Switch Mode

အခန်း (၄၇၇)

မှော်ဆေးရည်အဆောင်ထဲသို့ ချိုးဖျက်ဝင်ရောက်ခြင်း

ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းမှ ဘွဲ့ရသွားခဲ့သည့် အထူးချွန်ဆုံး ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်ပေသည်။ ထို့ကြောင့် အကယ်၍ သူသာ ကျောင်းသို့ပြန်လာမည်ဖြစ်ကြောင်း ကျောင်းအား အသိပေးလိုက်မည်ဆိုပါက သူတို့မှာ သူ့အား တခမ်းတနားကြီး ကြိုဆိုပေးကြမည်သာဖြစ်သည်။

သူသည် ဒုပဏာမအဆင့်နှစ်အရာရှိတစ်ယောက် အဖြစ် ရာထူးတိုးခန့်ခဲ့ရသည့် အချိန်တုန်းကဆိုလျှင် ထိုကဲ့သို့သော ကြိုဆိုပွဲများကို စိတ်ဝင်စားနေလောက်ပေသည်။ သို့သော် ယခုတွင်မူ အချိန်အတော်အတန် ကြာမြင့်သွားပြီဖြစ်၍ ထိုကဲ့သို့သော စိတ်များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အမှန်တွင် သူသည် ထိုကဲ့သို့သောကြိုဆိုပွဲများမှာ စိတ်ရှုပ်စရာကောင်းသည်ဟုပင် ခံစားနေရ၏။ ထို့ကြောင့်လည်း သူသည် သူ့ပြန်လာမည့်အကြောင်းကို ကျောင်းအား တရားဝင် အသိမပေးခဲ့ပေ။ သူသည် အိမ်မှ ထွက်မလာခင် ဂိုဏ်းချုပ်ကြီးဆီသို့သာ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီးနောက် ကျောင်းဝင်းထဲသို့ ဝင်လာခဲ့၏။

သူသည် အဆင့်နိမ့်ကျွန်းအား ဖြတ်သွားမိချိန်တွင် လေထဲ၌ ရပ်တန့်မိသွား၏။ ထို့နောက် သူသည် အဆင့်နိမ့်ကျွန်းပေါ်မှ ကျောင်းသားများအား ခေါင်းငုံ့‌ကြည့်လိုက်ပြီး ဓမ္မလက်နက်ဌာနထဲတွင် ရှိသော ကျောင်းသားများအား အချိန်အနည်းငယ်ခန့်ပို၍ စိုက်ကြည့်နေလိုက်၏။ ထို့နောက် အတိတ်မှအမှတ်တရများမှာ သူ၏မှတ်ဉာဏ်ထဲ၌ ပြန်ပေါ်လာသောကြောင့် သူသည် ရယ်မောမိလိုက်၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်သွားပြီး အဆင်မြင့်ကျွန်းဆီသို့ ဦးတည်သွားလိုက်ပြန်သည်။

အဆင့်မြင့်ကျွန်း၏ မန္တန်အစီအရင်ကြီးမှာ ဝမ်ပေါင်လဲ့အား တားဆီးခြင်းမရှိပေ။ သူသည် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုမန္တန်အစီအရင်ကြီးအား အခက်အခဲမရှိ ကျော်ဖြတ်လာပြီးနောက် ဂိုဏ်းချုပ်ကြီးဆီသို့ ချက်ချင်းသွားရောက်ခြင်းမရှိဘဲ လေထဲ‌၌မျောလွင့်နေသည့် မှော်ဆေးရည်အဆောင် တောင်ထိပ်ရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။

သူသည် ကျောင်းသို့ပြန်ရောက်ပါက သူ့အတွက် ကျင့်ကြံခြင်းပညာရပ်အသစ်တစ်ခု သွားယူရုံသာမက အခြားကိစ္စတစ်ခုကိုလည်း လုပ်ရန် ကြံရွယ်ထားခဲ့သေးသည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေစဉ်ကတည်းက ထိုကိစ္စနှင့်ပတ်သက်၍ အစာမကြေဖြစ်နေခဲ့ရပြီး တစ်ရက်ရက်တွင် စာရင်းရှင်းမည်ဟု တွေးထားခဲ့၏။ ၎င်းမှာ… ဘန်နီလေး၏ တံခါးပိတ်ကျင့်စဉ်ကြီးပင် ဖြစ်သည်။

