုသည့်လောဘကြောင့် ညတွင်းချင်း ထွက်ခွာသွားခြင်း ဖြစ်မည် သို့မဟုတ် အပြင်သို့ ထုတ်မပြောချင်သည့် အကြောင်းကိစ္စတစ်စုံတရာကြောင့် ထွက်သွားခြင်း ဖြစ်မည်ဟူ၍ လူအားလုံး ကောက်ချက်ချလိုက်ကြသည်။

မည်သို့ပင်ဆိုစေ တားမြစ်နယ်မြေ၌ လူတစ်ယောက် ပျောက်ကွယ်သွားနိုင်သည့် အကြောင်းကိစ္စများစွာ ရှိသည်။

ထိုအုပ်စုက ယာယီဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့သာ ဖြစ်သည်။ ထို့ပြင် နွားရိုင်းကြီးက တစ်ကိုယ်တည်းသမား ဖြစ်၍ မကြာခင် ထိုကိစ္စနှင့်ပတ်သက်၍ ရတနာမုဆိုးများ အာရုံမစိုက်ကြတော့ပေ။ လူတချို့က ရွှီချင်းကို ကြည့်လိုက်ပါသော်လည်း ထိုကိစ္စက သူနှင့် မပတ်သက်နိုင်ကြောင်း ခံစားလိုက်ကြရသည်။ ယင်းအပြင် သူတို့တွင် မည်သည့်သက်သေမျှမရှိ၍ တစ်ဖက်သတ်ယူဆချက်များကို ပယ်ဖျောက်လိုက်ကြသည်။

ခေါင်းဆောင်လဲ့ဆိုသော အဘိုးအိုသည်သာ ရွှီချင်း၏ အိပ်စက်ရာအိတ်ကို ပြန်ယူသောအခါတွင် အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ရွှီချင်းအား ကြည့်လိုက်လေသည်။ ထို့နောက် သူက တည်ငြိမ်စွာ ဆိုလိုက်၏။

“ အခု မင်း ထွက်သွားချင်နေတုံးပဲလား ”

ထိုစကားတစ်ခွန်းတွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်ဖြစ်၍ ရွှီချင်း တိတ်ဆိတ်သွားသည်။

အဘိုးအိုက တခြားမဆိုတော့ဘဲ အချိန်ရှိခိုက် အမြန်သွားကြရန် လူအားလုံးကို ခေါ်လိုက်သည်။

ရွှီချင်းသည် မူလနေရာမှာပင် ခဏကြာသည်အထိ အံ့အားသင့်စွာ ရပ်နေသည်။ သူသည် မြို့ပျက်ကြီးကို အလိုလို လှည့်ကြည့်လိုက်ပြီး အဘိုးအို၏နောက်ကျောကို ပြန်ကြည့်လိုက်သည်။ အတန်ငယ် တွေးတောပြီးနောက် သူက ရှေ့သို့ လျှောက်သွားလိုက်ပြီး သူ့ခြေလှမ်းများက ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တဖြည်းဖြည်း အသက်ဝင်လာတော့သည်။

ရတနာမုဆိုးခြောက်ယောက်နှင့် ကလေးငယ်တစ်ဦး၊ နေရောင်ခြည်အောက်တွင် သူတို့အရိပ်များက ရှည်လျားနေလေ၏။

သူတို့ခရီးစဉ်တစ်လျှောက် သက်ပြင်းချသံများနှင့် မချိတင်ကဲခံစားချက်များ လေအဝှေ့တွင် လွင့်ပျံနေသည်။

“ ဒါက နတ်ဘုရားကပ်ဘေးကြီးပဲကွ။ တစ်မြို့လုံးကို ပျက်စီးသွားတာ ”

“ ဒီလောကကြီးထဲ တားမြစ်နယ်မြေတစ်ခု ထပ်တိုးလာတာပေါ့ကွာ …”

“ ဒါက ဘာမှမထူးဆန်းသေးပါဘူး။ အရင်တုန်းက အဖြစ်အပျက်တစ်ခုကို မင်းတို့ ကြားဖူးကြလား။ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်က မြောက်ဘက်ဒေသမှာ မြို့ကြီးတစ်မြို့ရှိတယ်။ နတ်ဘုရားအကြည့်က အဲဒီမြို့ကို သက်ရောက်သွားတာ။ မြို့ကြီးတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် ပျောက်သွားတာကွာ၊ တစ်ခါမှ မြို့ကြီး မရှိခဲ့ဖူးတဲ့အတိုင်းကို ပျောက်သွားတာ ”

စကားသံများက တဖြည်းဖြည်း တိုးလာသည်။ နေရောင်ခြည်အောက်တွင် ထိုလူတစ်စုသည် ခရီးရှည်ကြီးကို လျှောက်လှမ်းနေကြပြီး လူငယ်လေးမှာမူ တိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်ကာ ဆက်လျှောက်နေသည်။

တဖြည်းဖြည်း တရွေ့ရွေ့ဖြင့် အစက်ပျောက်ကလေးကိုပင် မမြင်ရတော့သည့်တိုင်အောင် ဝေးကွာသွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset