စွန်းယိုချိုက်က တစ်ချက်ရယ်ပြီး ဝမ်လင်း၏ ပခုံးကို လှမ်းကိုင်လိုက်ရင်း ပြောလိုက်သည်။
“သူမရဲ့ အကြောင်းကို မပြောနဲ့တော့ လျှိုမြောင် အလုပ်ရုံကို သွားတဲ့ ရွှေ့ပြောင်းရေး အစီအရင်တစ်ခု ဒီနားမှာ ရှိတယ် …”
ဝမ်လင်းက စွန်းယိုချိုက်၏ လက်ကို ရှောင်ပြီး ပြန်ပြောလိုက်သည်။
“ကောင်းတာပေါ့ … မြန်မြန်သွားရအောင် …”
စွန်းယိုချိုက်၏ လက်က လေကိုသာ ဖမ်းဆုပ်မိသွားသော်လည်း သူ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ မေးလိုက်သည်။
“အစ်ကိုမိုင် … အပြင်ထွက်လာတာ တစ်ယောက်တည်းလား …“
ဝမ်လင်းက စိတ်ထဲတွင် ကျိတ်လှောင်ရယ်ပြီး ပြန်ဖြေ ပေးလိုက်သည်။
“ဟုတ်တယ် … ဒီတစ်ကြိမ် အပြင်ထွက်လာတာ တစ်ယောက်တည်း …“
စွန်းယိုချိုက်က ရယ်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ငါ ထင်တာပြောရရင် ဒီနေရာက ကျင့်စဉ်နည်းစနစ် တချို့ကို ရချင်လို့ အစ်ကိုမိုင် ဂိုဏ်းထဲကနေ တိတ်တိတ်လေး ထွက်လာတာမလား … ကျွန်တော် ကြားထားတာက နောက် ၃ လဆိုရင် စစ်နတ်ဘုရားဗိမာန်ရဲ့ ခန်းမ ၅ ခုပြိုင်ပွဲ ကျင်းပတော့မှာဆို … အဲဒီအချိန်မှာသာ အစ်ကိုမိုင်က ဒီကရတဲ့ နည်းစနစ်တွေကို အသုံးပြုလိုက်ရင် အစ်ကိုမိုင်က ကျော်ကြား လာတော့မှာပဲ …“
ဝမ်လင်းကတော့ မသိမသာလေး ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောချေ။
ဝမ်လင်း၏ အမူအရာကို မြင်ပြီး စွန်းယိုချိုက်က စိတ်ထဲတွင် တွေးလိုက်သည်။
“ကောင်လေး … မင်း ပြောတာ အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် … မင်းက ကံဆိုးပြီး ငါနဲ့မှ လာတွေ့ရတယ်လို့ … စိတ်တောင် မကောင်းဘူး … ဟီးဟီး … ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ရုပ်သေးလုပ်ဖို့ အတွက်ပါ သုံးဦးမှာ …“
ထိုသို့ တွေးပြီးသည်နှင့် ဝမ်လင်း၏ရှေ့တွင် သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး ပြောလိုက်သည်။
“အစ်ကိုမိုင် … ငါ မိတ်ဆွေတစ်ယောက်ကို ခေါ်လိုက်ဦးမယ် … သူ ရောက်လာတာနဲ့ သွားကြမယ် … ဒီနည်းလမ်းက ငါတို့ကို စိတ်ဝိညာဉ် ကျောက်တုံး အကုန်အကျ သက်သာစေလိမ့်မယ် …“
ရွှေ့ပြောင်းရေး အစီအရင် ဖွင့်ရန်အတွက် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ကုန်ကျပြီး ရွှေ့ပြောင်းရေး အစီအရင်ပွင့်တိုင်း တစ်ကြိမ်တွင် ၃ ယောက်သာ သွားခွင့်ရှိ၏။
ထို့ကြောင့် စွန်းယိုချိုက်၏ တောင်းဆိုမှုသည် သာမန်သာ ဖြစ်သည်။ ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်ကို မြင်တော့မှ စွန်းယိုချိုက်က ကျောက်စိမ်းပြားကို နဖူးတင်ပြီး လေထဲသို့ ပစ်လိုက်ရာ ကျောက်စိမ်းပြားက လေထဲသို့ လျင်မြန်စွာ ပြေးထွက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ဝမ်လင်းက စွန်းယိုချိုက်၏ နောက်မှ ပျံသန်း လိုက်လာရင်း သူတို့ သွားနေသည့် နေရာက တဖြည်းဖြည်း ချောင်ကျလာသည်ကို သတိပြုမိလိုက်သည်။ ပျံသန်းလာရာ လမ်းတစ်လျှောက်တွင် မီးတောင်များ အရွယ်အစားမျိုးစုံကို ဖြတ်ကျော်လာ၏။ တချို့မီးတောင်များ ဆိုလျှင် မီးခိုးများ ထွက်နေလေသည်။
ဝမ်လင်းက သံသယ ဝင်လာမည်ကို စိုးသောကြောင့် စွန်းယိုချိုက်က အလျင်အမြန် ရှင်းပြလိုက်သည်။
“မစိုးရိမ်ပါနဲ့ အစ်ကိုမိုင် … ရွှေ့ပြောင်းရေး အစီအရင်က သိပ်မဝေးတော့ပါဘူး … တချို့ မီးတောင်တွေက ဘာလို့မီးခိုးတွေ ထွက်နေရတာလဲ ငါ မသိဘူး … မနှစ်က ဂိုဏ်းကြီး ၄ ဂိုဏ်းက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေက ဒီမီးတောင်တွေကို အစီအရင်တွေနဲ့ ပြန်ပိတ်ထားတာကို ငါ မှတ်မိနေသေးတယ် …“
ဝမ်လင်း၏ အမူအရာက အေးစက်သွားကာ ရယ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ် … ဒီနေရာက တကယ်ကို ချောင်ကျတယ် … ဒီနေရာက လူသတ်လို့ အရမ်းကောင်းတဲ့ နေရာတစ်ခုပဲ … တစ်ယောက်ယောက်ကို သတ်ပြီးရင် မီးတောင်တွေထဲ ပစ်ချလိုက်ရုံပဲ … ဒါဆိုရင် အလောင်းတွေကို မီးရှို့ဖို့တောင် မလိုတော့ဘူး …“
စွန်းယိုချိုက်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး အားတင်းကာ ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုမိုင် …”
ပြောလို့ မဆုံးသေးခင်မှာတင် အဝေးမှ လေနှင့်မိုးကြိုး ရောထွေးနေသည့် အသံနှင့်အတူ အနက်ရောင် ဓားတစ်ချောင်းက ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာတင် ဓားက သူတို့အနီးသို့ ရောက်လာပြီး ပိန်ကပ်ကပ် သက်လတ်ပိုင်း လူကြီးတစ်ယောက် ထွက်ပေါ်လာသည်။
ထိုလူက တစ်ကိုယ်လုံး အနက်ရောင်ကို ဝတ်ဆင်ထားပြီး သူ့အောက်က ဓားတောင်မှ အနက်ရောင်ဖြစ်သည်။ လက်နှစ်ဖက် စလုံးကိုလည်း အနက်ရောင် မီးခိုးများက ဖုံးအုပ်ထားပြီး သူက စွန်းယိုချိုက်ကို ကြည့်ကာ မေးလိုက်သည်။
“သူက မင်းပြောတဲ့ အဆီတွေနဲ့ ဝဖြိုးနေတဲ့သိုးလား …“
ဝမ်လင်းက ထိုလူကို ကြည့်လိုက်ရာ ထိုလူက အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နေသည်ကို သတိပြုမိလိုက်သည်။
စွန်းယိုချိုက်က ရုတ်တရက် ပန်းကလေး တစ်ပွင့်ကဲ့သို့ ပြုံးပြီး ပြောလိုက်သည်။
“စီနီယာ … သူပဲ … လီမူဝမ်နဲ့ လီချီချင်းက သူ့အပေါ် ကောင်းကောင်း ဆက်ဆံတာကို မြင်ခဲ့တယ် … ကျွန်တော်တို့ကို သူ့ကို ရုပ်သေးလုပ်ပြီး သူတို့အနားကို ချဉ်းကပ်ရင် ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတွေ ရလာနိုင်တယ် …“
အနက်ရောင်ဝတ်နှင့် လူကြီးက ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။ ဝမ်လင်းက ထွက်မပြေးသည့် အတွက်လည်း စိတ်ထဲတွင် အနည်းငယ်တော့ အံ့ဩမိသည်။ သို့သော်လည်း သူက ထိုအကြောင်းကို တွေးမနေတော့ဘဲ အေးစက်စွာ ပြောလိုက်သည်။
“ကောင်လေး … မင်း သေလို့ရပြီ …“
ပြောပြီးသည်နှင့် သူ့ခြေထောက်အောက်မှ ဓားပျံက ဝမ်လင်း၏ ရင်ဘတ်ဆီသို့ တိုးဝင်သွား၏။
တစ်ချိန်တည်းမှာပင် လက်ခုပ် အနည်းငယ် တီးလိုက်ရာ အနက်ရောင် မြူများက အများအပြား ထွက်လာပြီး ကြီးမားသော ဦးခေါင်းခွံကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဦးခေါင်းခွံကြီးက အနက်ရောင်ဓား၏ နောက်မှ ဝမ်လင်းဆီသို့ တိုးဝင်သွား၏။
ဝမ်လင်းက အနက်ရောင်ဓားနှင့် ဦးခေါင်းခွံကို စိတ်ထဲတွင် ထည့်တောင် တွက်မထားဘဲ သက်လတ်ပိုင်း လူကြီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ပျက်စီးစမ်း …”
ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကြီးက မှောင်လာပြီး သက်လတ်ပိုင်း လူကြီး၏ ဝိညာဉ်သည်လည်း ဖျက်ဆီး ခံလိုက်ရသည်။
သက်လတ်ပိုင်း လူကြီး၏ မျက်လုံးသည် ရုတ်တရက် စူထွက်လာပြီး သူ၏ဝိညာဉ်ကို စွမ်းအားပြင်းသော အဖျက်စွမ်းအားတစ်ခု ထိမှန်သွားသည်ကို ခံစားလိုက်ရကာ သူ၏ ဝိညာဉ်သည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား၏။ သက်လတ်ပိုင်း လူကြီးသည် ကြောက်လန့်နေသည့် အမူအရာဖြင့် သေဆုံးသွားရပြီး သေဆုံးသွားသည့် တိုင်အောင် မည်သည့်လက်နက်ကြောင့် သေသွားရသလဲ မသိသွားချေ။
သက်လတ်ပိုင်းလူကြီး သေဆုံးသွားသည်နှင့် သူလွှတ်လိုက်သော ဓားပျံသည် ဆက်မသွားနိုင်တော့ဘဲ ကောင်းကင်ပေါ်မှ ပြုတ်ကျသွား၏။ ဓားပျံနောက်မှ လိုက်လာသော ဦးခေါင်းခွံကြီးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ထိုအရာအားလုံးသည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ဝမ်လင်းက လက်ကို ဝေ့ရမ်းလိုက်ရာ အနက်ရောင်ဓားက သူ့လက်ထဲသို့ ပျံသန်း ရောက်ရှိလာသည်။ ထို့နောက် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သတ္တုအပိုင်းအစ တစ်ခု ထွက်လာသည်။
“အနက်ရောင် မြူတွေကို ဝါးမျိုလိုက် …”
ထိုအခါ သတ္တုအပိုင်းအစ အတွင်းမှ အနီရောင် အလင်းတစ်ခု ဖျတ်ခနဲဖြစ်ပြီး မကောင်းဆိုးဝါးက အပြင်သို့ ထွက်လာသည်။ သူက အနက်ရောင် မြူများပေါ်သို့ ခုန်ပြီး အနက်ရောင်မြူများ အားလုံးကို ခါးသီးစွာ စုပ်ယူလိုက်သည်။ ဝမ်လင်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းမှန်း သိနေသဖြင့် သူက ဝမ်လင်း၏ အမိန့်ကို မနာခံဘဲ မနေရဲချေ။
စွန်းယိုချိုက်သည် သူ့ရှေ့မှ အဖြစ်အပျက်ကို မြင်ပြီး နောက်သို့ ချက်ချင်း ဆုတ်ကာ မြေပြင်ပေါ်သို့ ခုန်လိုက်ပြီး ပျောက်ကွယ်သွား၏။
မကောင်းဆိုးဝါး၏ မျက်လုံးက အနက်ရောင် မြူများကို ဝါးမျိုပြီးနောက် မျက်လုံးက အရောင် ပြောင်းသွားသော်လည်း သူက ဝါးမျိုနေဆဲကဲ့သို့ ဟန်ဆောင်လိုက်သည်။ သို့သော်လည်း နောက်ထပ် ထွက်လာသည့် ဝမ်လင်း၏ စကားကြောင့် မျက်မှောင်ကြုတ်သွား၏။
“ငါ့နောက်လိုက်ခဲ့ …”
ပြောပြီးသည်နှင့် ဝမ်လင်းက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး မြောက်အရပ်သို့ လျင်မြန်စွာ ပျံသန်းလိုက်၏။ မကောင်းဆိုးဝါးက ဝမ်လင်း၏ နောက်သို့ လိုက်ရမည့်အစား နောက်သို့ ဆုတ်လိုက်သည်။
ရုတ်တရက် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် အငွေ့များ ပေါ်လာပြီး မကောင်းဆိုးဝါးက ကျယ်လောင်စွာ အော်ဟစ် လိုက်ရသည်။ မကောင်းဆိုးဝါး တုံ့ဆိုင်း မနေရဲတော့ဘဲ ချက်ချင်း ဝမ်လင်းနောက်သို့ လိုက်သွား၏။
ဝမ်လင်းက မကောင်းဆိုးဝါးကို အပြစ်ပေးလိုက်သည့် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းလိုက်ပြီး စွန်းယိုချိုက် နောက်သို့ လိုက်ရန် အာရုံစိုက်လိုက်သည်။ ဝမ်လင်းသည် စွန်းယိုချိုက်၏ အမြန်နှုန်းကို အလွန် စိတ်ဝင်စားနေသည်။ သူ၏ အမြန်နှုန်းသည် စွန်းယိုချိုက်၏ အမြန်နှုန်းနှင့် ယှဉ်လျှင် အလွန် နှေးနေသည်ကို သိ၏။
စွန်းယိုချိုက်ကို မသတ်သေးသည့် အကြောင်းရင်းမှာလည်း စွန်းယိုချိုက်ကို ဖမ်းပြီး သူသုံးသည့် နည်းစနစ်ကို မေးမြန်းရန် ဆုံးဖြတ်ထားခြင်းကြောင့် ဖြစ်သည်။
ယခုအချိန်တွင် စွန်းယိုချိုက်သည် အလွန် ကြောက်လန့်နေသည်။ လွန်ခဲ့သည့် နှစ် ၃၀ ချီစုစည်းခြင်း အလွှာကို ရောက်ကတည်းက သူက လူသတ်လာခဲ့သည်။ သို့သော်လည်း သူ့ထက် အဆင့်နိမ့်သည့် လူများကို သေချာ ရွေးချယ်ပြီးမှသာ သတ်ဖြတ် လုယက်ခဲ့ခြင်း ဖြစ်သည်။
သည်နှစ်များထဲတွင် သူက ရလာခဲ့သော မှော်ရတနာ ပစ္စည်းများ အားလုံးကို လျှိုမြောင် အလုပ်ရုံတွင် ဆေးများဖြင့် လဲလှယ်ခဲ့သဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်က ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏အဆင့်က မြင့်လာသည်နှင့် သာမန်ဆေးများက သူ့အတွက် အာနိသင် မရှိတော့ပေ။ အဆင့်မြင့်ဆေးများက ဆေးနှုန်း အလွန် မြင့်မားနေသဖြင့် သူက လိုဟဲဂိုဏ်းကို မျက်စိ ကျသွားခြင်း ဖြစ်သည်။
လိုဟဲဂိုဏ်းသည် ဝင်္ကပါ အစီအရင်များနှင့် အဂ္ဂိရတ် ပညာရပ်များတွင် ကျော်ကြား၏။ အထူးသဖြင့် ဆေးဝါး သန့်စင်ခြင်းတွင် ဖြစ်သည်။ သူ၏ ပစ်မှတ်က လီမူဝမ်ဖြစ်ပြီး သူမထံမှ ဆေးလုံးတချို့ ရချင်သော်လည်း သူမ၏ အစ်ကိုက သူ့ထက် တစ်ဆင့် မြင့်နေသော အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ဖြစ်သည်။
ယခု အချိန်တွင် စွန်းယိုချိုက်သည် အလွန်လျင်မြန်စွာ ထွက်ပြေး နေသော်လည်း အစောပိုင်းက ဖြစ်ပျက်သွားသည့် မြင်ကွင်းကို ပြန်မြင်ယောင်ပြီး အလွန် ထိတ်လန့်နေသည်။
မိုင်လျန်းက မှော်ရတနာ တချို့ကို အသုံးပြုလိုက်လျှင်တောင်မှ ဤမျှ ကြောက်လန့်လိမ့်မည် မဟုတ်ပေ။ မိုင်လျန်း၏ ပါးစပ်မှ ”ပျက်စီးစမ်း” ဆိုသည့် စကားနှင့်တင် သူ၏ စီနီယာအစ်ကိုက သေဆုံး သွားရသည်။
သူ၏ စီနီယာကဲ့သို့ အယောင်ဆောင် အမြုတေ အဆင့်တောင်မှ တုံ့ပြန်ရန် အချိန်မရဘဲ သေဆုံးသွားလျှင် သူသာဆို ပြောနေစရာတောင် မလိုပေ။ မိုင်လျန်းက မည်သည့် နည်းစနစ်ကို သုံးသွားသလဲ ဆိုတာကိုလည်း မှန်းဆ၍ မရချေ။
မိုင်လျန်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နေမလား ဆိုသည့် အတွေးက ဝင်လာသော်လည်း ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်ရသည်။ အမြုတေ အဆင့်များကို သူ့ကြုံတွေ့ဖူး၏။ အမြုတေအဆင့် ဖြစ်နေလျှင်တောင်မှ အယောင်ဆောင် အမြုတေအဆင့်နှင့် တိုက်ခိုက်လျှင် ဤမျှ လွယ်ကူမည် မဟုတ်ချေ။ အနိုင်က သေချာနေလျှင်တောင်မှ အယောင်ဆောင် အမြုတေ အဆင့်ကို တစ်ချက်တည်းနှင့် မသတ်နိုင်ချေ။
ထိုအကြောင်းကို တွေးမိပြီး စွန်းယိုချိုက်၏ နှလုံးခုန်သံက မြန်ဆန်သွားသည်။
‘စဦးစိတ်ဝိညာဉ်အဆင့်များ ဖြစ်နေမလား …‘ ဆိုသည့် အတွေးက သူ့ကို အလွန် စိတ်ချောက်ချား စေသည်။
သို့သော်လည်း ထိုအတွေးကို ပယ်ချလိုက်ပြန်သည်။ ယခင်တုန်းက သူ၏ နတ်ဆိုးမိစ္ဆာ ဂိုဏ်းမှ ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် သစ္စာဖောက် တစ်ယောက်ကို ထွက်ပြေးခိုင်းပြီး အားလုံး၏ ရှေ့တွင် ဓားတစ်ချက်တည်း ပစ်လွှတ်ပြီး သတ်ပစ်ခဲ့သည်။ ထိုသစ္စာဖောက်မှာ တုံ့ပြန်ရန်ပင် အချိန် မရလိုက်ဘဲ ချက်ချင်း သေဆုံး သွားခဲ့သည်။
သို့သော်လည်း သူ၏ မျက်လုံးထဲတွင် အယောင်ဆောင် အမြုတေ အဆင့်ကို စကား တစ်လုံးတည်းနှင့် မိုင်လျန်း၏ သတ်ဖြတ်ခြင်းက သူ့ဂိုဏ်းမှ ခေါင်းဆောင်၏ ဓားတစ်ချက်နှင့် သတ်ဖြတ်ခြင်းထက် ပိုမို စွမ်းအားကြီးကြောင်း သိသာနေသည်။ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူ၏ စိတ်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွား၏။
“သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်လား …“
စွန်းယိုချိုက်သည် ထိုစကားကို ပြောမိလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး အားမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။
ထိုအကြောင်းကို ပိုပြီး တွေးလေ မိုင်လျန်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ဖြစ်နိုင်ကြောင်း ပိုမို ခံစားလာရပြီး ရေရွတ်လိုက်သည်။
“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ဆိုတာ ဒဏ္ဍာရီတစ်ခုပဲ … ဒါပေမဲ့ သူသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် မဟုတ်ဘူးဆိုရင် စကားလုံး တစ်လုံးတည်းနဲ့ ဘယ်လိုလုပ် စီနီယာ အစ်ကို ၄ ကို သတ်နိုင်မှာလဲ … စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်က ကောင်းကင်ဘုံ နည်းလမ်းတွေကို ထိန်းချုပ်နိုင်တယ်တဲ့ … ဒါကြောင့် စီနီယာအစ်ကိုကို စကားလုံးတစ်လုံးတည်းနဲ့ သတ်နိုင်တာ ဖြစ်ရမယ် … ဒါဆို ငါကအခု စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်ရဲ့ အမဲလိုက်တာကို ခံနေရတာပေါ့ …”
***