” သူက တစ်ချိန်လုံး တံခါးပိတ်လေ့ကျင့်နေခဲ့တာမလို့ အခုဆိုရင် ဘန်နီအိုကြီး ဖြစ်နေလောက်ပြီ။ မှော်ဆေးရည်အဆောင်က ငါနဲ့ ဘန်နီလေးရဲ့ကြားက ဆက်ဆံရေးအကြောင်းကို သိထားလို့ ဘန်နီလေးကို အခုလို ပစ်မှတ်ထားနေတာပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ စိတ်ပိုင်းဖြတ်လိုက်၏။ သူသည် ဘန်နီလေး၏ ဆရာအား သူစိတ်ကျေနပ်အောင် ရှင်းပြခိုင်းတော့မည်ဖြစ်သည်။ ဘန်နီလေး တစ်ချိန်လုံး တံခါးပိတ်လေ့ကျင့်နေခဲ့ရသည်မှာ ထို အဘိုးကြီးကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မကျေမနပ်ဖြစ်နေရ၏။

ထိုသို့ဖြင့် သူသည် မန္တန်အစီအရင်ကြီးအား ဖောက်ထွက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် မှော်ဆေးရည်အဆောင်ဆီသို့ တန်းတန်းမတ်မတ်ဦးတည်သွားတော့သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသည့်တိုင်အောင် အဆင့်မြင့်ကျွန်းပေါ်မှ ကျောင်းသားအချို့မှာ ဖျတ်ခနဲ ပျံသန်းသွားသည့် ဝမ်ပေါင်လဲ့၏ အရိပ်ကြီးကို မြင်လိုက်ကြ၏။ အခြားသူတစ်ယောက်ယောက်သာဆိုလျှင် သိပ်၍ မသိသာနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ နာမည်ကြီးနေပြီ မဟုတ်ပါလော။ ထို့အပြင် သူ၏ပုံစံမှာ… အလွန်အင်မတန်မှ မျက်မှန်းတန်းမိလွယ်ပေသည်။

ထို့ကြောင့် ခဏအကြာတွင် ကျောင်းသားတစ်ယောက်မှာ ပင့်သက်ရှိုက်မိသွား၏။

” ငါ အခုလေးတင်ပဲ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ပေါင်လဲ့ကို မြင်လိုက်ရတာလားလို့ ”

” ငါလည်း သူ့ကိုမြင်လိုက်တယ်။ အဲ့တာ ဂိုဏ်းတူအစ်ကိုကြီးဝမ်ပဲ ဖြစ်မှာ။ ဒါပေမဲ့ ဘာလို့ သူက ဓမ္မလက်နက်အဆောင်ကို မသွားဘဲနဲ့ မှော်ဆေးရည်အဆောင်ဆီ သွားနေရတာလဲ ”

” ဘုရားရေ။ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ပြန်ရောက်လာပြီတဲ့လား ”

ထိုသို့ဖြင့် ပင့်သက်ရှိုက်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ကျောင်းသားတစ်ယောက်မှာဆိုလျှင် စိတ်လှုပ်ရှားလွန်းနေသောကြောင့် ဝိညာဉ်ကွန်ရက်ပေါ်၌ ထိုအကြောင်းကို ရေးတင်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများ၏ကြားတွင် ဟိုးလေးတကျော် ဖြစ်နေသည့်အချက်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူ့အား ” ဂိုဏ်းတူအစ်ကိုကြီး “ဟု ခေါ်ဝေါ်ကြသည့် ကျောင်းသားအရေအတွက်များမှာလည်း များသထက် များလာပြီ ဖြစ်သည်။

