Switch Mode

အခန်း (၁၃၄)

ဝမ်လင်းသည် စွန်းယိုချိုက်၏ နောက်ကို လိုက်စဉ်က မီးလျှံသားရဲများနှင့် ကြုံတွေ့ရသည့် အချိန်တွင် မကောင်းဆိုးဝါးက ဝမ်လင်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက် ထွက်ပြေးသွား၏။ ဝမ်လင်းက မီးတောင်မှ ထွက်လာသောအခါ နတ်ဘုရား စိတ်အာရုံကို အသုံးပြုပြီး မကောင်းဆိုးဝါး၏ နောက်သို့ လိုက်လာခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးသည် သာမန်သေမျိုး အများအပြားကို စားသုံးပြီးနောက်တွင် သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် အစွမ်းများကို ပြန်လည်ရရှိသွားပြီး အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ပင် ရောက်ရှိသွား၏။ ထို့ကြောင့် သူက ဝမ်လင်းထက် သန်မာသွားပြီဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိသည့်အတွက် ဝမ်လင်းကို တိုက်ခိုက်လာခြင်း ဖြစ်သည်။

ဝမ်လင်းက မကောင်းဆိုးဝါးကို အေးစက်စွာ ကြည့်၍ မျက်လုံးမှ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြစ်သည့် အနီရောင် လျှပ်စီးတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ အနီရောင် အလင်းတန်းက မကောင်းဆိုးဝါးကို ထိသွားသည်နှင့် မကောင်းဆိုးဝါးက နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူက ချက်ချင်း ရပ်လိုက်ပြီး နောက်သို့ ချက်ချင်း ပြန်ဆုတ်သွား၏။ သို့သော်လည်း ဝမ်လင်းက သူ့ကို အဝေးသို့ ထွက်ပြေးရန် ခွင့်မပြုချေ။ ဝမ်လင်းက ရှေ့သို့ တစ်လှမ်းတက်ပြီး ဆွဲငင်အား ပညာရပ်ဖြင့် လေထဲမှ မကောင်းဆိုးဝါးကို ဖမ်းဆုပ်လိုက်သည်။

မကောင်းဆိုးဝါးက ခွင့်လွှတ်ရန်အတွက် ဝမ်လင်းကို တောင်းပန်သော်လည်း ဝမ်လင်းက လျစ်လျူရှုကာ သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် အကြိမ်ကြိမ် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို ပစ်၍ အပြစ် ပေးလေသည်။ သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကြောင့် မကောင်းဆိုးဝါး၏ စိတ်ဝိညာဉ်က ပျက်စီးသွားတော့မည့် အချိန်ရောက်တိုင်း ဝမ်လင်းက အပြစ်ပေးခြင်းကို ရပ်တန့်လိုက်၏။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် မကောင်းဆိုးဝါးသည် အကြိမ်ကြိမ် အပြစ်ပေး ခံနေရလေသည်။ ဝမ်လင်းသည် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်မှ မီးခိုးများ ထွက်လာသည်အထိ အပြစ်နေပြီး အော်ဟစ်သံများ တိုးသွားသည့် အခါမှသာ ရပ်တန့်လိုက်၏။

ယခုအချိန်တွင် မကောင်းဆိုးဝါး၏ မျက်လုံးထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်နေပြီး ဝမ်လင်းကို သူ၏နှလုံးသားထဲမှ နက်ရှိုင်းစွာ ကြောက်လန့်သွားလေသည်။

ဝမ်လင်း၏ မျက်လုံးထဲတွင်တော့ ရက်စက်ချင်သေးသည့် အရိပ်အယောင်များ ပေါ်နေပြီး သူက မကောင်းဆိုးဝါးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“နောက်တစ်ခါ ထပ်ဖြစ်ရင် မင်း သေပြီပဲ …”

မကောင်းဆိုးဝါးသည် ကြောက်ကြောက်လန့်လန့်ဖြင့် တုန်ယင်စွာ ခေါင်းညိတ်လိုက်သည်။

ဝမ်လင်းက သိုလှော်အိတ်ကို ပုတ်ပြီး သတ္တုအပိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအခါ မကောင်းဆိုးဝါးက ဝမ်လင်း၏ အမိန့်ကိုပင် စောင့်မနေတော့ဘဲ အလိုက်တသိ သတ္တုအပိုင်းထဲသို့ ဝင်သွား၏။ အနီရောင် အလင်းတစ်ခုက ဖျတ်ခနဲ သတ္တုအပိုင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ဝမ်လင်းက သတ္တုကို သိုလှောင်အိတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။

ဝမ်လင်းသည် လူသေအလောင်းများကို ကြည့်ပြီး ခဏလောက် စဉ်းစားလိုက်သည်။ ဝမ်လင်း၏ လက်ရှိ စိတ်အခြေအနေသည် ကျောင်းနိုင်ငံသို့ မည်သို့ ပြန်ရမည်ကိုသာ တွေးတောစဉ်းစား နေလေသည်။

ကျင့်ကြံခြင်း လောကတွင် အင်အားကြီးမားသူကသာ အမြဲတမ်းအမှန် ဖြစ်သည်။ စစ်ထူနန်က သူ့ကို မိစ္ဆာလမ်းစဉ်လျှောက်ရန် ပြောသော်လည်း သူက အမြဲတမ်း ငြင်းပယ်ခဲ့သည်။ သို့သော်လည်း တစ်ခါသေပြီးသည့် နောက်တွင် မိစ္ဆာလမ်းစဉ်ကို မငြင်းပယ်တော့ချေ။

“ငါက မိစ္ဆာတစ်ကောင် ဖြစ်လာတော့ရော ဘာဖြစ်လဲ …”

သူက အေးစက်စွာ ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ လေထဲသို့ ပျံတက်သွား၏။

ဝမ်လင်းသည် ဟိုဖန်နိုင်ငံ၏ ချောင်ကျသော တောင်တစ်ခုအနီးတွင် နေရာတစ်ခုရှာပြီး သတ္တုအပိုင်းအစ တစ်ခုဖြင့် ဂူတစ်ခု ပြုလုပ်လိုက်သည်။

တစ်နာရီကြာပြီးနောက်တွင် ဂူကို ပြုလုပ်ပြီးစီးသွားကာ ဝမ်လင်းက ဂူထဲသို့ ဝင်လိုက်သည်။ သူက ကျောက်တုံး၊ ကျောက်ခဲများဖြင့် ဂူပေါက်ဝတွင် စိတ်ထွေပြား ဝင်္ကပါ အနည်းငယ်ကို နေရာ ချလိုက်၏။

အားလုံး ပြီးစီးသွားပြီးနောက် ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ် ထိုင်လိုက်ပြီး သက်လတ်ပိုင်း လူကြီးနှင့် စွန်းယိုချိုက်ထံမှ ရရှိလာသော သိုလှောင်အိတ်နှစ်ခုကို ထုတ်ယူကာ စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်များအတွင်းမှ ကျောက်စိမ်းပြား ၃ ခုကို ထုတ်ယူလိုက်သည်။

သူက ကျောက်စိမ်းပြား တစ်ပြားကို နဖူးပေါ်တွင် တင်ပြီး စစ်ကြည့်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားကို ဘေးတွင် ချထားလိုက်၏။ ထိုတံဆိပ်ပြားထဲတွင် နတ်ဆိုးမိစ္ဆာ ဂိုဏ်းမှ အဆုံးမဲ့ ကျင့်ကြံခြင်းကျင့်စဉ် နည်းစနစ်တစ်ခု ရှိနေသည်။

နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ဟိုဖန်နိုင်ငံ၏ တစ်ခုတည်းသော မိစ္ဆာဂိုဏ်း ဖြစ်ပြီး သူတို့၏ ကျင့်စဉ် နည်းစနစ်များသည် လူတစ်ယောက်ကို ကြက်သီးမွေးညင်းများ ထသွားအောင် လုပ်နိုင်သည်။ အဆုံးမဲ့ ကျင့်ကြံခြင်း နည်းစနစ်တွင် အဆင့် ၆ ဆင့် ရှိပြီး ရက်စက်မှုပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။

ကျင့်စဉ်ထဲတွင် လမ်းညွှန်ထားသည်မှာ တစ်ယောက်ယောက်ကို သတ်ပြီးသည့် နောက်တွင် သူတို့၏ နှလုံးကို သန့်စင်ရပေမည်။ ကျင့်စဉ်ကျင့်သူက သူတို့၏ နှလုံးများကို သန့်စင်ပြီးနောက် ထိုအတွေ့အကြုံကို ယူပြီး သူ၏ ကိုယ်ပိုင်နှလုံးသားကို သတ်ဖြတ်သူ တစ်ယောက်၏ နှလုံးသားအဖြစ် အသွင် ပြောင်းလဲပြီး ရက်စက်မှု လမ်းကြောင်းကို လျှောက်လှမ်းရပေမည်။ ရက်စက်မှု လမ်းကြောင်းတွင် သူ့ကိုယ်သူ နစ်မြုပ်ပြီး ရှုရာဝိညာဉ်ကို ဖြစ်ပေါ်လာစေကာ စဦးစိတ်ဝိညာဉ်နေရာတွင် အစားထိုး နိုင်ခဲ့ပါက အဆုံးမဲ့ ကျင့်ကြံခြင်း ကျင့်စဉ်နည်းစနစ်သည် ပြီးဆုံး သွားပေလိမ့်မည်။

ဤနည်းစနစ်ကို စတင် ကျင့်ကြံလိုက်သည်နှင့် အစပိုင်းတွင် တစ်နေ့ကို လူတစ်ယောက် သတ်ဖြတ်ရန် လိုသည့် တင်းကြပ်သော တားမြစ်ချက် တစ်ခုလည်း ရှိ၏။ သက်လတ်ပိုင်း လူကြီး၏ သိုလှောင်အိတ်အတွင်းမှ ဤကျောက်စိမ်းပြားကို ရခဲ့သဖြင့် သတ်လတ်ပိုင်း လူကြီးသည် ဤကျင့်စဉ်ကို လေ့ကျင့်နေသည့် လူတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။

ဝမ်လင်းက အဆုံးမဲ့ကျင့်ကြံခြင်း နည်းစနစ်ကို စိတ်ဝင်စာခြင်း မရှိပါချေ။ သို့သော်လည်း တချို့ နည်းစနစ်များကိုတော့ စိတ်ဝင်စား၏။ မိစ္ဆာကျင့်စဉ်များသည် ရက်စက်သည် ဆိုသော်လည်း အလွန် လက်တွေ့ကျပေသည်။

သူက ဒုတိယ ကျောက်စိမ်းပြားကို ယူပြီး စစ်ဆေးကြည့်လိုက်ရာ ကျောက်စိမ်းပြားထဲတွင် မြေလွတ်မြောက်ခြင်း နည်းစနစ် ရှိနေသည်။

