Switch Mode

အခန်း (၄၇၈)

ရပ်တန့်၍မရသော

အကယ်၍ အခြားတစ်ယောက်ယောက်ကသာ ထိုစကားကို ပြောခဲ့သည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်မည်သာ ဖြစ်သည်။ သူသည် ဖက်တီးဟု အခေါ်ခံရသည်ကို အလွန်အင်မတန်မှ မုန်းတီးသည်ဖြစ်ရာ သူ့အား ထိုကဲ့သို့ ခေါ်သည့်လူများကို အလှတရား အစစ်အမှန်အား ခံစားတတ်လာအောင် သင်ခန်းစာပေးသင့်သည်ဟု မှတ်ယူထား၏။

သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် အကျစ်လျစ်ဆုံး ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် ရုပ်ချောဆုံးလူပုဂ္ဂိုလ် ဖြစ်နေသည်မဟုတ်ပါလော။

သို့သော်… ထိုစကားကိုပြောလိုက်သည့်လူမှာ သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ်တစ်ခုနှင့် နတ်ဘုရားတစ်ပါးကဲ့သို့သော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်နေပြီး သူ၏ မျက်ဝန်းထဲမှ စူးရှတောက်ပသော အကြည့်များကြောင့် သူသည် အလွန်အင်မတန်မှ ဒေါသထွက်လွယ်သည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခါတလေ သရဲဘောကြောင်သည့် လူတစ်ယောက်အဖြစ် ဟန်ဆောင်ရသည်မှာ ရှက်စရာမဟုတ်ကြောင်း တွေးမိသွား၏။

ထိုအဘိုးကြီးမှာ မည်မျှပင် တည်ငြိမ်အေးချမ်းနေသည့်ပုံ ပေါက်နေစေကာမူ ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲ၌ ကိန်းအောင်နေသည့် ကြောက်မက်ဖွယ်ရာ ဒေါသစိတ်များနှင့် သူ့ဆီမှ ထွက်ပေါ်နေသည့် ချစ်ချစ်တောက် ပူလောင်နေသော အပူဓာတ်များကို အာရုံခံမိနေဆဲပင်။

ထို့အပြင် ထိုအဘိုးကြီး ပေါ်ပေါက်လာချိန်တွင် မှော်ဆေးရည်ဌာနမှ မဟာအကြီးအကဲများနှင့် အကြီးအကဲများမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ့အား တရိုတသေ ဦးညွှတ်လိုက်ကြ၏။ ထို့အပြင် သူသည် ဂိုဏ်းချုပ်ကြီးနှင့် ဒုဂိုဏ်းချုပ်ကြီးများအပြင် အခြားသော မဟာအကြီးအကဲများ လေထဲ၌ ပေါ်ပေါက်လာသည်ကိုလည်း မြင်လိုက်ရသည်။ သူတို့အားလုံးမှာလည်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ထိုအဘိုးကြီးအား အရိုအသေပေးနေကြသည်။ ထို့ကြောင့် ထိုးအဘိုးကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင် သိသွားတော့သည်။

သူသည် ကောင်းကင်တာအိုကျောင်း၏ မဟာထိပ်သီးးအကြီးအကဲကြီး ဖြစ်သည့် ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီး လီရှင်းဝမ်ပင် ဖြစ်သည်။

” သူက ပြည်ထောင်စုမြို့တော်ထဲက ရုပ်ထုကြီးနဲ့လည်း မတူဘူး ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ သူ၏ ပတ်ပတ်လည်၌ရှိနေသော အကာအရံကြီးအား စိုက်ကြည့်နေလိုက်၏။ မဟာထိပ်သီးအကြီးအကဲကြီးမှာ သူနှင့်သိပ်မဝေးသောနေရာတွင် ရှိနေပြီး လေထဲ၌ ရစ်ဝဲနေသည်။ သူသည် ထိုအကာအရံကြီးကိုဖြတ်၍ မဟာထိပ်သီးအကြီးအကဲကြီး၏ ကျင့်ကြံခြင်းအဆင့်အား အာရုံခံနိုင်စွမ်းမရှိဘဲဖြစ်နေရသည်။ သို့သော် သူသည် ထိုအဘိုးကြီးဆီမှ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် ဝိညာဉ်စွမ်းအင်တစ်မျိုး ထွက်ပေါ်နေသည်ကို ခပ်ရေးရေးခန့် အာရုံခံမိနေ၏။ ၎င်းမှာ လေမုန်တိုင်းကြီး တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းနေသည်။

” ငါက ဘန်နီလေးနဲ့ ‌‌တွေ့ဖို့ပဲ ရောက်လာတာပါဟ။ ဘယ်လိုလုပ်ပြီးတော့ မဟာထိပ်သီးအကြီးအကဲကြီးပါ ဒီကိစ္စထဲ ပါလာရတာလဲ… ပြီးတော့ သူက ငါ့ကို ချုပ်နှောင်ထားသေးတယ်။ ငါ ဘယ်လောက်အထိ အစွမ်းထက်လာတာသလဲဆိုတာကို စမ်းသပ်ကြည့်ချင်လို့များလား ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားပါသော်လည်း တိုက်ခိုက်လိုစိတ်များ တက်ကြွလာရ၏။ သူသည်လည်း သူနှင့် အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ကြားရှိ စွမ်းအားခြားနားချက်ကို စမ်းသပ်ကြည့်ချင်နေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း ဂိုဏ်းချုပ်ကြီးနှင့် ဓမ္မလက်နက်အဆောင်မှ မဟာကြီးအကဲကြီးတို့၏ မျှော်လင့်တကြီးနှင့် ကြည့်နေသော အကြည့်များကို မြင်လိုက်ရသဖြင့် အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာတော့သည်။

ထိုလျှပ်စီးတန်းမှာ ပေါက်ကွဲသွားကာ လျှပ်စီးတန်းပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပြန့်ထွက်သွား၏။ သူ၏ ပတ်ပတ်လည်ရှိ လေထုထဲတွင်လည်း လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြပြီး ၎င်းတို့၏ တဖျစ်ဖျစ်တဖြောက်ဖြောက် မြည်သံများမှာ လေထဲ၌ ပဲ့တင်ထပ်နေတော့သည်။ ထိုအခါ မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံကြီးမှာ လျှပ်စစ်လှိုင်းများကြောင့် ရုပ်လုံးပေါ်လာ၏။

၎င်းမှာ အလင်းဖောက်နိုင်သည့် အကြည်ရောင် သေတ္တာကြီးတစ်လုံးနှင့် တူပေသည်။

” ခဗျားကမှ ကျုပ်ကို စမ်းသပ်ချင်မှတော့… ကျုပ်ကလည်း အစွမ်းကုန်ထုတ်ပြရတာပေါ့ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ သူသည် ကောင်းကင်တာအိုကျောင်းကို ယုံကြည်ထားသည်။ ၎င်းမှာ သူ၏ဂိုဏ်း မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ လျှပ်စီးအမြုတေကိုသာမက သူ၏ အမှောင်အမြုတေကြာပွင့်ကိုပါ ထုတ်သုံးရန် ပြင်လိုက်၏။ သူသည် သူ၏ အမြုတေနှစ်ခုစလုံး၏ စွမ်းအားအကုန်လုံးကို ထုတ်သုံးတော့မည် ဖြစ်သည်။

ထိုသို့ဖြင့် သူ၏ လျှပ်စီးအမြုတေ၊ အမှောင်အမြုတေနှင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ အကုန်လုံးမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အနက်ရောင် အလင်းရောင်တစ်ခု တောက်ပနေသည်ကို မြင်နိုင်ပေသည်။ တစ်ချိန်ထဲမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ အအေးဓာတ်တစ်မျိုး ပျံ့နှံ့ထွက်ပေါ်လာပြီး ထိုအအေးဓာတ်၏ နောက်တွင် အသံမျိုးစုံ မြည်ဟည်းနေသော လျှပ်စီးတန်းများပါ ပေါ်ပေါက်လာကြ၏။ ထို့နောက် အားကောင်းသော ဝိညာဉ်စွမ်းအင်တစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ တဖြည်းဖြည်းနှင့် စုဝေးလာကြသဖြင့် အကြည်ရောင် သေတ္တာကြီးပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာတော့သည်။

သူသည် တိုက်ပင် မတိုက်ခိုက်ရသေးပါသော်လည်း ထိုသေတ္တာကြီးမှာ သူ၏စွမ်းအားများကို ခုခံနိုင်စွမ်းမရှိသည့် အရိပ်အယောင်များ ပေါ်လာပြီ ဖြစ်သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသေးလူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြ၏။ ဂိုဏ်းချုပ်ကြီးနှင့် ဒုဂိုဏ်းချုပ်ကြီးများအပြင် ‌အဆောင်အသီးသီးမှ မဟာကြီးအကဲကြီးများမှာ မျက်လုံးများပြူးသွားကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတော့သည်။ မဟာထိပ်သီးအကြီးအကဲကြီးပင်လျှင် အနည်းငယ်ခန့် အံ့အားသင့်သွားသည့် ပုံပင်။ သူ၏ မျက်ဝန်းများထဲ၌ သဘောကျထောက်ခံသည့် အရိပ်အယောင်များ စတင်တောက်ပလာတော့သည်။

” စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ အစောပိုင်းအမြုတေအဆင့် အချုပ်အနှောင်တစ်ခုက မင်းရဲ့ စွမ်းအားအစစ်အမှန်ကို အကဲဖြတ်နိုင်မယ့်ပုံ မပေါ်ဘူး။ အဲ့တာဆိုရင်… အဆင့်မြှင့်ကြည့်တာပေါ့ ” လီရှင်းဝမ်မှာ ထိုသို့ရေရွတ်လိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် မန္တန်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် ထိုသေတ္တာကြီးအား လက်ညိုးဖြင့် ထိုးလိုက်သည်။ ထိုအခါ သေတ္တာပုံစံ အချုပ်အနှောင်ကြီးမှာ ချက်ချင်းဆိုသလိုပင် စတင်တောက်ပလာတော့သည်။ ထို့နောက် ၎င်းမှာ ပိုမိုခိုင်ခန့်သွားပြီး စောစောတုန်းက ပေါ်ပေါက်လာခဲ့သည့် အက်ကွဲကြောင်းများမှာလည်း ချက်ချင်းဆိုသလိုပင် ပြန်ပိတ်သွား၏။

ထိုသေတ္တာကြီး၏ အက်ကွဲကြောင်းများ ပြန်ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး မိုးခြိမ်းသံကဲ့သို့သော အသံမျိုးဖြင့် အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ကျင့်ကြံခြင်းအဆင့်ထက် သာလွန်သည့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုကို ပိုင်ဆိုင်ထားသော သူ၏ခန္ဓာကိုယ်မှာ သူ၏အမြုတေနှစ်ခုစလုံးအား အပြည့်အဝ ထောက်ပံ့ပေးနိုင်ရန် အခက်တွေ့လာရသည်ကို သူက ခံစားမိလိုက်၏။ သို့သော် လက်ရှိတွင် သူသည် ထိုကိစ္စအား စိတ်ပူနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်၏။ ထို့နောက် သူသည် နတ်ဘုရားစွမ်းရည်များနှင့် အပေါစားလှည့်ကွက်များကို အသုံးပြုနေခြင်းမရှိဘဲ သူ၏ရှေ့တွင်ရှိနေသော အကာအရံကြီးကိုသာ ထိုးနှက်လိုက်တော့သည်။

ထိုလက်သီးချက်ထဲတွင် ဆွေ့ရှင်းပေါင်ပညာရပ် ပါဝင်နေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်စွမ်းအားများသာမက သူ၏ အမှောင်အမြုတေနှင့် လျှပ်စီးအမြုတေ နှစ်ခုစလုံးမှထွက်ပေါ်လာသော ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ မည်သည့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကိုမှ မသုံးဘဲ ထုတ်လွှတ်နိုင်သည့် အစွမ်းအထက်ဆုံးနှင့် အားအပြင်းဆုံး လက်သီးချက် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုလက်သီးချက်အား ထုတ်လွှတ်လိုက်သောအခါ သူ၏ ပတ်ပတ်လည်တွင် အငွေ့အသက်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ မဆုတ်မနစ် ရှေ့သို့ဆက်လက်ချီတက်ကာ လမ်းတစ်လျှောက်တွင်ရှိနေသည့် မည်သည့်အရာကိုမဆို အမှုန့်ချေပစ်နိုင်စွမ်း ရှိသည့်ပုံပေါ်သော အငွေ့အသက်တစ်ခုပင် ဖြစ်သည်။

၎င်းမှာ သူ လပေါ်တွင် သေရေးရှင်ရေး အခိုက်အတန့်များနှင့် ကြုံခဲ့ရချိန်တုန်းက ထုတ်သုံးခဲ့သည့် တိုက်ကွက်များနှင့် ဆင်တူပေသည်။ သူသည် အသက်ရှင်နိုင်ရန် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရပြီး ထိုကဲ့သို့ အသတ်ခံလိုက်ရသည့် လူများအား တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ။

ထို့အပြင် လက်ရှိတွင် သူသည် အင်္ဂါဂြိုဟ်နယ်မြေအသစ်အတွက် ယှဉ်ပြိုင်ခဲ့ရစဉ်တုန်းက နောက်ဆုံးတိုက်ပွဲထဲ၌ မရေမတွက်နိုင်လောက်အောင် များပြားသော သားရဲစီးကြောင်းများအား ရင်ဆိုင်ခဲ့ရစဉ်တုန်းကကဲ့သို့ ဖြစ်နေ၏။ သူသည် ထိုသားရဲကြီးများ၏ အလယ်တွင်ရပ်ရင်း သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးအား သုတ်သင်ရှင်းလင်းကာ အကြောက်အရွံ့မရှိ ရှေ့သို့ ချီတက်ခဲ့သည်သာဖြစ်သည်။

ထိုသို့ဖြင့် ယခုလို မဟာထိပ်သီးအကြီးအကဲကြီး၏ အရည်အချင်းစမ်းသပ်ပွဲနှင့် ကြုံလိုက်ရသောအခါ သူ နှစ်ပေါင်းများစွာတိုင်အောင် စုစည်းရရှိမိခဲ့သည့် အတွေ့အကြုံများမှာ တစ်သားတည်း ပေါင်းစည်းသွားကြတော့သည်။ ထို့နောက် ထိုအတွေ့အကြုံများမှာ သူ၏လက်သီးထဲသို့ စီးဝင်သွားကြပြီးနောက် နောက်ဆုံးတွင် သူ၏ စိတ်ဆန္ဒများ ကိန်းအောင်းနေသော လက်သီးချက်ကြီးတစ်ချက် ထွက်ပေါ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ ထိုးနှက်လိုက်၏။ ထိုအခါ အလယ်အလတ်အဆင့် အမြုတေအဆင့်ကျင့်ကြံသူများအား ထိန်းချုပ်နိုင်စွမ်းရှိအောင် အဆင့်မြှင့်တင်ထားသည့် အချုပ်အနှောင်ကြီးမှာ ထိုတိုက်ကွက်အား ခုခံနိုင်စွမ်းမရှိသဖြင့် အပြင်းအထန် တုန်ရီသွားပြီးနောက် တွန့်လိမ်ပုံပျက်သွားတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ထိုလက်သီးချက်ကြီးနှင့် ရိုက်ခတ်မိသွားသောအခါ အက်ကွဲကြောင်းများထလာပြီး တစ်စစီ ကြေမွပျက်စီးသွားတော့သည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြီးမှာ မှန်တစ်ချပ်ကို ထိုးခွဲလိုက်သောကြောင့် အကြည်ရောင် မှန်ကွဲစများ လေထဲသို့ လွင့်စင်သွားကြသည်ကို မြင်လိုက်ရသကဲ့သို့ပင်။ ထို့နောက် အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းတစ်လှိုင်းမှာ ဒီရေလှိုင်းများကဲ့သို့ အပြင်ဘက်သို့ ပျံ့နှံ့သွားတော့သည်။ ထို့ကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး လေပြင်းများစတင်တိုက်ခတ်လာတော့သည်။

ထိုမြင်ကွင်းကြောင့်၊ ဂိုဏ်းချုပ်ကြီး၊ ဒုဂိုဏ်းချုပ်ကြီးများနှင့် မဟာအကြီးအကဲများမှာ လိပ်ပြာလွင့်လုမတတ် အံ့ဩတုန်လှုပ်သွားကြပြီး ဝမ်ပေါင်လဲ့အား မယုံကြည်နိုင်လောက်ဖြစ်နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။

သူတို့မှာ ဝမ်ပေါင်လဲ့အား ယခုလေးတင်မှ အမြုတေအဆင့်သို့ ရောက်ရှိလာသည့် ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် မည်သည့် အမြုတေအဆင့် ပညာရပ်ကိုမှ မလေ့ကျင့်ရသေးသောကြောင့် အားအနည်းဆုံး အခိုက်အတန့်၌ ရှိနေလိမ့်မည်ဟု သူတို့က တွေးထားကြ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ လူတိုင်းအား ဆွံ့အမှင်တက်သွားစေခဲ့သည့် စွမ်းအားတစ်မျိုးကို ထုတ်ပြလိုက်သည်မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ သူသာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အား ပို၍ကျင့်သားရလာပြီး အမြုတေအဆင့် ပညာရပ်တစ်ခုကိုသာ ပိုင်ဆိုင်သွားမည်ဆိုပါက မည်မျှအထိပို၍ အစွမ်းထွက်လာနိုင်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။

လူအုပ်ကြီးတစ်ခုလုံး တအံ့တဩနှင့် ငေးကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ စွမ်းအင်လှိုင်းများထဲမှ အပြင်သို့ထွက်လာ၏။ သူ၏ ဆံပင်ရှည်များမှာ လေထဲ၌ တလူလူလွင့်နေပြီး သူ၏ ပတ်ပတ်လည်တွင်လည်း လျှပ်စီးများလက်နေ၏။ ထိုသို့ဖြင့် သူသည် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ လေထဲရှိ လျှပ်စီးတန်းများကြား၌ ရစ်ဝဲနေတော့သည်။ ထို့နောက် သူသည် ခေါင်းမော့လာပြီး မဟာထိပ်သီးအကြီးအကဲကြီး လီရှင်းဝမ်အား လှမ်းကြည့်လိုက်၏။ သူ၏ သူ၏နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် စိတ်ကျေနပ်မှုများကို ခံစားမိနေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် စကားတစ်ခွန်းပြောရန် ပြင်လိုက်ပါသော်လည်း ရုတ်တရက်ဆိုသလို ဆွံ့အသွားရပြီး မျက်လုံးများပြူးသွားတော့သည်။

စောစောတုန်းက သူသည် သေတ္တာပုံစံ အချုပ်အနှောင်ကြီးထဲတွင် ရှိနေခဲ့သောကြောင့် သူ၏ အာရုံခံနိုင်စွမ်းများမှာ ထိန်းချုပ်ခံထားရ၏။ ယခုတွင်မူ သူသည် အပြင်ဘက်သို့ထွက်လာပြီဖြစ်ရာ မဟာထိပ်သီးအကြီးအကဲကြီးအား ပြန်ကြည့်လိုက်ချိန်တွင် သူ့ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအင်ကြီးတစ်မျိုးကို ချက်ချင်းပင်အာရုံခံမိလိုက်တော့သည်။ ၎င်းမှာ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်နှင့် လုံးဝမတူဘဲ ကွဲပြားနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ဝိညာဉ်စွမ်းအင်မျိုးနှင့် မကြုံဖူးသည်တော့ မဟုတ်ပေ။ ၎င်းမှာ အခြားဂြိုဟ်မှ ရောက်လာသည့် ကျင့်ကြံသူကြီးသုံးယောက်၏ ဝိညာဉ်စွမ်းအင်များနှင့် ဆင်တူနေ၏… ၎င်းမှာ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအင်များ ဖြစ်ပေသည်။

လက်ရှိတွင် ၎င်းမှာ ပြီးပြည့်စုံခြင်း မရှိသေးဘဲ အလျင်အမြန် ကြီးထွားနေသည့်ပုံ ပေါက်နေဆဲပင်။ သို့သော် သူ၏ ခန့်မှန်းချက်မှာ မမှားနိုင်ပေ။ သူသည် မဟာထိပ်သီးအကြီးအကဲကြီး၏ ခန္ဓာကိုယ်ထဲရှိ အမြုတေကြီး တစ်စစီပြိုကွဲပျက်စီးနေပြီး အသစ်ပြန်လည်ပေါ်ပေါက်လာနေသည်ကို ခပ်ရေးရေးခန့် အာရုံခံမိနေပြီဖြစ်သည်။ သူသည် အချိန်မရွေး ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်သည့် အခြေအနေတွင် ရှိနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး ချက်ချင်းဆိုသလိုပင် သတ္တိများပျောက်သွားရတော့သည်။ ထို့နောက် သူသည် ရိုသေလေးစားမှုအပြည့်ရှိသည့် မျက်နှာအမူအရာဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး မဟာထိပ်သီးအကြီးအကဲကြီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

” တပည့်ဝမ်ပေါင်လဲ့ မဟာထိပ်သီးအကြီးအကဲကြီးကို ဂါရဝပြုပါတယ်။ ဘာလို့လဲတော့မသိဘူး။ ကျနော် ဂုဏ်ကျက်သရေရှိ မဟာထိပ်သီးအကြီးအကဲကြီးကို မြင်လိုက်ရတဲ့ အချိန်တုန်းက ကျနော့်ရဲ့ နှလုံးသားထဲမှာ မိသားစုလို ရင်းနှီးနေတဲ့ ခံစားချက်တစ်ခု ပေါ်ပေါက်လာတာ။ ကျနော့်ရဲ့ အဘိုးကို ပြန်မြင်လိုက်ရတဲ့အတိုင်းပဲ။ အဲ့တာမလို့ ကျနော်ပေါင်လဲ့ ဘိုးဘိုးကြီး မဟာထိပ်သီးအကြီးအကဲကြီး အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေနိုင်ဖို့ ဆုတောင်းပေးပါရစေ ”

ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ အထူးတဆန်းဖြစ်သွားကြ၏။ မဟာထိပ်သီးအကြီးအကဲကြီး လီရှင်းဝမ်မှာမူ မပွင့်တပွင့်သာ ပြုံးလိုက်သည်။ သူသည် စောစောတုန်းက ဝမ်ပေါင်လဲ့တစ်ယောက် သူ့ကိုယ်သူ ကြွားဝါရန် ပြင်နေခဲ့သည်ကို အထင်အရှားမြင်ခဲ့ရသည် မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့ ပြောမည့် စကားများကို အတိအကျ မသိနိုင်ပါသော်လည်း ၎င်းတို့မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသည့် လူငယ်တစ်ယောက်ဆီမှ ထွက်ပေါ်လာတတ်သော မောက်မာဝင့်ကြွားသည့် စကားများသာ ဖြစ်နိုင်ပေသည်။

ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် ထိုစကားများကို မျိုသိပ်လိုက်ရပြီး ပါးစပ်ပိတ်သွားရသည့် အကြောင်းအရင်းကိုလည်း သူက သိထားပေသည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ သဘောကျနှစ်သက်မိနေပြီဖြစ်သည်။ ထိုကောင်ကလေးမှာ ကျောင်းထဲတွင်ရှိခဲ့စဉ်တုန်းက အောင်မြင်မှုအချို့ ဆွတ်ခူးနိုင်ခဲ့သောကြောင့် သူသည် လူတော်လေးတစ်ယောက် ဖြစ်သည်ဟုသာ သူက မှတ်ချက်ပေးခဲ့၏။ ထို့နောက် ဝမ်ပေါင်လဲ့ သူ၏ တပည့်ရင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သောအခါမှ ထိုကောင်ကလေးအား သူ၏တပည့်အဖြစ် သတ်မှတ်ရန် စိတ်ကူးမိခဲ့ခြင်းဖြစ်သည်။

ထိုစဉ်တုန်းက သူ၏ ဆန္ဒများမှာ သိပ်၍ မပြင်းပြခဲ့ပေ။ သို့သော် သူ၏ စိတ်နှလုံးအား လှုပ်ယမ်းသွားစေသည့် အခိုက်အတန့်မှာမူ လကမ္ဘာမှော်ဝင်နယ်မြေ ဖြစ်ရပ်ကြီးထဲ၌ ဝမ်ပေါင်လဲ့အား အသွင်သစ် အမြင်သစ်ဖြင့် မြင်လိုက်ရသည့် အချိန်တုန်းကဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူသည် ဝမ်ပေါင်လဲ့အတွက် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အမြုတေအဆင့် အကြီးအကဲကြီးအား အရှင်လက်လက် ဖမ်းဆီးပေးခဲ့မည်မဟုတ်ပေ။

သူသည် ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ပေါ်သို့ ပြောင်းရွှေ့သွားသည့် အချိန်မှစ၍ ယခုအထိ သူ့အား စောင့်ကြည့်နေခဲ့၏။ ထိုအတောအတွင်း၌ ဝမ်ပေါင်လဲ့၏ စွမ်းဆောင်မှုများမှာ စံထားထိုက်သည့် အဆင့်အတန်းတွင် ရှိနေခဲ့သောကြောင့် သူသည် အလွန်အင်မတန်မှ နှစ်သက်သဘောကျနေခဲ့ရ၏။ ထို့အပြင် ယနေ့ စမ်းသပ်ပွဲကြီး၏ ရလဒ်ကြောင့်လည်း သူသည် ပို၍ပင် စိတ်ကျေနပ်နေရပြီး ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်ကို သဘောကျနှစ်သက်လာရတော့သည်။

” ဒီကလေးဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပါလား။ သူ ငါတို့ဆီပြန်ရောက်လာလို့သာ အခုလို ထုတ်ပြတာပဲဖြစ်မှာ။ သူက ဉာဏ်များတဲ့ လူတစ်ယောက်မလို့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို အပြင်လူတွေမသိအောင် ထိန်းသိမ်းထားမှာ သေချာတယ်။ အဲ့တာမလို့… ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးကို အပြင်ဘက်ကိုမပေါက်ကြားစေနဲ့။ အဲဒီကိစ္စကို မင်း တာဝန်ယူထားလိုက်။ ဒါပေမဲ့ ပေါက်ကြားသွားလည်း ကိစ္စတော့မရှိပါဘူး။ ငါ ရှိနေတာတောင်မှ ကောင်းကင်တာအိုကျောင်းထဲက ငါ့လူတွေကို ဘယ်သူပြဿနာရှာလဲဆိုတာ သိရတာပေါ့ ” လီရှင်းဝမ်မှာ မောက်မာဝင့်ကြွားသည့် လေသံဖြင့် သူ၏ဘေးတွင်ရှိနေသော ဂိုဏ်းချုပ်ကြီးအား ညွှန်ကြားလိုက်၏။ ထိုအခါ ဂိုဏ်းချုပ်ကြီးမှာလည်း တရိုတသေ နာခံလိုက်သည်။ ထို့နောက် လီရှင်းဝမ်မှာ နောက််သို့ပြန်လှည့်လာပြီး သဘောကျနှစ်သက်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။

” ကောင်စုတ်လေး။ ငါ့နောက်ကိုလိုက်ခဲ့ ” လီရှင်းဝမ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ မှော်ဆေးရည်အဆောင် ခန်းမထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset