မြေအောက်ထဲ၌ ထွက်ပြေးနေရင်း စွန်းယိုချိုက်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွား၏။ ထိုအချိန်တွင် သူ့ရှေ့ရှိ မြေကြီးက ပူနွေးလာသည်ကို ခံစားမိပြီး တိတ်တဆိတ် ညည်းညူလိုက်သည်။ သူသုံးနေသည့် မြေလွတ်မြောက်ခြင်း နည်းစနစ်သည် အံ့ဩဖွယ် နည်းစနစ်တစ်ခု ဖြစ်သော်လည်း ဟိုဖန်နိုင်ငံတွင် မီးတောင်အများအပြား ရှိနေသည့်အတွက် ချော်ရည်ထဲ ရောက်သွားလျှင်တော့ သူ့ကိုယ်သူသာ အပြစ်တင် ရပေမည်။
ပုံမှန်ဆိုလျှင် စွန်းယိုချိုက်သည် အပူကို ခံစားမိသည်နှင့် ဦးတည်ရာကို ချက်ချင်း ပြောင်းသော်လည်း ယခုမူ သူ့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်က လိုက်နေသဖြင့် အပူကို အနားကပ်မှ ခံစားမိသွားခဲ့ရာ ဦးတည်ရာ ပြောင်းရန် အလွန် နောက်ကျသွား၏။ ထို့ကြောင့် သူက ရှိသမျှအား အကုန်သုံးပြီး သူ၏ ခန္ဓာကိုယ်ကို အပေါ်သို့ မြင့်တက် စေလိုက်သည်။
“ဘုန်း …“
ဆိုသော အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်က မြေအောက်မှ နေပြီး မီးတောင်တစ်ခု၏ အတွင်းပိုင်းထဲသို့ ရောက်ရှိသွား၏။ အပူလှိုင်း တစ်ခုက သူ့ကို ချက်ချင်း လာရိုက်ခတ်သဖြင့် သူ၏ဆံပင်နှင့် မျက်ခုံးမွေးများသည် ချက်ချင်း တွန့်ကွေးကုန်သည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလျင်အမြန် ဓားပျံကို ထုတ်ပြီး ကျောက်တုံးတစ်ခု ပေါ်သို့ ပျံသန်းသွားလိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏ အရေပြားပေါ်တွင် အက်ကွဲရာများ ပေါ်လာပြီး သူ၏ အဝတ်အစားများက ချက်ချင်း ပြာကျသွားသည်။
သူ့ခြေထောက်အောက်မှ ဓားပျံတောင်မှ ချက်ချင်း နီရဲလာသည်။
သူ၏ခန္ဓာကိုယ်မှ ချွေးများ ထွက်လာသော်လည်း ချွေးစက်တိုင်းသည် ထွက်လာသည်နှင့် ချက်ချင်း အငွေ့ပျံသွား၏။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အဝတ်အစားများ မရှိတော့သော်လည်း အဖြူရောင် ရေငွေ့များက ဖုံးအုပ်ထားလေသည်။
သူ့ရှေ့တွင် ကြီးမားသော ချော်ရည်ကန်ကြီး ရှိနေပြီး ချော်ရည်ကန်ထဲတွင် ချော်ရည်များက ပွက်ပွက် ဆူနေလေသည်။ တစ်ခါ ပွက်သွားတိုင်းတွင် အနက်ရောင် အငွေ့တစ်မျိုးက ထွက်ပေါ်လာသည်။
စွန်းယိုချိုက်သည် ချော်ရည်ကန်၏ တခြားတစ်ဖက်သို့ ပြေးလိုက်သော်လည်း ရုတ်တရက် သူရပ်ခဲ့သည့် နေရာ၏ အောက်ကို ကြောက်လန့်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝမ်လင်းက စွန်းယိုချိုက်ကို မီလာသည်။ သူ၏ အမြန်နှုန်းက စွန်းယိုချိုက်ကို မမီသော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံက စွန်းယိုချိုက်ကို မှတ်သားထားသဖြင့် စွန်းယိုချိုက်၏ ရုတ်တရက် ရပ်တန့်သွားမှုကို သတိထားမိ လိုက်သည်။
သူက သတ္တု အစိတ်အပိုင်း တစ်ခုကို ထုတ်ယူပြီး မြေပြင်သို့ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်သည်။ သတ္တု အစိတ်အပိုင်းက လည်ပြီး မြေကြီးထဲသို့ တိုးဝင်သွားရာ ဝမ်လင်းကလည်း သတ္တုအပိုင်းအစ၏ နောက်မှ လိုဏ်ခေါင်းအတိုင်း အလျင်အမြန်လို က်သွား၏။
သူက စွန်းယိုချိုက် ရှိနေသည့် ချော်ရည်ကန်ဆီသို့ ရောက်သွားသည်နှင့် ချော်ရည်ကန် အောက်ကို ကြောက်လန့်စွာ စိုက်ကြည့်နေသော စွန်းယိုချိုက်အား တွေ့လိုက်ရသည်။
ဝမ်လင်းက စွန်းယိုချိုက် ကြည့်နေသော နေရာကို ကြည့်လိုက်ရာ တြိဂံပုံစံ ရှိနေသည့် မျက်လုံး ၃ လုံးကို မြင်လိုက်ရသည်။ ဝမ်လင်းက လိုဏ်ခေါင်းထဲသို့ ပြန်ဆုတ်သွားပြီး နောက်ထဲတွင် ပုန်းနေကာ စွန်းယိုချိုက်အား တိတ်တဆိတ် စောင့်ကြည့် နေလိုက်သည်။
မိုင်လျန်း၏ မှတ်ဉာဏ်များထဲတွင် မီးတောင်များအတွင်း၌ သက်ရှိများ မနေထိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဟိုဖန်နိုင်ငံမှ ကျင့်ကြံသူများသည် မီးတောင်းအတွင်း နေထိုင်သော သက်ရှိများအား တွေ့ရန် မဖြစ်နိုင်သောကြောင့် ဖြစ်၏။ သို့သော်လည်း နှစ်တိုင်း ဂိုဏ်းကြီး ၄ ဂိုဏ်းမှ ကျင့်ကြံသူများကတော့ လုံခြုံမှုအတွက် မီးတောင်များကို အစီအရင်များဖြင့် ပိတ်ထားကြသည်။
ထိုအချိန်တွင် စွန်းယိုချိုက်သည် ထိုမျက်လုံးများကို စိုက်ကြည့်ပြီး ဓားပျံပေါ်မှ ဆင်းကာ ကျောက်တုံးပေါ်သို့ ခုန်ချလိုက်သည်။ သူ၏ ခြေထောက်က ကျောက်တုံးပေါ်သို့ ကျသွားသည်နှင့် အသား ညော်နံ့များက ထွက်ပေါ်လာသည်။
သူက နောက်ထပ် ၃ လှမ်း လှမ်းပြီးသည့် အချိန်တွင် သူ၏ အရေပြားနှင့် အသားများအားလုံး လောင်ကျွမ်းသွားကာ အရိုးများပင် အနက်ရောင်သို့ ပြောင်းနေလေပြီ။ သို့သော်လည်း စွန်းယိုချိုက်က နာကျင်သည့် အမူအရာ တစ်ချက်မပြပဲ ချော်ရည်ကန်ထဲသို့ ကျောက်တုံးအစွန်းမှ တစ်ဆင့် ခုန်ချသွား၏။
ထိုအခါ ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွားပြီး စွန်းယိုချိုက်၏ သိုလှောင်အိတ်ကို ဆွဲယူကာ နောက်သို့လှည့်ကာ ချက်ချင်း ထွက်ပြေးတော့သည်။
ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခုက ဝမ်လင်း၏နောက်မှ ပေါ်ထွက်လာပြီးနောက် မီးတောင် တစ်ခုလုံး၏ အပူချိန်က ရုတ်တရက် တိုးလာသည်။ ဝမ်လင်း ပြေးနေသည့် လိုဏ်ခေါင်းသည်လည်း ချက်ချင်း နီရဲလာ၏။ မီးတောင် အပြင်ဘက်တွင်လည်း မီးတောင်ထိပ်ဝများမှ အနက်ရောင် မီးခိုးများကို မှုတ်ထုတ် နေလေသည်။
ဝမ်လင်း၏ မျက်နှာက သုန်မှုန်လာပြီး လိုဏ်ခေါင်းအတိုင်း ဆက်ပြေးလေသည်။ ရုတ်တရက် သူ့ရှေ့ရှိ မီတာအနည်းငယ် ခန့်တွင် မီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မီးများက တဖြည်းဖြည်း စုစည်းသွားကာ တြိဂံပုံစံ ဖြစ်နေသော မျက်လုံး ၃ လုံးနှင့် ဦးချို တစ်ချောင်းပါသော သက်ရှိ တစ်ကောင်အဖြစ် ဖွဲ့စည်းသွား၏။ ထိုသက်ရှိက ဝမ်လင်းကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။
ဝမ်လင်းကလည်း ချက်ချင်း သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် ပစ်လွှတ်လိုက်သည်။ အနီရောင် လျှပ်စီးတန်း တစ်ခုက ဝမ်လင်း၏ မျက်လုံးမှ ထွက်သွားပြီး မီးလျှံသားရဲ၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။ သို့သော်လည်း မီးလျှံသားရဲက ထိမှန်သွားသည့် တစ်ခဏတွင်သာ မီးများက အရောင် မှိန်သွားသော်လည်း ချက်ချင်း မူလအတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် မီးလျှံသားရဲက ပါးစပ်ကို ဟပြီး ကျယ်လောင်စွာ ဟိန်းဟောက်ကာ ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။
ဝမ်လင်း၏ အမူအရာသည် ပို၍ သုန်မှုန်လာပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ နောက်တွင်လည်း မီးလျှံ သားရဲတစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ကျဉ်းမြောင်းသော လိုဏ်ခေါင်းထဲတွင် မီးလျှံ သားရဲနှစ်ကောင်က သူ့ကို ရှေ့၊ နောက် ပိတ်ဆို့ထားသဖြင့် ဝမ်လင်းက အံကြိတ်ပြီး သတ္တုအပိုင်းအစ တစ်ခုကို ထုတ်ယူကာ နောက်ထပ် လိုဏ်ခေါင်းတစ်ခု ထပ်ဖောက်ကာ သတ္တုအပိုင်းအစ နောက်မှ လိုက်သွား၏။
သို့သော်လည်း ထိုအချိန်တွင် မီးလျှံသားရဲ နှစ်ကောင်က ရုတ်တရက် အော်ဟစ်လိုက်ရာ ဝမ်လင်း၏ ပတ်ပတ်လည်ရှိ မြေစာများက ရုတ်တရက် မာကျောလာပြီး ဝမ်လင်းကို အထဲတွင် ပိတ်လှောင်လိုက်၏။
နောက်ဆုံးတွင် ဝမ်လင်း၏ တစ်ကိုယ်လုံးကို မြေစာများက အပြည့်အဝ ပိတ်လှောင်သွားပြီး အနက်ရောင် မြေစာလုံး တစ်လုံး ဖြစ်သွား၏။
ထိုအချိန်၌ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။
မြေစာလုံး၏ ပတ်လည်တွင် မီးလျှံ သားရဲ၈ကောင် ရှိနေပြီး မြေစာလုံးကို သေးငယ် သွားစေရန် မီးများဖြင့် မှုတ်နေကြ၏။ မကြာမီ မြေစာလုံးက တဖြည်းဖြည်း သေးငယ်လာသည်။ နောက်ဆုံးတွင် မီးလျှံသားရဲများက ရပ်တန့်သွားပြီး မီးလျှံသားရဲ တစ်ကောင်က မြေစာလုံးကို ဆွဲယူကာ မြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။ တခြား မီးသားရဲများကလည်း နောက်မှ လိုက်သွားကြ၏။
မကြာမီ သူတို့သည် ချော်ရည်ကန်ရှိရာသို့ ရောက်သွားပြီး မြေစာလုံးကို ချော်ရည်ကန်ထဲသို့ ပစ်ချလိုက်ပြီးနောက် မီးလျှံသားရဲ အားလုံးက ချော်ရည်ကန်ထဲသို့ ခုန်ချကာ ပျောက်ကွယ်သွား၏။
ထို့နောက် အနီးအနားရှိ မီးတောင်များသည် အနက်ရောင် မီးခိုးများ မှုတ်ထုတ်နေခြင်းကို ရပ်တန့်လိုက်ကြပြီး မီးတောင်များမှ ထွက်ပေါ်နေသည့် အပူများသည်လည်း ပျောက်ကွယ်သွား၏။ ထိုအခါ မီးလျှံ သားရဲများကြောင့် ဖြစ်ပေါ်လာသည့် ချိုင့်ခွက်ကြီးမှ လွဲ၍ အစောက ဖြစ်ပျက်ခဲ့သည် အဖြစ်အပျက်အတွက် မည်သည့်သက်သေ အထောက်အထားမျှ မကျန်ခဲ့ချေ။
ချိုင့်ခွက်များသည် ဟိုဖန်နိုင်ငံတွင် အနှံ့အပြားရှိပြီး မီးတောင်များ အနီးတွင် အများဆုံး ရှိ၏။
ဝမ်လင်းသည် သူ့အား မြေစာများက ဖုံးအုပ်ထာသည့် အချိန်တွင် ဒူးနှစ်ဖက်ကို ပွေ့ဖက်ပြီး ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် တစ်ကိုယ်လုံးအား ကာကွယ် ထားလိုက်သည်။ ထို့နောက် သူ၏ နတ်ဘုရား စိတ်အာရုံက တဖြည်းဖြည်း မြေစာလုံးနှင့် ပေါင်းစပ်သွား၏။
ရုတ်တရက် သူ၏ကိုယ်က လှုပ်ခတ် သွားသည်ကို သိလိုက်ပြီး မြေပြင်ပေါ်သို့ ကျသွား သကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ နတ်ဘုရား စိတ်အာရုံက မြေစာလုံးကို ဖောက်ထွက်သွား နိုင်သဖြင့် သူ့ရှေ့ရှိ အရာအားလုံးကို မြင်နိုင်သွားပြီ ဖြစ်သည်။
သူ၏ရှေ့တွင် အဆုံးမရှိသော ချော်ရည်ကန် တစ်ခုရှိပြီး ချော်ရည်ကန်၏ အထက်တွင် များစွာသော အပေါက်များရှိ၏။ ချော်ရည်များသည် အပေါက်များမှ တစ်ဆင့် အဆုံးမရှိသည့် ချော်ရည်ကန်ကြီးထဲသို့ စီးဆင်းနေသည်။
ဝမ်လင်းရှိနေသည့် မြေစာလုံးသည် ယခုအချိန်တွင် ချော်ရည်ထဲတွင် မျောနေပြီး သူ့ဘေးတွင်လည်း မြေစာလုံး ၇ လုံး သို့မဟုတ် ၈ လုံးခန့် ရှိနေပြီး မြေစာလုံး တစ်လုံးစီတိုင်းတွင် မီးလျှံသားရဲ တစ်ကောင် ထိုင်လျက် လိုက်ပါလာသည်။
ထို့နောက် ဝမ်လင်းက ချော်ရည်ထဲသို့ ကြည့်လိုက်သည့်အခါ သုံးပွင့်ဆိုင် မျက်လုံးများစွာကို မြင်တွေ့လိုက်ရသည်။ ချော်ရည်ထဲမှ မီးလျှံသားရဲ တစ်ကောင်က ခုန်ထွက်လာပြီး ဝမ်လင်းရှိနေသည့် မြေစာလုံးပေါ်သို့ ထိုင်လိုက်သည်။ ထိုသားရဲက ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို သတိပြုမိခြင်း မရှိချေ။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး မီးလျှံသားရဲများသည် လိုဏ်ခေါင်းအပေါက်များမှ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကြပြီး မီးလျှံသားရဲတိုင်းက မြေစာလုံး တစ်လုံးကို ယူဆောင် လာကြသည်။
ထိုအချိန်တွင် ချော်ရည်ကန် တစ်ခုလုံး ရုတ်တရက် လှုပ်ခါလာပြီး ချော်ရည်ကန်ထဲမှ ကြီးမားသော မီးလျှံသားရဲကြီး တစ်ကောင် ပေါ်ထွက်လာသည်။ ဝမ်လင်းက မီးလျှံသားရဲကို မြင်ပြီး ဖြန့်ကျတ်ထားသည့် နတ်ဘုရားစိတ်အာရုံကို ရုတ်သိမ်းကာ ဂရုတစိုက်ဖြင့် စောင့်ကြည့် နေလိုက်သည်။
သာမန်မီးလျှံ သားရဲတစ်ကောင်သည် ၃ ပေခန့်သာ ရှည်သော်လည်း ထိုမီးလျှံ သားရဲကြီးသည် ၁၀ ပေကျော် ရှည်၏။ မီးလျှံသားရဲကြီး၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပေါ်ထွက်လာသကဲ့သို့ အားကောင်းသော ဖိအားတစ်ခုကလည်း အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မီးလျှံ သားရဲငယ်များ၏ လှုပ်ရှား နေမှုများအား ရပ်တန့် သွားစေသည်။
ဝမ်လင်းသည်လည်း အလွန် ထိတ်လန့်အံ့ဩသွား၏။ ထိုသားရဲကြီး၏ စွမ်းအားသည် အနိမ့်ဆုံး စဦးစိတ်ဝိညာဉ် အဆင့်တွင် ရှိ၏။ စွမ်းအား အတိအကျကိုတော့ မခန့်မှန်းနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဝမ်လင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများကို တစ်ခါမှ မတွေ့ဖူးခြင်းကြောင့် ဖြစ်သည်။
ထိုသားရဲကြီးက သူ၏ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်ဘက်သို့ ကပ်လိုက်၏။ မကြာမီ နောက်ထပ် ကြီးမားသော မီးလျှံသားရဲ ၁၅ ကောင်က တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာသည်။
ထိုမီးလျှံသားရဲ ၁၆ ကောင်က စက်ဝိုင်းတစ်ခုအဖြစ် ဝိုင်းဖွဲ့လိုက်ရာ အလယ်တွင် အလင်းဖောက်နိုင်သော မီးကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမီးကွင်းမှ သက်တန့်ရောင် အလင်းက ဖြာထွက်နေသည်။
ဝမ်လင်းက ထိုမြင်ကွင်းကို သေချာစောင့်ကြည့် နေလေသည်။ အလင်းကွင်းက သူ၏ လက်သီးဆုပ်အရွယ် မီးတောက်တစ်ခုကို ဖြစ်ပေါ်လာစေပြီး တဖြည်းဖြည်းနှင့် ထိုမီးတောက်က အစိုင်အခဲ ဖြစ်တည်လာသည်။
ထိုမီးတောက် ဘောလုံးနှင့် မီးကွင်းကို အနီရောင် ကြိုးမျှင်များဖြင့် ဆက်သွယ်ထား၏။
မီးတောက်ဘောလုံး ထွက်ပေါ်လာသည်နှင့် မီးလျှံသားရဲကြီး ၁၆ ကောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချော်ရည်ကန်ထဲမှ ခုန်ထွက်ကာ ချော်ခဲများပေါ်တွင် ဒူးထောက် လိုက်ကြသည်။ အားလုံးသော မီးလျှံသားရဲငယ်များ သည်လည်း ချော်ရည်ကန်ထဲမှ ခုန်ထွက်ကာ ဒူးထောက်လိုက် ကြသည်။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ ထိန်းချုပ်မှု မပါဘဲ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ရုတ်တရက် ထွက်ပေါ်လာသည်။ ဝမ်လင်းသာ ပုတီးစေ့ရန် အလျင်အမြန် မတားဆီးလိုက်ပါက ပုတီးစေ့သည် မြေစာလုံးကို ဖောက်ထွက်သွားမည်မှာ ကျိန်းသေဖြစ်သည်။
ထိုအချိန်တွင် မီးလျှံသားရဲ တစ်ကောင်က သူ့အောက်မှ မြေစာလုံးကို ဆွဲယူပြီး မီးတောက် ဘောလုံးဆီသို့ ပစ်လိုက်သည်။ မြေစာလုံးက ရုတ်တရက် လေထဲတွင် ရပ်တန့်သွားပြီး မီးတောက်ဘောလုံးက မြေစာလုံး၏ အတွင်းသို့ ဝင်ရောက်သွား၏။ ထိုနောက် စုပ်ယူနေသည့် အသံက တိတ်ဆိတ်နေသော ဂူထဲတွင် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
ကျောချမ်းဖွယ် အသံတစ်ခုကလည်း မြေစာလုံးအတွင်းမှ ထွက်ပေါ်လာသည်။ ထိုအော်သံကြီးသည် တဖြည်းဖြည်း တိုးညင်းလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။ မကြာမီ မြေစာလုံးအတွင်းမှ သွေးမြူများ ထွက်ပေါ်လာပြီးနောက် မီးတောက် ဘောလုံးကလည်း အပြင်ထွက် ထွက်လာသည်။
ထိုအခါ မြေစာလုံးသည် လေထဲမှ ချော်ရည်ကန်ထဲသို့ ပြုတ်ကျပြီး ချော်ရည်ထဲသို့ နစ်မြုပ်သွား၏။ ယခုအချိန်တွင် မြေစာလုံးများအထဲ၌ အသက်ရှင်နေသည့် လူသား သူတစ်ယောက်တည်း မဟုတ်ကြောင်း ဝမ်လင်း နားလည် သွားလေပြီ။ သူ့ကိုယ်သူ မကာကွယ်ထားလျှင် တောင်မှ မြေစာလုံးသည် သူ့ကို သေအောင် ပိတ်လှောင်ထားမှာ မဟုတ်ပေ။
မကြာမီ နောက်ထပ် မြေစာလုံး ၄ လုံးက မီးတောက်ဘောလုံး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ဂူထဲတွင်လည်း အော်ဟစ်သံများ ဆူညံသွား၏။ နာရီဝက်ကျော် အချိန်အတွင်းတွင် မြေစာလုံး ၅ လုံး ချော်ရည်ကန်ထဲသို့ နစ်မြုပ်သွားပြီး ဖြစ်သည်။ ၅ လုံးမြောက် မြေစာလုံး ချော်ရည်ကန်ထဲသို့ နစ်မြုပ်သွားသည့် အချိန်တွင် ဝမ်လင်းရှိနေသည့် မြေစာလုံးသည် လေထဲသို့ မြောက်တက်သွား၏။
ထိုအခါ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ဝမ်လင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွား၏။ ထိုအခိုက်အတန့်လေးတွင် မီးတောက် ဘောလုံးကလည်း ဝမ်လင်းရှိနေသည့် မြေစာလုံး အတွင်းသို့ ဝင်ရောက်လာသည်။
***