Switch Mode

အခန်း (၁၃၀)

ရုတ်တရက် ရောက်လာသော စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ

“မင်းတို့ ၃ ယောက်စလုံး ပြန်နိုင်ပြီ … လင်းတောက် … ၁၀ ရက်ပြည့်ရင် ဒီနေရာမှာ ငါ မင်းကို စောင့်နေမယ် …“

ပြောပြီးသည်နှင့် ဝမ်လင်းက လေထဲသို့ ပျံတက်သွားပြီး ထိုနေရာမှ ထွက်သွား၏။

လင်းတောက်သည် ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ သူ၏ ဝမ်းကွဲညီနှင့် စကားကောင်းကောင်း ပြောရမည်ဟု တွေးနေလေသည်။ သူ၏ အသက်နှင့် သက်ဆိုင်နေသဖြင့် ဘာပဲဖြစ်ဖြစ် မြေပုံကို ရအောင် ကူးရပေမည်။

ယန်ရှုံး၏ အဝတ်အစား များသည် ယခုအချိန်တွင် ချွေးများဖြင့် ရွှဲနေလေသည်။ ငရဲတံခါးဝမှ ကံကောင်း၍ လွတ်ခဲ့သည်ကို သူနားလည်ပေသည်။

ကျိုးဇီဟောင်ကတော့ ဝမ်လင်း ထွက်ခွာသွားသည့် အရပ်ကို တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။

ဝမ်လင်းက ကောင်းကင်ပေါ်တွင် ဦးတည်ချက်မရှိ ပျံသန်းနေရင်း စဉ်းစားနေ၏။ မည်သည့် ကိစ္စများ ဖြစ်နေပါစေ စစ်နတ်ဘုရား ဗိမာန်ကိုတော့ သွားမည် မဟုတ်ပေ။ သူတို့ ၃ ယောက်က သူ့ကို သစ္စာမဖောက်လျှင်တောင်မှ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ အကြည့်အောက်တွင် သူ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။

ထိုအကြောင်းကို စဉ်းစားနေသည့် အချိန်တွင် ရုတ်တရက် သူ၏ မျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာသည်။

ထိုအချိန်တွင် နူးညံ့သော အသံတစ်ခုက သူ၏ နားထဲသို့ ဝင်လာသည်။

“ကောင်လေး … ငါ့တပည့်ရဲ့ ဝိညာဉ် အဆီအနှစ် သွေးစက်ကို ကျေးဇူးပြု၍ ပြန်ပေးနိုင်မလား …”

ထိုအသံသည် နူးညံ့ပြီး နားထောင်ရသူမှာ အရမ်းကို ချိုမြိန်လှသည်။

ဝမ်လင်းက ရပ်တန့်လိုက်ပြီး နောက်သို့လှည့်လိုက်ရာ ဆွဲဆောင်မှု အားပြင်းသော မိန်းမတစ်ယောက်က သူ့ထံသို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

ထိုမိန်းမသည် တိမ်များပေါ်တွင် ပေါ့ပါးစွာ လမ်းလျှောက်နေပြီး ခြေတစ်လှမ်းလှမ်းတိုင်း တချွင်ချွင် အသံလေးများ ထွက်ပေါ်နေသည်။ သူမက အပြာရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အောက်ပိုင်းတစ်ဝက်သည် မြစိမ်းရောင် သန်းနေလေသည်။ ခါးကို ချည်ထားသည့် ဖဲကြိုးအစကလည်း အလွန်ရှည်နေသဖြင့် လေထဲတွင် လွင့်နေလေသည်။ အပြာရောင် ဝတ်စုံထားသည့် သူမသည် အလွန်ကို လှပကျော့ရှင်း နေသည်။

ထိုမိန်းမသည် အလှပြင်ပစ္စည်းများ သုံးမထားဘဲနှင့်တောင်မှ သူမ၏ မျက်နှာက အနီရောင်ဖျော့ဖျော့ ဖြစ်နေပြီး အသားအရည်ကလည်း ဖြူဝင်းချောမွတ် နေလေသည်။

သူမက ရှေ့သို့ လျှောက်လာတိုင်း ဝမ်လင်းက နောက်ကို ဆုတ်ပြီး အကွာအဝေးကို ထိန်းထားလိုက်သည်။ သူက သိုလှောင်အိတ်ပေါ် လက်တင်ပြီး သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ဝမ်လင်း၏ အမူအရာက မပြောင်းလဲသောလည်း သူ၏ ရင်ထဲတွင်လည်း တဒုန်းဒုန်း ခုန်နေလေသည်။ ထိုမိန်းမ၏ ကျင့်စဉ်အဆင့်ကို သူမမြင်ရသည့် အတွက် ထိုမိန်းမသည် ကျိန်းသေ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် ဖြစ်ရပေမည်။

ဝမ်လင်းက သူမကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

”သင်ရဲ့ တပည့်နာမည်က ဘယ်သူလဲ …”

ထိုမိန်းမက ချိုသာသော အပြုံးတစ်ခု ပြုံးပြပြီး နူးညံ့သော အသံဖြင့် ဖြေလိုက်သည်။

”ငါ့ရဲ့တပည့် နာမည်က ကျိုးဇီဟောင်ပါ …”

ဝမ်လင်းက ချက်ချင်း ခေါင်းညိတ်ပြီး အလေးအနက် ပြောလိုက်သည်။

“ကောင်းပြီ … ဂျူနီယာက ကီလိုမီတာ ၁၀၀၀ အကွာလောက်ကို ရောက်ရင် ဝိညာဉ်အဆီအနှစ် သွေးစက်ကို ချန်ထားခဲ့ပါမယ် … အဲဒီလိုမှ မဟုတ်ရင်တော့ ဒီဂျူနီယာက သွေးစက်ကို ဖျက်ဆီး ပစ်ရပါလိမ့်မယ် …”

ထိုမိန်းမကလည်း ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်။

“ကောင်လေး … မကြောက်လန့်ပါနဲ့ … ငါ မင်းအကြောင်းကို ကျိုးဇီဟောင်ဆီက အစောကြီး ကတည်းက ကြားပြီးပါပြီ … မင်းက သူတို့ ၃ ယောက်ကို စစ်နတ်ဘုရား ဗိမာန်ကို အသက်ရှင်လျက် ပြန်ရောက်နိုင်အောင် ကူညီပေးလို့ ကျေးဇူတင်ပါတယ် … မင်းက မိုင်လျန်း ခန္ဓာကိုယ်ကို ယူထားတာနဲ့ ပတ်သက် ပြီးတော့လည်း ငါ့တို့ လျစ်လျူရှု ပေးနိုင်ပါတယ် … ဘာလို့လဲဆိုတော့ မင်းက ကျိုးဇီဟောင်ကို ကယ်ခဲ့လို့ပဲ … ဒါ့ကြောင့် မင်း ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ လျစ်လျူရှု ပေးနိုင်တယ် …“

ဝမ်လင်းက ထိုမိန်းမ၏ စကားကို နားထောင်ပြီး သူမ၏ မျက်လုံးကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများကတော့ ညာနေသည့်ဟန် မရှိပေ။ သို့သော်လည်း သူက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဒီဂျူနီယာကို ခက်ခဲအောင် မလုပ်ပါနဲ့ … ကီလိုမီတာ ၁၀၀၀ ကွာတာနဲ့ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ချန်ထားပေခဲ့ပါ့မယ် …“

သူမက ရယ်မောပြီး ပြောလိုက်သည်။

“ကီလိုမီတာ ၁၀၀၀ လား … ငါ မင်းကို မိုင်လျန်းလို့ပဲ ခေါ်လိုက်တော့မယ် … မီတာ ၁၀၀၀ ဆိုတာ ငါ့အတွက် နီးနီးလေး … ငါသာ မင်းကို သတ်ချင်ရင် မင်းနဲ့ငါ ကီလိုမီတာ ၁၀၀၀၀ (တစ်သောင်း) လောက် ဝေးနေရင်တောင် ငါ့အတွက် ပြောပလောက်တဲ့ အကွာအဝေးတစ်ခု မဟုတ်ဘူး … ကောင်းပြီလေ … မင်းက အပြင်းအထန် တောင်းဆိုနေမှတော့ သွားပါ …“

ဝမ်လင်းကလည်း ခွင့်ပြုချက် ရသည်နှင့် ချက်ချင်း ပျံသန်း ထွက်ခွာသွား၏။ နာရီဝက် ကြာပြီးနောက် သူက ၃၀၀၀ ကီလိုမီတာကိုပင် ကျော်လာသည်။ သူက တောင်ထိပ် တစ်ခုပေါ်တွင် ရပ်လိုက်ပြီး အသက်ရှူသံကို ထိန်းလိုက်ကာ နဖူးမှ ဝိညာဉ်အဆီအနှစ် သွေးစက်တစ်စက်ကို ထုတ်ယူ လိုက်သည်။

ဝမ်လင်းက သွေးစက်ကို တောင်ထိပ်ပေါ်တွင် ချန်ထားခဲ့ပြီး ချက်ချင်း တခြားဆီသို့ ပျံသန်း ထွက်ခွာသွားသည်။ ထိုမိန်းမက အမှန်ပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ သူကတော့ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်နှင့် ယှဉ်ပြိုင် မတိုက်ခိုက်နိုင်သဖြင့် ကျိုးဇီဟောင်၏ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ချန်ထားခဲ့ခြင်းဖြစ်သည်။

မိနစ်အနည်းငယ် ကြာပြီး‌နောက် တောင်ထိပ်ပေါ်တွင် ထိုမိန်းမက ပေါ်လာပြီး လေထဲတွင် ရှိနေသည့် ကျိုးဇီဟောင်၏ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ညာလက်ဖြင့် ယူလိုက်သည်။

သူမက သွေးစက်ကို ကြည့်ပြီး ဝမ်လင်း ထွက်သွားသည့်ဘက်ကို ကြည့်ကာ နူးညံ့စွာဖြင့် ရေရွတ်လိုက်သည်။

“မင်းက ဟောင်အာကို ကယ်လည်းကယ်ခဲ့တယ် … ဟောင်အာရဲ့ ဝိညာဉ်သွေးစက်ကိုလည်း ပြန်ပေးတယ်ဆိုတော့ ငါကလည်း မင်းရဲ့ ကိစ္စတွေကို ဖြေရှင်းပေးရမှာပေါ့ …“

နှစ်ရက်လုံးလုံး အနားယူရန် လိုအပ်သည့် အချိန်မှလွဲ၍ ဝမ်လင်းသည် မရပ်မနား ပျံသန်းခဲ့၏။ ကျိုးဇီဟောင်၏ ဆရာမက နောက်တစ်ကြိမ် ပြန်ပေါ်မလာသည့် အတွက်လည်း စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွား၏။ ရုတ်တရက် သူ၏မျက်လုံးက သူနှင့်မဝေးသည့် မြေပြင်ပေါ်သို့ ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အဝေးမှ ဓားအလင်း အများအပြားက သူ့ဆီသို့ ပျံသန်းလာသည်။ သူတို့က ဝမ်လင်းကို မြင်သောအခါ ချက်ချင်း အရပ်မျက်နှာ ပြောင်းပြီး သူ့ထံသို့ ဦးတည်လိုက်ကြသည်။ သူတို့သည် လူငယ်များ ဖြစ်ကြပြီး ဝမ်လင်း၏ အနီးတွင် ရပ်လိုက်ကြကာ သူတို့က ဝမ်လင်းကို ရန်လိုသည့် အကြည့်များဖြင် ကြည့်လိုက်ကြ၏။

လူငယ်များထဲတွင် ရှေ့ဆုံးမှ လူငယ်သည် သိသာထင်ရှားနေပြီး ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်နေသည့် အပြင် အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် (အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ခါနီးဆဲဆဲ) ကိုပင် ရောက်နေလေသည်။ သူက ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဓားကို စီးနင်းထား၏။

သူ့နောက်တွင် အနီရောင် ဝတ်ဆင်ထားသော မိန်းမငယ်လေး တစ်ယောက်ပါသည်။ သူ၏ မျက်နှာက အနီရောင် သန်းနေလေသည်။

ရှေ့ဆုံးမှ လူငယ်၏ မျက်လုံးက အေးစက်သွားပြီး မိန်းမငယ်လေးကို ကြည့်ကာ မေးလိုက်သည်။

“ဝမ်အာ … သူလား …“

မိန်းမငယ်လေးက ဝမ်လင်းကို ကြည့်လိုက်ပြီး လူငယ်ကို တိုးတိုးလေး ပြန်ပြောလိုက်သည်။

“အစ်ကို … သူ မဟုတ်ဘူး … အဲဒီလူက ရုပ်ဖျက်တတ်ပေမဲ့ ဒီလူရဲ့ ပုံစံကို အတုလုပ်နိုင်မှာ မဟုတ်ဘူး …“

ထိုအခါ လူငယ်၏ မျက်လုံးထဲတွင် အေးစက်မှုများ ပျောက်သွားပြီး လက်နှစ်ဖက်ကို ဆုပ်ကာ ဝမ်လင်းကို ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ … ငါက လိုဟဲဂိုဏ်းရဲ့ တပည့် လီချီချင်းပါ … ငါတို့ရဲ့ မရိုမသေ ဖြစ်သွားတဲ့ အပြုအမူတွေအတွက် တောင်းပန်ပါတယ် …“

ဝမ်လင်း၏ အမူအရာက ပြောင်းလဲမသွားဘဲ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး … ဒါက နားလည်မှု လွဲရုံလေးပါဘဲ …“

လီချီချင်းက ပြောလိုက်သည်။

“ရောင်းရင်း … ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေး ရှိတာမို့ … အရင်သွားတော့မယ် …“

ပြောပြီးသည်နှင့် သူက လက်နှစ်ဖက်ကို ဆုပ်ပြီး လေးစားမှုကို ပြသကာ ဘေးမှ မိန်းကလေးကို ဆွဲခေါ်ပြီး လူငယ်များနှင့် အတူ ထွက်ခွာသွား၏။

သူတို့ ထွက်သွားသည်နှင့် ဝမ်လင်းက မြေပြင်ကို ကြည့်ပြီး ရှေ့သို့ တိုးသွားကာ မြေပြင်ကို ကြည့်ရင်း မျက်မှောင် ကြုတ်လိုက်သည်။ ထို့နောက် သတ္တုအပိုင်းအစ တစ်ခုကို ထုတ်ယူပြီး မြေပြင်ကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်၏။

“ဘုန်း …“

သတ္တုမြေပြင်ကို ပြင်းထန်စွာ ရိုက်မိသွားပြီး မြေအောက် မီတာ၂၀ အကွာခန့်မှ သနားစဖွယ် လူငယ်တစ်ယောက် ထွက်လာသည်။

ထိုလူငယ်၏ပုံစံက သာမန်သာဖြစ်ပြီး မျက်လုံးများကတော့ ဉာဏ်ကောင်းသည့် မျက်လုံးမျိုး ဖြစ်သည်။ သူက အလျင်အမြန် လက်ကို မြှောက်ပြီး အော်ပြောလိုက်သည်။

“ရောင်းရင်းကျင့်ကြံသူ … ဒါက အထင်လွဲတာပါ … အထင်လွဲတာပါ …”

ပြောပြီးသည်နှင့် သူက ဘေးဘီကို ကြည့်ပြီး ဝမ်လင်းဆီသို့ ဓားပျံကို စီးပြီး ပျံသန်းလာသည်။

“ရောင်းရင်းကျင့်ကြံသူ … ငါ့နာမည်က စွန်းယိုချိုက်ပါ … ဒါက နားလည်မှု လွဲတာပါ … လိုဟဲဂိုဏ်းက မိန်းကလေးက ငါ့ကို လိုက်ရှာနေတာ … ငါက သူတို့ကို မနိုင်တော့ ပုန်းနေရတယ် … သူတို့က အခုထိ ငါ့ကို လိုက်ရှာနေကြတုန်း … ငါသာ မင်းနောက်ကို မလိုက်ရင် သူတို့ ငါ့ကို ရှာတွေ့သွားကြလိမ့်မယ် …“

ဝမ်လင်းက သူ့ကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုလိုက်ကာ အရှေ့သို့ ဆက်လက် ပျံသန်းသွားလိုက်သည်။

စွန်းယိုချိုက်ကလည်း လျင်မြန်စွာ သူ့နောက်ကို လိုက်လာပြီး မေးလိုက်သည်။

“ရောင်းရင်းကျင့်ကြံသူ … မင်းက ဘယ်ဂိုဏ်းကလဲ … ငါက နတ်ဆိုးမိစ္ဆာ ဂိုဏ်းက တပည့်တစ်ယောက်ပါ …“

ဝမ်လင်းက မျက်မှောင် ကြုတ်လိုက်ပြီး စကားပြန်မပြောဘဲ ပိုပြီး လျင်မြန်စွာဖြင့် ပျံသန်းလိုက်သည်။ သူ၏ အမြန်နှုန်းက ရုတ်တရက် မြန်သွားသည့်အတွက် စွန်းယိုချိုက်က နောက်တွင် ကျန်နေခဲ့သည်။ စွန်းယိုချိုက်က စိတ်ထဲတွင် လှောင်ပြောင်လိုက်ကာ ခြေနှစ်ဖက်ကို ရိုက်ပြီး အမြန်နှုန်းကို တင်လိုက်သဖြင့် သူက ဝမ်လင်း၏ အနားသို့ ပြန်ရောက်သွားပြီး ဆက်ပြောလိုက်သည်။

“ရောင်းရင်းကျင့်ကြံသူ … ဒီကိစ္စမှာ ဟိုမိန်းကလေးရဲ့ အမှားပါ … အာ … မင်းက လျှိုမြောင် အလုပ်ရုံကို သွားမလို့လား … ငါတို့ အတူသွားကြမယ်လေ … အဲဒီနေရာက လူတချို့ကို ငါ သိတယ် … မီးပြင်းဖိုအဖြစ် အသုံးပြုဖို့ ချီစုစည်းခြင်းအဆင့် မိန်းကလေးတွေကိုတောင် ဝယ်လို့ရတယ် …”

“ဘယ်လိုတောင် မြန်ရတာလဲ“

ဝမ်လင်း၏ စိတ်ထဲတွင် ကျိတ်တွေးလိုက်ပြီး စွန်းယိုချိုက်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ စွန်းယိုချိုက်က ဝမ်လင်း၏ အပြုံးကို မြင်ပြီး ကြက်သီးမွေးညင်းများပါ ထသွား၏။ သို့သော်လည်း ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့်က ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့်ဖြစ်ပြီး သူက နှောင်းပိုင်းအဆင့် ဖြစ်နေသည့်အတွက် သိပ်ပြီး ကြောက်လန့်ခြင်း မရှိပေ။ သူက ဝမ်လင်းက ပြန်ပြုံးပြပြီး မေးလိုက်သည်။

“ဘယ်လိုလဲ …“

ဝမ်လင်းက စိတ်ထဲတွင် ကျိတ်ပြီး‌ လှောင်ပြောင်ကာ လေးလေးနက်နက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ … အစ်ကိုစွန်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့ …“

ဝမ်လင်းက အလွယ်တကူ လက်ခံလိမ့်မည်ဟု မထင်ထားသဖြင့် စွန်းယိုချိုက်၏ စိတ်ထဲ တုန်လှုပ်သွား၏။ သို့သော်လည်း သူက ပြုံးပြပြီး ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး … သူတို့ရဲ့လက်က ပုန်းဖို့ မင်းရဲ့နောက်ကို လိုက်လာမိတာ ငါ့အမှားပါ … ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ …“

“ငါ့နာမည်က မိုင်လျန်း … စစ်နတ်ဘုရား ဗိမာန်က တပည့်တစ်ယောက် …“

ဝမ်လင်းက ပြုံးပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

စွန်းယိုချိုက်က ကျီစယ်သည့် အပြုံးမျိုးဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“အစ်ကိုမိုင် … ငါ ကြားတာက စစ်နတ်ဘုရားဗိမာန်မှာ ကျိုးဇီဝေဆိုတဲ့ နာမည်နှင့် အလှလေး တစ်ယောက် ရှိတယ်ဆို … ငါ့တို့ဂိုဏ်းရဲ့ အနာဂတ် ခေါင်းဆောင်က လွန်ခဲ့တဲ့ ၆ လလောက်က သူမကို မြင်ပြီး အရူးအမူး ဖြစ်သွားတယ်တဲ့ … သူမက တစ်ကယ်ပဲ အရမ်းလှတာလား …“

ဝမ်လင်းက အလန့်တကြားဖြင့် ပြန်မေးလိုက်သည်။

“ကျိုးဇီဝေလား … မင်းပြောတာ ကျိုးဇီဟောင်လား … ဂိုဏ်းတူအစ်မ ကျိုးလေ …“

စွန်းယိုချိုက်က ရုတ်တရက် နဖူးကို ရိုက်ပြီး ပြုံးပြလိုက်သည်။

“ငါ့ရဲ့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူးပဲ … ကျိုးဇီဟောင်ကို ပြောတာ … သူမက အရမ်းလှလား …”

ဝမ်လင်းက ခေါင်းညိတ်ပြီး ဖြေပေးလိုက်သည်။

“ဂိုဏ်းတူ အစ်မကျိုးက အရမ်းကို လှတယ် … ဒါပေမဲ့ ဂိုဏ်းတူအစ်မကျိုးရဲ့ ပင်ကိုစရိုက်က အရမ်းကို အေးစက်တယ် … ငါတောင်မှ သူမကို အကြိမ်ရေ နည်းနည်းလောက်ပဲ မြင်ဖူးတယ် …“

***

Comment

Leave a Reply

Options

not work with dark mode
Reset