မြေလွတ်မြောက်ခြင်း နည်းစနစ်သည် ဒြပ်စင် ၅ ခု လွတ်မြောက်ခြင်း နည်းစနစ်ထဲမှ တစ်ခု ဖြစ်ပြီး ရှေးယခင် အချိန်များက ဒြပ်စင် ၅ ခု လွတ်မြောက်ခြင်း နည်းစနစ်များသည် အလွန် ကျော်ကြားခဲ့၏။ သို့သော်လည်း ကျင့်ကြံခြင်း အဖွဲ့ကြီး ပေါ်လာပြီးနောက်တွင် ဤနည်းစနစ်များသည် အလွန်အမင်း ရှားပါးသွားလေပြီ။

ဒြပ်စင် ၅ ခု လွတ်မြောက်ခြင်း နည်းစနစ်များသည် အလွန်ကျော်ကြားပြီး ကောင်းမွန်သည့် အတွက် ဒြပ်စင် ၅ ခု လွတ်မြောက်ခြင်း နည်းစနစ်များကို ပုံတူပွား တီထွင်ကြသည်။

ဝမ်လင်း၏ လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားထဲမှ နည်းစနစ်သည် အစစ်အမှန် ဒြပ်စင် ၅ ခု လွတ်မြောက်ခြင်း နည်းစနစ်များ မဟုတ်သော်လည်း တခြား တုပထားသော နည်းစနစ်များထက် အနည်းငယ် သာလွန်သော နည်းစနစ်တစ်ခု ဖြစ်သည်။

ဝမ်လင်းသည် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို လေ့လာရင်း အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ တစ်ည ကုန်ဆုံးသွားပြီး နောက်တစ်ရက် မနက်ခင်းအချိန်သို့ ရောက်မှသာ မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အပြည့်အဝ နားလည်သွား၏။ ထို့နောက် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်ပြီး မြေကြီးကို ရိုက်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး မီတာ ၃၀ အကွာတွင် ပြန်ပေါ်လာသည်။

ဝမ်လင်းသည် ပျော်ရွှင်လွန်း၍ မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်။

”ဒီမိုင်လျန်းရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ အရင်ခန္ဓာကိုယ်ထက် အများကြီး သာတာပဲ… ဒါ့ကြောင့်လည်း မြေလွတ်မြောက်ခြင်း နည်းစနည်းကို အလွယ်တကူ သင်ယူနိုင်ခဲ့တာ … ဒါပေမဲ့ ဒီနည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ဖို့ အချိန်ပေးပြီး လေ့ကျင့်ရဦးမယ် …”

ဝမ်လင်းက စိတ်စွမ်းအင် အရည်များ ဖြည့်ထားသော သစ်သားပုံးကို ထုတ်ယူပြီး အကုန်လုံးကို မော့သောက်ကာ ကျင့်ကြံလိုက်သည်။ နာရီဝက် ကြာပြီးနောက်တွင် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို လေ့ကျင့်ခြင်းမှ ညောင်းညာမှုအားလုံး သက်သာ ပျောက်ကင်းသွား၏။

ထို့နောက် တတိယ ကျောက်စိမ်းပြားကို ကောက်ယူပြီး စစ်ဆေး ကြည့်လိုက်ရာ စွန်းယိုချိုက်၏ နေ့စဉ်မှတ်တမ်းများ မှတ်ထားသော ကျောက်စိမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျောက်စိမ်းပြားထဲတွင် စွန်းယိုချိုက်၏ နှစ်ပေါင်း ၃၀ အတွေ့အကြုံများကို မှတ်သားထား၏။

စွန်းယိုချိုက်၏ မှတ်တမ်းထဲမှ လွန်ခဲ့သော ၁၀ နှစ်အတွင်းက စွန်းယိုချိုက် သုံးစွဲခဲ့သော ဆေးများ အကြောင်းကို ဝမ်လင်း စိတ်ဝင်စားသွား၏။ ကျောက်စိမ်းပြားထဲတွင် ဆေးအမျိုးပေါင်း ၁၀ မျိုးကျော်ကို ရှင်းပြထား၏။

ထိုအထဲမှ ဆေးလုံး ၇ မျိုး၊ ၈ မျိုးခန့်က သူ လိုအပ်နေသော ဆေးများ ဖြစ်သော်လည်း သူ့ထံတွင် ရှိမနေချေ။ ထို့နောက် သိုလှောင်အိတ်ထဲမှ တခြားပစ္စည်းများကို စစ်ကြည့်လိုက်သည်။

စွန်းယိုချိုက်၏ သိုလှောင်အိတ် အတွင်းတွင် ဆေးလုံးပုလင်း အနည်းငယ်မှ လွဲ၍ မည်သည့် ရတနာပစ္စည်းမှ ရှိမနေချေ။ ယခင်ကဆိုလျှင် ဝမ်လင်းက သံသယရှိနေမည် ဖြစ်သော်လည်း စွန်းယိုချိုက်၏ နေ့စဉ်မှတ်တမ်းကို ကြည့်ပြီးနောက် စွန်းယိုချိုက်သည် ကျင့်စဉ်အဆင့် မြှင့်ရန်အတွက် သူ၏ ပစ္စည်းများ အားလုံးကို ဆေးလုံးများဖြင့် လဲလှယ်ခဲ့ကြောင်း သိသွားလေသည်။

အနက်ရောင် ဝတ်စုံဖြင့် သက်လတ်ပိုင်း လူကြီး၏ သိုလှောင်အိတ်အတွင်းတွင် အနက်ရောင် သင်္ကေတ စာလုံးတစ်လုံး ပါသော အဝါရောင် စာရွက်တစ်ရွက်ကတော့ ဝမ်လင်း၏ စိတ်အာရုံကို ဆွဲဆောင်သွား၏။

ထိုစာရွက်မျိုး တစ်ရွက်ကို ဝမ်လင်းသည် ယခင်က ပိုင်ဆိုင်ခဲ့ဖူး၏။ ထိုစာရွက်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူမှ ပြုလုပ်ထားသော အဆောင်စာရွက် ဖြစ်ပြီး ထိုကျင့်ကြံသူ၏ အင်အားပြည့် တိုက်ခိုက်မှု တစ်ခုစာ စွမ်းအားများ ပါရှိ၏။

အဆောင်စာရွက်မှလွဲလျှင် သိုလှောင်အိတ်အတွင်း၌ တန်ဖိုးရှိသည့် ပစ္စည်းများ မရှိတော့ပေ။ ဝမ်လင်းက ပစ္စည်းများ အားလုံးကို စနစ်တကျ သိမ်းလိုက်ပြီးနောက် မျက်လုံးနှစ်ခုကြားကို လက်ချောင်းဖြင့် ညွှန်လိုက်ရာ ကောင်းကင်ဘုံ ဖျက်စီးခြင်း ပုတီးစေ့က မျက်ခုံးနှစ်ခုကြားမှ ပျံသန်း ထွက်လာသည်။

ပုတီးစေ့ပေါ်တွင် မီးတောက်ဘောလုံးများ၏ ပုံများက ပျောက်ကွယ်သွားပြီး သစ်ရွက် ၅ ခု၏ ပုံက ပြန်ပေါ်နေလေပြီ။ ဝမ်လင်းက သစ်ရွက်ပုံများကို ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် စွမ်းအားအပြည့် ထုတ်သုံးနိုင်ရန်အတွက် ဒြပ်စင် ၅ ခု ပြည့်ရန် လိုအပ်ပေသည်။ ယခုအချိန်တွင် ရေဒြပ်စင်နှင့် မီးဒြပ်စင်ကို အပြည့် ဖြည့်ပေးပြီး၊ သစ်သား ဒြပ်စင်သည် တစ်ဝက် ပြည့်နေလေပြီ။ မြေဒြပ်စင်နှင့် သတ္တုဒြပ်စင်ကတော့ လုံးလုံး မဖြည့်ရသေးပေ။

ဝမ်လင်းက ပုတီးစေ့ကို ကြည့်ပြီး သူ၏ မျက်ခုံးကြားထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်ကို ခါလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်လာသည်။ ထိုကျောက်စိမ်းပြားသည် ယန်ရှုံး ပေးလိုက်သော သန့်စင်ခြင်း နည်းစနစ်များ ပါသော ကျောက်စိမ်းပြား ဖြစ်၏။

ဝမ်လင်းက ကျောက်စိမ်းပြားထဲမှ သန့်စင်ခြင်း နည်းစနစ်များအား အာရုံစိုက်ကာ လေ့လာ သင်ယူနေလေသည်။

ထိုအချိန်တွင် ဟိုဖန်နိုင်ငံရှိ မြောက်မြားလှသော မီးတောင်များသည် အနက်ရောင် မီးခိုးများကို မှုတ်ထုတ်နေလေသည်။ မှုတ်ထုတ်နေသော မီးခိုးများသည်လည်း အချိန်ကြာလာသည်အမျှ ပိုမို များပြားစွာ မှုတ်ထုတ်လာသည်။

ထိုအခြေအနေတွင် ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းသားများသည် မီးတောင်ထိပ်ဝမှ မီးလျှံသားရဲများကို သတိပြုမိသွားကြပြီး သူတို့၏ ဂိုဏ်းများဆီသို့ အလျင်အမြန် သတင်းပို့ကြ၏။

ထိုအချိန်တွင် စစ်နတ်ဘုရား ဗိမာန်ဂိုဏ်း၏ အဓိက ခန်းမကြီးထဲတွင် အမျိုးသား ၄ ယောက်နှင့် အမျိုးသမီး ၂ ယောက်က တိတ်ဆိတ်စွာဖြင့် မျက်မှောင်ကြုတ်ပြီး ထိုင်နေကြသည်။

သူတို့ထဲမှ အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။

”ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ကြလဲ …”

“စီနီယာအစ်ကိုစုန့် … ဒီမီးလျှံသားရဲတွေကို ရှေးဟောင်းမှတ်တမ်း တချို့မှာတော့ တွေ့ဖူးတယ် … မီးလျှံသားရဲတွေက စိတ်ဝိညာဉ် သားရဲတွေလို့ မှတ်တမ်းထဲမှာ ပြောထားတယ် … သူတို့တွေက စိတ်ဝိညာဉ် သားရဲတွေလို့ ဆိုပေမဲ့လည်း သူတို့ကို ထိန်းချုပ်လို့ ရမယ်လို့ ယုံကြည်တယ် … ငါတို့ ၆ ယောက်သာ လှုပ်ရှားလိုက်ရင် အဆင်ပြေသွားမှာပါ …”

ထိုစကားကို သက်လတ်ပိုင်း အရွယ်ခန့် လူကြီးက ပြောလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းနှင့်ဆုံခဲ့သော ချောမောလှပသော မိန်းမကြီးက မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုလိုက်သည်။

”မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ … ဆရာက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်နေတဲ့ အချိန်တုန်းက မီးလျှံသားရဲတွေကို တွေ့ခဲ့ဖူးတယ် … သူတို့က သဘာဝ မီးစိတ်ဝိညာဉ်တွေပဲ … ဒါ့ကြောင့် သူတို့က မီးကို အခြေခံထားတဲ့ နည်းစနစ်တွေကို မကြောက်ကြဘူး … ရေခဲအပေါ်မှာ အခြေခံထားတဲ့ နည်းစနစ်တွေကပဲ ခဏလောက် တားနိုင်လိမ့်မယ် … သူတို့ကို သတ်ဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ဆိုတာ ဖြစ်ကို မဖြစ်နိုင်တာ …”

သက်လတ်ပိုင်း လူကြီးသည် ထိုမိန်းမကြီး၏ စကားကို ကြားသော်လည်း ရှက်သည်ဟု မခံစားရပေ။ သို့သော်လည်း သူက ထိုမိန်းမကြီးကို ကြည့်ပြီး စကား ထပ်မပြောတော့ချေ။

“ဒီကိစ္စက အရမ်းပဲ ရိုးရှင်းပါတယ် … မီးစိတ်ဝိညာဉ် သားရဲတွေက မီးတောင်ထဲမှာပဲ နေကြပြီး တစ်ခါမှတောင် အပြင်မထွက်ကြဘူး … ဒါ့ကြောင့် သူတို့ကို တားဆီးထားတဲ့ သဘာဝ တားမြစ်ချက် တစ်ခု ရှိမယ်လို့ ငါထင်တယ် … ပြီးတော့ ငါတို့ဘက်ကလည်း အစီအရင်တွေကို ပိုပြီး ခိုင်မာလာအောင် လုပ်ရမယ် … ပြောနေတာကြာတယ်… အခုပဲ သွားလုပ်ကြရအောင် … ငါ အရင် သွားနှင့်ပြီ …”

ထိုစကားကို ပြောလိုက်သည့် လူသည် ချက်ချင်း ထပြီး အပြင်သို့ ထွက်သွား၏။

ထိုလူ ထွက်သွားပြီးနောက် အားလုံးက တိတ်ဆိတ်သွားသည်ကို ကြည့်ပြီး လူအိုကြီးစုန့်က ပြောလိုက်သည်။

”တခြားတွေ တွေးမနေနဲ့တော့ … ပုံမှန်အတိုင်း ငါတို့ လုပ်နေကြဖြစ်တဲ့ အစီအရင်တွေကိုပဲ ခိုင်မာအောင် သွားလုပ်ကြရအောင် …”

လိုဟဲဂိုဏ်း၊ နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် အလောင်းကောင် ဂိုဏ်းတို့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပျက်နေသည်။ ထို့နောက် ဟိုဖန်နိုင်ငံ အတွင်းရှိ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အားလုံးသည် မီးတောင်များကို အစီအရင်များဖြင့် ပိတ်ဆို့ရန် သွားနေကြ၏။

ရုတ်တရက် ဆိုသလိုပင် ဟိုဖန်နိုင်ငံအတွင်းရှိ စဦးစိတ်ဝိညာဉ် အဆင့်များသည် မီးတောင်များတွင် အစီအရင်များ ပြုလုပ်နေကြသကဲ့သို့ မီးတောင်များမှ ပျံ့နှံ့လာသည့် စိတ်စွမ်းအင် များကလည်း ပိုမို ပြင်းထန်လာသည်။

အစီအရင်များ ပိတ်ဆို့နေစဉ်တွင် မီးတောင်အဝများရှိ သားရဲများသည် ကျင့်ကြံသူများအား မတားဆီးသကဲ့သို့ တစ်ခုခုကို စောင့်ဆိုင်းနေသည့် ဟန်မျိုးဖြင့် သူတို့အား အေးစက်စွာ ကြည့်နေကြ၏။

ထိုမြင်ကွင်းသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများအား အလွန် အံ့ဩသွားစေပြီး အစီအရင်များ ပိတ်ဆို့နေစဉ်အတွင်း သူတို့၏ နှလုံးသားများသည် တဖြည်းဖြည်း လေးလံတင်းကြပ် လာသကဲ့သို့ ခံစားလာရသည်။

ဝမ်လင်းကတော့ အားလုံးကို လျစ်လျူရှုပြီး မှော်ရတနာများအား သန့်စင်သည့် နည်းစနစ်များကိုသာ လေ့လာနေလေသည်။ မီးလျှံသားရဲများသည် တစ်ရက်ရက်တွင် ထွက်လာမည်ကို ဝမ်လင်း ခန့်မှန်းမိနေသည်။ ထို့ကြောင့် လင်းတောက်နှင့် တွေ့ရမည့် ရက်ကိုပင် မစောင့်နိုင် လောက်အောင် ဖြစ်နေရသည်။

လင်းတောက်နှင့် တွေ့ရန်အတွက် လေးရက်အလိုတွင် ဝမ်လင်းက သူ၏ နတ်ဘုရား စိတ်အာရုံကို ကျောက်စိမ်းပြားအတွင်းမှ ပြန်သိမ်းယူလိုက်သည်။ သန့်စင်ခြင်း နည်းစနည်းများကို လေ့လာရသည်မှာ အလွန် ပင်ပန်းသော်လည်း သူ့မျက်နှာတွင်‌ ပျော်ရွှင်နေသည့် အမူအရာများက ပေါ်နေလေသည်။ သန့်စင်ခြင်း နည်းစနစ်များသည် အလွန်နက်နဲပြီး အချိန်တိုအတွင်း‌ တတ်ကျွမ်းသော ပညာရပ် မဟုတ်ပေ။ ဝမ်လင်းက ထိုအကြောင်းကို နားလည်သွားသည်နှင့် သူ၏စိတ်ကို ဓားပျံများ သန့်စင်ရာတွင်သာ အာရုံ စိုက်ထားလိုက်တော့၏။

ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီးနောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ် အတွင်းမှ သတ္တု အပိုင်းအစတစ်ခု ပျံသန်းထွက်လာသည်။ သတ္တု အပိုင်းအစသည် သူ၏ ခေါင်းပေါ်တွင် ပတ်ပျံနေပြီးနောက် သူ့ရှေ့တွင် ရပ်တန့်သွား၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး လက်နှစ်ဖက်ကို ကပ်လိုက်သည်။ ထို့နောက် ပြန်ခွာလိုက်ရာ လက်နှစ်ဖက်ကြားထဲတွင် စိတ်စွမ်းအင် ကြိုးလေးများ ဖြစ်ပေါ်နေ၏။ ထိုအရာသည် စစ်နတ်ဘုရား ဗိမာန်မှ သန့်စင်ခြင်းနည်းစနစ်၏ ပထမအဆင့် ဖြစ်သည်။

စစ်နတ်ဘုရားဗိမာန်မှ သန့်စင်ခြင်း နည်းစနစ်သည် တခြားနည်းစနစ်များနှင့် ကွဲပြားပြီး တစ်မျိုးတစ်ဘာသာ ကွဲထွက်နေသည်။

စစ်နတ်ဘုရား ဗိမာန်မှ သန့်စင်ခြင်း နည်းစနစ်တွင် အဆင့် ၃ ဆင့်ရှိပြီး အလွန် အရေးကြီးသော ပစ္စည်းတစ်မျိုး ဖြစ်သည့် ဓာတ်ပြု မီးပြင်းဖိုကိုလည်း လိုအပ်သေး၏။

ဓာတ်ပြု မီးပြင်းဖိုသည် အမျိုးမျိုးသော ဒြပ်စင်များကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည်။ ဓာတ်ပြု မီးပြင်းဖိုကိုသာ ဖန်တီးပြီးလျှင် ပထမအဆင့်ကို ဆောင့်ရွက်လို့ရပြီ ဖြစ်သည်။

ဝမ်လင်းက လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ လက်နှစ်ဖက်ကြားမှ စိတ်စွမ်းအင် ကြိုးများက ပိုမို များပြားလာသည်။ မကြာမီ စိတ်စွမ်းအင်များဖြင့် ပြုလုပ်ထားသော အလွှာအပြား တစ်ခုက သူ၏ လက်နှစ်ဖက်ကြားတွင် ဖြစ်ပေါ်လာသည်။

ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်စွမ်းအင် အလွှာပြားသည် လေထဲသို့ ပျံဝဲ တက်သွားလေသည်။ ဓာတ်ပြု မီးပြင်းဖိုကို ပြုလုပ်ရာတွင် စိတ်ဝိညာဉ်သားရဲ၏ ဦးခေါင်းခွံကိုလည်း လိုအပ်၏။

ထို့ကြောင့် ဝမ်လင်းက သိုလှောင်အိတ်အတွင်းမှ မြွေအသေတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုမြွေအသေသည် ပြင်ပတိုက်ပွဲ မြေပြင်တွင် သေဆုံးသွားသော ရှုဟောင်၏ သိုလှောင်အိတ်အတွင်းမှ ဖြစ်၏။

ဝမ်လင်းက မြွေခေါင်းကို ဂရုတစိုက် ဖြတ်လိုက်ပြီး အရေပြားနှင့် အသားများကို ဖယ်ထုတ်လိုက်သည်။ အားလုံး ရှင်းထုတ်ပြီးနောက် သူ၏ရှေ့တွင် ဘဲဥပုံ ဦးခေါင်းခွံတစ်ခု ကျန်ရှိ နေတော့၏။

ထို့နောက် ဝမ်လင်းက စိတ်စွမ်းအင် အလွှာပြားကို ဂရုတစိုက် ထိန်းချုပ်ပြီး ဦးခေါင်းခွံပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ ထိုအခါ အက်ကွဲသံ သေးသေးလေးတစ်ခု ထွက်ပေါ်လာပြီး ဦးခေါင်းခွံပေါ်တွင် အက်ကွဲရာများ ပေါ်လာပြီး နောက်ဆုံးတွင် တစစီ ကွဲကြေသွား၏။

တချိန်တည်းမှာပင် စိတ်စွမ်းအင် အလွှာပြားသည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။

ဝမ်လင်း၏ ဓာတ်ပြု မီးပြင်းဖို ပြုလုပ်မှုသည် ကျရှုံးသွားလေပြီ။

ဝမ်လင်းသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျရှုံးရလဒ်အတွက် စိတ်ထဲတွင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဓာတ်ပြု မီးပြင်းဖို ပြုလုပ်ခြင်းသည် အောင်မြင်နှုန်း နည်းသည်ဟုလည်း ဖော်ပြထား၏။ ဝမ်လင်း၏ စိတ်စွမ်းအင်များအပေါ် ထိန်းချုပ်မှုသည် လိုအပ်နေသေးသည် ဆိုသော်လည်း ဓာတ်ပြု မီးပြင်းဖို ပြုလုပ်ရန်အတွက် အသုံးပြုသည့် ဦးခေါင်းခွံ၏ အရည်အသွေးက ပိုပြီး အဓိက ကျလေသည်။

လောလောလတ်လတ်‌ သေဆုံးထားသည့် သားရဲ၏ ဦးခေါင်းခွံ သို့မဟုတ် စွမ်းအားကောင်းသော သားရဲတစ်ကောင်၏ ဦးခေါင်းခွံမျိုးကသာ အကောင်းဆုံး ဖြစ်သည်။ ပျက်စီးခြင်း သားရဲတစ်ကောင်း၏ ဦးခေါင်းခွံဖြစ်လျှင်တော့ ပို၍ပင် ကောင်းပေလိမ့်မည်။ အချိန်ကြာမြင့်စွာ သေဆုံးပြီး ဖြစ်သည့် ဦးခေါင်းခွံသည် အောင်မြင်ရန် အခွင့်အရေး အလွန်နည်းပါး၏။ ထို့အပြင် ဦးခေါင်းခွံသည် စိတ်ဝိညာဉ် သားရဲ၏ ဦးခေါင်းခွံ မဟုတ်ပါက အောင်မြင်နှုန်းသည် သုညဖြစ်သည်။

ဓာတ်ပြုမီးပြင်းဖို၏ အရည်အသွေးသည် အနာဂတ်တွင် သူ၏ သန့်စင်ခြင်းစွမ်းရည် အပေါ်ကိုလည်း သက်ရောက်လိမ့်မည် ဖြစ်သည်။

ဓာတ်ပြုမီးပြင်းဖို ပြုလုပ်ခြင်း ကျရှုံးသွားပြီးနောက် ဝမ်လင်းသည် အနည်းငယ် စဉ်းစားလိုက်သည်။ သူ့ထံတွင် စိတ်ဝိညာဉ် သားရဲဦးခေါင်းခွံက တစ်ခုတည်း ရှိ၏။ ယခုအချိန်တွင် တစ်ခုတည်းရှိသည့် မြွေဦးခေါင်းခွံက ကွဲကြေသွားသဖြင့် ဓာတ်ပြု မီးပြင်းဖိုကို ပြုလုပ်ရန် မဖြစ်နိုင်တော့ချေ။ ထို့နောက် ဤနည်းစနစ်ကို လက်လျှော့ပြီး ရတနာများကို သန့်စင်ရန် နောက်ထပ် နည်းစနစ်တစ်ခုကို အသုံးပြုရ ပေတော့မည်။

စဉ်းစားပြီးနောက် ဝမ်လင်းက သတ္တု အပိုင်းအစကို လက်ချောင်းဖြင့် ညွှန်လိုက်ရာ သတ္တု အပိုင်းအစက လျင်မြန်စွာ လည်သွား၏။ မကြာမီ သတ္တု အပိုင်းအစမှ သတ္တုအရည်များ ကျလာ၏။ နောက်ဆုံးတွင် သတ္တု အပိုင်းအစသည် သတ္တုရည်များ အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအခါ အထဲတွင် ရှိနေသော မကောင်းဆိုးဝါးသည် သတ္တု အပိုင်းအစ အတွင်းမှ ထွက်လာပြီး ဝမ်လင်းကို မလုံမလဲဖြင့် ကြည့်လိုက်လေသည်။

ထို့နောက် စိမ်းပြာရောင် ဓားအသေးတစ်ချောင်း၏ ပုံရိပ်က ထွက်ပေါ်လာပြီး ဝမ်လင်းကို လှည့်ပတ် ပျံသန်းနေလေသည်။ ဝမ်လင်းက စွန်းယိုချိုက်၏ စီနီယာဆီမှ ရရှိခဲ့သော အနက်ရောင် ဓားကိုလည်း ထုတ်ယူလိုက်၏။

ဝမ်လင်းက ဓားပုံရိပ်ကို လက်ဖြင့် ညွှန်လိုက်ရာ ဓားပုံရိပ်လေးက အနက်ရောင် ဓားအတွင်းသို့ ဝင်ရောက်သွားပြီး အနက်ရောင်ဓားနှင့် ပေါင်းစပ်သွား၏။ ဤ နည်းလမ်းသည် တိုက်ရိုက်အကျဆုံးနှင့် အညံ့ဆုံး သန့်စင်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။

ပေါင်းစပ်သွားပြီးနောက်တွင် ဝမ်လင်းက ဓားကို စမ်းသပ်ကြည့်လိုက်ရာ ပေါင်းစပ်ထားသော ဓားသည် ယခင်သတ္တု အပိုင်းအစထက် ပိုမြန်သော်လည်း ကျောင်းနိုင်ငံတွင် ရှိစဉ်က အခြေအနေ လောက်ထိ မမြန်သေးချေ။ သို့သော်လည်း ယခုအချိန်တွင် ဤဓားကိုသာ သူ အကောင်းဆုံး လုပ်နိုင်သေး၏။

မကောင်းဆိုးဝါးသည် ဝမ်လင်း၏ အမိန့်ကိုပင် စောင့်မနေတော့ဘဲ ဓားအတွင်းသို့ ကျိုးကျိုးနွံနွံဖြင့် ဝင်ရောက်သွားလေသည်။ ဝမ်လင်းက ဓားကိုသိမ်းကာ အချိန်ကို တွက်ကြည့် လိုက်သည်။ ထို့နောက် စိတ်စွမ်းအင်များ ပြန်လည် ပြည့်သွားစေရန် ကျင့်ကြံလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွား၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှ အဖြစ်အပျက်များကို ဝမ်လင်း မသိသေးချေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က မီးတောင်တစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ ထိုအခါ ချော်ရည်များကလည်း လေထဲသို့ ပေရာပေါင်းများစွာ လွင့်ပျံသွားပြီး ကောင်းကင်ပေါ်တွင် များပြားသော မီးခိုးများဖြင့်လည်း ပြည့်သွား၏။ ထို့နောက် အလွန်များပြားလှသော မီးလျှံသားရဲများက ချော်ရည်များနှင့် ထွက်ပေါ်လာကြသည်။

ထိုမီးလျှံ သားရဲများထဲတွင် တစ်ကောင်က တခြားသော မီးလျှံသားရဲများထက် သိသိသာသာ ကြီးမားနေလေသည်။ ထိုမီးလျှံသားရဲကြီးကို စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်က သွားရောက် တိုက်ခိုက်ခဲ့ရာ မယှဉ်နိုင်ဘဲ ဒဏ်ရာများစွာဖြင့် ပြန်ပြေးလာခဲ့ရသည်။

ကံကောင်းသည့် အချက်က ထိုသားရဲကြီးသည် သူ့နောက်ကို မလိုက်ဘဲ တခြားသော မီးတောင်များအပေါ်မှ အစီအရင်များကိုသာ သွားရောက် ဖျက်ဆီးခဲ့၏။ ထို့နောက် ဟိုဖန်နိုင်ငံရှိ မီးတောင် အများအပြားက ရုတ်တရက် ပေါက်ကွဲလာပြီး လေထဲတွင်လည်း ပြင်းထန်သော စိတ်စွမ်းအင်များဖြင့် ပြည့်သွား၏။ တစ်ယောက်ယောက်ကသာ ထိုစိတ်စွမ်းအင်များကို သုံး၍ ကျင့်ကြံလိုက်လျှင် ထိုလူသည် ကံကောင်းပါက ရူးသွားရုံလောက်သာ ဖြစ်နိုင်ပြီး ကံမကောင်းပါက သေသည်အထိ လောင်ကျွမ်းပြာကျ သွားနိုင်ပေသည်။

ထို့ကြောင့် ဟိုဖန်နိုင်ငံတစ်ခုလည်း ပရမ်းပတာ ဖြစ်သွားရသည်။ ထိုကိစ္စများမှ အကျိုးဆက်များက မီးလျှံသားရဲများအား ခုခံနိုင်စွမ်း မရှိသည့် သာမန်သေမျိုးများပေါ်တွင် အရင်ဆုံး အကျိုးသက်‌ရောက် သွား၏။ ထို့ကြောင့် သာမန်သေမျိုးများ အားလုံးသည် ဟိုဖန်နိုင်ငံမှ တခြားနိုင်ငံများသို့ ရွှေ့ပြောင်း နေခဲ့ကြသည်။

ဒုတိယကတော့ ဂိုဏ်းငယ်များနှင့် မိသားစုငယ်များ ဖြစ်သည်။ သူတို့ အားလုံးသည် အဓိကဂိုဏ်း ၄ ခု၏ အခြေအနေ စောင့်ကြည့်နေကြ၏။

ဂိုဏ်းကြီး ၄ ဂိုဏ်းမှ ကျင့်ကြံသူများ အားလုံးသည်လည်း စစ်နတ်ဘုရား ဗိမာန်တွင် တွေ့ဆုံ ဆွေးနွေးကြပြီး သူတို့အားလုံးကို ပြောင်းရွှေ့ရန် အမိန့် ပေးလိုက်ကြသည်။

သူတို့ထံတွင် အဆင့် ၄ နိုင်ငံမှ အကူအညီကို ရနိုင်သည့် အခွင့်အရေး ရှိသော်လည်း မီးလျှံ သားရဲများကို ရှင်းထုတ်နိုင်လျှင်တောင်မှ ဟိုဖန်နိုင်ငံသည် အများကြီး ထိခိုက်သွားပေလိမ့်မည်။

ဟိုဖန်နိုင်ငံသည် ရွှမ်းဝူနိုင်ငံနှင့် ထိစပ်နေပြီး ရွှမ်းဝူနိုင်ငံတွင် ဂိုဏ်းများက ရှုပ်ယှက် ခတ်လောက်အောင် များပြား၏။

ဝမ်လင်းသည် ဂူထဲမှ ထွက်လာသည့် အချိန်သည် ဂိုဏ်း ၄ ဂိုဏ်းမှ မီးလျှံ သားရဲများအား တိုက်ခိုက်ကာ တခြားနိုင်ငံသို့ ပြောင်းရွှေ့နေသည့် အချိန်ဖြစ်သည်။

နောက်ဆုံးတွင် ဂိုဏ်း ၄ ဂိုဏ်းသည် အတူပေါင်း၍ ကျင့်ကြံသူ နှစ်သောင်းကျော်ပါသည့် အုပ်စုတစ်စု ဖွဲ့လိုက်ကြသည်။ သူတို့သာ မဟုတ်ဘဲ မီးလျှံသားရဲများသည်လည်း ဟိုဖန်နိုင်ငံရှိ မီးတောင်များ အားလုံးမှ အစီအရင်များကို ဖျက်ဆီးလိုက်ရာ မီးလျှံသားရဲများသည် အကောင်ရေ တစ်သိန်းကျော်ပါသည့် မီးလျှံသားရဲ အုပ်စုကြီး ဖြစ်လာသည်။

ဝမ်လင်းသည် ဂူထဲမှ ထွက်လာသည့် အချိန်တွင် သူ၏ သူငယ်အိမ်က ကျုံ့သွား၏။ ကျင့်ကြံသူ ၇ ယောက်၊ ၈ ယောက်ခန့်ပေါ်သို့ မီးလျှံသားရဲများက ခုန်အုပ်လိုက်ပြီးနောက် ကျင့်ကြံသူများက ချက်ချင်း သေဆုံးသွားသည်ကို ဝမ်လင်း မြင်လိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset