Switch Mode

အခန်း (၁၂၉)

မကောင်းဆိုးဝါး ဖန်တီးခြင်း

ဝမ်လင်းက ရှုလီကောကို ကြည့်ပြီး ကျိုးကန်းစန်း၏ သိုလှောင်အိတ်ကို ဆွဲငင်အားနည်း စနစ်ဖြင့် ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် မီးဘောလုံးများကို ပစ်လွှတ်လိုက်ရာ အလောင်းကောင် ဂိုဏ်းမှ တပည့်၃ယောက်၏ ခန္ဓာကိုယ်များနှင့် အလောင်းရုပ်သေးများ အားလုံးသည် လောင်ကျွမ်း ပြာကျသွား၏။

ထို့နောက် ရှုလီကောကို ဆွဲခေါ်သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။

ထိုအချိန်တွင် တခြားဂိုဏ်းမှ တပည့်များ အားလုံးသည်လည်း အသီးများ ခူးဆွတ်ပြီး သွားကြပြီ ဖြစ်သည်။

ဝမ်လင်းက ဂူထဲသို့ ပြန်ရောက်သည်နှင့် လောင်ကျွမ်း သစ်နွယ်ကို မြေပြင်ပေါ်သို့ ပစ်ချပြီး ရှုလီကောကိုလည်း ရှေ့သို့ လွှင့်ပစ်လိုက်၏။ ထိုအခါ ရှုလီကောက ကြောက်လန့် တကြားဖြင့် ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူလေး … ဘာကိစ္စပဲ ရှိရှိ ဆွေးနွေးလို့ ရပါတယ် … မင်း ငါ့ကို မသတ်သရွှေ့ မင်း ဘာပဲတောင်းဆိုတောင်းဆို ငါ လိုက်လျောပါ့မယ် … ကျေးဇူးပြုပြီး ဒေါသမကြီးပါနဲ့ …“

ရှုလီကောသည် အလွန် ကြောက်လန့်နေသည်။ ယခင်က သူသည် စဦးစိတ်ဝိညာဉ် အဆင့် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် သူက ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်း အဆင့်သာ ရှိသေးသည့် စဦးစိတ်ဝိညာဉ် တစ်ခုသာလျှင် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်း၏ ဂျိနယ်ပယ်နှင့် ဆိုလျှင် သူသည် အစွမ်းမရှိသည့် စက္ကူကျား တစ်ကောင်သာ ဖြစ်သည်။

ဝမ်လင်းက ရှုလီကော၏ တောင်းပန်မှုကို လျစ်လျူရှုပြီး ဂူကို ပိတ်လိုက်ရာ ရှုလီကောသည် မသိမသာ ညည်းလိုက်ပြီး တဖြည်းဖြည်း နောက်မှ နံရံဆီသို့ ကပ်သွား၏။

ဝမ်လင်းက သူ့ကို မတားဘဲ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြစ်သည့် အနီရောင် လျှပ်စီးတန်းကိုသာ ပစ်လွှတ်လိုက်၏။

အနီရောင် လျှပ်စီးတန်းက သူ့ထံသို့ နီးကပ်လာသောအခါ ရှုလီကောက လျှပ်စီးတန်းသည် သူ့ကို သတ်ပစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

လျှပ်စီးတန်းထိတော့မည့် အချိန်တွင် ဝမ်လင်း၏ ညာလက်က ထွက်လာပြီး တုန်တုန်ယင်ယင် ဖြစ်နေသည့် ရှုလီကောကို ဆွဲယူလိုက်၏။ ဝမ်လင်းက စဦးစိတ်ဝိညာဉ်ကို ကြည့်ပြီး ရုတ်တရက် သူ၏ မျက်လုံးများက အရောင် တောက်သွားသည်။

ရှုလီကော၏ စဦးစိတ်ဝိညာဉ်ကို ပထမဆုံးတွေ့သည့် အချိန်က တစ်ခုခု ရင်းနှီးနေသည်ဟု ခံစားခဲ့ရသော်လည်း ဘာကိုမှ စဉ်းစားမရခဲ့ပေ။

ယခု အချိန်တွင်တော့ ရှုလီကော၏ စဦးစိတ်ဝိညာဉ်ကို ကြည်ပြီး သတိရသွားပြီ ဖြစ်သည်။ သူ့လက်ထဲတွင် ရှိနေသော စဦးစိတ်ဝိညာဉ်သည် ပျက်စီးခြင်း လောကထဲရှိ လေလွင့် ဝိညာဉ်များနှင့် ဆင်တူနေသည်။

ဝမ်လင်း မေးစေ့ကို ပွတ်ပြီး စဉ်းစားကြည့်ရာ သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

သူသာ ပျက်စီးခြင်း လောကထဲမှာ ကဲ့သို့ ဝိညာဉ်များကို ဝါးမျိုနိုင်လျှင် သူ၏ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံသည် အလွန် အစွမ်းထက်လာမည် ဖြစ်သည်။ ထို့အပြင် လေလွင့် ဝိညာဉ်များကို ဤသက်ရှိ လောကထဲတွင် လုံလောက်အောင် စုဆောင်းနိုင်ပါက ထန်းဟွယွမ်ကို လက်စားချေရန် အတွက်လည်း အလွယ်လေး ဖြစ်သွားပေလိမ့်မည်။

သူ့ထံတွင် လေလွင့်ဝိညာဉ်များ လုံလုံလောက်လောက် ရှိနေပါက အမြုတေ ဖွဲ့တည်းခြင်း မဆိုထားနှင့် စဦးစိတ်ဝိညာဉ် အဆင့်များကိုပင် ပြန်လည် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ဝမ်လင်းသည် ကျောင်းနိုင်ငံတွင် သင်ခန်းစာများ ရခဲ့ပြီးနောက် သူ၏စိတ်သည် အကြီးအကျယ် ပြောင်းလဲ သွားခဲ့သည်။ သူ၏ ကံကြမ္မာကို ယခင်ကဲ့သို့ တခြားသူက ထိန်းချုပ်ခြင်း မပြုနိုင်စေရန် သူ့ကိုယ်သူ အစွမ်းထက် လာအောင် လုပ်ရမည်ကို နားလည်သွား၏။

“ငါက ပျက်စီးခြင်း လောကထဲက လေလွင့် ဝိညာဉ်တွေကို အပြင် ခေါ်မထုတ်နိုင်မှတော့ … ဒီလောကမှာပဲ လေလွင့်ဝိညာဉ်တွေကို ဖန်တီးရတော့မှာပေါ့ …”

ထိုသို့ တွေးပြီး ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွား၏။

ထို့နောက် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သတ္တုတစ်မျိုး ထွက်လာသည်။ သူက နံရံကို လက်ဖြင့် ညွှန်ပြလိုက်ရာ သတ္တု အပိုင်းအစက နံရံတွင် ဂူတစ်ခု ထွင်းလိုက်၏။

ထိုအလုပ်ကို လုပ်နေစဉ်မှာတင် ရှုလီကော၏ မှတ်ဉာဏ်များကို သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် ဖျက်ဆီးပစ်လိုက်၏။ ရှုလီကော၏ အဆင့်သည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သာ ရှိသေးသော်လည်း သူ၏ စဦးစိတ်ဝိညာဉ်မှ မှတ်ဉာဏ်များကို ခက်ခက်ခဲခဲ ရှင်းထုတ်လိုက်ရသည်။

နံရံပေါ်တွင် ဂူကို ပြုလုပ်ပြီးနောက် သတ္တုအပိုင်းအစကို သိုလှော်အိတ်ထဲ ပြန်ထည့်ပြီး စဦးစိတ်ဝိညာဉ်ကို ဂူထဲတွင် ပစ်ထည့်လိုက်သည်။ ထို့နောက် စဦးစိတ်ဝိညာဉ်ကို ထွတ်မပြေး နိုင်စေရန် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ အမျှင်လေးတစ်ခု ထားခဲ့ကာ ဂူထဲမှ ထွက်ခွာသွား၏။

ဝမ်လင်းသည် ဂူထဲမှ ထွက်လာပြီးနောက် အနီးအနားရှိ တောင်ပေါ်မှ တိရစ္ဆာန်ငယ်များကို ဖမ်းဆီးကာ ဂူဆီသို့ ပြန်လာခဲ့သည်။

ပြန်ရောက် လာပြီးနောက် ဝမ်လင်းက စဦးစိတ်ဝိညာဉ်ကို ကြည့်ကာ တိရစ္ဆာန် တစ်ကောင်ကို စဦးစိတ်ဝိညာဉ် ဆီသို့ ပစ်လိုက်၏။ ထိုတိရစ္ဆာန်က ကျယ်လောင်စွာ အော်လိုက်ပြီး ဂူထောင့်ဆီသို့ ပြေးကပ်လိုက်သည်။ ကြည့်ရသည်မှာ တိရစ္ဆာန်သည် ဝိညာဉ်ကို သတိပြုမိသည့်ဟန် မရပေ။

ဝမ်လင်း သူတို့နှစ်ကောင်ကို ကြည့်ပြီး နံရံပေါ်တွင် နောက်ထပ် ဂူတစ်ခုကို တူးကာ ကျန်ရှိနေသော တိရစ္ဆာန်များကို ပစ်ထည့် ထားလိုက်သည်။

အားလုံး ပြီးသွားပြီးနောက် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ထုတ်ယူလိုက်သည်။ ပုတီးစေ့က သူ့ကို တစ်ပတ်ပတ်ပြီးနောက် လောင်ကျွမ်း ရွှေနွယ်ပင် ဆီသို့ ပျံသန်းသွား၏။

လောင်ကျွမ်း ရွှေနွယ်ပင်ပေါ်မှ လောင်ကျွမ်း ရွှေသစ်သီးများသည် ချက်ချင်း ပိန်ရှုံ့လာပြီး သူတို့တွင် ရှိသည့် သစ်သားဒြပ်စင်များ အားလုံးကို ပုတီးစေ့က စုပ်ယူနေခြင်း ဖြစ်သည်။

တဖြည်းဖြည်း ပုတီးစေ့ပေါ်တွင် တတိယမြောက် သစ်ရွက်ပုံ ပေါ်လာ၏။ နွယ်ပင်တစ်ခုလုံး ရှုံ့တွသွားသည့်အချိန်တွင် တတိယမြောက် သစ်ရွက်ပုံသည် အပြည့်အဝ ရုပ်လုံးပေါ်သွားပြီ ဖြစ်သည်။

ဝမ်လင်း၏ မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာပြီး သူက ပုတီးစေ့ကို ယူကာ သေချာ ကြည့်လိုက်သည်။ ထို့နောက် ပုတီးစေ့ကို နဖူးပေါ်သို့ တင်လိုက်ရာ ပုတီးစေ့က နဖူးမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

ဝမ်လင်းက လေကို ပြင်းပြင်းရှူပြီး အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် ဂူထဲမှ ထွက်ကာ မီးတောင်များဆီသို့ သွားပြီး လောင်ကျွမ်းရွှေနွယ်ပင် ၃ ပင်လုံးကို ၃ ရက်အတွင်း ယူကာ ပြန်လာခဲ့သည်။

ထိုလောင်ကျွမ်း ရွှေနွယ်ပင် ၃ ပင်လုံးကို စုပ်ယူပြီးနောက် ပုတီးစေ့တွင် သစ်ရွက်ပုံ ၅ ခု ပေါ်လာပြီ ဖြစ်သည်။

၃ ရက်ကြာပြီးနောက် ဝမ်လင်းက ဂူအသေးတစ်ခုထဲသို့ ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ကျင်ကြီး၊ ကျင်ငယ်တချို့ကို မြင်လိုက်ရသည်။ တိရစ္ဆာန်ငယ်လေးသည် ထောင့်တွင် တုန်တုန်ယင်ဖြင့် ရပ်နေလေသည်။ တိရစ္ဆာန်ငယ်လေးသည် လွန်ခဲ့သော ၃ ရက်မှ စားခဲ့သော အစာများကို အစာကြေသွားပြီ ဖြစ်သဖြင့် ယခုအချိန်တွင် အလွန်အင်အား ချည့်နဲ့နေလေပြီ။

ရှုလီကော၏ စဦးစိတ်ဝိညာဉ်သည် ယခုအချိန်တွင် လေထဲတွင် ရှိနေပြီး စဦးစိတ်ဝိညာဉ်က ဖောက်ထွင်း မြင်ရလုနီးပါး ဖြစ်နေပြီး အချိန်မရွေး ပျောက်ကွယ် သွားနိုင်ပေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် စဦးစိတ်ဝိညာဉ်ကို တိရစ္ဆာန်ဆီသို့ ပို့လိုက်သည်။ ခဏကြာပြီး‌နောက် စဦးစိတ်ဝိညာဉ်သည် တိရစ္ဆာန်၏ ခေါင်းပေါ်သို့ ရောက်သွား၏။

နောက်ဆုံးတွင် စဦးစိတ် ဝိညာဉ်သည် ပုန်းစရာနေရာ မရှိတော့သည့်အတွက် တိရစ္ဆာန်ပေါ်သို့ ခုန်လိုက်သည်။ ထိုအခါ ဝမ်လင်းက သူတို့နှစ်ကောင်၏ ပြောင်းလဲမှုများကို ဂရုတစိုက် စောင့်ကြည့် နေလိုက်၏။ တိရစ္ဆာန်ငယ်လေးသည် ပြင်းပြင်ထန်ထန် တုန်လာပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း မှိန်ကျလာပြီး တိရစ္ဆာန် အကောင်ငယ်လေးက မြေပြင်ပေါ်သို့ လဲကျသွား၏။

ထိုအချိန်တွင် ရှုလီကော၏ စဦးစိတ် ဝိညာဉ်သည် တိရစ္ဆာန် အကောင်ငယ်လေး၏ ဦးခေါင်းမှ ပျံသန်း ထွက်လာပြီး နံရံဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ နံရံနှင့် တိုက်မိချိန်တွင် နာကျင်စွာ အောင်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်က နောက်သို့ ဆုတ်သွား၏။ သို့သော်လည်း ၎င်းက နောက်တစ်ကြိမ် ထပ်တိုက်လိုက်ပြန်သည်။ သည်လိုနှင့် ဂူထဲတွင် စဦးစိတ်ဝိညာဉ်သည် နံရံကို တိုက်လိုက်၊ နောက်သို့ ပြန်ဆုတ်ရလိုက် အကြိမ်ကြိမ် ဖြစ်နေလေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်းက လုံးဝ မအံ့ဩဘဲ ပျော်တောင် ပျော်နေသေး၏။ ယခုအချိန်တွင် စဦးစိတ်ဝိညာဉ်သည် ယခင်ကဲ့သို့ ဖောက်ထွင်း မြင်ရလောက်သည်အထိ ကြည်လင် မနေတော့ဘဲ ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။ ဝမ်လင်းသည် ဤ ၃ ရက် အတွင်းတွင် ဖမ်းဆီးလာခဲ့သော တိရစ္ဆာန် အကောင်ငယ် အားလုံးကို စဦးစိတ်ဝိညာဉ် ရှိနေသည့် ဂူထဲသို့ ပစ်ထည့်ကာ ဂရုတစိုက် စောင့်ကြည့် နေလိုက်သည်။

အကောင်ငယ်များသည် ဂူထဲသို့ ရောက်သည်နှင့် ကြောက်လန့်စွာဖြင့် နံရံထောင့်သို့ ပြေးကပ်ကာ မရပ်မနား အော်လေသည်။

ဝမ်လင်းကတော့ တိရစ္ဆာန်များကို လျစ်လျူရှုပြီး စဦးစိတ် ဝိညာဉ်ကို သေချာ ကြည့်နေလေသည်။ တဖြည်းဖြည်းနှင့် စဦးစိတ် ဝိညာဉ်သည် ပြန်လည် ကြည့်လင်လာပြီး ရူးသွပ်မှု များသည်လည်း ပျောက်ကွယ်သွားကာ နောက်တစ်ကြိမ် တွေဝေနေသကဲ့သို့ ဖြစ်သွားလေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး နောက်တစ်ကြိမ် နတ်ဘုရား စိတ်အာရုံဖြင့် ဖိအား ပေးလိုက်ပြန်သည်။

စဦးစိတ် ဝိညာဉ်သည် အကောင်ငယ် တစ်ကောင်ကို သတ်ပြီးသည်နှင့် သူ၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်လာပြီး နံရံကို အကြိမ်ကြိမ် အခါခါ တိုက်နေလေသည်။

စဦးစိတ်ဝိညာဉ်က ကျန်ရှိ နေသေးသော အကောင်ငယ်များအား လျစ်လျူရှု နေသည်ကို မြင်သောအခါ ဝမ်လင်းက နှာခေါင်းတစ်ချက် ရှုံ့ပြီး နောက်ထပ် ဖိအားပေးလိုက်ပြန်သည်။ အကောင်ငယ်များ အားလုံး သေသွားသောအခါ စဦးစိတ်ဝိညာဉ်၏ ရူးသွပ်မှုများသည် ပိုမို အားကောင်းလာသည်။

အကောင်ငယ် အားလုံး သေသွားသောအခါ ဝမ်လင်းက ဂူထဲမှ ထွက်ပြီး အနီးအနားမှ သားရဲ တော်တော်များများကို ဖမ်းဆီးလာသည်။

ဂူထဲသို့ ပြန်ရောက်ပြီးနောက် ဝမ်လင်းက နောက်ထပ်ဂူအသေး အနည်းငယ်ကို ထပ်လုပ်ပြီး သားရဲများကို ခွဲထားလိုက်၏။ ထို့နောက် မျက်လုံးများ နီရဲနေသည့် သားရဲတစ်ကောင်ကို စဦး စိတ်ဝိညာဉ်ရှိသည့် ဂူအတွင်းသို့ ပစ်ထည့် လိုက်ပြန်သည်။

သားရဲကို ဝါးမျိုရန် ဖိအားပေးပြီးနောက် စဦးစိတ်ဝိညာဉ်၏ ရူးသွပ်မှုသည် ပိုမို အားကောင်းလာသည်။

ဝမ်လင်းက အပြင်ဘက်မှ နေပြီး အချိန်တော်တော် ကြာအောင် လေ့လာပြီးနောက် စဦးစိတ်ဝိညာဉ် အဆင့်သည် လေလွင့် ဝိညာဉ်အဖြစ်သို့ ပြောင်းသွားပြီလား ဆိုတာကို ဝမ်လင်း မသိချေ။

ထို့ကြောင့် မကောင်းဆိုးဝါးဆိုသော နာမည်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သားရဲများကို ဝါးမျိုရန် ဆက်လက် ဖိအားပေးလိုက်၏။

အမှန်ဆိုလျှင် ကျင့်ကြံသူများကို ဖမ်းဆီးပြီး စမ်းသပ်ခြင်းက အကောင်းဆုံး ဖြစ်သော်လည်း ကျင့်ကြံသူ တစ်ယောက်ကို ဝါးမျိုပြီးနောက် စဦးစိတ်ဝိညာဉ်၏ စွမ်းအားများသည် ဂျိနယ်ပယ်၏ စွမ်းအားထက် သာလွန်သွားပါက သူ့အတွက် အန္တရာယ် ရှိလာနိုင်သည်။

နောက်ထပ် ၄ ရက် ကြာပြီးနောက်တွင် သားရဲများ အားလုံးသည် စဦးစိတ်ဝိညာဉ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ဒီနေ့တွင်လည်း ဝမ်လင်းက သားရဲတစ်ကောင်ကို ဂူအသေးထဲသို့ ပစ်ထည့်လိုက်၏။

စဦးစိတ်ဝိညာဉ်ကို တဖြည်းဖြည်း ဂျိနယ်ပယ် စွမ်းအားများဖြင့် ဖိအားပေးကာ သားရဲဆီသို့ သွားစေလိုက်သည်။ ၎င်းက သားရဲကို ထိလိုက်သည်နှင့် ရုတ်တရက် တွန့်သွားပြီး သားရဲဆီသို့ ခုန်ဝင်နေခြင်းမှ ရပ်တန့်လိုက်ကာ တွေဝေနေသည့် အကြည့်များ ပေါ်လာသည်။

ဝမ်လင်းက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို သုံးပြီး ဖိအား ထပ်ပေးလိုက်ရာ စဦးစိတ်ဝိညာဉ်က သားရဲပေါ်သို့ ခုန်ဝင်သွား၏။ အချိန်တော်တော် ကြာပြီးနောက် သားရဲ၏ ခန္ဓာကိုယ်က တုန်ခါလာသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် သားရဲ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ကျယ်လောင်သော ကြုံးဝါးသံနှင့် အတူ အနီရောင် ဝိညာဉ်တစ်ခု ထွက်လာသည်။

စဦးစိတ်ဝိညာဉ်၏ အသွင်သဏ္ဌာန်သည် အလုံးစုံ ပြောင်းလဲသွားပြီး အနီရောင် တောက်ပနေကာ အားကောင်းသော အော်ရာတစ်ခုကိုလည်း ထုတ်လွှတ်လျက် ရှိ၏။ ထိုအော်ရာသည် ဝမ်လင်း၏ ဂျိနယ်ပယ် ပိတ်ဆို့ထားမှုကို ဖြတ်သန်းပြီး အပြင်ထိ ရောက်လာသည်။

ယခုအချိန်တွင် စဦးစိတ်ဝိညာဉ်က ဝိညာဉ်တစ်ကောင် မဟုတ်တော့ဘဲ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်သွားလေပြီ။

ဝမ်လင်း၏ မျက်လုံးများသည် တောက်ပနေပြီး ဂူအသေးထဲသို့ လမ်းလျှောက်ပြီး ဝင်သွားလိုက်သည်။

မကောင်းဆိုးဝါးက ရုတ်တရက် လှည့်ပြီး ဝမ်လင်းဆီသို့ ခုန်ဝင်လိုက်သည်။ ဝမ်လင်းက သူ၏ အေးစက်နေသော မျက်လုံးများဖြင့် ကြည့်ကာ အနီရောင် လျှပ်စီးတန်းကို ပစ်လွှတ်လိုက်၏။ အနီရောင် လျှပ်စီးတန်းကြောင့် မကောင်းဆိုးဝါးက နောက်သို့ လွင့်စဉ်သွားပြီး နာကျင်စွာ အော်ဟစ် လိုက်ရသည်။

မကောင်းဆိုးဝါး၏ မျက်နှာတွင် ကြောက်စရာကောင်းသော အမူအရာတစ်ခု ပေါ်လာပြီး ဝမ်လင်းထဲသို့ နောက်တစ်ကြိမ် ခုန်ဝင်လာသည်။ သို့သော်လည်း ဝမ်လင်းက လက်ကို ဝှေ့ယမ်းပြီး မကောင်းဆိုးဝါးကို ဖမ်းယူလိုက်သည်။

“မင်းက သေချင်နေတာလား …”

ဝမ်လင်းက အသံက အလွန်အေးစက် ခက်ထန်နေပြီး မျက်လုံးမှ အနီရောင် လက်သွား၏။ ဝမ်လင်းမျက်လုံးမှ အနီရောင် လက်သွားတိုင်း မကောင်းဆိုးဝါးက တုန်လှုပ်သွားပြီး ကြောက်စရာကောင်းသော အမူအရာက ပျောက်ကွယ်သွားကာ ကြောက်လန့်နေသော အမူအရာက အစားထိုး ဝင်ရောက်လာသည်။

ဝမ်လင်းက မကောင်းဆိုးဝါးကို ကိုင်ထားလျက် ဂူအသေးထဲမှ ပြန်ထွက်လာသည်။ ထို့နောက် မကောင်းဆိုးဝါးကို လေထဲသို့ ပစ်ကာ ပြန်လွှတ် ပေးလိုက်သည်။

ထိုအခါ မကောင်းဆိုးဝါး၏ မျက်နှာတွင် ခက်ထန်သော အမူအရာများ ပြန်ပေါ်လာသဖြင့် ဝမ်လင်းက ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လွှတ်ပြီး အပြစ်ပေးလိုက်သည်။

မကောင်းဆိုးဝါးက အလွန်နာကျင်စွာ ခံစားနေရဟန်ဖြင့် အော်ညည်းလိုက်၏။ မကောင်းဆိုးဝါး၏ ကိုယ်ပေါ်တွင်လည်း ပါးလွှာသော မီးခိုးရောင် အကြောင်းတစ်ခု ပေါ်လာသည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ သတ္တုအပိုင်းအစ တစ်ခုကို ထုတ်ယူ၍ အေးစက်စွာ ပြောလိုက်သည်။

”ဒီထဲဝင်နေ … ငါ မထွက်ခိုင်းမချင်း ထွက်မလာနဲ့ …”

မကောင်းဆိုးဝါးက ဝမ်လင်းက ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်ပြီး အနီရောင် အလင်းတန်းအဖြစ် ပြောင်းကာ သတ္တု အပိုင်းအစထဲသို့ ဝင်ရောက်သွား၏။

သတ္တု အပိုင်းအစကို သိမ်းလိုက်ပြီးနောက် ဝမ်လင်းက ဂူအပြင်သို့ ထွက်လိုက်သည်။ ထို့နောက် ဂူကို အနည်းငယ် စိုက်ကြည့်ပြီး လက်ကို ဝှေ့ယမ်းကာ ဂူကို ဖြိုချလိုက်၏။

ဝမ်လင်းက နောက်ကို ပြန်လှည့် ကြည့်မနေတော့ဘဲ အရှေ့စူးစူးသို့ ပျံသန်းထွက်ခွာ သွားတော့သည်။

မိုင်လျန်း၏ မှတ်ဉာဏ်များအရ စစ်နတ်ဘုရား ဗိမာန်က အရှေ့အရပ်တွင် ရှိ၏။ ယခုအချိန်တွင် ဝမ်လင်း၏ အစိမ်းရောင်ဓားသည် သတ္တုအစိတ်အပိုင်း တစ်ခုအဖြစ်သာ ရှိနေပြီး စွမ်းအားများကလည်း အလွန်လျော့ကျ နေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှင့် ရင်ဆိုင်ရလျှင် ပြဿနာ မရှိသော်လည်း အမြုတေ ဖွဲ့တည်ခြင်းအဆင့်နှင့် ရင်ဆိုင်ရလျှင် မှော်ရတနာများကို ကျိန်းသေ လိုအပ်လာမည် ဖြစ်သည်။

ထို့ကြောင့် ရတနာ သန့်စင်သည့် နည်းလမ်းများကို သင်ယူချင်နေသည်။ ယခု စစ်နတ်ဘုရား ဗိမာန်သို့ သွားရခြင်း၏ အကြောင်းရင်းမှာ သန့်စင်ခြင်းကို လုပ်ပေးသော နေရာများ ရှိသောကြောင့် ဖြစ်သည်။

ထို့အပြင် ယင်စွမ်းအင်များ သိပ်သည်းသော နေရာတစ်ခုကိုလည်း ရှာရဦးမည် ဖြစ်သည့်အတွက် ဂူထဲမှ ထွက်လာခြင်းလည်း ဖြစ်၏။ တတိယ အေးခဲအမြုတေကို ဖွဲ့စည်းနိုင်ပြီး အမြုတေ ၃ ခုကို ပေါင်းစပ်နိုင်ခဲ့လျှင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရှိရန် အလွန် လွယ်ကူသွားမည် ဖြစ်သည်။

သူ့ထံတွင် ယင်စိတ်ဝိညာဉ် အရည်များလည်း မရှိတော့သည့်အတွက် ကျင့်ကြံသည့် အချိန်တွင် မိုင်လျန်း၏ မှတ်ဉာဏ်အတွင်းမှ စစ်နတ်ဘုရား ဗိမာန်မှ ကျင့်စဉ်တစ်ခုကိုသာ ကျင့်နေရ၏။ သို့သော်လည်း သူက ကောင်းကင်လမ်းကျင့်စဉ်ကို အလွန် စိတ်ဝင်စားနေသည်။ ကောင်းကင် လမ်းကျင့်စဉ်ကို လေ့ကျင့်ခြင်းမှ စိတ်စွမ်းအင်များသည် ယခင် ယင်စိတ် စွမ်းအင်လောက် မကောင်းသော်လည်း စစ်နတ်ဘုရား ဗိမာန်မှ ကောင်းကင်လမ်းကျင့်စဉ်သည် အကျိုးမရှိဟု မဆိုလိုပေ။

ယင်စိတ်စွမ်းအင်များက ဓားတစ်ချောင်းဆိုလျှင် ကောင်းကင်လမ်း ကျင့်စဉ်မှ စိတ်စွမ်းအင် များသည် ပျော့ပျောင်းနေသော ချည်သားများကဲ့သို့ ဖြစ်သည်။

စစ်နတ်ဘုရား ဗိမာန်ဂိုဏ်းသည် ဟိုဖန်နိုင်ငံ၏ အရှေ့ပိုင်းရှိ ကောင်းကင် ထိုးဖောက် တောင်ပေါ်တွင် တည်ရှိ၏။ တောင်ထိပ်ပိုင်းကို တိမ်များက ဖုံးအုပ်ထားပြီး တောင်ပေါ်တွင်လည်း သားရဲများစွာ ရှိ၏။ တောင်ခွဲ ၄ ခု ပေါ်တွင်လည်း စစ်နတ်ဘုရား ဗိမာန်ဂိုဏ်းခွဲများကို တည်ဆောက်ထား၏။

ဟိုဖန်နိုင်ငံ၏ ဂိုဏ်းကြီး ၄ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး တပည့် ၃၀၀၀ ကျော်ရှိ၏။ အပြင်စည်း တပည့်များကို ထည့်မတွက်လျှင်တောင်မှ ၂၃၀၀ ခန့် ရှိ၏။

ဤနေ့တွင် စစ်နတ်ဘုရားဗိမာန်မှ တစ်ကီလိုမီတာ အကွာအဝေးရှိ နှင်းများ ဖုံးလွှမ်းနေသော တောင်ထိပ် တစ်ခုပေါ်တွင် ကျိုးဇီဟောင်၊ ယန်ရှုံးနှင့် လင်းတောက်တို့သည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည်။ လွန်ခဲ့သော ၃ ရက်က သူတို့ ၃ ယောက်လုံးသည် ဝမ်လင်း၏ အသံမက်ဆေ့ချ်ကို ရလိုက်ကြ၍ ပစ္စည်းတချို့ကို ယူပြီး လာစောင့်နေခြင်း ဖြစ်သည်။ ချိန်းဆိုထားသည့် အချိန်ကို ကျော်လွန် သွားသော်လည်း သူတို့ ၃ ယောက်လုံးသည် ဝမ်လင်းကို မတွေ့ရသေး၍ မပြန်ရဲကြသေးချေ။

သူတို့ ၃ ယောက်ထဲတွင် လင်းတောက်သည် အကြောက်လန့်ဆုံး ဖြစ်သည်။

ကျိုးဇီဟောင်က အောက်နှုတ်ခမ်းကို ကိုက်ထားပြီး တစ်နေရာရာကို ငေးကြည့် နေလေသည်။ မိုင်လျန်း၏ ခန္ဓာကိုယ်ကို ယူထားသောလူသည် တစ်နှစ်ကျော်ကြာအောင် ပေါ်မလာသည့် အတွက် နောက်ထပ် ပေါ်မလာတော့ဟု ထင်ထားသော်လည်း လွန်ခဲ့သော ၃ ရက်က အသံမက်ဆေ့ချ်ကို ရလိုက်သည့် အချိန်တွင် သူ၏မျက်နှာသည် ချက်ချင်း နီရဲသွားခဲ့၏။

ယန်ရှုံးကတော့ စိတ်ရှုပ်ထွေး နေသည့် အရိပ်အယောင်များ မျက်လုံးတွင် ဖျတ်ခနဲပေါ်ပြီး ပုံမှန် ပြန်ဖြစ်သွားသည်။ သို့သော်လည်း သတိထားပြီး သေချာကြည့်မည်ဆိုလျှင် သူ၏ ညာဘက်လက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို မြင်တွေ့နိုင်သည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ညအချိန်သို့ ရောက်ရှိ လာသော်လည်း ဝမ်လင်းကတော့ ပေါ်မလာသေးချေ။

ထိုနေရာနှင့် ၂ ကီလိုမီတာ အကွာခန့်ရှိ တောင်ထိပ် တစ်ခုပေါ်တွင် ဝမ်လင်းက အေးစက်စွာဖြင့် သူတို့ ၃ ယောက်ကို ကြည့်နေလေသည်။ ကျောင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သမျှကို သင်ခန်းစာ ရပြီးနောက် ဝမ်လင်းသည် ယခင်ကထက် ပိုပြီး သတိရှိလာသည်။ သူ့လက်ထဲတွင် သူတို့၏ ဝိညာဉ်အဆီအနှစ် သွေးစက်များ ရှိနေသော်လည်း သူတို့ ၃ ယောက်သည် သူ့ကို သေအောင်တော့ ကြံစည် သွားနိုင်သေး၏။

ထို့ကြောင့် ဝမ်လင်းက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မူမမှန်တာ တစ်ခုကို တွေ့လိုက်ပါက ချက်ချင်း သူတို့၏ ဝိညာဉ်အဆီအနှစ် သွေးစက်များကို ဖျက်ဆီးပြီး ထွက်ပြေးရန် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူတို့၏ အမူအရာများကိုလည်း စောင့်ကြည့်နေ၏။ သူတို့သည် ဟန်ဆောင်နေသည် ဆိုလျှင်တောင်မှ အချိန်အကြာကြီး ဟန်ဆောင်နိုင်မည် မဟုတ်ပေ။

သူတို့ ၃ ယောက်တွင် လင်းတောက်သည် ရောက်ကတည်းက ကြောက်လန့်နေသည့် အမူအရာနှင့် ဖြစ်ပြီး ဂနာမငြိမ် ဖြစ်နေလေသည်။

ကျိုးဇီဟောင်ကလည်း တစ်ချိန်လုံး တစ်နေရာထဲကိုပင် စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ပေါ်နေသည်။

သူတို့ ၂ ယောက်က သာမန်သာ ဖြစ်သည့်အတွက် သူ၏အာရုံကို ယန်ရှုံးထံတွင် ပိုပြီး အာရုံစိုက် ထားခဲ့သည်။ ယန်ရှုံးက အစတွင် စိတ်ရှုပ်ထွေးနေဟန် ရသော်လည်း အချိန်ကြာလာသည်နှင့် အမျှ သူ၏ အမူအရာများက ဂနာမငြိမ် ဖြစ်လာသည်။

ဝမ်လင်းက ယန်ရှုံး၏ ညာလက်ကို စိုက်ကြည့်ပြီး သူ၏ မျက်လုံးများက အေးစက်လာသည်။ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူက သူတို့ ၃ ယောက်ဆီသို့ လျင်မြန်စွာ ပျံသန်း သွားလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်လင်းက သူတို့၏ ရှေ့သို့ ရောက်သွား၏။

သူတို့ ၃ ယောက်က ဝမ်လင်းကို မြင်သည်နှင့် ရင်ဘတ်က တဒုန်းဒုန်း မြည်လာသည်။ ဝမ်လင်းထံမှ ထွက်နေသော အော်ရာကြောင့်လည်း ထိတ်လန့်နေ၏။

သူတို့၃ယောက်ထဲတွင် လင်းတောက်က အော်ရာမှ ထွက်လာသည့် ဖိအားကို ကြံကြံခံပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်သည်။

“လင်းတောက်က သခင့်ကို ကြိုဆိုပါတယ် …“

ယန်ရှုံးနှင့် ကျိုးဇီဟောင်ကတော့ ဝမ်လင်း၏ အော်ရာကြောင့် ဖိအားများ ခံစားနေရသည်။

ဝမ်လင်းက သူ၏ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်းလိုက်မှ သူတို့နှစ်ယောက် ခံစားနေရသော ဖိအားများလည်း ပျောက်ကွယ်သွား၏။ ထိုအခါမှ သုံးယောက်စလုံး သက်သာ သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ယန်ရှုံးနှင့် ကျိုးဇီဟောင်သည် ဝမ်လင်းကို ဦးညွှတ်ပြီး ကြိုဆို လိုက်ကြ၏။

ဦးညွှတ်လိုက်စဉ် ယန်ရှုံးမျက်နှာပေါ်မှ ခါးသည်းမှုတစ်ခု ပေါ်လာပြီး ပြန်ပျောက်သွား၏။ သူ့လက်မှ ကျောက်စိမ်းပြားကိုလည်း တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ သူ့စိတ်ထဲတွင် အတွေးနှစ်ခု တွေးပြီးတော့ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ခုက ဝမ်လင်းကို စစ်နတ်ဘုရား ဗိမာန်ဆီသို့ လိမ်ညာခေါ်သွားပြီး အကြီးအကဲများမှတစ်ဆင့် သူ၏ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ပြန်လည်ရယူရန် စဉ်းစားထား၏။ ဒုတိယက ဝမ်လင်းက စစ်နတ်ဘုရား ဗိမာန်သို့ မလိုက်ချင်လျှင် သူ၏ တည်နေရာကို ကျောက်စိမ်းပြားမှ တစ်ဆင့် ထုတ်လွှတ်လိုက်မည်။ တစ်ဖက်တွင် သူ၏ဂိုဏ်းတူ ညီတစ်ယောက်ကို နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ပေးထား၏။ သည်ဘက်မှ တည်နေရာကို ပို့လိုက်လျှင် ဟိုဘက်တွင် ကျောက်စိမ်းပြားက လင်းလက်သွားမည် ဖြစ်သည်။ ထိုအခါ သူ၏ ဂိုဏ်းတူညီက သူတို့၏ ဆရာများကို သွားခေါ်ရမည် ဖြစ်သည်။

သို့သော်လည်း ထိုအကြံက အလွန်ရူးမိုက်သော အကြံဖြစ်သည်ကို နားလည်သွား၏။ သူသာ ထိုသို့ လုပ်လိုက်ရင် သူ၏အသက်က အရင် ဆုံးရှုံးသွားရမည် ဖြစ်သည်။

ယန်ရှုံးက မသိမသာ သက်ပြင်းချပြီး သူ၏ အကြံများကို စွန့်လွှတ်လိုက်၏။ ထို့နောက် သူက သိုလှော်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းဆီသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။

“သခင် … လွန်ခဲ့တဲ့ ၃ ရက်က သခင် ရှာခိုင်းထားတဲ့ သန့်စင်ရုံက ကျောက်စိမ်းပြားပါ …“

ဝမ်လင်းက ကျောက်စိမ်းပြားကို ယူပြီး နတ်ဘုရားစိတ်အာရုံနှင့် စစ်ဆေးကြည့်လိုက်သည်။ မည်သည့် အမူအရာကိုမှ မပြဘဲ ခေါင်းကို ညိတ်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်က လင်းတောက်ဆီသို့ ရောက်သွား၏။

လင်းတောက်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ပြန်ဖြေလိုက်သည်။

“သခင် … မြေပုံက ရတနာခန်းမရဲ့ ထိပ်ဆုံးမှာ ထားထားတာပါ … ကျွန်တော့်ရဲ့ အဆင့်က နိမ့်နေတာမို့ အဲဒီနေရာကို သွားလို့ မရသေးပါဘူး …“

ဝမ်လင်း၏ မျက်နှာ အမူအရာကို မြင်ပြီး လင်းတောက်က ထပ်ပြောလိုက်သည်။

“၁၀ ရက် … သခင် ကျွန်တော့်ကို အချိန် ၁၀ ရက်ထပ်ပေးပါ … သိပ်မကြာခင် ကျွန်တော့ရဲ့ ဝမ်းကွဲ ကင်းစောင့်ရမဲ့ရက် ရောက်တော့မှာပါ … အဲဒီအချိန်ကျရင် အနည်းဆုံးတော့ မြေပုံကို ကူးယူလာခဲပါ့မယ် …”

ဝမ်လင်းက သူ့ကို ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်း မြေပုံကို ရအောင် ယူနိုင်တာနဲ့ ငါကလည်း ဟိုဖန်နိုင်ငံက ထွက်သွားတော့မှာ … မင်းကို ဝိညာဉ်အဆီအနှစ် သွေးစက်ကို ပေးထားခဲ့မယ် …“

လင်းတောက်ကို ပြောပြီးသည်နှင့် ယန်ရှုံးကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

“ပုံမှန်ဆို ငါ လုပ်ခိုင်းတာကို လုပ်နိုင်တာနဲ့ မင်းကို ဝိညာဉ်အဆီအနှစ် သွေးစက်ကို ပြန်ပေးမလို့ပဲ … ဒါပေမဲ့ မင်းလက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတစ်ခုကြောင့် ဒီဆုကို မင်း လွဲချော်သွားခဲ့ရပြီ … ဒီတစ်ကြိမ် ငါ မင်းကို မသတ်သေးဘူး … ဝိညာဉ်အဆီအနှစ် သွေးစက် ပြန်ပေး၊ မပေးကတော့ နောက်တစ်ကြိမ် တွေ့တဲ့အခါ မင်းရဲ့ အပြုအမူပေါ် မူတည်လိမ့်မယ် …“

ယန်ရှုံး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏ မျက်နှာက ဖြူရော်သွား၏။ ဝမ်လင်း၏ မျက်လုံးထဲတွင် အန္တရာယ် တစ်ခုကိုလည်း ခံစားလိုက်ရသည်။ ထို့နောက် ဒူးထောက် ချလိုက်ကာ လက်ထဲမှ ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။

ဝမ်လင်းက ယန်ရှုံးကို မကြည့်တော့ဘဲ ကျိုးဇီဟောင်ကို ကြည့်လိုက်သည်။ ကျိုးဇီဟောင်က အံကြိတ်ပြီး သူမ၏ လှပသော မျက်နှာလေးကို မော့ကာ ပြောလိုက်သည်။

“စီနီယာ … ကောင်းကင်လမ်းကျင့်စဉ်က အလွန်ကို ထူးဆန်းပါတယ် … လွန်ခဲ့တဲ့ ၆ လ ကတည်းက ကောင်းကင်လမ်း ကျင့်စဉ်ကို မြင်ခဲ့ရပေမဲ့လည်း အခုထိ တစ်ခုမှ မမှတ်မိသေးပါဘူး … ဒါ့ကြောင့် ကျောက်စိမ်းပြားထဲမှာလည်း ကျင့်စဉ်ကို ကူးပေးလို့ မရသေးပါဘူး … သခင်မှာသာ လုပ်စရာ ကိစ္စလေးတွေ မရှိရင် ဂိုဏ်းမှာ လိုက်ပြီး လေ့ကျင့်နိုင်ပါတယ် … ပြင်ပတိုက်ပွဲ မြေပြင်မှာ ရခဲ့တဲ့ မိုင်လျန်းရဲ့ ပစ္စည်းတွေကြောင့် ကောင်းကင်လမ်း ကျင့်စဉ်ကို သခင်က ကျိန်းသေ လေ့ကျင့်ခွင့် ရမှာပါ …”

မိုင်လျန်း၏ မှတ်ဉာဏ်ထဲတွင် ကောင်းကင်လမ်းကျင့်စဉ် တစ်ခုကိုသာ ဝမ်လင်းက စိတ်ဝင်စား၏။ ကောင်းကင်လမ်းကျင့်စဉ်ကို သင်ယူရာတွင် တပည့်များအပေါ် အလွန် စည်းကမ်း တင်းကျပ်ထားသည်။

ဂိုဏ်းမှ တပည့်များသည် ကောင်းကင်လမ်း ကျင့်စဉ်ကို အမြုတေ ဖွဲ့တည်ခြင်းအဆင့် သို့မဟုတ် ဂိုဏ်းအတွက် ဂုဏ်ဆောင်ပေးသည့် တပည့်များသာ လေ့ကျင့်ခွင့်ရ၏။ ထိုကဲ့သို့ လူမျိုးများသည် အကြီးအကဲများ၏ စောင့်ကြည့်မှု အောက်တွင် သင်ယူကြရခြင်း ဖြစ်သည်။

ဝမ်လင်းက ကျိုးဇီဟောင်ကို ကောင်းကင်လမ်း ကျင့်စဉ် ကူးခဲ့ခိုင်းသော်လည်း အောင်မြင်ရန် မမျှော်လင့်ထားပေ။ သူက သုံးယောက်လုံးကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“မင်းတို့ ၃ ယောက်စလုံး ငါ့ကို ဘာအနှောင့်အယှက်မှ မပေးပါနဲ့ … မင်းတို့ ငါနဲ့ ဘာမှ လာမရှုပ်မချင်း ငါမင်းတို့ကို ဘာမှမလုပ်ဘူး … ငါ ဟိုဖန်နိုင်ငံက ထွက်သွားတာနဲ့ မင်းတို့ရဲ့ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ပြန်ပေးခဲ့မှာ … ငါ့ကို ဆန့်ကျင်ပြီး တစ်ခုခု ကြံစည်လာလို့ကတော့ ငါက ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ …”

***

Comment

  1. Huu Nyo says:

    တိရစ္ဆာန်လေးတွေကို ဘာလို့အများကြီးသတ်တာလဲ သနားပါတယ်

Leave a Reply

Options

not work with dark mode
Reset