အပူလှိုင်းတစ်ခုက မြေစာလုံးကို လျင်မြန်စွာဖြင့် ဖြတ်သွားပြီး မီးတောက် ဘောလုံးကို မြေစာလုံးအတွင်း အလွယ်တကူ ဝင်နိုင်စေရန် ပြုလုပ်ပေးသွား၏။ သို့သော်လည်း ထိုအခိုက်အတန့်လေးတွင် ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့က ပြေးထွက်လာသဖြင့် မီးတောက် ဘောလုံးသည် ရုတ်တရက် ရပ်တန့်သွားပြီး နောက်သို့ ချက်ချင်း လှည့်ပြေးလေသည်။
သို့သော်လည်း နောက်ကျသွားလေပြီ။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က သူ့လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးကို လျစ်လျူရှုပြီး မီးတောက် ဘောလုံးကို ပစ်ဆောင့်လိုက်သည်။ မီးတောက် ဘောလုံးဆီမှ ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ပုတီးစေ့၏ စုပ်ယူခြင်းမှ လွတ်မြောက်ရန်အတွက် အပြင်းအထန် ရုန်းကန် နေလေသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့မှ သစ်ရွက်ပုံများက ပျောက်ကွယ်သွားပြီး မီးတောက် ဘောလုံးပုံတစ်ခု ပေါ်လာသည်။ မကြာမီ မီးတောက် ဘောလုံးပုံများ တစ်ခုပြီးတစ်ခု ပုတီးစေ့ပေါ်တွင် ပေါ်လာလေသည်။
မီးတောက်ဘောလုံးသည် တဖြည်းဖြည်း မှိန်လာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ပေါ်တွင်လည်း မီးတောက် ဘောလုံး ၁၀ ခု ပြည့်သွားပြီး တောက်ပသော အလင်းတစ်ခုက မြေစာလုံးကို ထိုးဖောက်၍ ထွက်ပေါ် လာလေသည်။
မီးတောက်ဘောလုံး ပျောက်ကွယ်သွားသည်နှင့် မီးကွင်းနှင့် ဆက်သွယ်ထားသော အနီရောင်ကြိုးများက ပျက်စီးသွားပြီး မီးကွင်းသည်လည်း အရောင်မှိန်လာသည်။
ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မှင်တက်နေလေသည်။ သူတင်မကဘဲ မီးလျှံသားရဲများ အားလုံးလည်း မှင်တက်နေ၏။ သူတို့အားလုံးသည် ဘာလုပ်ရမှန်း မသိတော့ သကဲ့သို့ ဂူထဲတွင် မတ်တတ်ရပ်ပြီး မှင်တက်နေသည်။
ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် ဝမ်လင်း၏ မျက်ခုံးအလယ်သို့ လျင်မြန်စွာ ပြန်ဝင်သွား၏။ ဝမ်လင်းသည် အခြေအနေ မကောင်းတော့မှန်း ခန့်မှန်းမိသဖြင့် ပုတီးစေ့ကို စစ်ဆေး မနေတော့ဘဲ ဆွဲငင်အား နည်းစနစ်ဖြင့် မြေစာလုံးကို သယ်ယူ၍ လိုဏ်ခေါင်းတစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။
အဖြစ်အပျက်သည် အလွန်တိုတောင်း လှသည့် အချိန်လေးထဲတွင် ဖြစ်ပျက် သွားသဖြင့် ဝမ်လင်း ထွက်ပြေးသွားမှသာ မီးလျှံသားရဲများ အားလုံး သတိပြန်ဝင်လာ၏။ မီးလျှံသားရဲကြီး ၁၆ ကောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လိုဏ်ခေါင်းထဲသို့ တိုးဝင်ကာ ဝမ်လင်းနောက်သို့ လိုက်သွားကြသည်။
ဝမ်လင်းနောက်တွင် မီးလျှံသားရဲ တစ်သောင်းကျော်က ကျယ်လောင်စွာ အော်ဟစ်ရင်း လိုက်ပါလာသည်။
ဝမ်လင်း ပိတ်မိနေသော မြေစာလုံးကြီးသည် ချော်ရည်များကို ဖြတ်ကျော်ပြီး သွားနေသည်။ တိတိကျကျ ပြောရလျှင် ဝမ်လင်းက ချော်ရည် စီးကြောင်းကို ဆန်တက်နေရခြင်းဖြစ်သည်။ ထို့ကြောင့် မြန်ဆန်စွာ မပြေးနိုင်ပေ။
သို့သော်လည်း မီးလျှံသားရဲ များကတော့ ချော်ရည်ထဲတွင် ကြီးပြင်းခဲ့သောကြောင့် အပူထဲတွင် လျင်မြန်စွာ သွားလာ လှုပ်ရှားနိုင်ကြ၏။
မီးတောက်ဘောလုံးသည် မည်သည့်အရာ ဖြစ်ကြောင်း ဝမ်လင်း မသိသော်လည်း ထိုအရာက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ မီးဒြပ်စင်ကို အပြည့်အဝ ဖြည့်ပေးနိုင်သောကြောင့် အလွန် အံ့အားသင့်ရသည်။ ထို့အပြင် မီးလျှံသားရဲများက ထိုမီးတောက် ဘောလုံးကို အလွန် လေးစားကြသဖြင့် မီးတောက်ဘောလုံးသည် သူတို့အတွက် အလွန် အရေးကြီးသည့် အရာတစ်ခုဖြစ်မှာ အသေအချာပင်။
ဝမ်လင်း၏ ခန့်မှန်းချက် မမှားပေ။ မီးလျှံသားရဲများသည် ချော်ရည်ထဲတွင် မွေးဖွားလာကြသည်။ သူတို့ကို ကျင့်ကြံခြင်း အဖွဲ့ကြီးမှ မီးစိတ်ဝိညာဉ် သားရဲဟု ခေါ်ကြ၏။ ထိုမီးတောက် ဘောလုံးသည် မွေးဖွားလာချိန်မှ စ၍ အသိဉာဏ်ပါလာပြီး ဟိုဖန်နိုင်ငံ၏ မီးတောင်ချော်ရည် အောက်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သဖြင့် သူ၏ကျင့်စဉ်သည် အလွန် မြင့်နေလေပြီ။
နှစ်ပေါင်းများစွာအတွင်း မီးတောက် ဘောလုံးသည် ၅ ကြိမ် အသွင်ပြောင်းပြီး ဖြစ်သည်။ ၉ ကြိမ် အသွင်ပြောင်းပြီး သွားလျှင် စိတ်ဝိညာဉ်သားရဲမှ ပျက်စီးခြင်းသားရဲ အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ သို့သော်လည်း တစ်ကြိမ် အသွင်ပြောင်းပြီး တိုင်းတွင် နှစ်ပေါင်း ၅၀၀ အတွင်း စိတ်စွမ်းအင် အသုံးပြု၍ မရနိုင်သည့် အခြေအနေအထိ အားနည်းသွား၏။
ထို့ကြောင့် သူ့ကိုသူ ကာကွယ်ရန်အတွက် အသွင်ပြောင်းချိန် ရောက်ခါနီးတိုင်း သူ၏ စိတ်စွမ်းအင်များဖြင့် နောက်မျိုးဆက်များကို ကြီးထွားနှုန်း မြန်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် အသွင်တစ်ခါ ပြောင်းပြီးတိုင်းတွင် သူ၏ အားနည်းသည့် အချိန်ကာလကို လျှော့ချရန်အတွက် ကျင့်ကြံသူများကို ဝါးမျိုသည့် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့သည်။
ထိုသို့ အချိန်ကို လျှော့ချရာတွင် ကျင့်ကြံသူ အများအပြားကို ဝါးမျိုရန် မလိုအပ်ပေ။ ထို့ကြောင့် သူက မီးတောင်များ အနီးသို့ ရောက်လာသော ကျင့်ကြံသူများကိုသာ မီးတောင်အတွင်းသို့ ဖမ်းခေါ်ပြီး စားသုံးခဲ့၏။
ကျင့်ကြံသူများကို စိတ်ဝိညာဉ်သားရဲများ၏ အန္တရာယ် ဖြစ်စေခြင်းမှ ကာကွယ်ရန် ကျင့်ကြံသူ အားလုံးကို မြေစာများဖြင့် ပိတ်လှောင်ပြီး ခေါ်လာခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ မီးစိတ်ဝိညာဉ်က သူတို့ကို အစားအသောက်အဖြစ် ပျော်ရွှင်စွာ စားသုံးပါတော့သည်။
သို့သော်လည်း ယခုတော့ အားနည်းနေသည့် မီးစိတ်ဝိညာဉ်သည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ စားသုံးခြင်းကို ပြန်ခံလိုက်ရသည်။
မီးစိတ်ဝိညာဉ် ပျောက်ကွယ် သွားသည်နှင့် မီးလျှံသားရဲများ အားလုံးသည်လည်း အလွန် ဒေါသ ထွက်သွားကြသည်။
သူတို့၏ နှလုံးသားထဲတွင် မီးစိတ်ဝိညာဉ်သည် သူတို့၏ ဘုရင်တစ်ပါး ဖြစ်ရုံမကဘဲ သူတို့၏ အဖေဖြစ်သည် ဆိုလည်း မမှားပေ။
သူတို့၏ အဖေသည် သူတို့၏ အရှေ့တွင် အသတ်ခံရပါက ဒေါသမဖြစ်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။
သူတို့သည် တဖြည်းဖြည်း ဝမ်လင်းနှင့် နီးကပ်လာသည်။ ရှေ့ဆုံးမှ မီးလျှံသားရဲကြီး ၁၆ ကောင်သည် ပါးစပ်ကို ဟပြီး အဖြူရောင် မီးတောက်များကို မှုတ်ထုတ်လိုက်ကြ၏။
ဝမ်လင်းရှိနေသည့် မြေစာလုံးကို မီးတောက်တစ်ခု ထိမှန်သွားတိုင်း မြေစာလုံးက ချက်ချင်း အရွယ်အစား တစ်ခုအထိ ကျုံ့သွား၏။
သူ၏ မြေစာလုံးကို မီးတောက်ဖြူများ ထိမိသည့် နေရာတိုင်းတွင် ဝမ်လင်း၏ သွေးများက ပြန့်ကျဲနေသည်။ သူက နတ်ဘုရား စိတ်အာရုံဖြင့် မီးတောက်ဖြူ အများစုကိုသာ တားဆီးထားနိုင်၏။ မီးတောက်ဖြူများ ထိမှန်သွားသည့် အခါတိုင်း ဝမ်လင်းသည် အံကြိတ်ပြီး ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ပိုမို အားစိုက်သုံးစွဲကာ ထွက်ပြေးလေသည်။
မီးလျှံသားရဲများသည် သူတို့၏ လမ်းကြောင်းတွင် ရှိသည့် အရာအားလုံးကို ဖျက်ဆီးပြီး ဝမ်လင်း၏ နောက်သို့ လိုက်လာနေကြသည်။
သူတို့သည် နီးကပ်သည်ထက် နီးကပ်လာပြီး မီးလျှံသားရဲကြီး ၈ ကောင်သည် မီးတောက်ဖြူများကို အတူတကွ မှုတ်ထုတ်လိုက်သည်။ မီးတောက်ဖြူ တစ်ခုက မြေစာလုံးကို ထိမှန်သွားသည့် အချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ဝမ်လင်းသည် သူ၏ ခန္ဓာကိုယ် ပတ်လည်ကို နတ်ဘုရား စိတ်အာရုံဖြင့် ကာကွယ်လိုက်ကာ ပြင်းထန် လွန်းလှသော အပူကို တောင့်ခံပြီး အပြင်သို့ တစ်ဟုန်ထိုး ပြေးထွက်လိုက်သည်။
ဝမ်လင်းသည် အပြင်သို့ ရောက်လာသည်နှင့် အနည်းငယ် တန့်သွားပြီး သိုလှောင်အိတ် အတွင်းမှ သတ္တုအပိုင်းအစ တစ်ခုကို ထုတ်ယူလိုက်သည်။ သတ္တုအပိုင်းအစသည် ဝမ်လင်း၏ ခြေထောက်အောက်သို့ ပျံသန်းသွားပြီး သက်တန့်ကဲ့သို့ ပုံစံပြောင်းသွားကာ ဝမ်လင်းကို မီးတောင်ထိပ်ဝမှ သယ်ဆောင်သွား၏။
အပြင်ဘက်မှ ကြည့်လျှင် အဝတ်အစားများ အားလုံးနီးပါး မီးလောင်ကျွမ်းနေသော အနက်ရောင် ပုံရိပ်တစ်ခုသည် မီးတောင်ထိပ်ဝမှ တစ်ဟုန်ထိုး ထွက်ပေါ် လာသည်ကို မြင်ရလိမ့်မည် ဖြစ်သည်။
သူ၏နောက်မှ လိုက်လာသော သားရဲကြီး ၁၆ ကောင်သည် မီးတောင်ထိပ်ဝတွင် ရပ်ပြီး ခံပြင်းသည့် အမူအရာဖြင့် ဟိန်းဟောက် လိုက်ကြသည်။ သူတို့၏ ပုံစံသည် အပြင်ထွက်ပြီး ဝမ်လင်းနောက်သို့ မလိုက်ရဲသည့် ပုံစံမျိုး ဖြစ်သည်။
ထိုအခါမှ ဝမ်လင်းသည် စိတ်သက်သာရာ ရသွား၏။ ထိုအချိန်တွင် ရုတ်တရက် သူ၏ ဦးရေပြားက ထုံသွားသည်။ ဝမ်လင်းက အောက်သို့ ငုံ့ကြည့်လိုက်ရာ သားရဲ ၁၆ ကောင်က သူတို့၏ သုံးပွင့်ဆိုင် မျက်လုံးများဖြင့် သူ့အား မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးထဲတွင် ဝမ်လင်း တစ်ယောက်သာ ရှိနေလေသည်။
မီးလျှံ သားရဲတိုင်းသည် သူ၏နတ်ဘုရား စိတ်အာရုံကို တားဆီးနိုင်ကြသည်။ ထိုအချက်မှာ မဖြစ်သင့်သော်လည်း သူတို့သာ တကယ် တားဆီးနိုင်လျှင် မီးလျှံသားရဲများ၌ ဝိညာဉ် သို့မဟုတ် နတ်ဘုရားစိတ်အာရုံ မရှိနိုင်ဆိုသည့် အကြောင်းပြချက်က ရလဒ်အနေဖြင့် ထွက်လာပေလိမ့်မည်။
ဝမ်လင်းသည် အောက်မှ သုံးပွင့်ဆိုင် မျက်လုံးများစွာကို ကြည့်ပြီး သူ၏မျက်နှာက သုန်မှုန်သွားကာ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွား၏။ ဖြတ်သန်းလာသည် လမ်းတစ်လျှောက်ရှိ မီးတောင်ထိပ်ဝများ အားလုံးတွင် မီးလျှံသားရဲများ ရှိနေကြပြီး အမိန့်တစ်ခုကို စောင့်ဆိုင်း နေကြသည့် ဟန်ဖြင့် ဝမ်လင်းကို အေးစက်စွာ ကြည့်နေခဲ့ကြသည်။
ဝမ်လင်း၏ ဦးရေပြားသည် ထုံနေသေးသကဲ့သို့ ခံစားနေရသဖြင့် နားထင်ကို ပွတ်ပြီး စဉ်းစားလိုက်သည်။ သူသည် မြေပုံကို မြန်နိုင်သမျှ မြန်မြန်ယူပြီး ဟိုဖန်နိုင်ငံမှ ထွက်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ထိုအကြောင်းကို စဉ်းစားပြီးသည်နှင့် လေထဲတွင် ရပ်တန့်လိုက်ပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ အနည်းငယ် ထောက်လှမ်း စစ်ဆေးပြီးနောက် ဝမ်လင်းသည် မြောက်အရပ်သို့ ပျံသန်း ထွက်ခွာသွား၏။
သူက လမ်းတစ်လျှောက်ရှိ မီးတောင်များကို မကြည့်သော်လည်း မီးတောင်ထိပ်ဝ များတွင် သူ့ကို အေးစက်သည့် အကြည့်များနှင့် ကြည့်နေသည့် မျက်လုံးများ ရှိနေသည် ကိုတော့ ခံစားနေရသေး၏။
ထိုအချိန်တွင် ဟိုဖန်းနိုင်ငံ အတွင်းရှိ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ အားလုံးသည် တံခါးပိတ် ကျင့်ကြံနေခြင်းမှ ထွက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဟိုဖန်နိုင်ငံ အတွင်းတွင် အဖျက်အဆီး စွမ်းအင်လှိုင်းများက စတင်အရှိန်ယူပြီး အစပျိုးနေသည်ကို ရှင်းလင်းစွာ ခံစားမိသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ အဖြစ်မျိုးသည် ယခင်ကလည်း မကြာခဏ ဖြစ်ပျက်ခဲ့ဖူး၏။ ဤအဖြစ်သည် မီးတောင် ပေါက်ကွဲတော့မည် ဖြစ်ကြောင်း လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့ မီးတောင် ပေါက်ကွဲတော့မည့် အခါတိုင်း ဟိုဖန်နိုင်ငံ အတွင်းရှိ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများသည် မီးတောင်ပေါက်ကွဲခြင်းမှ ကာကွယ်ရန် မီးတောင်များကို အစီအရင်များဖြင့် သွားရောက် ချိပ်ပိတ် ကြရသည်။
မီးတောင်များသာ ပေါက်ကွဲခဲ့လျှင် ဟိုဖန်နိုင်ငံသည် ကပ်ဘေးကြီး ကျသွားပေလိမ့်မည်။ သေမျိုးများသည်လည်း တခြားတိုင်းပြည်သို့ ပြောင်းပြေး ကြပေလိမ့်မည်။
သာမန် သေမျိုးများသည် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ပုရွတ်ဆိတ် တစ်ကောင်ထက် မပိုသော်လည်း တပည့်များ ရွေးချယ်ရာတွင် သာမန်သေမျိုးများ ထဲမှသာ ရွေးချယ် ကြရသည်။
သာမန် သေမျိုးများသည် တခြားနိုင်ငံများသို့ ပြောင်းပြေးနိုင်သော်လည်း ကျင့်ကြံသူများ ကတော့ ပြောင်းလို့ မရချေ။ အဘယ်ကြောင့်ဆိုသော် ဟိုဖန်နိုင်ငံအတွင်းမှ ကျင့်ကြံသူ အင်အားစုကြီးကသာ တခြားနိုင်ငံသို့ ရွေ့လာပါက တခြားနိုင်ငံမှ ကျင့်ကြံသူများနှင့် စစ်ပွဲဖြစ်မှာ အသေအချာ ဖြစ်သည်။ ကျင့်ကြံခြင်း လောကတွင် နိုင်ငံတစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့ခြင်းသည် မလုပ်အပ်သော အရာတစ်ခု ဖြစ်သည်။ ပြောင်းရွေ့ခြင်းသည် နိုင်ငံအတွင်းရှိ စိတ်စွမ်းအင် ပမာဏကို လျှော့ကျစေပြီး ဂိုဏ်းများကြားတွင်လည်း ပြဿနာများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
ဆုဇခုဂြိုလ်ပေါ်တွင် ကျင့်ကြံခြင်းနိုင်ငံများသည် အရေအတွက်အားဖြင့် တစ်သမတ်တည်း ရှိနေသည်။ ဟိုဖန်နိုင်ငံ အတွင်းရှိ မီးတောင်များသာ ပေါက်ကွဲခဲ့လျှင် မီးတောင်များမှ ပြင်းထန်သော မီးဒြပ်စင် စိတ်စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပေလိမ့်မည်။ ထိုပြင်းထန်သော မီးဒြပ်စင် စိတ်စွမ်းအင်များသည် ကျင့်ကြံခြင်းတွင် အသုံးပြုရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မီးတောင်များသာ ပေါက်ကွဲသွားလျှင် ဟိုဖန်နိုင်ငံတွင် ကျင့်ကြံသူများ နှစ်ပေါင်းများစွာ ကြာသည့် တိုင်အောင် အသက်ရှင် နေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကံကောင်းစွာဖြင့် ထိုကဲ့သို့ အဖြစ်မျိုး တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။ မီးတောင်များ ပေါက်ကွဲခါနီးတိုင်း ကျင့်ကြံသူများက အစီအရင်များဖြင့် ပိတ်ပင် တားဆီးလိုက်ကြသဖြင့် မည်သည့် ပြဿနာမှ ဖြစ်ပေါ်မလာခဲ့ပေ။ အကယ်၍ မီးတောင်များ ပေါက်ကွဲလာခဲ့လျှင် တောင်မှ အစီအရင်များ တားဆီးထားခြင်းကြောင့် မီးတောင်ပေါက်ကွဲမှုမှ အကျိုး သက်ရောက်မှုသည် တစ်နိုင်ငံလုံး မပျံ့နှံ့ နိုင်တော့ဘဲ မီးတောင်များ ပတ်ဝန်းကျင် အနည်းငယ်လောက်သာ သက်ရောက်တော့မည် ဖြစ်သည်။
၃နာရီ ကြာပြီးနောက် ဝမ်လင်းသည် အဓိကလမ်းမကြီး တစ်ခု၏ အထက်တွင် ရပ်တန့်လိုက်သည်။ သူ၏မျက်နှာသည် မဲမှောင်သုန်မှုန် နေသော်လည်း အဓိက လမ်းမကြီးပေါ်မှ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသောအခါ မျက်နှာက အရောင်ပြောင်း သွား၏။
လမ်းမထက်တွင် အလောင်းများက ဒါဇင် အနည်းငယ်ခန့် ရှိနေပြီး မြင်းလှည်းအိမ်များ၏ ဘေးတွင်လည်း မြင်းအသေကောင်များ ရှိနေသည်။
သေဆုံးနေသော လူအများစုသည် အမျိုးသားများ ဖြစ်ကြပြီး သူတို့၏ မျက်နှာများတွင် နာကျင်ခံစားနေရသည့် အမူအရာများလည်း ရှိနေသည်။ သူတို့၏ လက်ထဲတွင် လက်နက်များ စွဲကိုင်ထားလျက် ရှိနေသဖြင့် သူတို့သည် တိုက်ခိုက်ရင်း သေဆုံးသွားကြောင်း ကောက်ချက်ချနိုင်သည်။
ဝမ်လင်းသည် မြင်းလှည်းတစ်ခု၏ ဘေးတွင် ရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော လေပြင်းတစ်ခုက မြင်းလှည်းကို ရိုက်ခတ်သွားပြီး မြင်းလှည်းကို လေထဲသို့ မြောက်တက် သွားစေသည်။ ထိုအခါ မြင်းလှည်းအတွင်းမှ အလောင်းတစ်ခု ပြုတ်ကျလာပြီး အလောင်းထဲမှ အနီရောင် အလင်းတစ်ခု ဖျတ်ခနဲ ထွက်လာသည်။ ထိုအနီရောင်အလင်းက မကောင်းဆိုးဝါး အသွင်ပြောင်းပြီး ဝမ်လင်းကို ကြောက်လန့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ကြောက်လန့်နေသည့် အမူအရာမှ ဒေါသထွက်နေသည့် အမူအရာသို့ ချက်ချင်း ပြောင်းသွားပြီး ဝမ်လင်းကို အော်ပြောလိုက်သည်။
“မင်းက အချိန်ကောင်းကို ရောက်လာတာပဲ … ငါကလည်း မင်းကို လိုက်ရှာတော့မလို့ပဲ … ဒီသာမန် လူသားတွေရဲ့ ဝိညာဉ်က ဘာအရသာမှ မရှိဘူး … မင်းရဲ့ ဝိညာဉ်ကတော့ ဘယ်လိုအရသာရှိမလဲ မြည်းကြည့်ချင်နေပြီ …“
ပြောပြီးသည်နှင့် မကောင်းဆိုးဝါးက ဝမ်လင်းထံသို့ ခုန်အုပ်လိုက်သည်။
ဝမ်လင်းသည် မကောင်းဆိုးဝါးထံကို သားရဲများ ကျွေးခဲ့စဉ်က သူ၏ နတ်ဘုရား စိတ်အာရုံဖြင့်နှင့်အတူ ကျွေးခဲ့ပြီး မကောင်းဆိုးဝါးပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့၏။ ထို့ကြောင့် မကောင်းဆိုးဝါးက မည်မျှပင် သန်မာလာစေကာမူ ဝမ်လင်းသည် ထိုမကောင်းဆိုးဝါးကို အလွယ်တကူ ထိန်းချုပ် နိုင်ပေသည်။
***