ထိုသို့ဖြင့် အဆင့်မြင့်ကျွန်းပေါ်ရှိ လူများမှာ တစ်ယောက်ပြီးတစ်ယောက် ထိုအကြောင်းများကို သိရှိသွားကြသဖြင့် ဝမ်ပေါင်လဲ့အား စိတ်လှုပ်တရှားဖြင့် လိုက်လံရှာဖွေနေကြသည့် ကျောင်းသားအရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် များများလာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ မှော်ဆေးရည်အဆောင် အပြင်ဘက်သို့ရောက်ရှိလာပြီး အတွင်းထဲသို့ ချိုးဖျက်ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် မှော်ဆေးရည်အဆောင်၏ မန္တန်အစီအရင်ကြီးမှာ ၎င်း၏စွမ်းအားများကို ထုတ်လွှတ်ကာ သူ့အားတားဆီးရန် ကြိုးပမ်းလိုက်၏။

အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်မန္တန်အစီအရင်တစ်ခုစီ ရှိပေသည်။ ခွင့်ပြုချက်မရှိပါက ထိုအဆောင်မှ မဟုတ်သော ကျောင်းသားများမှာ အတွင်းသို့ ဝင်ခွင့်ရမည် မဟုတ်ပေ။ သို့သော် ထိုမန္တန်အစီအရင်များမှာ အဟန့်အတားသဘောအဖြစ်သာ ရှိကြပြီး တိုက်ခိုက်နိုင်စွမ်းမရှိပေ။ ထိုအဆောင်များထဲ၌ ရှိနေကြသူများမှာ ကျောင်းသားများသာ မဟုတ်ပါလော။

ထို မန္တန်အစီအရင်ကြီးမှာ အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ဆိုလျှင် ကြီးမားသော အတားအဆီးတစ်ခုဖြစ်ပေသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းအား ခက်ခက်ခဲခဲ ချိုးဖျက်ရမည်ဖြစ်သည်။ သို့သော် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်မူ ၎င်းမှာ စာမဖွဲ့လောက်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့ ထိုမန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ စတင်လည်ပတ်သွားသောကြောင့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ နှာမှုတ်လိုက်၏။ ထို့နောက် မှော်ဆေးရည်အဆောင်၏ မန္တန်အစီအရင်ကြီးမှာ တွန့်လိမ်ပုံပျက်စ ပြုလာတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ဝမ်ပေါင်လဲ့အား တားဆီးနိုင်စွမ်း မရှိတော့သောကြောင့် သူသည် အဆောင်ထဲသို့ ပြေးဝင်လာတော့သည်။

သူ ထိုကဲ့သို့ အတင်းအဓမ္မ ဝင်ရောက်လာသောအခါ အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းသွား၏။ ၎င်းတို့မှာ မှော်ဆေးရည်အဆောင်တစ်ခွင် ပဲ့တင်ထပ်သွားသောကြောင့် ထိုအဆောင်မှ ကျောင်းသားများနှင့် အကြီးအကဲများမှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။

” မှော်ဆေးရည်အဆောင်ကို လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာတယ်ဟေ့ ”

” သူ့ကို မန္တန်အစီအရင်တွေက မတားဆီးနိုင်ခဲ့ဘူးလား ”

” ဘယ်ကောင်လဲကွ။ အဆင့်မြင့်ကျွန်းထဲကို အတင်းအဓမ္မ ဝင်လာရဲတဲ့အထိကို အတင့်ရဲနေတာ ”

ထိုသို့ဖြင့် ကျောင်းသားများမှာ ဂူဗိမာန်များထဲမှ အလန့်တကြားနှင့် ပြေးထွက်လာကြ၏။ အခြေတည်အဆင့် အကြီးအကဲအချို့မှာလည်း ဒေါသတကြီးနှင့် ပျံထွက်လာကြသည်။ သူတို့မှာ ထိုကျူးကျော်လာသူအား အပြစ်ပေးရန် ကြံရွယ်ထားကြ၏။ သို့သော် ခဏအကြာတွင် ကျောင်းသားများမှာ တွန့်နေပုံပျက်နေသော မန္တန်အစီအရင်ကြီးထဲမှ သူတို့ မျက်မှန်းတန်းမိနေသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ဆွံ့အမှင်တက်သွားကြတော့သည်။

” ဂိုဏ်းတူအစ်ကိုကြီး ပေါင်လဲ့ပဲ ”

” ဂိုဏ်းတူအစ်ကိုကြီး ဝမ်ပေါင်လဲ့ပါလားဟ ”

မှော်ဆေးရည်အဆောင်မှ ကျောင်းသားများမှာ ပင့်သက်များ ရှိုက်မိသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ သူတို့အဆောင်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာခဲ့သည့် အချက်ကိုပင် မေ့ပျောက်သွားကြပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ ထို့နောက် သူတို့၏မျက်ဝန်းများထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

ဝမ်ပေါင်လဲ့ ဘွဲ့ရပြီးသွားသည့်အချိန်မှ မှော်ဆေးရည်အဆောင်သို့ ရောက်ရှိလာခဲ့သည့် ကျောင်းသားအချို့လည်း ရှိနေသေးသည်။ သူတို့မှာ အခြားသူများနည်းတူ စိတ်လှုပ်ရှားနေကြပါသော်လည်း အကြောင်းအရင်း အစုံအလင်ကို သေချာမသိသောကြောင့် သူတို့၏ ဘေးတွင်ရှိနေသော ကျောင်းသားများအား မေးမြန်းလိုက်ကြ၏။

” အဲ… ဂိုဏ်းတူအစ်ကိုကြီး ဝမ်ပေါင်လဲ့ ငါတို့ရဲ့ မန္တန်အစီအရင်ကြီးကို ချိုးဖျက်ပြီးတော့ ဝင်လာတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုဆက်လုပ်ရမှာလဲ ”

သို့သော် ထိုမေးခွန်းကို မေးလိုက်သူမှာ သူ၏ ပတ်ပတ်လည်မှ ကျောင်းသားများ၏ အထင်အမြင်သေးသော အကြည့်များကိုသာ ပြန်ရလိုက်၏။ သူတို့မှာ သူ့အား ဆူပူကြိမ်းမောင်းကာ သူ စကားမှားပြောမိလိုက်သည့်အတွက် ပြန်ပြင်ပေးလိုက်၏။

” မင်း ဆေးလုံးတွေဖော်စပ်တာများပြီးတော့ ရူးသွားတာလား။ ဂိုဏ်းတူအစ်ကိုကြီး မှော်ဆေးရည်အဆောင်ထဲ ရောက်လာတာကို ဘယ်လိုလုပ်ပြီးတော့ ချိုးဖျက်ဝင်ရောက်လာတယ်လို့ သပ်မှတ်လို့ရမလဲကွ။ သူက သူ့အိမ်ကိုပြန်လာတာလေ။ တံခါးမခေါက်မိတာပဲရှိတာ ”

ထိုစကားမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကျိုးကြောင်းဆီလျော်မှုရှိနေ၏။ ထိုအခါ ကျောင်းသားအသစ်များမှာ နားလည်မှုလွဲသွားခြင်းဖြစ်ကြောင်း ရိပ်မိသွားတော့သည်။ ထို့ကြောင့် သူတို့မှာ ချက်ချင်းပင် သဘောတူလိုက်ကြပြီး ထို‌‌ဖောက်ထွင်းဝင်ရောက်မှုကြီးအကြောင်းကို မေ့ထားလိုက်ကြတော့သည်။

အခြေတည်အဆင့် အကြီးအကဲအချို့မှာဆိုလျှင် ဇဝေဇဝါ ဖြစ်နေရပြီဖြစ်သည်။ သူတို့မှာ ခေါင်းခဲနေကြပါသော်လည်း ဝမ်ပေါင်လဲ့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်လာခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ တစ်ခွန်းမှ မဟတော့ဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ဂါရဝပြုလိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ ညီလေးများ၏ အလိုက်သိမှုကြောင့် စိတ်ကျေနပ်သွား၏။ သူသည် လေထဲတွင်ရပ်ရင်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ၏ ပတ်ပတ်လည်တွင်ရှိနေသော မှော်ဆေးရည်အဆောင်မှ ကျောင်းသားများအား ဂါရဝပြုလိုက်၏။

” ဂိုဏ်းတူ ညီလေး၊ ညီမလေးတို့။ အစ်ကို အခုလို ရုတ်တရက်ကြီးရောက်လာလို့ မင်းတို့ရဲ့ လေ့ကျင့်ခန်းတွေကို နှောင့်ယှက်မိသလို ဖြစ်သွားရပြီ။ မင်းတို့တွေ အစ်ကို့ကို စိတ်မဆိုးဘူးမလား ” ဝမ်ပေါင်လဲ့၏ နွေးထွေးမှုအပြည့်ပါသော စကားသံမှာ လေထုထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ သူ၏ပတ်ပတ်လည်တွင် ရှိနေကြသော ကျောင်းသားများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေလိုက်ကြတော့သည်။

” ဂိုဏ်းတူအစ်ကိုကြီး ဝမ်ပေါင်လဲ့က တအားဖော်ရွေတာပဲ။ သူက ပါရမီရှင်တစ်ယောက် ဖြစ်တာတောင် ငါတို့ကို စကားပြောတဲ့ပုံက နူးညံ့သိမ်မွေ့လိုက်တာ။ သူ့ဆီမှာ ရည်းစားမရှိသေးဘူးလို့ ငါ ကြားထားတယ်… ဂိုဏ်းတူအစ်ကိုကြီး ပေါင်လဲ့။ ညီမ အစ်ကို့ကို အများကြီး ချစ်တယ် ”

” ဂိုဏ်းတူအစ်ကိုကြီးပေါင်လဲ့က ငါတို့အကုန်လုံးကို ညီလေးညီမလေးတွေလို သဘောထားတာပဲ။ သူက အပြင်လူတွေကိုပဲ မာမာထန်ထန် ဆက်ဆံတာ။ ငါတို့ကိုတော့ မိသားစုလိုပဲကွ ”

” ဟုတ်တယ်။ ဂိုဏ်းတူအစ်ကိုကြီး ပေါင်လဲ့။ ကျနော်တို့ စိတ်မဆိုးပါဘူးဗျ။ ပြီးတော့ အစ်ကိုရဲ့ လုပ်ရပ်က ဘာမှရိုင်းစိုင်းမနေပါဘူး။ အိမ်ပြန်လာတုန်း တံခါးမခေါက်မိတာပဲ ရှိတာ။ ဘယ်သူကရော ကိုယ့်အိမ်ကိုပြန်တာ တံခါးခေါက်လို့လဲဗျ ”

” ကျနော်ဆို အဲဒီ မန္တန်အစီအရင်ကြီးကို ကြည့်မရတာတော်တော်ကြာနေပြီ။ ဂိုဏ်းတူအစ်ကိုကြီးပေါင်လဲ့က တော်တယ်ဗျာ ”

ချီးကျူအားပေးသံများ တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာပြီး မှော်ဆေးရည်အဆောင်ထဲမှ ကျောင်းသားများ ထပ်၍ ပျံထွက်လာကြသောကြောင့် ခဏအကြာတွင် ထိုအဆောင်ကြီးတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေတော့သည်။ ထိုကျောင်းသားများ၏ အော်ဟစ်အားပေးသံများကြောင့် ဘေးမှဖြတ်သွားကြသော တခြားအဆောင်မှ ကျောင်းသားများမှာလည်း စိတ်ဝင်စားသွားကြ၏။ သူတို့မှာ ထိုမြင်ကွင်းကြီးအား မြင်လိုက်ရသောအခါ ရပ်တန့်သွားကြပြီး အဆောင်အပြင်ဘက်၌ စုဝေးရင်း အထဲတွင်ဖြစ်ပျက်နေသည့် အရာများကို သိရှိနိုင်ရန် ကြိုးစားလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လူတိုင်းအား ဂါရဝပြုလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ပြီး ထပ်ပြောလိုက်၏။

” ဂိုဏ်းတူ ညီလေး၊ ညီမလေးတို့။ အစ်ကို ဒီနေ့ ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းတစ်ခုရှိတယ်။ အစ်ကို အဆင့်နိမ့်ကျွန်း ကျောင်းသားဘဝတုန်းက အစ်ကိုနဲ့ အရမ်းရင်းနှီးတဲ့ ဘန်နီလေးဆိုတဲ့ ကျောင်းသူတစ်ယောက် … အဲ မဟုတ်သေးပါဘူး…. ကျိုးရှောင်ရဆိုတဲ့ ကျောင်းသူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက အကျင့်မကောင်းတဲ့ ဆရာတစ်ယောက်ရဲ့ တပည့်ဖြစ််သွားခဲ့တာမလို့ တံခါးပိတ်ကျင့်ကြံဖို့ အတင်းအကြပ် စေခိုင်းခံခဲ့ရတာ။ အခု အစ်ကို သူနဲ့မတွေ့ရတာ နှစ်‌တွေအများကြီးရှိနေပြီ။ မင်းတို့ပဲ ပြောစမ်းပါ။ ဒီကိစ္စကြီးက လုံးဝအဓိပ္ပာယ်မရှိဘူးမလား ”

ဝမ်ပေါင်လဲ့၏ စကားသံမှာ လေထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ သူ၏ ဘေးတွင်ရှိနေကြသော ကျောင်းသားများမှာလည်း သူ့အား ကြည်ညိုလေးစားကြသောကြောင့် သူ၏ဘက်မှ ရပ်တည်ပေးကြမည်မှာ မထူးဆန်းပေ။ ထို့ကြောင့် သူတို့မှာ ထိုကိစ္စကြီးအပေါ် မကျေမနပ် ဖြစ်လာကြပြီး အချို့သော ကျောင်းသားများမှာဆိုလျှင် မှော်ဆေးရည်အဆောင်ဘက်သို့ပင်လှည့်ကာ အော်ဟစ်နေကြတော့သည်။

” ဂိုဏ်းတူအစ်မရှောင်ရကို အခုချက်ချင်း ပြန်ထုတ်ပေး ”

မှော်ဆေးရည်အဆောင်မှ ကျောင်းသားများအားလုံးမှာ ပုန်ကန်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုမြင်ကွင်းကြောင့် စိတ်ဓာတ်များ တက်ကြွသွားရပြီး သူတို့အားလုံးမှာ ချစ်စရာကောင်းသော ညီငယ် ညီမငယ်လေးများဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထိုသို့ဖြင့် သူသည်လည်း မှော်ဆေးရည်အဆောင်တောင်ထိပ်ရှိရာဘက်သို့ လှည့်ကာ အော်ပြောလိုက်တော့သည်။

” အဘိုးကြီး။ အခုချက်ချင်း ကျုပ်ရဲ့ ဘန်နီလေးကို လွှတ်ရင်လွှတ်ပေး။ ကျုပ် သုံးအထိ ရေမယ်။ တကယ်လို့မှ ခဗျားကြီး သူ့ကို မလွှတ်ပေးဘူးဆိုရင် ကျုပ် အပေါ်အထိ တက်လာမှာနော် ”

ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ မိုးချိန်းသံကဲ့သို့ လေထဲ၌ ပဲ့တင်ထပ်သွား၏။ တောင်ထိပ်ပေါ်တွင်မူ အကြီးအကဲကြီးများမှာ လန့်ဖျပ်နေကြပြီး သူတို့၏ရှေ့၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ သက်ပြင်းများချနေသည့် အဘိုးကြီးတစ်ယောက်အား စိုက်ကြည့်နေကြတော့သည်။

ထိုအဘိုးကြီးမှာ ကျိုးရှောင်ရ၏ ဆရာဖြစ်၏။ ယခင်တုန်းက သူသည် မှော်ဆေးရည်အဆောင်၏ အကြီးအကဲလေးယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့ဖူး၏။ ယခုတွင်မူ သူသည် မှော်ဆေးရည်အဆောင်၏ မဟာအကြီးအကဲကြီး ဖြစ်နေပြီဖြစ်သည်။

” မဟာအကြီးအကဲကြီး။ စကားတစ်ခွန်းခွန်း ပြောပါဦး ”

” ဟုတ်တယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က အခု အမြုတေအဆင့် ရောက်နေပြီနော်။ သူက ဒီအဆင့်အထိရောက်အောင် အောက်ခြေကနေကြိုးစားလာခဲ့တာ။ သူက ရှာမှရှား အာဂလူသားတစ်ယောက်ဗျ ”

” မဟာအကြီးအကဲကြီးဘက်ကလည်း မှားနေတာပဲလေဗျာ။ ရှောင်ရဆိုတဲ့ ကောင်မလေးက ပါရမီပါတာ မှန်ပေမဲ့ အခုလိုကြီး သူများရဲ့ချစ်ခြင်းကိုခွဲတာတော့ မကောင်းပါဘူး။ ဘာလို့ သူ့ကို အတင်းအကြပ်ကြီး တံခါးပိတ်လေ့ကျင့်ခိုင်းထားရတာလဲဗျ။ သူက အမြဲတမ်း အဲ့လိုပဲ လေ့ကျင့်နေရတာ။ ကျနော်တောင်မှ သည်းမခံနိုင်တော့ဘူး ” အခြားအကြီးအကဲကြီးများမှာ စိုးရိမ်တကြီးနှင့် ကန့်ကွက်စကားများ ဆိုနေကြပြီဖြစ်သည်။ အောက်ဘက်တွင်မူ ဝမ်ပေါင်လဲ့မှာ စတင်ရေတွက်နေပြီဖြစ်သည်…

” သုံး၊ နှစ်… ”

သူ ထိုသို့ရေတွက်နေစဉ် မှော်ဆေးရည်အဆောင်၏ မဟာအကြီးအကဲကြီးမှာ ခြေဆောင့်ချကာ သူ၏ ပတ်ပတ်လည်တွင်ရှိနေသော အကြီးအကဲကြီးများအား အော်ပြောလိုက်၏။

” မင်းတို့ ငါ့ကိုပဲ အပြစ်တင်နေလို့မရဘူးလေ။ ငါက မဟာထိပ်သီးအကြီးအကဲကြီး ခိုင်းတဲ့အတိုင်း လုပ်နေရတာကွ။ ဘယ်တတ်နိုင်မှာလဲ ”

မဟာကြီးအကဲကြီး ထိုသို့ဆိုလိုက်ချိန်တွင် ဝမ်ပေါင်လဲ့မှာ သုံးအထိ ရေတွက်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာသဖြင့် လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ပေါ်လာသဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားတော့သည်။ ထို့နောက် သူသည် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီ တောင်ထိပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။ သူသည် အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် အဘိုးကြီးတစ်ယောက်၏ စကားသံမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ကြား၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် ၎င်းမှာ အချုပ်အနှောင်တစ်ခုနှင့် ဆင်တူကာ မျက်လုံးဖြင့်မမြင်နိုင်သော အတားအဆီး အကာအရံတစ်ခုအသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာပြီးနောက် သူ့အား လှောင်ပိတ်ထားလိုက်တော့သည်။

” ဖက်တီးလေး။ မင်း ဒီအကာအရံကြီးကို ဖောက်ထွက်နိုင်မယ်ဆိုရင် မင်းလိုချင်တဲ့အဖြေ ငါပေးမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset